မြတ်စိုး
အင်္ဂါနေ့၊ မေလ 05 2009 13:32 - မြန်မာစံတော်ချိန်
မဇ္ဈိမ သတင်းဌာန
နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ တနှစ်တိုင်ခဲ့ပါပြီ။ မုန်တိုင်း တိုက်ခတ်ပြီး နောက်ပိုင်းတွင် ဖြစ်ပေါ်ရင်ဆိုင်နေသည့် အခက်အခဲများကို လူမှုရေး အဖွဲ့များ၊ မြန်မာပြည်တွင် တရားဝင် လုပ်ကိုင်နေသည့် NGO အဖွဲ့များ၊ ကုလသမဂ္ဂမှ သက်ဆိုင်ရာ အဖွဲ့များ၏ အစီရင်ခံစာများကို မကြာခဏဆိုသလို သတင်း စာမျက်နှာများတွင် ဖတ်ရှုနေရသည်။
အစီရင်ခံစာများတွင် တူညီနေသော အချက်မှာ အစားအသောက်များ၊ ကူညီထောက်ပံ့များ လိုအပ်နေမှု၊ သောက်သုံးရေသန့် အခက်အခဲများ ဖြစ်ပေါ်နေမှု၊ အိုးမဲ့အိမ်မဲ့ ဖြစ်နေမှု၊ စိတ်ပိုင်းဆိုင်ရာနှင့် စီးပွားရေး ပြန်လည်နာလံထူလာခြင်း မရှိသေးမှု၊ နာဂစ်ဒေသများတွင် စိုက်ထားသော စပါး အပါအဝင် ကောက်ပဲသီးနှံများ ပျက်စီးနေမှု၊ နာဂစ်ဒေသအတွင်း တောင်သူလယ်သမားများ အရှုံးပေါ်ပြီး လယ်ယာမြေများ ဆုံးရှုံးနေမှု၊ ဝင်ငွေ ရရှိနိုင်မည့် အလုပ်အကိုင်များ ရှားပါးနေမှု၊ တောင်သူလယ်သမားများ ကြွေးမြီတင်ရှိနေမှု စသည့် အချက်အလက်များကို တူညီစွာ ဖော်ပြ အစီရင်ခံထားခဲ့ကြသည်။
ထိုအစီရင်ခံစာများတွင် ပါရှိသော မုန်တိုင်းဒဏ်ခံ ဒေသများအတွင်း ပျက်စီးနေသေးသော အခြေအနေများ၊ ရင်ဆိုင်နေရသော အခက်အခဲ ပြဿနာများ၊ လယ်ယာစိုက်ပျိုးရေးနှင့် သက်ဆိုင်သော ကိန်းဂဏန်း အချက်အလက်များ အတိအကျ သိရှိနိုင်ရန်အတွက်လည်းကောင်း၊ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကို အခြေခံသော စီးပွားရေး အခြေအနေများကို သိရှိနားလည်နိုင်ရန်အတွက်လည်းကောင်း နိုင်ငံတကာမှ လယ်ယာစိုက်ပျိုးရေး ကျွမ်းကျင်သူပညာရှင်များ ပါဝင်သော အဖွဲ့သည် မြန်မာနိုင်ငံအတွင်း တရားဝင် အကူအညီပေးနေသော နိုင်ငံတကာ NGO အဖွဲ့များမှ ဝန်ထမ်းများ၊ မြန်မာပြည်ရှိ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ - FAO မှ တာဝန်ထမ်းဆောင်နေသူများ၊ မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများ၊ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်မှ ပညာရှင်များ၊ ကျောင်းသားများ၊ မြန်မာ့စီးပွားရေး သုတေသီပညာရှင်များနှင့် ပူးပေါင်းပြီး နာဂစ်တိုက်ခတ်ခဲ့သော ပြည်နယ်နှင့် တိုင်းများရှိ ကျေးလက်တောရွာများသို့ အဖွဲ့များ အသီးသီးခွဲ၍ ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလက ၂ ပတ်ကြာ ကွင်းဆင်းလေ့လာ၊ သုတေသန ပြုခဲ့ကြကြောင်း သိရှိခဲ့ရသည်။
ယခုလို နာဂစ်ဒေသများသို့ ကွင်းဆင်းလေ့လာ၊ သုတေသနပြုချက်များအရ ၂ဝဝ၉ ခုနှစ်တွင် ဆန်စပါးထွက်နှုန်း သိသာစွာ ကျဆင်းသွားလိမ့်မည်ဟု ခန့်မှန်းတွက်ဆနေကြသည်။ စိုက်ထားသော စပါးများ၏ သုံးပုံတပုံသာ ထွက်ရှိလိမ့်မည်ဟု ခန့်မှန်းတွက်ဆခဲ့ကြပြီး၊ ပြင်ဆင်မှုများ၊ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခြင်း မရှိလျှင် တတိယ နှစ်ပတ် (စက်တင်ဘာလခန့်) စားနပ်ရိက္ခာရှားပါးမှုနှင့် စတင်ရင်ဆိုင်ရမည်ဟု ခန့်မှန်းတွက်ဆနေသည်။ နာဂစ်ဒေသအတွင်း သုတေသနပြုခဲ့ကြသည့် အစီရင်ခံစာထဲတွင် လက်ရှိ ကျေးလက်တောရွာများရှိ တောင်သူလယ်သမားများ၊ အိမ်ထောင်စုများ၏ လက်တွေ့ ရင်ဆိုင်နေကြရသော ပြဿနာများကို မီးမောင်းထိုး ဖော်ပြထားခဲ့သည်။ ကျေးလက်ဒေသများတွင် လယ်ယာစိုက်ပျိုးရေးနှင့် ပတ်သက်ပြီး အောက်ပါ အချက်အလက်များကို တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။
(၁) တောင်သူလယ်သမားများသည် သီးနှံထွက်နှုန်းဆုံးရှုံးမှုနှင့် ဆန်စပါးဈေးနှုန်း ကျဆင်းမှုများကြောင့် ငွေကြေးဆုံးရှုံးမှု အမြောက်အမြားနှင့် ရင်ဆိုင်နေရသည်။ စပါးဈေးနှုန်းသည် ၂ဝဝ၇ ခုနှစ်တွင် တအိတ်လျှင် ၄ဝဝဝ ကျပ် ရှိရာမှ ၂ဝဝဝ ကျပ်သို့ ရောက်သွားသဖြင့် ပြီးခဲ့သည့်နှစ်ထက် ၅ဝ ရာခိုင်နှုန်း ကျဆင်းလျက်ရှိသည်။ FAO ၏ တွက်ချက်မှုအရ တအိတ်လျှင် ၂၂ဝဝ ကျပ် ဈေးနှုန်းသို့ ရောင်းချနိုင်မည် ဆိုလျှင်ပင် တောင်သူလယ်သမားများအနေနှင့် အမြတ်အစွန်း ရလိမ့်မည်မဟုတ်ဟု ဆိုသည်။ ရာသီဥတုနှင့် ဒေသတွင်းပေါ် မူတည်၍ စပါးတအိတ်လျှင် (၂ဝ ဒဿမ ၉ ကီလိုဂရမ် အိတ်/ 20.9 kg basket) ထွက်ရှိရန်မှာ ၁၅ဝဝ မှ ၃ဝဝဝ ကျပ်အထိ ကုန်ကျနေကြောင်း FAO ၏ အစီရင်ခံစာတွင် ခန့်မှန်းတွက်ဆထားသည်။ ဈေးနှုန်းသည် တအိတ်လျှင် ကျပ် ၃ဝဝဝ အရှုံးမပေါ်၊ အမြတ်မရ (Break-even price) ဆိုသော်လည်း၊ တောင်သူလယ်သမားများအနေနှင့် လုပ်အားနှင့် အချိန်များ နစ်နာခဲ့ကြသည်။ ဈေးကွက်မှာ စပါးဈေးနှုန်းကျဆင်းမှုနှင့် စပါးအထွက်နှုန်း နည်းနေသဖြင့် ယခင်နှစ်များတွင် တင်ရှိခဲ့သော ကြွေးမြီများကို ပြန်မဆပ်နိုင်ဘဲ ဖြစ်နေသည်။ စပါးထုတ်လုပ် စိုက်ပျိုးရာတွင် ငွေကြေးဆုံးရှုံးနိုင်သည့် အန္တရာယ်များ အမြင့်ဆုံး အနေအထားသို့ ရောက်ရှိနေသဖြင့် ကျေးလက်ဒေသများရှိ တောင်သူလယ်သမားများသည် လယ်ယာလုပ်ငန်းကို စွန့်ပစ်လာနိုင်ပြီး၊ စပါးအထွက် နည်းပါးလာမည်ဟု ဖော်ပြထားသည်။
(၂) ငွေချေးငှားမှု အခက်အခဲများ ရင်ဆိုင်နေရသည်။ မြန်မာလယ်ယာဖွံ့ဖြိုးမှုဘဏ် (Myanmar Development Bank - MADB) က အမတော်ချေးငွေ ကျပ်ငွေ ၈ဝဝဝ ချေးငှားထောက်ပံ့ခဲ့သည်။ ယခင်နှစ်များတွင် ထပ်မံလိုအပ်သည့် ငွေကြေးကို တလလျှင် အတိုးနှုန်း ၁ဝ-၁၂ ရာခိုင်နှုန်း (သို့) ရွှေပေါင်ဖြင့် ၅ ရာခိုင်နှုန်းဖြင့် ချေးငှားနိုင်သော်လည်း၊ ယခုနှစ်တွင် အတိုးနှုန်းမြှင့်ပေးလျှင်လည်း ငွေချေးငှားမည့်သူ မရှိဘဲ ဖြစ်နေကြောင်း တွေ့ရသည်။ ထို့အတူ နာဂစ်မုန်တိုင်းကြောင့် ပိုင်ဆိုင်မှုများ မရှိတော့သဖြင့် တောင်သူ လယ်သမားများအနေနှင့် တိရစ္ဆာန် (ကျွဲ၊ နွား) ပေါင်၊ ရွှေပေါင်လည်း မလုပ်နိုင်တော့ကြောင်း သိရှိရသည်။
(၃) ကျေးလက်များရှိ တောင်သူလယ်သမားများသည် ကြွေးမြီမြောက်မြားစွာ တင်ရှိနေကြသည်။ လယ်ဧက ၁ဝ ဧကမှ ၁၅ ဧက ပိုင်ဆိုင်ကြသည့် လယ်သမားတိုင်း၊ အိမ်ထောင်စုတိုင်းတွင် အကြွေးတင်ရှိနေပြီး၊ ကျေးလက် တောင်သူလယ်သမား အများစုသည် တဦးလျှင် ကျပ် ၅ဝဝ,ဝဝဝ မှ ၇ဝဝ,ဝဝဝ ထိ (အမေရိကန် ဒေါ်လာ $ ၄၁၅ - ၅၈၃) အကြွေးတင်ရှိနေကြောင်း ဆိုသည်။
(၄) ကြွေးမြီတင်ရှိနေသဖြင့် ကျေးလက်နေ တောင်သူလယ်သမားများသည် မိမိတို့ ပိုင်ဆိုင်သော လယ်ယာမြေ ဆုံးရှုံးမှုများကို ရင်ဆိုင်နေရသည်။ သွားရောက်ကွင်းဆင်းခဲ့သော နာဂစ်ဒေသများ၌ အိမ်ထောင်စုများ၏ ၇ဝ ရာခိုင်နှုန်းသည် မြေယာမဲ့ ဖြစ်နေပြီး၊ လပွတ္တာ၊ ဘိုကလေးမြို့နယ်များရှိ ကျေးလက်ဒေသများတွင် ၅ဝ ရာခိုင်နှုန်းသော အိမ်ထောင်စုများသည် မြေယာမဲ့ ဖြစ်နေကြောင်း တွေ့ရှိရသည်ဟု ဖော်ပြထားသည်။ အထက် မြန်မာပြည်၌မူ ၂၅ မှ ၄ဝ ရာခိုင်နှုန်းသည် မြေယာမဲ့ ဖြစ်နေကြောင်း ဆိုသည်။
(၅) ငွေကြေးရနိုင်သော အလုပ်မျိုး မရှိသဖြင့်၊ ကျေးလက်နေ မိသားစုများသည် ဝင်ငွေမရှိ ဖြစ်နေသည်။
(၆) ကျေးလက်မိသားစုနှင့် တောင်သူလယ်သမားများသည် ဝင်ငွေနှင့် ပိုင်ဆိုင်မှုများ မရှိတော့သဖြင့် နာဂစ် ဒေသအတွင်း ဝယ်လိုအားနှင့် ရောင်းလိုအား သိသာစွာ ကျဆင်းနေကြောင်း တွေ့ရသည်။ လယ်ယာစိုက်ပျိုးရေး ကိရိယာများ၊ ဓာတ်မြေသြဇာယူမှုများ၊ ရောင်းအား ၃ဝ - ၅ဝ ရာခိုင်နှုန်း ကျဆင်းနေကြောင်း တွေ့ရှိရသည်။
(၇) လယ်ယာစိုက်ပျိုးရေးတွင် ထုတ်လုပ်မှုပိုင်း၌ နည်းပညာနှင့် ကိရိယာများသည် ခေတ်နောက်ကျနေခြင်း၊ လိုက်လျောညီထွေ မရှိခြင်း၊ တိုးမြှင့်ကောက်ခံနေသည့် အခွန်အကောက် အမျိုးမျိုးကြောင့် ကုန်ထုတ်လုပ်မှုစရိတ် မြင့်မားနေခြင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ စီမံခန့်ခွဲမှု အားနည်းနေခြင်း၊ ခြစားမှု ဖြစ်ပေါ်နေခြင်းကို တွေ့ခဲ့ရသည်ဟု ဖော်ပြထားသည်။ (ဥပမာ - ရန်ကုန်ဆိပ်ကမ်း ကုန်တင်ချမှုသည် ကမ္ဘာတွင် ဈေးအကြီးဆုံးနှင့် အညံ့ဆုံး ဆိပ်ကမ်းဖြစ်ကြောင်း ဖော်ပြထားသည်။ အရည်အသွေး မြင့်မားသည့် မျိုးစပါးများ စိုက်ပျိုးနိုင်မှုနှင့် အရည်အသွေး ကောင်းမွန်ပြီး၊ ဈေးနှုန်းချိုသာသည့် ဆန်စက်များ တည်ဆောက်နိုင်မှု ပါဝင်သည်။) တနည်းအားဖြင့် လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့် ကျေးလက်ဒေသများတွင် (Development for Rural Infrastructure) ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို စနစ်တကျ စီမံကိန်းများဖြင့် သေချာစွာ ပြုလုပ်သင့်ကြောင်း ဖော်ပြထားသည်။
(၈) လက်ရှိ ရင်ဆိုင်နေရသော ကမ္ဘာ့စီးပွားရေးပျက်ကပ် အကျိုးဆက်များ သက်ရောက်မှု ရှိနေသဖြင့်၊ ရောင်းချနေသော ဆန်ဈေးနှုန်းများသည် ဈေးကွက်တွင် ကျဆင်းမှု အန္တရာယ်များ ရင်ဆိုင်နေရသည်။
(၉) နောက်ဆုံးတွင် ကျေးလက်များရှိ တောင်သူလယ်သမားများသည် စွန့်စားဝမ်းစာရှာမှုများ၊ ကြီးပွားတိုးတက်လိုစိတ်များ၊ စီးပွားရေး အမြန်ဆုံး ပြန်လည်နာလံထူလာလိုစိတ်များကို အားတက်သရော တွေ့ခဲ့ရကြောင်း ဖော်ပြထားသည်။
လက်တွေ့ ကွင်းဆင်းလေ့လာမှုတွင် ပါဝင်ခဲ့သည့် ကျွမ်းကျင်သူ ပညာရှင်များက နာဂစ်ဒေသအတွင်း ကျေးလက်တောင်သူဦးကြီးများ၊ ကျေးလက်အိမ်ထောင်စုများသည် လက်ရှိ ရင်ဆိုင်နေရသည့် အခက်အခဲ၊ အကျပ်အတည်းများကို အရေးပေါ်ကူညီရန် တင်ပြထားသော အကြံပြုချက်များမှာ -
(၁) ကျေးလက် တောင်သူလယ်သမားများအတွက် စိုက်ပျိုးစရိတ် ချေးငွေကို ကျပ် ၈ဝဝဝ မှ ကျပ် ၈ဝဝဝဝ ၊ ၁ဝ ဆအထိ ငွေအလုံးအရင်း ချေးငှားပေးသင့်ကြောင်း တွက်ချက်ယူဆထားကြသည်။
(၂) စပါးဈေးနှုန်းကို တိုးမြှင့်ပေးရမည်။
(၃) နာဂစ် ဒေသများတွင် တောင်သူလယ်သမားများ၊ အိမ်ထောင်စုများသည် ဝင်ငွေ မရှိသဖြင့် လက်ရှိ စစ်အုပ်စုမှ ငွေကြေးထောက်ပံ့မှု အစီအစဉ်များ (Stimulus Package) အမြန်ဆုံး ပြုလုပ်ပေးရမည်။
(၄) ဝင်ငွေရရှိနိုင်မည့် အလုပ်အကိုင်များ ဖန်တီးပေးသင့်သည်။
(၅) လယ်ယာစိုက်ပျိုးရေး ကဏ္ဍ၌ ထုတ်လုပ်မှု ပိုမို၍ သာလွန်ကောင်းမွန် လာနိုင်စေရန် ရင်းနှီးမြှုပ်နှံမှုများ၊ သုတေသန ပြုမှုများတွင် ငွေကြေး အလုံးအရင်း ပိုမို၍ သုံးစွဲမှု ပြုရမည်။
(ဓာတ်မြေသြဇာစက်ရုံများ တည်ဆောက်ခြင်း၊ မျိုးကောင်း စပါးများ မှာယူထောက်ပံ့ပေးခြင်း၊ ပိုးသတ်ဆေး၊ လောင်စာဆီများ လုံလောက်စွာ ထောက်ပံပေးခြင်း၊ စပါး သိုလှောင်မှု၊ အရည်အသွေး ကောင်းမွန်သော ဆန်စက်များ တည်ဆောက်ခြင်းတို့ ပါဝင်သည်။
နာဂစ် ဆိုင်ကလုန်း တိုက်ခတ်ခံခဲ့ရပြီးနောက် ရင်ဆိုင်းနေရသော အခက်အခဲ၊ အကျပ်အတည်းများကို ဖြေရှင်းကျော်လွှားနိုင်ရေးအတွက် နိုင်ငံတကာမှ ထောက်ပံ့ကူညီမှု အလုံးအရင်းဖြင့် ရရှိနိုင်ရန် အမြန် လိုအပ်နေသည်။ နိုင်ငံတကာရှိ အစိုးရအဖွဲ့များ၊ လူသားချင်း စာနာထောက်ပံ့ပေးနေသော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် စစ်အုပ်စုအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်နိုင်ရန် စစ်အုပ်စုမှ ထိန်းချုပ်ထားသော အကန့်အသတ်များကို အမြန်ဆုံး ဖယ်ရှားပေးရန် လိုအပ်ကြောင်းနှင့် နိုင်ငံတကာနှင့် ဆက်ဆံရေး ကောင်းမွန်လာစေရန် ဟန့်တားနေသော နိုင်ငံရေးဆိုင်ရာ အခြေအနေကို တိုးတက်အောင် အမြန်ဆုံး ပြုပြင်ပြောင်းလဲရန် လိုအပ်သည်။ လက်တွေ့ကျသော နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု အလျင်အမြန် ပြုလုပ်ပြီး၊ အမှန်အကန် အရေးပေါ် လိုအပ်နေသော စီမံကိန်းများတွင် ငွေကြေးသုံးစွဲမှု ပြုလုပ်ရန် လိုအပ်သည်။
ဥပမာ - ကြပ်ပြေး နေပြည်တော် လေယာဉ်ကွင်း တိုးချဲ့မွန်းမံမှုတွင် ငွေကြေးသုံးစွဲမှု၊ တခြား အရေးမပါသော လုပ်ငန်းများ (Pet Projects) တွင် ငွေကြေးသုံးစွဲမှု ပြုလုပ်နေခြင်းထက် ယခု ဒုက္ခအကျပ်အတည်း ပေါင်းစုံနှင့် ရင်ဆိုင်နေရသော လယ်ယာစိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများတွင် ငွေကြေး အလုံးအရင်း ရင်းနှီးမြှုပ်နှံသုံးစွဲပြီး၊ စပါးထွက်နှုန်း၊ ကောက်ပဲသီးနှံထွက်နှုန်း ပြန်လည်တိုးတက်လာရန်၊ ဝမ်းစာ စပါးများ၊ မျိုးစပါးများ ဖူလုံမှု ရှိစေရန် နာဂစ်ဒေသတွင် တောင်သူလယ်သမားများကို အရေးပေါ် ငွေကြေး အကူအညီများ ထောက်ပံ့ကူညီသင့်ကြောင်း ပါရှိသည်။
(မှီငြမ်းကိုးကား - ဤဆောင်းပါးတွင် ပါဝင်သော အချက်အလက်အများစုသည် FAO/ WFP ၊ UNDP တို့မှ အစီရင်ခံစာများ၊ David Dapice ၊ Tom Vallely နှင့် Ben Wilkinson တို့ သုတေသနပြု သုံးသပ်တင်ပြထားသော မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးရေးကို အခြေခံသော စီးပွားရေးစာတမ်း၊ ကွင်းဆင်းမှုများတွင် ပါဝင်ခဲ့သော နိုင်ငံတကာ NGO အဖွဲ့များမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာန လက်အောက်မှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရှိ စီးပွားရေးနှင့် လယ်ယာစိုက်ပျိုးရေး ကျွမ်းကျင်သူ ပညာရှင်များ၏ သုံးသပ်ချက် အမြင်များ၊ တွေ့ရှိချက်များကို စုစည်းပြီး ဘာသာပြန် တင်ပြထားခြင်း ဖြစ်ပါသည်။)
Rest of your post
တိတ်ဆိတ်သော သာယာမှု ရှိရာဆီ ခဏ...
-
Almost heaven, West Virginia
Blue Ridge Mountains, Shenandoah River
Life is old there, older than the trees
Younger than the mountains, growin' like a br...
3 months ago
No comments:
Post a Comment