Thursday, December 18, 2008

စစ်ရာဇ၀တ်ကောင် သီယိုနစ်စတာ၏ လူမျိုးတုန်းသတ်ဖြတ်မှု



စစ်ရာဇ၀တ်ကောင် သီယိုနစ်စတာ၏ လူမျိုးတုန်းသတ်ဖြတ်မှု

-မြတ်စိုး-

ရ၀မ်ဒါ နိုင်ငံမှာ ၁၉၉၄ ခုနှစ်မှာ ဖြစ်ပွားခဲ့သော လူမျိုးတုန်းသတ်ဖြတ်မှုမှာ အဓိက တာဝန်ရှိ တာကြောင့် အသက် ၆၇ နှစ်အရွယ်ရှိ ပြီဖြစ်တဲ့ ရ၀မ်ဒါ စစ်တပ်အကြီးအကဲဟောင်း ဗိုလ်မှူးကြီး သီယိုနစ်စတာ ဘဂိုဆိုရာ နှင့် အပေါင်းအပါ စစ်တပ် အကြီးအကဲ ၂ဦးကို ကုလသမဂ္ဂ၏ နိုင်ငံတကာရာဇ၀တ်မှုခုံရုံးက ထောင်ဒဏ် တသတ်တကျွန်းချမှတ်လိုက်ပါသည်။ ဒီလူမျိုးတုန်း သတ်ဖြတ်ခဲ့သော အမှုကို နိုင်ငံတကာရာဇ၀တ်မှုခုံရုံးက မျက်မြင်သက်သေ ၂၄၂ ယောက်ကို ၆နှစ်ကြာ ကြားနာစစ်ဆေး ခဲ့ကြပါသည်။ စစ်တပ်အကြီးအကဲဟောင်း ဗိုလ်မှူးကြီး သီယိုနစ်စတာ ဘဂိုဆိုရာ နှင့် အပေါင်းအပါ စစ်တပ်အကြီးအကဲ ၂ဦးဟာ ရ၀မ်ဒါနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှု အပါအ၀င် စစ်ရာဇ၀တ်ကောင်းများအဖြစ် ပြစ်မှုထင်ရှားကြောင်း တန်ဇန်နီယား ရှိ နိုင်ငံတကာရာဇ၀တ်မှုခုံရုံးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။

၁၉၉၄ ခုနှစ် ရ၀မ်ဒါနိုင်ငံမှာ ဟူတူး နှင့် တူဆီ လူမျိုးစု အကြား လူမျိုးရေး ပဋိပက္ခ အကြမ်းဖက် တိုက်ခိုက်မှု တွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီ လူမျိုးရေး ပဋိပက္ခ အကြမ်းဖက် တိုက်ခိုက်မှုမှာ အပြစ်မဲ့ လူပေါင်း ၈၀၀,၀၀၀ မှ ၁ သန်း ကျော်ထိ သတ်ဖြတ်ခံခဲ့ကြရပါသည်။

ပစ်မှုထင်ရှားသော ဒီစစ်ရာဇ၀တ်ကောင်တွေဟာ ရ၀မ်ဒါနိုင်ငံ၏ဟူတူးလူမျိုးနွယ် သမ္မတ ဂျုဗီနယ်(Juvenal Habyarimana) ကို ရ၀မ်ဒါ မြို့ တော် ကီဂါလီလေဆိပ်၌ပစ်ချလုပ်ကြံခံခဲ့ရမှု၊ ဘယ်ဂျီယံ နိုင်ငံသား ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၁၀ ဦးကို ကီဂါလီ စခန်း၌ သတ်ဖြတ်ခဲ့မှု နိုင်ငံ၏အနောက်ပိုင်း အပါအ၀င်မြို့ တော်တော်များများ မှာ စံနစ်တကျ စည်းရုံး လှုံ့ဆော်ကာ လူမျိုးတုန်း သတ်ဖြတ်ခဲ့မှု၊ အတိုက်အခံခေါင်းဆောင် ၄ ဦး ကို သတ်ဖြတ်ခဲ့မှု တွေမှာလည်း ပြစ်မှုထင်ရှားပြီး အဓိကတာဝန်ရှိကြောင်း ကုလသမဂ္ဂ၏ နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံး က စီရင်ချက်ချခဲ့ပါသည်။

ရ၀မ်ဒါ နိုင်ငံမှာ လူပေါင်း ၁သန်းကျော်သေဆုံးခဲ့ရတဲ့ လူမျိုးတုန်းသတ်ဖြတ်ခံခဲ့ရခြင်းအပေါ် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံးရေးကောင်စီ က တားဆီးနိုင်ခဲ့ခြင်းမရှိလို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချူပ်ဟောင်း ကိုဗီအာနမ် နှင့် တရုတ်၊ရုရှား အပါအ၀င် လုံခြုံရေး ကောင်စီဝင်နိုင်ငံတချို့ ကို နိုင်ငံတကာ ကပြစ်တင် ရှုံ့ချခဲ့ကြပါသည်။ တရုတ်နှင့် ရုရှားဟာ ပြည်တွင်းရေးကိစ္စဆိုပြီး၊ မျက်နှာလွှဲ ကာ စစ်ရာဇ၀တ်ကောင်များ၏ လူမျိုးတုန်း သတ်ဖြတ်နေမှုကို ခွင့်ပြုခဲ့ကြတယ်။ ဟန့်တားမှုမပြုလုပ်ပေးခဲ့ကြဘူး။ ကမ္ဘာ့ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များကို အရေးပေါ် စေလွှတ်ဘို့ ကိုလည်း ကန့်ကွက်ခဲ့ကြတယ်။

အခင်းဖြစ်ပွားစဉ် ကမ္ဘာ့ကုလသမဂ္ဂဟာ သူ့ရဲ့လုံခြုံးရေး နှင့် ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေ ကို ရ၀မ်ဒါနိုင်ငံမှာ အင်အားတိုးချဲ့ ပေး ခြင်းလည်း မရှိခဲ့ဘူး။ အရေးပေါ် အခြေ အနေ တွေမှာ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေ ကို အမြန်စေလွှတ်ပေးခြင်း မရှိခဲ့ကြဘူး။ ကမ္ဘာ့ကုလသမဂ္ဂ၏ လုံခြုံးရေးနှင့် ငြိမ်းချမ်း ရေးတပ်ဖွဲ့ဝင်တွေ ကိုစေလွှတ်ဘို့ လုံခြုံရေး ကောင်စီဝင်နိုင်ငံ တချို့ က ကန့်ကွက်ခဲ့ တာ ကြောင့်လည်း ဖြစ်ပါသည်။ အမှန်တော့ ဒီ ရ၀မ်ဒါ လူမျိုးတုန်းသတ်ဖြတ်မှု မှာ ကမ္ဘာ့ကုလသမဂ္ဂ၏ လုံခြုံရေးကောင်စီဟာ ကမ္ဘာ့လူသားတွေရဲ့ အသက် အန္တရာယ်ကို အကာအကွယ်ပေး နိုင်ခြင်းမရှိခဲ့ကြဘူးဆိုတာ ပြသလိုက်တာပါဘဲ။

ဒါဟာ ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း အကြီးမားဆုံး သော လူမျိုးတုန်း သတ်ဖြတ်ခံခဲ့ ရခြင်းဖြစ်ပါသည်။ လောလောဆယ် မှာလည်း ဆူဒန်နိုင်ငံ ဒါဖော် နှင့် ကွန်ဂိုနိုင်ငံတွေမှာ လူမျိုးတုန်းသတ်ဖြတ်မှု ကြီးဖြစ်ပွားနေပြီး၊ အမေရိကန် သမ္မတသစ် အိုဗားမားကတော့ ရ၀မ်ဒါနိုင်ငံမှာ လိုမျိုး မဖြစ်ပွားဖို့ နည်းမျိုးစုံ လိုအပ်မှုများကို အရေးယူဆောင်ရွက်သွားမယ်လို့ ရုပ်မြင်သံကြား တခုနဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာမှာ ဒီကနေ့ ဂတိပြု ပြောကြား ခဲ့ကြောင်း ကြားသိရပါသည်။

ကျိန်းသေတာကာတော့ စစ်ရာဇ၀တ်ကောင်တွေအတွက် တနေ့တချိန်ကြရင် တရားမျှတမှုကို ပြန်လည် ရင်ဆိုင်ကြရမယ်ဆိုတာပါဘဲ။ မြန်မာပြည်မှာ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ကင်းဝေးနိုင်ပါစေ။ လူမျိုးအချင်းချင်း မုန်းတီးမှုတွေ နဲ့ ကင်းဝေးနိုင်ကြပါစေ.......။




အဆုံးအထိဆက်ဖတ်ရန်





Rest of your post

No comments: