Friday, January 11, 2019

15 Facts About Failures of NLD government- Loss Of Trust On Daw Aung San Suu Kyi

 
"The central requirement for the improvement of governance and institutional quality in Burma is the removal of the military from its central position of power." 
အစိုးရ ကို ပွင့်ပွင့်လင်း ဝေဖန်ထောက်ပြကြပါဆိုလို့၊ ကျနော် က လည်း ဘယ်သူ့ မျက်နှာ မှ မထောက်ပဲ ပွင့်ပွင့် လင်းလင်း ပဲ ရေးသားထားပါတယ်။ 


NLD အစိုးရ ကို လူထု အစိုးရ လို့ အများက ခေါ်ဝေါ်ကြတယ်။ ကျနော် က တော့ Transitional Government လို့ခေါ်ရင် ပိုမှန်ကန် မယ်လို့ ထင်တယ်။ ပွင့်ပွင့် လင်းလင်း ပြောရရင်တော့ ရာစုနှစ် တ၀က်ကျော် စစ်အာဏာရှင်အောက် ကတဆင့် အသွင်ကူးပြောင်းရေးကာလ မှာ ဖွဲ့စည်းခွင့်ရခဲ့တဲ့ ပထမ ဦးဆုံး ကျပ်မပြည့်တဲ့ အရပ်သားအစိုးရပါ။ လူထု က NLD ပါတီ က ကိုယ်စလှယ်တွေ ကို အရမ်းကြိုက်လို့၊ ယုံကြည်လို့ အကြွင်းမဲ့ ထောက်ခံကြလို့ မဲပေးခဲ့တာတော့ မဟုတ်ဘူး။ စစ်အာဏာရှင်တွေ ကိုဖယ်ရှားနိုင်ဖို့ ဦးဆောင်နိုင်အောင် တင်မြောက်ပေးလိုက်တဲ့ Transitional Government တခု သာဖြစ်တယ်။ 

ဒါကြောင့်မိုလို့ Transitional Government ကို ဦးဆောင်မှုပေးနေတဲ့ သူတွေ ဟာ ဘုံရန်သူ စစ်အာဏာရှင် စနစ်  ကို တိုက်ပွဲဝင်နေရာ မှာ Situational Leaders အခြေအနေအရ ယာယီ ဦးဆောင်မှု ပေးနေတဲ့ သူတွေ အဖြစ်သာ ရှိတယ် ဆိုတာ မမေ့ကြဖို့ လိုတယ်။  

ဒီတော့ အုပ်ချုပ်မှု နဲ့ စီမံခန့်ခွဲမှု အပိုင်း မှာ ကျပ်မပြည့်တဲ့သူတွေ၊ အရည်အချင်း မရှိတဲ့သူတွေ၊ လူလိမ်တွေ၊ လူညံ့တွေနဲ့ အတူ အားနည်းမှုတွေရှိမယ်၊ အားမလိုအားမရ ရှိမယ် ဆိုတာ လူတိုင်း နားလည်ထားပြီး ဖြစ်တယ်။ခွင့်လွှတ်ထားကြတယ်။

သို့သော် NLD ခေါင်းဆောင်ပိုင်းတွေ ဟာ ဒီ နားလည်ပေးမှု၊ ယုံကြည်မှု ကို အခွင့်ကောင်းယူပြီး၊ အာဏာ နဲ့ နေရာ လဲရလာကော၊ ရာစုနှစ် တ၀က်ကျော် ပျက်စီးယိုယွင်း ခြစားနေတဲ့ စနစ်ကြီး ကို အတူတကွ ပြင်ချင်လိုစိတ် မရှိကြတော့ဘူး။ စနစ်ဆိုးကြီး ကို နယ်ပယ် အသီးသီး က ပညာရှင်တွေ နဲ့ အတူတကွ မပြင်ဆင်ချင်ကြတော့ဘူး။ နှစ် ၃၀ ကျော် တိုက်ပွဲဝင်ခဲ့ကြတဲ့ ပြည်တွင်း၊ပြည်ပ မိတ်ဆွေတွေ ကို အသိအမှတ်မပြုချင်ကြတော့ဘူး။ အသိအမှတ်မပြုတဲ့ အပြင် ရန်သူ သဖွယ်ဆက်ဆံလာကြတယ်။ နှိပ်ကွပ်လာကြတယ်။တိုက်ခိုက်လာကြတယ်။

တဘက်မှာလဲ ရင်ကြားစေ့ရေး ခေါင်းစဉ်အောက်မှာ စနစ်ဟောင်း ထဲ က လူဟောင်းတွေ ကို အရေးပါတဲ့ ရာထူးတွေ ခန့်အပ်ထားလာတာ တွေ့ရတယ်။ စစ်အစိုးရ ဟောင်းလက်ထပ် က ခရိုနီ တွေ နဲ့  စီးပွားတူ ၊အကျိုးတူ နီးနီးစပ်စပ် လုပ်ကိုင်လာတာကိုတွေ့ရတယ်။ ပိုဆိုးလာတာ က စစ်အာဏာရှင်တွေ ကို အကာအကွယ်ပေးရုံတင်မက ချီးမြှောက်ခြင်း၊ ရှစ်ခိုး ကန်တော့ နေကြတဲ့ အဆင့် ကို ရောက်လာကြတယ်။ 

တကယ်တော့ သူတို့ကိုယ် သူတို့ နိုင်ငံတော် အကြီးအကဲတွေလို ခံယူသွားပြီး အောက်ခြေ လွတ် ဘ၀င်ရူးသွားကြတော့တာပဲ။ 

ဘာနဲ့တူသလဲ ဆိုတော့ မနာမကျန်းဖြစ်နေတဲ့သူ က အိုလံပစ် ပြိုင်ပွဲ ပြိုင်ပွဲဝင်မဲ့ သူလို ဖြစ်လာတယ်။ ချက်ချင်း အိမ်နီးချင်း နိုင်ငံတွေ ကို ယှဉ်နိုင်မယ်လို့ စိတ်ကူးယဉ်ပြီး၊ ယဉ်ယဉ်လေး ရူးလာကြတော့တယ်။  ကိုယ့်ကိုယ် ကိုယ် အထင်ကြီးလာပြီး အောက်ခြေလွတ် စကားတွေ ပြောဆိုလာကြတယ်။

အခန်းအနားတွေ မှာ၊ စင်မြင့်တွေ မှာ ထို  ခေါင်းဆောင်ဆိုသူတွေ ဟာ အရှက်တရားကင်းမဲ့စွာ ဗြောင် ထုတ်ဖော်ပြောဆို လာကြတာ တွေ တွေ့လာ ရတယ်။ NLD အစိုးရ ခေါင်းဆောင် တွေ၊ ၀န်ကြီးတွေ ဟာ နောင် အနှစ် ၂၀ မှာ စင်္ကာပူ ကို မှီတော့ မဲ့ သယောင်ယောင်၊ စတုတ္တ စက်မှုတော်လှန်ရေးကြီး ကို ပဲ အာရှကျားနိုင်ငံတွေ နဲ့ အတူ ကျော်ဖြတ်လာခဲ့ သယောင်ယောင် လူထု ကို ဂျင်း အလုံးလိုက် ထဲ့ပြီး မှားယွင်းတဲ့ မျှော်လင့်ချက် အိမ်မက်တွေ ပေးနေကြတယ်။ 

ကျိန်းသေတာ က တော့ ဒီမိုး၊ ဒီလှေ၊ ဒီလူတွေ နဲ့ သွားရင်တော့ သူတို့ ရဲ့ ခေါင်းဆောင်မှု အောက်မှာ ပြည်သူ လူထု က တသက်လုံး စစ်ကျွန်ဘ၀ ပြန်ရောက်နေအုန်းမှာပဲ။ 

NLD အစိုးရ အပေါ် ယုံကြည်မှု၊ ထောက်ခံမှု ကျဆင်းစေသည့်  အချက် ( ၁၅) ချက် 

၁) ခေတ် က ပြောင်းနေပေမဲ့ လူဟောင်းတွေ နဲ့ အတူ စနစ်ဟောင်း မှာ ကျန်ရစ်နေခြင်း။ ပြုပြင်ပြောင်းလဲရေး ဟာ ရှေ့မတိုးပဲ U turn လိုပြန်လှည့်နေတာ ကို ဆိုလိုတာပါ။ အချက်အလက်အားဖြင့် လက်ရှိ NLD အစိုးရ မှာ ထိပ်တန်းတာဝန်ယူထားကြတဲ့ သူတွေ ဟာ ယခင် စစ်အစိုးရဟောင်း က လူဟောင်းတွေကြီးပဲဖြစ်တယ်။ အဟောင်းတွေနဲ့ အဟုတ် မပြောင်းလဲနိုင်ပါဘူး။ 

၂) NLD အစိုးရ မှာ အရေးပါတဲ့ ထိပ်တန်း ခေါင်းဆောင် မှု ရယူထား သူတွေ ဟာ အရွယ်အားဖြင့် အသက်ကြီး သူတွေ ဖြစ်ကြတယ်။ အစိုးရ တရပ် ဟာ လူအိုရုံ စောင့်ရှောက်ရေး ဂေဟာ လို ဖြစ်လာပြီ ဆိုရင် တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးမှု ဟာ နှေးကွေးလာကြတော့တာပဲ။ 

၃) နယ်ပယ် အသီးသီး မှ ပညာရှင်များ နှင့် ညှိနှိုင်း တိုင်ပင် ပူးပေါင်း ဆောင်ရွက် လုပ်ကိုင်သည့် လုပ်ထုံးလုပ်နည်းများ ဖြင့် တိုးတက်ဖွံ့ဖြိုးအောင် လေ့ကျင့်မွေးမြူ မှု မရှိခြင်း။ အားမပေးခြင်း။

၎) ပြည်တွင်း ပဋိပက္ခ ပြဿနာများ နှင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများတွင် NLD အစိုးရ ၏ လက်ရှိ မူဝါဒ နှင့် ရပ်တည်ချက် ကြောင့် ပြည်တွင်း၊ ပြည်ပ မိတ်ဆွေ များ ၊ နိုင်ငံတကာ အစိုးရ နှင့် အဖွဲ့အစည်း တွေ ရဲ့ Trust ယုံကြည်မှု ၊ အားပေးထောက်ခံမှု သိသိသာသာ ကျဆင်းလာနေတယ် တွေ့ရတယ်။ 

၅) ပြည်တွင်း နိုင်ငံရေး၊ ဘာသာရေး ပဋိပက္ခ ပြဿနာများ ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများ ကြောင့် နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုများ ကို စွဲဆောင်မှုမရှိခြင်း၊ 

၆) NLD အစိုးရ ရဲ့ အုပ်ချုပ်ရေး နှင့် စီမံခန့်ခွဲ မှု အပိုင်းမှာ တာဝန်ယူမှု နှင့် တာဝန်ခံမှု အားနည်းနေခြင်း။ 

၇) အနိုင်ရ ပါတီရဲ့ ဗဟိုအလုပ်မှုဆောင်တွေ ကို ပြည်နယ် နှင့် တိုင်း အစိုးရ အတွင်း အမြင့်ဆုံး ရာထူး (၀န်ကြီးချုပ်) ခန့်အပ်ထားမှုကြောင့် ပြည်နယ် နှင့် တိုင်း ရှိ လွှတ်တော်များ နှင့် အစိုးရ အကြား အပြန်အလှန်ထိမ်းကျောင်းမှု စနစ် ကွယ်ပျောက်နေခြင်း ၊ အထိမ်းအကွပ်မဲ့နေတဲ့ အုပ်ချုပ်မှု ပုံစံဖြစ်နေခြင်း။ 

၈) ယခင် အစိုးရ လိုပဲ ( Government Spending ) သုံးစွဲမှု ကို မထိမ်းချုပ် နိုင်သေးခြင်း။ ၁၂ လ ရာသီ ဘာသာရေးပွဲ၊ လူမှုရေးပွဲ၊ ဧည့်ခံပွဲ တွေ ဟာ အရင် စစ်အစိုးရများ ကဲ့သို့ ပင် နိုင်ငံတော် ဘဏ္ဍာငွေ များ ကို ဆက်လက် ဖြုန်းတီးနေကြခြင်း။ 

၉) လက်ရှိ NLD အစိုးရ ရဲ့ စီမံခန့်ခွဲ မှု စွမ်းဆောင်ရည်( Management Capacity) နှင့် ခေါင်းဆောင်မှု (Leadership) ညံ့ဖျင်းမှုရှိနေခြင်း။ Micromanagement ကြောင့် ဆုံဖြတ်ချက် ချနိုင်တဲ့ နိုင်ငံရေး အာဏာ ဟာ လူတဦးတည်းရဲ့ လက်ထဲမှာရှိနေပြီး၊ ဆုံးဖြတ်ချက် များ နှောင့်နှေးကာ စွမ်းဆောင်ရည် ကျဆင်းနေခြင်း။ 

၁၀) စီးပွားရေး ဆိုင်ရာ ပေါ်လစီ ရေးဆွဲမှု အပိုင်း၊ အကောင်အထည်ဖော်မှု အပိုင်းတွေ မှာ မဟာဗျူဟာ၊ နည်းဗျူဟာ အရ အားနည်းပြီး၊ အချက်အလက် နဲ့ ရလာဒ်ပိုင်းဆိုင်ရာ မှာ လည်း ပွင့်လင်းမြင်သာမှု ရှိအောင် တပ်မတ် ထိမ်းကျောင်း နိုင်သေးခြင်းမရှိခြင်း၊ 

၁၁) ရွေးကောက်ပွဲ ကာ လ တစာစာကြွေးကြော်ခဲ့တဲ့ တရားဥပဒေစိုးမိုးရေး မေ့လျော့ခံနေရခြင်း။ တနည်းအားဖြင့် တရားဥပဒေ စိုးမိုးရေး ကွယ်ပျောက်နေခြင်း။ တရားဥပဒေစိုးမိုးရေး ခိုင်မာ အောင် တည်ဆောက်ရေး နှင့် တရားရေး မဏ္ဏိုင် ကို အားကောင်းအောင် မစွမ်းဆောင်နိုင်ခြင်း၊ 

၁၂) လက်တွေ့မကျသော ရည်မှန်းချက်များ၊ စိတ်ကူးယဉ်နေသော ရည်မှန်းချက်များ ကိုသာ အားပေး အကောင်အထည်ဖော်ဆောင်နေခြင်း။ 

၁၃) ကျပ် မပြည့်သည့် ချွတ်ချော်နေသောလွှတ်တော် နဲ့ လွှတ်တော် အမတ်တွေ ဟာလည်း အစိုးရ အပေါ် အပြန်အလှန် ထိမ်းကျောင်းနိုင်မှု စွမ်းဆောင်ရည် ကျဆင်းနေသည့် အပြင်  ပြည်သူလူထု ကို အကာအကွယ်ပေးသည့် ဥပဒေများ ပြဌာန်းခြင်း၊ ရေးဆွဲခြင်းတွင်  အရည်အချင်း ပြည့်ဝမှု မရှိခြင်း။

၁၄) လူသားစွမ်းအင် ဟင်းလင်းပြင်သဖွယ် ဖြစ်နေသည့် လူလတ်တန်းစား များ ပျောက်ကွယ် နေမှု ကို အရေးတယူ မဆောင်ရွက်ခြင်း
 

၁၅) အဆိုး ဆုံးကတော့ မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ကို အဓိက အဟန့်အတားဖြစ်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံ ပြုပြင်ရေး အတွက် လက်ရှိ အစိုးရ သက်တမ်း အတွင်း လက် တွေ့ကျကျ ပွင့်လင်းမြင်သာ စွာပြောဆိုမှု၊ အရေးတယူ ဆောင်ရွက်မှု မရှိတော့ခြင်း။ Summary Rest of your post