Saturday, March 10, 2012

ခေတ်၊ စနစ် နဲ့ လူတွေ ဟာ အံဝင်ခွင်ကျ ဖြစ်ဖို့ လိုတယ် - အပိုင်း ( ၃)

Changes require actions on the ground, not on the media or speeches.
The central requirement for the improvement of governance and institutional quality in Burma is the removal of the military from its central position of power.

-မြတ်စိုး-
၀၃.၀၄.၂၀၁၂
လောင်း၊ နောင်၊ ဆင်၊ စဥ့်၊ မောင်မောင် နှင့်
ဘိုး၊ ဘ၊ သာယာ ပြည်မြန်မာ၊
ပုဂံ၊ မင်းတုန်း၊ သီပေါ ဆုံး။

ဒီ စာသားလေး ကို ကျနော်တို့ အထက်တန်း ကျောင်းသားဘ၀ က အလွတ် ကျက်ခဲ့ရတယ်။ သမိုင်းဆရာမ က မင်းဆက် ၁၁ ဆက် နန်းစံ အုပ်ချုပ်ခဲ့တဲ့ ကုန်းဘောင်ခေတ် ဆွေစဉ်မျိုးဆက် မင်းဆက်တွေ အကြောင်း ကို မှတ်မိ အောင် သင်ကြားပေးခဲ့တာ ပါ။ ကုန်ဘောင်ခေတ် ပဒေသရာဇ်စနစ် ကို မြန်မာပြည်သူတွေ နှစ်ပေါင်း ၁၃၃ နှစ်ကျော် ဖြတ်သန်းခဲ့ရတယ်။ ဒီနောက် နှစ်ပေါင်း ၁၂၁ နှစ်ကျော် ကိုလိုနီခေတ် မှာ မြန်မာပြည်သူတွေ တိုင်းတပါးကျွန်ဖြစ်ခဲ့ရပြန်တယ်။ ကိုလိုနီခေတ် ဆိုတာဟာ ဗြိတိသျှတို့ မြန်မာနိုင်ငံကို စစ်သုံးကြိမ်ဖြင့် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြန်မာနိုင်ငံကို အုပ်ချုပ်သောခေတ် ဆိုလိုတာပါ။ ပထမ အင်္ဂလိပ် - မြန်မာစစ် ဟာ ၁၈၂၄-ခုနှစ်၊ မတ်လတွင် စတင်ဖြစ်ပွားခဲ့တယ်။ ၁၈၂၆-ခု၊ ဖေဖော်ဝါရီလ (၂၄)ရက်တွင် ရန္တပိုစာချုပ် ချုပ်ဆိုကာ ရခိုင်နှင့် တနင်္သာရီတို့ကို ဗြိတိသျှတို့ထံ ပေးလိုက်ရတယ်။ အဲဒီနောက် ကိုလိုနီခေတ် က နေ လွတ်လပ်ရေးရပြီးနောက် ပါလီမာန်ဒီမိုကရေစီ စနစ်ကို တက်လှမ်းနိုင်ခဲ့ပေမဲ့ စစ်ကျွန် ဘ၀ ကို မြန်မာပြည်သူတွေ အနှစ် ၅၀ ကြာ ယနေ့ထိ ထပ်မံ ခါးသီးစွာ ရင်ဆိုင်ခဲ့ကြရပြန်တယ်။

ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ်၊ စစ်အာဏာရှင်ခေတ် ဆိုပြီး နှစ်ပေါင်း ရာနဲ့ ချီ စွာ ခေတ်တွေသာ ပြောင်းလဲခဲ့တယ်။ မြန်မာပြည်သူတွေဟာ အာဏာရှင် စနစ်အောက်မှာ နေနေရတုန်းပဲ။ မြန်မာ့ နိုင်ငံရေး ယဉ်ကျေးမှု သမိုင်းကို ပြန်လည်သုံးသပ်ကြည့် မယ်ဆိုလျှင် အာဏာရှင်တွေကြောင့် မြန်မာပြည်သူတွေ ဟာ ပိတ်ဆို့ ထားတဲ့ မွန်းကျပ်နေတဲ့ လူ့အဖွဲ့အစည်း အောက် မှာ နှစ်ပေါင်းရာနဲ့ ချီ အကြောက်အလန့် တရားတွေ၊ ရောင့်ရင်း တင်းတိမ်မှုတွေ၊ အားကိုးချင်တဲ့ စိတ်တွေနဲ့ အတူ ပုံစံတကျ ခေါက်ရိုးကျိုးသွား ခဲ့ကြတာတွေ့ရတယ်။

ဒီ ခေါက်ရိုးကျိုးနေတဲ့ ပုံစံ က နေ အမွေဆိုး တခု ထပ်ရခဲ့ရပြန်တယ်။ အဲဒါကတော့ အာဏာရှင်တွေ ကို ဆန့်ကျင် တိုက်ပွဲဝင်ရင်း မြန်မာပြည်သူတွေဟာ သူရဲကောင်း မြတ်နိုးတဲ့၊ ကယ်တင်ရှင်ကို မျှော်လင့်တဲ့ စိတ်နှင့် အကျင့် စရိုက် တနည်းအားဖြင့် သူရဲကောင်း ကိုးကွယ်တဲ့ ၀ါဒ တွေဟာ မြန်မာ့နိုင်ငံရေး သမိုင်းမှာ ဓလေ့ထုံတမ်းစဉ်လာ လို ဖြစ်လာခဲ့တာတွေ့ရတယ်။ မြန်မာ့ရာဇ၀င် မှာ သူရဲကောင်းတွေ ခေတ်အဆက်ဆက်မှာ ပေါ်ထွက်လာခဲ့ပေမဲ့ ၊ သူရဲကောင်း ကိုးကွယ်ခဲ့တဲ့ လူသားတွေရဲ့ စိတ်တွေကြောင့်၊ အာဏာရှင်တွေ လက်အောက် က မလွတ်မြောက်နိုင်ကြသေးတာလည်း အချက်တချက်ဖြစ်နေတယ်။ သူရဲကောင်းတွေ ကွယ်ပျောက်သွားတော့ ပုံစံခွက်ထဲ ပြန်ရောက်သွားခဲ့ကြတာ သမိုင်းအစဉ်အလာကြီး လိုဖြစ်နေတယ်။ ဒီလို သူရဲကောင်း မြတ်နိုးတဲ့၊ ကယ်တင်ရှင်မျှော်လင့်တဲ့ အတွေးအခေါ်၊အယူအဆ၊ အကျင့်စရိုက်တွေ၊ ပြည်သူလူထု စိတ် ထဲမှာ ဆက်လက် ကိန်းအောင်းနေသ၍လည်း မြန်မာပြည်သူတွေ ဟာ အနာဂတ်မှာ ဆုံးရှုံးမှုတွေ နဲ့ ဆက်လက် ရင်ဆိုင်နေရအုန်းမှာ ပဲ။ တနည်းအားဖြင့် မြန်မာနိုင်ငံမှာ ခေတ် နဲ့ စနစ် နဲ့ လူတွေဟာ အံဝင်ခွင်မကြဖြစ်နေတယ်။

တကယ်တော့ တော့ ယနေ့ ကမ္ဘာကြီးဟာ ကျယ်ပြောသော ပထ၀ီဒေသကြီး တခုဖြစ်သလို ထွေပြား နက်ရှိုင်းတဲ့ လူမှုစီးပွား ရေး နယ်ပယ်ကြီး တခုလည်းဖြစ်နေတယ်။ စနစ်တွေဟာ လည်းခေတ်နဲ့ အညီပြောင်းလဲလာသလို လူသားတွေရဲ့ တွေးခေါ်မှု၊ အလေ့အကျင့်တွေဟာ လည်း ကမ္ဘာကြီးမှာ တိုးတက်ပြောင်းလဲနေတာတွေ့လာရတယ်။ ယနေ့ခေတ် မှာ ကျယ်ပြော နက်ရှိုင်းတဲ့ ပြဿနာတွေ ကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ က ဘယ် သူရဲကောင်း၊ ဖန်တီးရှင် တဦးထဲက မှ ဖြေရှင်းနိုင်မှာ မဟုတ်သလို၊ တစ်ဦးတစ်ယောက်တည်း တော်နေ တက်နေရုံ ဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်လာ မှာ မဟုတ်ဘူးဆိုတာ ကမ္ဘာ မှာ လူသားအားလုံး က လက်ခံထားကြတယ်။ ပြည်သူပြည်သား များ တစ်ဦးချင်းအလိုက် အလေ့အကျင့်ကောင်းတွေ၊ စွမ်းရည်တွေ တိုးတက်မြင့်မားလာပါမှ တိုင်းပြည် တိုးတက်ကြီးပွားလာမှာ ဖြစ်ပါတယ်။

တိုင်းပြည် တပြည် ရဲ့ ဖွံ့ဖြိုးတိုးတက် မှု အဓိက လိုအပ်ချက် က ဘာလဲ?

လူသားတွေရဲ့ တစ်ဦးချင်းဆီ စွမ်းရည် မြင့်တင်ဖို့ ၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်တက်ဖို့ အတွက် ဘာတွေ လုပ်သင့်သလဲလို့ မေးခွန်းတွေရှိကြမှာ ဖြစ်သလို၊ လူတိုင်း စိတ်ဝင်စားမှုတွေရှိကြမှာတော့ အမှန်ပါပဲ။ ကမ္ဘာ့ ကုလသဂ္ဂ ဖွံ့ဖြိုးမှု အဖွဲ့ကြီက တော့ နိုင်ငံတနိုင်ငံမှာ ရှိတဲ့ လူသားတွေရဲ့ တစ်ဦးချင်းဆီ စွမ်းရည် ကို အောက်ပါ ကိန်းဂဏ္ဍန်း အချက် တွေ နဲ့ တွက်ချက် တိုင်းတာကြတယ်။




1. Life Expectancy Index (LEI)
2. Education Index (EI)
2.1 Mean Years of Schooling Index (MYSI) [3]
2.2 Expected Years of Schooling Index (EYSI) [4]
3. Income Index (II)

အခြေခံအားဖြင့်တော့ လူသားတွေရဲ့ ရှင်သန်မှု၊ ကျန်းမာရေး၊ ပညာရေး၊ တဦးချင်း ၀င်ငွေ နှင့် သုံးငွေ အင်အား စတဲ့ အချက်တွေ အပေါ် မှာ ဆုံးဖြတ် တိုင်းထွာလေ့ရှိကြတယ်။ တနည်းအားဖြင့် အခြေခံ အဆောက်အအုံ တွေဖြစ်ကြတဲ့ ပညာရေး၊ကျန်းမာရေး နှင့် ဆင်းရဲ မွဲတေမှု အပေါ် မှာ တိုးတက်မှု ရှိမရှိ လေ့လာမှုပြုကြတယ်။ စီးပွားရေး ပညာရှင်တွေ ကတော့ နိုင်ငံတနိုင်ငံမှာ လူတစ်ဦးချင်းစီရဲ့ စွမ်းရည် တွေ မြင့်မားဖို့ နှင့် တိုင်းပြည်တပြည် ဖွံ့ဖြိုးတိုးတက်ဖို့ အစိုးရတိုင်းဟာ-

၁) ပညာရေး နှင့် ကျန်းမာရေး မှာ ရင်းနှီးမြုပ်နှံမှု၊
၂) စွမ်းအင် ဆိုင်ရာ မှာ ရင်းနှီးမြုပ်နှံမှု၊
၃) လမ်းပန်းဆက်သွယ်သွယ်ရေးမှာ ရင်းနှီးမြုပ်နှံမှု တွေ မရှိမဖြစ် လိုအပ်တယ်လို့ထောက်ပြကြတယ်။

နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ ဟာ ဒီ အဓိက ကျတဲ့ နယ်ပယ်တွေ မှာ နိုင်ငံ ကို အုပ်ချုပ်နေကြတဲ့ အစိုးရ တွေ ဘယ်လောက် ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်နေသလဲ ဆိုတဲ့ ကိန်းဂဏ္ဍန်းတွေ ပေါ်မှာ သာမူတည်တယ်။ ဥပမာ- ခေတ်မှီတဲ့ စာသင်ခန်းတွေ တည်ဆောက်ဖို့ က စွမ်းအင်လိုသလို၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပိုင်းမှာ လည်း လူတစ်ဦးချင်းစီရဲ့ ပညာရေးစွမ်းရည်၊ လျှပ်စစ် စွမ်းအင် နှင့် လမ်းပန်းဆက်သွယ်သွယ်ရေး ကောင်းမွန်မှု ဟာ မရှိမဖြစ်လိုအပ်တယ်။

မြန်မာနိုင်ငံ သမိုင်းတလျှောက် ဒီနယ်ပယ် သုံးခုစလုံးမှာ ရင်းနှီးမြုပ်နှံမှုတွေ ဟာ အားနည်းမှု
တွေရှိနေတယ်။ ဒါကြောင့်မို့ လည်း လူတစ်ဦးချင်းစီရဲ့ စွမ်းရည်တွေဟာ တဖြေးဖြေး နိမ့်ကျလာခဲ့တယ်။ လက်ရှိ မြန်မာ့ ပညာရေး သမိုင်း ဟာ ဘုန်ကြီးကျောင်းပညာရေး၊ ဖယောင်းတိုင်ပညာရေး ကနေ မလွတ်မြောက် နိုင်ကြသေးဘူး။ တက္ကသိုလ်ကျောင်း မှာ ဆရာတွေနဲ့ ကျောင်းသားတွေဟာ မိုးထဲ၊လေထဲ၊ တောထဲမှာ ပညာသင်ကြားနေရတယ်။ ဒဂုံမြို့သစ် က တက္ကသိုလ်ကျောင်းတွေဆို နားဂစ် တိုက်ပြီးကတည်း က အခုထိ စစ်အစိုးရ က အပျက်အစီးတွေ ကို မပြင်ဆင်ပေးနိုင်သေးဘူး။ ပညာရေးစနစ်မှာ ယခင်က အာရှ မှာ နံမည်ကြီးခဲ့ မြန်မာနိုင်ငံက တက္ကသိုလ်တွေဟာ တောလက် ကျေးရွာ တွေကိုပင် အပို့ခံခဲ့ရတယ်။ မြို့ပြ တက္ကသိုလ် ပညာရေး ကနေ ကိုယ်ထူကိုယ်ထ ကျေးလက် ပညာရေး ကို ပြောင်းလဲလာခဲ့တယ်။ အထက်တန်းကျောင်းတွေ မှာ ရှိတဲ့ သိပ္ပံဓာတ်ခွဲခန်းတွေဟာ ဖုံတက်နေခဲ့ တာ ၁၉၆၂ ခုနှစ် နောက်ပိုင်းကတည်းက ပါ။ ခေတ်မှီတဲ့ စာသင်ခန်းတွေ မရှိသ၍ ခေတ်မှီတဲ့ ပညာရေးကို ဆည်းပူး လေ့လာဖို့ က တော့ အလှမ်းဝေးနေအုန်းမှာပါ။

စွမ်းအင် အရင်းအမြစ် ပေါ်များတဲ့ မြန်မာ နိုင်ငံမှာ ပြည်သူတွေ ဟာ ကိုယ်ထူ ကိုယ်ထစနစ်နဲ့ နိုင်ငံတော် ဓာတ်အား စနစ်ကနေ ဓာတ်အား ရယူနေရတုန်းပဲ။ မြန်မာနိုင်ငံ မှာ ကျေးလက်တောရွာ ပေါင်း ၆ သောင်းကျော် ရှိသည့်အနက် ၂ ထောင်ကျော်သာ လျှပ်စစ်မီး ပေးနိုင်သေးတယ်။ လျှပ်စစ်ရရှိနိုင်ဖို့ လျှပ်စစ်ဖြန့်ဖြူးပေးတဲ့ မြေအောက်၊ မြေပေါ် လျှပ်စစ်လိုင်းတွေ တည်ဆောက်မှု အပေါ် မှာ လည်း ရင်းနှီးမြုပ်နှံမှု မရှိတော့ ကျေးလက်တောရွာတွေမှာ ဖယောင်တိုင်းပညာရေး ပဲဖြစ်နေပါလိမ့်မယ်။ လျှပ်စစ်စွမ်းအင်ဖြန့်ဖြူးမှု အပေါ် ရင်းနှီးမြုပ်နှံမှု မရှိသ၍ လည်း စက်မှု နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မှာ အဟန့် အတားတွေဖြစ်နေ ပါလိမ့်မယ်။

လက်ရှိ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှု ဆိုင်ရာ မှာ အဓိ က ကျတာကတော့ လမ်းပန်းဆက်သွယ်ရေးပါ။ နိုင်ငံရဲ့ အရှေ့ ၊ အနောက် ၊ တောင်၊ မြောက် နေရာတိုင်းကို အချိန်တိုအတွင်း သွားလာနိုင်မဲ့ လမ်းမကြီးတွေ၊ Logistic လို့ခေါ်ဆိုတဲ့ ကုန်စည်ဖြန့်ဖြူးနိုင်တဲ့ လမ်းကြောင်းတွေ ရှိရမှာ ဖြစ်သလို၊ စီးပွားရေး ဆိုင်ရာ သတင်း အချက်အလက်မှန်တွေ ကို အလျင်အမြန်ရရှိဖို့ က ကောင်းမွန်တဲ့ ဆက်သွယ်ရေး စနစ်ရှိဖို့လိုပါတယ်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်နေတဲ့ အာရှနိုင်ငံတွေဖြစ်ကြတဲ့ တရုတ်၊ စင်္ကာပူ၊ မလေးရှား၊ တောင်ကိုရီးယား၊ ထိုင်းနိုင်ငံတွေရဲ့ ဆက် သွယ်ရေး ကို လေ့လာကြည့်နိုင်ပါတယ်။ ဒီနိုင်ငံတွေ မှာ အစိုးရတွေက ဆက်သွယ်ရေး စနစ်ကောင်းမွန်မှု အတွက် ဒေါ်လာ ဘီလီယံနဲ့ ချီ သုံးစွဲခဲ့ကြတယ်။ နည်းပညာနှင့် ဆက်သွယ်ရေးစနစ် ကောင်းမွန်လာမှုကြောင့် ပြည်သူတွေရဲ့ ပညာရေးကဏ္ဍဟာလည်း မြင့်မားလာခဲ့တယ်။

တရုတ်နိုင်ငံ မှာ မိုဘိုင်းဖုန်း ၀န်ဆောင်မှု သုံးစွဲသူ အရေအတွက်သည် ၉၈၇ ဒသမ ၆ သန်း သုံးစွဲနေကြပြီး၊ တောင်ကိုရီးယားနိုင်ငံ၊ စင်္ကာပူ၊ မလေးရှား နှင့် ထိုင်းနိုင်ငံ မှာ မိုဘိုင်းဖုန်း ပိုင်ဆိုင်မှုဟာ လူဦးရေထက် ပိုမို များပြားလာခဲ့ပြီး စီးပွားရေး လုပ်ငန်းတွေ အတွက် မိုဘိုင်းဖုန်းမျိုးစုံကိုင်သူ ပိုမို တိုးတက်လာတာကိုတွေ့ရတယ်။

တောင်ကိုရီးယားနိုင်ငံ၏ မိုဘိုင်းဖုန်း ၀န်ဆောင်မှု သုံးစွဲသူ အရေအတွက်သည် သန်း ၅၀ ကျော် ရှိခဲ့ပြီး လူဦးရေ ၄၈ ဒသမ ၈ သန်း ထက် ပိုမိုများပြားလာသလို၊ ထိုင်းနိုင်ငံမှာ မိုဘိုင်းဖုန်း ၀န်ဆောင်မှု သုံးစွဲသူ အရေအတွက်ဟာ ၆၉ သန်း ကျော်ရှိခဲ့ပြီး လူဦးရေ ၆၅ သန်း ထက် ပိုမိုများပြားနေတာတွေ့ရတယ်။
စင်္ကာပူ နိုင်ငံမှာ မိုဘိုင်းဖုန်း ၀န်ဆောင်မှု သုံးစွဲသူ အရေအတွက်ဟာ ၇ ဒသမ ၂ သန်း ကျော်ရှိခဲ့ပြီး လူဦးရေ ၅ သန်း ထက် ပိုမိုများပြားနေတာတွေ့ရတယ်။ မလေးရှား မှာ မိုဘိုင်းဖုန်း ၀န်ဆောင်မှု သုံးစွဲသူ အရေအတွက်ဟာ ၃၀ ဒသမ ၃ သန်း ရှိပြီး လူဦးရေ ၂၈ သန်းထက် ပိုမိုများပြားနေတာတွေ့ရတယ်။ ဒီနိုင်ငံတွေ မှာ ကျေးလက်တောရွာ၊ ကလေး လူကြီး မကျန် လူတန်းစားမရွေး မိုဘိုင်းဖုန်း ၀န်ဆောင်မှု ကို လွယ်လွယ်ကူကူ ဈေးနှုန်းချိုသာစွာဖြင့် အသုံးပြုနေကြတဲ့ အချိန် မှာ မြန်မာနိုင်ငံ မှာ မိုဘိုင်ဖုန်း ၂ သန်း ကျော် နဲ့ ဆက် လက် တိုးချဲ့ ဖို့ ပြင်ဆင်နေတုန်းပါ။

အာရှ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတချို့ မှာ မိုဘိုင်းဖုန်း သုံးစွဲခဲ့မှုဟာ ၁၉၈၄ ခုနှစ်မှာ စတင်ခဲ့ပေမဲ့ ၁၉၉၀ နောက်ပိုင်းမှာ မိုဘိုင်းဖုန်း ၀န်ဆောင်မှု သုံးစွဲသူ အရေအတွက်ဟာ ပိုမိုများပြားလာခဲ့တာတွေ့ရတယ်။ မြန်မာနိုင်ငံ မှာ ဆက်သွယ်ရေးဝန်ဆောင်ခ နဲ့ မိုဘိုင်းဖုန်း ဈေးနှုန်းတွေ ကြောင့် မြန်မာပြည်သူ အားလုံး သုံးစွဲနိုင်ကြမလားဆိုတာက တော့ မေးခွန်းထုတ်စရာပါ။ တိုးတက်နေတဲ့ ခေတ်မှာ ဆက်သွယ်ရေး ကောင်းမွန်မှုမရှိခြင်းဟာ ပညာရေး နှင့် စီးပွားရေး ကဏ္ဍတွေ ရဲ့ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေး၊ ထိခိုက်တာ က တော့ ငြင်းမရတဲ့ အချက်ဖြစ်နေတယ်။

ခေတ်၊ စနစ် နဲ့ လူတွေ ဟာ အံဝင်ခွင်ကျ ဖြစ်ဖို့ လိုတယ် - အပိုင်း (၂)



Changes require actions on the ground, not on media or speeches.
The central requirement for the improvement of governance and institutional quality in Burma is the removal of the military from its central position of power.
-မြတ်စိုး-
၀၂.၂၅.၂၀၁၂

အစိုးရ နယ်ပယ် မှာ 5 S ကို ဘယ်လို ကျင့်သုံးမလဲ-

ယနေ့ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ အစိုးရ တိုင်း အဓိက ရင်ဆိုင်ဖြေရှင်း နေရတာဟာ တိုင်းပြည် ဘဏ္ဍာရေး လိုငွေပြမှုပြဿနာပါ။ ဘဏ္ဍာရေး လိုငွေပြမှု ပြဿနာကို ဖြေရှင်းကြရင်း နိုင်ငံခေါင်းဆောင်တွေ တော်တော်များများနုတ်ထွက် ခဲ့ကြရတယ်။ ဂျပန် နိုင်ငံ မှာ တိုင်းပြည် စီးပွားရေး၊ ဘဏ္ဍာရေးပြဿနာ တွေကို ဖြေရှင်းရင်း ၀န်ကြီးချုပ် လေးဦး နှစ် အတွင်း နုတ်ထွက်သွားခဲ့ရတယ်။ အီတလီ၊ ဂရိ ဥရော တချို့ နိုင်ငံတွေ မှာလည်း ငွေကြေးပြဿနာ နှင့် ဘဏ္ဍာရေးပြဿနာတွေ ကို ဖြေရှင်းရင်း ၀န်ကြီးချုပ်တွေ နုတ်ထွက်ခဲ့ကြရတယ်။ ဒီလို နုတ်ထွက်ခဲ့ရတဲ့ အခြေခံ အကြောင်းအရင်းကတော့ အစိုးရ အတွင်း အလေအလွှင့်ပြဿနာ တွေ ကို မှန်မှန် ကန်ကန် တာဝန်ယူ ကိုင်တွယ် မဖြေရှင်းနိုင်ခဲ့ခြင်း၊ မဖယ်ရှားနိုင်ခဲ့ခြင်း ဆိုရင်လည်း မမှားပါဘူး။

နိုင်ငံ တနိုင်ငံ မှာ ဖွံ့ဖြိုးတိုးတက်မှုမရှိဘူး၊ တိုင်းပြည် မှာ ဘဏ္ဍာရေး လိုငွေပြနေပြီဆိုရင်၊ ကုန်ထုတ်လုပ်မှု နယ်ပယ် မှာ စဉ်းစား သလိုပဲ အလေအအလွှင့် (သို့) သုံးမရ အရှုံးပေါ်နေတဲ့ စီမံကိန်းတွေ၊ ၀န်ကြီးဌာနတွေ ကို လျော့ချဖို့ ကို အစိုးရ တိုင်း ပထမ အဆင့်အနေနဲ့ စဉ်းစားရမှာဖြစ်တယ်။ ဒါဟာ နိုင်ငံတကာ အစိုးရ တိုင်း က လက်တွေ့ ကျင့်သုံး လုပ်ဆောင် နေကြတာလည်းဖြစ်တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ မှာ တော့ ကမ္ဘာ့နိုင်ငံ အစိုးရတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်။ တိုင်းပြည် မှာ ဘဏ္ဍာရေး လိုငွေပြနေပေမဲ့ အစိုးရ ၀န်ကြီးဌာနတွေ ကို တော့ တိုးချဲ့ ဖွဲ့စည်းလာတာကိုတွေ့ရတယ်။ ၀န်ထမ်းလ စာ တိုးမြင့်ပေးဖို့တော့ တမတ်သား လွှတ်တော်မှာ ပယ်ချခံရပေမဲ့၊ နေရာ အတွက် ၀န်ကြီးဌာနတွေ တိုးချဲ့ခဲ့မှု ကို တော့ တမတ်သား လွှတ်တော် က အတည်ပြုခဲ့တယ်။ မြန်မာနိုင်ငံ မှာ မလိုအပ်တဲ့ ၀န်ကြီးဌာနတွေ ကို ပြပါဆိုရင်တော့ -

ဥပမာ အားဖြင့် - ပြန်ကြားရေးဝန်ကြီးဌာန၊ မီးရထားဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာန တွေဟာ မြန်မာစစ်အစိုးရ ခေတ် အဆက်ဆက် တိုင်းမှာ အလေအလွှင့် ဖြစ်နေတဲ့ ၀န်ကြီးဌာနတွေပါ။ မလိုအပ်ပဲ ဖွဲ့စည်းထားတဲ့ ၀န်ကြီးဌာန တွေဖြစ်နေတယ်။

လူဦးရေ သန်း ၃၁၀ ကျော်ရှိတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံ အစိုးရ မှာတောင် ပြန်ကြားရေး ၀န်ကြီးဌာန ဆိုတာမရှိဘူး၊ အစိုးရ ရဲ့ ပြောခွင့်ဆိုခွင့်ရှိသူတွေ အဖြစ်နဲ့ သာ အသုံးပြုတာ ကိုတွေ့ရတယ်။ ထို့အတူ လူဦးရေ တစ် ဘီလီယံကျော် ရှိတဲ့ တရုတ်အစိုးရ မှာ ပြန်ကြားရေးဝန်ကြီးဌာန မထားရှိဘူး။ အစိုးရ ရဲ့ ပြောခွင့်ဆိုခွင့်ရှိသူတွေ နဲ့ သာ ပြောင်းလဲ အသုံးပြုလာတာ ကိုတွေ့ရတယ်။

မြန်မာ စစ်အာဏာရှင်စနစ်အောက်မှာ ပြန်ကြားရေးဝန်ကြီးဌာဟာ အစိုးရ ၀န်ကြီးဌာန အဖွဲ့အတွင်း နှင့် ပြည်သူ တွေအကြား ရန်တိုက် ပေးနေတဲ့ ၀န်ကြီးဌာနဖြစ်နေ သလို Information Age လို့ခေါ်ဆိုတဲ့ သတင်းခေတ် မှာ ငွေကြေး သန်းနဲ့ချီ အလေအလွှင့် ဖြစ်နေတဲ့ ၀န်ကြီးဌာနတစ်ခုလည်း ဖြစ်နေတယ်။ ဒီမိုကရေစီ စနစ်အောက်မှာ ဘယ်နိုင်ငံ မှ အစိုးရပိုင် မီဒီယာ၊သတင်းစာတွေ မရှိသင့်တော့ပါ။

ထို့အတူ မြန်မာနိုင်ငံ မှာ မြေအောက်၊လွန်းပျံ ရထား တွေ မရှိသလို၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာနလည်း ရှိနေတာကြောင့် မီးရထားဝန်ကြီးဌာနဆိုတာ တကယ်တော့ မလိုအပ်ပါ။ လက်ရှိ မီးရထား ၀န်ကြီးဌာန မှာ မြေအောက်ရထား၊ လွန်းပျံရထားတွေ တိုးတက်လာတာ မတွေ့ရပေမဲ့ မီးရထားဝန်ကြီးဟာ လွန်းပျံ နိုင်ငံရေး ဆွေးနွေးမှုတွေ ကို သာလုပ်ဆောင်နေတာကြောင့် လွန်ပျံဝန်ကြီးဌာန ဆိုရင်တောင် ပိုအဓိပ္ပါယ်ရှိ ပါလိမ့်မယ်။ အခုတော့ မီးရထား ၀န်ကြီး က နေ လုပ်စရာ အလုပ်မရှိတဲ့ အလုပ်လက်မဲ့ ၀န်ကြီး လိုဖြစ်နေတယ်။ ဘာသာရေး အစွန်းရောက်နေတဲ့ နိုင်ငံတွေ က လွဲပြီး ခေတ်မီ တိုးတက် တဲ့ ဘယ်နိုင်ငံ အစိုးရတိုင်း မှာ သာသနာရေး ၀န်ကြီးဌာ ဆိုတာမရှိပါ။

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ပြုလုပ်နေပါတယ်ဆိုပေမဲ့ မြန်မာနိုင်ငံ မှာ ကျေးလက်တောရွာ၊ မြို့နယ်၊ ပြည်နယ် တိုင်းတွေ က အစ၊ လွှတ်တော်၊အစိုးရ အဆုံး နေရာ အတော်များများ မှာ စစ်တပ် က အာဏာ ကို ဆက်လက် ထိမ်းချုပ်ထားဆဲပါ။ လက်ရှိ စစ်အစိုးရ အောက် မှာ ၀န်ကြီးဌာန ၃၄ ဌာန မှာ အရပ်သား ဦးသာ ပါဝင်တာ ကိုတွေ့ရတယ်။ ခေတ် က ပြောင်းလဲလာတယ်၊ စနစ်ကိုပြောင်းလဲလိုပေမဲ့ တိုင်းပြည် အုပ်ချုပ်နေသူတွေ ရဲ့ လုပ်ထုံးလုပ်နည်း အလေ့အကျင့်ဆိုး က တော့ မပြောင်းလဲချင်ကြဘူးဖြစ်နေတယ်။

အစိုးရ ရဲ့ ပေါ်လစီတွေ၊မူဝါဒတွေ၊ သဘောထားတွေ ပြောင်းလဲနေပါပြီဆိုတာ ဘယ်လိုပဲ မီဒီယာ၊မိန့်ခွန်းတွေ ကနေ ပြောပြော၊ အောက်ခြေ မှာ ဘာမှ တိုးတက်ပြောင်းလဲမှုတွေ မလုပ်ပြနိုင်သ၍ တိုင်းပြည် ဘဏ္ဍာ ကို အလွှဲသုံးစား လုပ်နေသ၍ ပြည်သူရဲ့ ယုံကြည် အားကိုးမှု ကို ရရှိမှာ မဟုတ်ပါဘူး။ စီးပွားရေး နယ်ပယ်မှာလည်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ၀င်အောင် ဘယ်လိုပဲ မက်လုံးတွေ ပေးပေး၊ အခြေခံကျတဲ့ပြုပြင်ပြောင်းလဲမှုတွေ မရှိသေးဘူးဆိုရင်တော့ ဘယ် နိုင်ငံခြားသား စီးပွားရှင် က မှ လာရောက် ရေရှည် ရင်းနှီးမြုနှံကြမှာ မဟုတ်ပါ။ လိုင်စင်ရောင်စား၊ သံယာဇာတ တူးဖော် ရောင်းချ တဲ့ ပွဲစား စီပွားရေးပုံစံနဲ့ တော့ တိုင်းပြည် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှာ တော့ မဟုတ် သလို၊ ဟိုလူ့မျက်နှာချိုသွေးရ၊ ဒီလူ့ မျက်နှာချို သွေးရတဲ့ ပြည့်တန်ဆာ စီးပွားရေး ပုံစံ ပဲဖြစ်နေလိမ့်မယ်။ ရေရှည် စီးပွားရေး အခွင့်အလမ်းတွေ ၀င်လာအောင် အခြေအနေတွေ ကို ဖန်တီးတည်ဆောက် ပေးဖို့လိုပါတယ်။

တနည်းအားဖြင့် အလေအအလွှင့်ဖြစ်နေမှုတွေကို ဖယ်ရှားခြင်း၊ အောက်ခြေ က နေ ပြုပြင်ပြောင်းလဲမှုတွေ ကို စတင် လုပ်ဆောင်ခြင်းဟာ 5 S ကုန်ထုတ်လုပ်မှု ပုံစံရဲ့ အခြေခံကျတဲ့ နည်းလမ်းတွေပါ။ တကယ်တော့ 5 S ရဲ့ နည်းလမ်းပုံစံဟာ ကုန်ထုတ်လုပ်နေကြတဲ့ စက်ရုံ၊ အလုပ်ရုံတွေ အတွက် သာ အကျိုးရှိတာ မဟုတ်ပါဘူး။ စီးပွားရေး၊ နိုင်ငံရေး နယ်ပယ်အသီးသီးမှာ ပါ 5 S ရဲ့ အခြေခံကျတဲ့ တွေးခေါ်ယူဆ နည်းလမ်းပုံစံ ဟာ အသုံးချလို့ရပါတယ်။ အစိုးရ တိုင်းဟာ ဘဏ္ဍာရေး လိုငွေပြမှုတွေ ကို ဖြစ်ပေါ်လာစေတဲ့ အလေအလွှင့်တွေ ကို ဖော်ထုတ် ဖယ်ရှားရန်လိုအပ်တယ်။ ဒီလို ဖယ်ရှားဖို့ 5 Sကုန်ထုတ်လုပ်မှု ပုံစံရဲ့ အခြေခံကျတဲ့ နည်းလမ်းတွေ ကို လက်တွေ့ကျကျ အကောင်အထည် ဖော်သင့်တယ်။

Saturday, February 18, 2012

ခေတ်၊ စနစ် နဲ့ လူတွေ ဟာ အံဝင်ခွင်ကျ ဖြစ်ဖို့ လိုတယ် - အပိုင်း (၁)

Changes require actions from the ground, not from media or speeches.
The central requirement for the improvement of governance and institutional quality in Burma is the removal of the military from its central position of power. Burma’s new constitution (2008) ensures that the military cannot be excised from the legislative process, and therefore little can be expected from the document on this front.
( Asian Society: Current Realities and Future Possibilities in Burma)
-မြတ်စိုး-

မြန်မာနိုင်ငံ ရှိ စက်ရုံ အလုပ်ရုံတွေ မှာ လုပ်ငန်းခွင် အတွင်း မီးလောင်မှု၊ ပေါက်ကွဲမှုတွေ ကြောင့် သေကြေ ပျက်ဆီးဆုံးရှုံးမှုတွေ ကို သတင်းတွေထဲမှာ မကြာခဏ ဆိုသလို ဖတ်ရှု့ ကြရပါလိမ့်မယ်။ တချို့ဖြစ်စဉ်တွေ မှာ အလုပ်သမားတွေရဲ့ ပေါ့ဆမှု၊ အုပ်ချုပ်စီမံခန့်ခွဲမှုဆိုင်ရာမှာ ညံ့ဖျင်းမှု၊ အလုပ်သမားတွေအပေါ် လုပ်ငန်းခွင် ဆိုင်ရာ လေ့ကျင့်သင်ကြား ပညာပေးမှု တွေမှာ အားနည်းမှု၊ စက်မှုဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေ မှာ ကျင့်သုံးနေတဲ့ လုပ်ငန်းခွင်ဆိုင်ရာ အလေ့အကျင့်ကောင်း တွေ ကို အတုယူခြင်း တွေမှာ အားနည်းခဲ့မှု စတဲ့ ရလာဒ်ဆိုးတွေလို့ သုံးသပ်ရင် မှားလိမ့်မယ်လို့ မထင်ပါဘူး။ ယေဘူယျ အားဖြင့် စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အသိပညာ အားနည်းမှုတွေ၊ စီမံခန့်ခွဲ အုပ်ချုပ်သူတွေရဲ့ ကြိုတင်ပြင်ဆင်မှု ဆိုင်ရာတွေ မှာ အားနည်းမှု တွေကြောင့် ပိုမို ဆုံးရှုံးမှုတွေ၊ အဖြစ်ဆိုးတွေ နဲ့ ကြုံတွေ့ ခံစားခဲ့ရတာ တွေ့ရတယ်။ ဒီဖြစ်ရပ်ဆိုးတွေဟာ ခေတ်နဲ့ မဆီလျှော်တော့တဲ့ လုပ်ငန်းခွင်ဆိုင်ရာ လူသားတွေရဲ့ လုပ်ထုံးလုပ်နည်း အလေ့အကျင့်ဆိုး တွေကြောင့် ဆိုလည်း မမှား ပါဘူး။
မြန်မာနိုင်ငံ ရှိ စီးပွားရေး လုပ်ငန်းရှင်များ၊ လုပ်ငန်းခွင်အတွင်း စီမံခန့်ခွဲ အုပ်ချုပ်သူများ အနေနဲ့ တခြားသော စက်မှုဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေ မှာ ဒီလို ဖြစ်ရပ်ဆိုးတွေ နည်းပါးလာအောင် ဘယ်လို လုပ်ဆောင် နေကြသလဲဆိုတာ လေ့လာဆည်းပူးပြီး ကောင်းမွန်တဲ့ အလေ့အကျင့်တွေ ကို အတုယူ လုပ်ဆောင်ဖို့ လိုပါလိမ့်မယ်။


မြန်မာနိုင်ငံ မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက် စေချင်ရင်၊ ကမ္ဘာ့အဆင့်မှီ ကုန်ထုတ်လုပ်မှု အရည်အသွေးတွေ မြင့်မားလာစေချင်တယ် ဆိုရင် လုပ်ငန်းခွင် အတွင်း အလေ့အကျင့် နည်းလမ်း ကောင်း တွေ ကို တော့ အခြေခံကျကျ ကျင့်သုံးဖို့လိုပါလိမ့်မယ်။ ခေတ်မှီ ဖွံ့ဖြိုးတဲ့ နိုင်ငံတနိုင်ငံဖြစ်လာစေဖို့ လည်း လုပ်ငန်းခွင်၊ စီးပွားရေးနယ်ပယ် တွင် သာမက နိုင်ငံရေး၊ လူမှုရေး နယ်ပယ် အသီးသီးတွေ မှာ ပါ နိုင်ငံတကာ က အလေ့အကျင့် နည်းလမ်းကောင်း တွေ ကို အတုယူ ကျင့်သုံးဖို့ လိုပါတယ်။ တနည်းအားဖြင့် မြန်မာနိုင်ငံမှာ ခေတ်၊ စနစ် နဲ့ လူတွေဟာ အံဝင်ခွင်ကျ ဖြစ်လာစေဖို့ ကမ္ဘာ့အဆင့်မှီ အလေ့အကျင့်ကောင်းတွေ၊ လက်တွေ့ကျတဲ့ အတွေးအခေါ်တွေ တည်ဆောက်ဖို့ လိုပါတယ်။

ယနေ့ စက်မှုဖွံ့ဖြိုးတိုးတက်နေပါတယ် ဆိုတဲ့ နိုင်ငံများရှိ စက်ရုံ၊ အလုပ်ရုံလောက ၊ စီးပွားရေး လုပ်ငန်း ပိုင်း ဆိုင်ရာတွေ မှာ ရေပန်းစား အသုံးဝင် နေတဲ့ 5 S အလေ့အကျင့် ပုံစံ ကို နည်းလမ်း ပုံစံ ကောင်း တခု အဖြစ် ဥပမာပေး ပြီး ဝေမျှပေးချင်ပါတယ်။ ဒီနောက်မှာတော့ မြန်မာ့ နိုင်ငံရေး ယဉ်ကျေးမှု နှင့် ကုန်ထုတ်လုပ်မှု နည်းလမ်းပုံစံ ကို နှိုင်းယှဉ်ပြီး ဘယ်လို ဆက်နွယ်မှုတွေ ရှိသလဲဆိုတာ သုံးသပ်တင်ပြသွားပါမယ်။

ကမ္ဘာ့အဆင့်အတန်း မှီ ဖို့ဆိုရင် ကမ္ဘာမှာ ကျင့်သုံးနေတဲ့ အလေ့အကျင့် ကောင်း တွေ ကို အတုယူပါ

ယနေ့ 5 S ကို စက်မှုဖွံ့ဖြိုးတဲ့ နိုင်ငံများရှိ စက်ရုံ၊ အလုပ်ရုံကြီးတွေမှာ သာမက စီးပွားရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်၊ အစိုးရ ဌာနကြီးတွေ၊ လူမှု့ရေးနယ်ပယ်တွေ မှာ ပါ တွင်ကျယ်စွာ လေ့ကျင့် သင်ကြား အသုံးချလာတာတွေ ကို တွေ့လာရတယ်။ 5 S ကို စက်မှုဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံတွေမှာ လုပ်ငန်းခွင်အတွင်း အဓိကကျတဲ့ အလေ့အကျင့် နည်းလမ်းပုံစံ တခု အဖြစ် လည်း လက်ခံ ထားကြတယ်။

အမေရိကန် နိုင်ငံရှိ တိုယိုတာ၊ ဟွန်ဒါ ၊ ဂျီအမ်၊ ဖို့ဒ်၊ ခရိုက်စလာ စတဲ့ မော်တော်ကား ထုတ်လုပ်တဲ့ စက်ရုံအလုပ်ရုံတွေ ၊ သံမဏိ စက်ရုံကြီးတွေ၊ ကော်ပိုရေးရှင်း ကြီးတွေ မှာ 5 S ဆိုင်းဘုတ်ကြီးတွေကို လူမြင်တဲ့ နေရာတွေ မှာ ချိတ်ဆွဲထားကြတာ တွေ့ကြရပါလိမ့်မယ်။ မော်တော်ကား ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေ မှာ ကိုယ်ပိုင် ကုန်ထုတ်လုပ်မှုဆိုင်ရာ နည်းပညာတွေ ကိုယ်စီရှိကြတယ်။ ဥပမာ- တိုယိုတာမှာ TPS ဆိုတဲ့ Toyota Production System တိုယိုတာ ကုန်ထုတ်လုပ်မှု နည်းလမ်းပုံစံ ဆိုတာမျိုးပေါ့။ ၁၉၉၀ ခုနှစ် မှာ လူသိများလာတဲ့ စက်ရုံလုပ်ငန်း နှင့် စီးပွားရေးနယ်ပယ် တွေမှာ ခေတ်စားလာတဲ့ ကုန်ထုတ်လုပ်မှု နည်းလမ်းပုံစံ “Lean” ဆိုတာလည်း TPS ဆိုတဲ့ Toyota Production System တိုယိုတာ ကုန်ထုတ်လုပ်မှု နည်းလမ်းပုံစံ ကို အခြေခံထားတာ ဖြစ်တယ်။ “Lean” ကုန်ထုတ်လုပ်မှု နည်းလမ်း ပုံစံ ကို မဟာ အင်အားကြီး နိုင်ငံ ဖြစ် တဲ့ အမေရိကန်နိုင်ငံရဲ့ စစ်တပ် မှာတောင် လက်တွေ့ ကျင့်သုံးနေကြတာပါ။ 5 S ဟာ “Lean” ကုန်ထုတ်လုပ်မှု ပုံစံရဲ့ အစိတ်အပိုင်း တခု လည်းဖြစ်တယ်။ ကုမ္ပဏီတွေ မှာ ကိုယ်ပိုင် ကုန်ထုတ်လုပ်မှုဆိုင်ရာ နည်းပညာတွေ ဘယ်လိုပဲ ရှိကြစေကာမှု၊ 5 S ကို အခြေခံကျတဲ့ နည်းလမ်းပုံစံ တပုံစံတည်း အဖြစ် ကုမ္ပဏီတိုင်း၊ နယ်ပယ် အသီးသီး မှာ လက်ခံ ကျင့်သုံးလာခဲ့ကြတယ်။

ဆိုလိုတာက လူထုကို အကျိုးပြုစေမဲ့ အလေ့အကျင့် ကောင်းတွေ ဘယ်နိုင်ငံ၊ ဘယ်သူ့ဆီ က လာ လာ လက်ခံကျင့်သုံးဖို့ လိုတဲ့ စိတ်မွေးမြူ ကြရပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ ခေတ် တခေတ် နဲ့ တ ခေတ် မှာ လူသားတွေရဲ့ လိုအပ်ချက်၊ လုပ်ဆောင်ချက်တွေ ဟာ အသွင်မတူကြသလို၊ ဒီ လိုအပ်ချက်တွေ၊ လုပ်ဆောင်မှုတွေ ကို ဖြည့်ဆည်းပေးရာမှာ လူသားတွေရဲု့လုပ်ထုံးလုပ်နည်း အလေ့အကျင့်တွေဟာလည်း ခေတ်သစ်၊ စနစ် သစ် နဲ့ အညီ တိုးတက် ပြောင်းလဲလာမှုတွေ ရှိလာရမယ် ဆိုတဲ့ အချက်ပါ။

5 S ရဲ့ သမိုင်းကြောင်း

5 S နည်းလမ်း ပုံစံ ကျင့်သုံးမှု ကို ဂျပန် နိုင်ငံက စတင်ခဲ့တယ်။ ဂျပန်ဟာ ဒုတိယ ကမ္ဘာစစ်ပြီးနောက် တိုင်းပြည် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မှာ ဂျပန်နည်း ဂျပန် ဟန်တွေနဲ့ လုပ်ဆောင်ခဲ့တယ်။ တချို့ ဂျပန်နည်း၊ ဂျပန် ဟန်တွေကို ကမ္ဘာ့ က အသိအမှတ်ပြုခြင်း ခံခဲ့ရတယ်။ ဒီလို လုပ်ငန်းခွင် ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်လာအောင် ကျိုးပမ်းလုပ်ဆောင်မှုတွေထဲမှာ 5 S ဟာ လူသိများလာတဲ့ နည်းလမ်းပုံစံ တခုဖြစ်လာခဲ့တယ်။ နောက်ပိုင်းမှာတော့ စက်မှုဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေ တိုင်းမှာ ဒီနည်းလမ်းကို အခြေခံ သဖွယ် တွင်ကျယ်စွာ လက်တွေ့ အသုံးချလာတာတွေ့ရတယ်။
ဂျပန်လို မှုရင်း 5 S ကို Seiri, Seiton, Seiso, Seiketsu and Shitsuke အဖြစ် ရည်ညွှန်းထားတယ်။ အင်္ဂလိပ် လို ဘာသာပြန်ဆိုမှု ပြုရာမှာတော့ -
၁) Sort
၂) Set in Order
၃) Shine
၎) Standardize
၅) Substain
လို့ ရည်ညွှန်းခဲ့ကြတယ်။ တချို့ စက်မှုနိုင်ငံတွေက မှုရင်းပုံစံ ကို ပြန်လည်မွမ်းမံပြီး၊ နောက်ထပ် 3 S Safety၊ Security၊ Satisfaction အဆင့် ကို ထပ်ထည့်ခဲ့ကြပြန်တယ်။ 5 S နည်းလမ်း ကို စတင် လက်တွေ့ ကျင့်သုံး တဲ့ ကုမ္ပဏီ တိုင်း မှာတော့ လက်တွေ့ကျင့်သုံးမှု ကို အဆင့် သုံးဆင့်ခွဲပြီး လုပ်ဆောင် လေ့ရှိတယ်။ Sort, Set in Order, Shine ကို ပထမ အဆင့် အနေဖြင့် လုပ်ဆောင်တယ်။ ပထမ အဆင့် ဟာ အလေ့အကျင့် ဖြစ်လာပြီဆိုရင် ဒုတိယ အဆင့် Standardize နဲ့ Substain ဖြစ်လာဖို့ လုပ်ဆောင်ကြတယ်။ တတိယ အဆင့်မှာတော့ လုပ်ငန်းခွင် အတွင်း 5 S အလေ့အကျင့် ကို ပိုမိုကောင်းမွန်အောင် စစ်ဆေးရေး၊ ပြန်လည်သုံးသပ်ရေး အဖြစ် အဆင့်ဆင့်လုပ်ဆောင်ကြတယ်။
လုပ်ငန်းခွင်မှာ မြန်မာ လို 5 S ကို လိုလိုနှင့် တိုတို အနက်အဓိပ္ပါယ်ပြန်ရရင်တော့ -

၁) အသုံး မလိုတဲ့ အရာတိုင်း ကို ရှင်းထုတ်ပါ။
၂) အသုံးပြုနေတဲ့ အရာတိုင်းဟာ လည်း စနစ်တကျပုံစံ အတိုင်းရှိပါစေ၊
၃) သန့်ရှင်း ပြောင်လက် နေပါစေ၊
၎) လုပ်ပုံ ကိုင်ပုံတွေဟာ တပုံစံ ထဲရှိရမယ်။
၅) ဒီ နည်းလမ်း ကို အလေ့အကျင့် (သို့) ဓလေ့ထုံးစံ လို ကျင့်သုံးပါ လို့ အနက်အဓိပ္ပွယ် ရပါတယ်။

5 S အကျိုးသက်ရောက်မှု (သို့) လုပ်ငန်းခွင် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အလေ့အကျင့် နည်းလမ်းကောင်း

5 S က ဘာတွေ အကျိုးဖြစ်ထွန်းစေသလဲလို့ သိချင်သူတွေလည်းရှိပါလိမ့်မယ်။ အကျိုးဖြစ်ထွန်းစေတာ တွေကတော့ Scrap၊ Waste လို့ဆိုတဲ့ အလေအလွှင့်ဖြစ်မှု နည်းပါးလာစေမယ်။ ကုန်ထုတ်လုပ်မှု အားကောင်းလာမယ်၊ လုပ်ငန်းခွင် အတွင်း ထိခိုက်ဆုံးရှုံးမှုနည်းပါးစေမယ်၊ အချိန် ပိုထွတ်လာမယ်၊ လုပ်ငန်းခွင် ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ နည်းပါးလာစေမဲ့ ရလာဒ်ကောင်းတွေ အဖြစ် အကျိုးခံစားမှုတွေ ရှိလာ ပါလိမ့်မယ်။ လုပ်ငန်းခွင် ဆိုင်ရာ အသုံးအနှုန်း အားဖြင့် Quality ( ကုန်ထုတ်လုပ်မှု အရည်အသွေး)၊ Productivity ( ကုန်ထုတ်လုပ်မှုစွမ်းအား)၊ Delivery (၀န်ဆောင်မှု အရည်အသွေး)၊ နှင့် Morale လို့ခေါ်တဲ့ (စိတ်ဓာတ်) ပိုင်းဆိုင်ရာတွေ မှာ မြင့်မား ဖွံ့ဖြိုးတိုးတက်လာစေနိုင်တယ်။
အမေရိကန်နိုင်ငံ အတွင်း မော်တော်ကာထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေ မှာတော့ လူအားလုံးမြင်နိုင်တဲ့ နေရာတွေမှာ 5 S ရဲ့ အကျိုးတွေ ကို အခုလိုဖွင့်ဆိုရေးသားထားလေ့ရှိတယ်။

Benefits from 5 S

  • Lead Time Reduction
  • Productivity Increase
  • WIP Reduction
  • Quality Improvement
  • Space Utilization
တကယ်တော့ 5S ရဲ့ နည်းလမ်းပုံစံဟာ ကုန်ထုတ်လုပ်နေကြတဲ့ စက်ရုံ၊ အလုပ်ရုံတွေ အတွက် သာ အကျိုးရှိတာမဟုတ်ပါဘူး။ နယ်ပယ်အသီးသီးမှာ ပါ 5 S ရဲ့ အခြေခံကျတဲ့ တွေးခေါ်ယူဆနည်းလမ်းပုံစံ ဟာ အသုံးချလို့ရပါတယ်။ ယနေ့ ကမ္ဘာ့နိုင်ငံရေးလောက မှာ တောင် 5 S လို အခြေခံကျတဲ့ ကုန်ထုတ်လုပ်မှု နည်းလမ်း တွေ ကို ကျင့်သုံးလာတာတွေ့ရတယ်။ နိုင်ငံရေး နှင့် ကုန်ထုတ်လုပ်မှုနည်းလမ်းပုံစံ ဘာဆိုင်သလဲလို့ မေးလာမည့် သူတွေလည်း ရှိကြမှာပါပဲ။

ဂျိုးဇတ်ဆာရာနီ နှင့် တွေ့ဆုံမေးမြန်းမှု

(WFWW)
မြန်မာနိုင်ငံ လူ့အခွင့်အရေး နှင့် နိုင်ငံရေး အခြေအနေ တွေ တိုးတက်ပြောင်းလဲဖို့ တက်ကြွစွာ ပါဝင် လှုပ်ရှားနေတဲ့ အမေရိကန် နိုင်ငံသား ဂျိုးဇတ်ဆာရာနီ ကို လက်ရှိမြန်မာနိုင်ငံရေး အခြေအနေနဲ့ ပက်သက်ပြီး သူ့ရဲ့ ထင်မြင်ချက်တွေ ကို သိရှိဖို့ ကိုမြတ်စိုး က မေးမြန်းခဲ့ပါတယ်။

ဂျိုးဇတ်ဆာရာနီ ဟာ အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ် (Purdue University) ပါဒူး တက္ကသိုလ်က ဘွဲ့ရခဲ့ပြီး၊ တောင်အာဖရိနိုင်ငံ မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ကို သွားရောက်လေ့လာ ပညာဆည်းပူးခဲ့သူတစ်ဦးလည်းဖြစ်တယ်။ ထိုင်းနိုင်ငံမှာ မြန်မာ နိုင်ငံ လူထု အထောက်အကူပြုလုပ်ငန်းတွေ နဲ့ ပညာရေးလုပ်ငန်းတွေ ကို ၁၀ နှစ်ကျော်ကြာ အခမဲ့ ကူညီဆောင်ရွက် ပေးနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ အာဖဂ္ဂန် ရွေးကောက်ပွဲ၊ အိစ်တီမော ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ တစ်ဦးအဖြစ် ပါဝင်ပြီး တာဝန်ထမ်း ဆောင်ခဲ့ဘူးသူလည်း ဖြစ်ပါတယ်။

ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့တဲ့ အတွက် သူရဲ့ ထင်မြင်ချက် စာသားတွေ ကို ကောက်နုတ် ၍ သာ ဖော်ပြသွားပါမည်။

မြတ်စိုး- ခင်ဗျား မြန်မာပြည်အတွက် ဘာတွေ လုပ်နေသလဲဆိုတာ ပြောပြလို့ရမလား။

ဂျိုးဇတ်ဆာရာနီ- ဟုတ်ပါတယ်။ ကျနော် ဟာ မြန်မာနိုင်ငံ မှာ အခြေအနေတွေ တိုးတက်ပြောင်းလဲမှုတွေ ရှိလာဖို့အတွက် တက်နိုင်တဲ့ဘက် က ၀ိုင်းဝန်း ကူညီဆောင်ရွက်မှုတွေ ကို လုပ်ဆောင်ပေးနေပါတယ်။

မြတ်စိုး- ခင်ဗျားဟာ အစိုးရ မဟုတ်တဲ့ နိုင်ငံတကာ လူထု အထောက်အကူပြု အဖွဲ့အစည်းတွေနဲ့ ထိစပ်မှုရှိတယ်ဆိုတော့ လက်ရှိ မြန်မာနိုင်ငံ မှာ နိုင်ငံတကာ လူမှုအထောက်အကူပြု အဖွဲ့အစည်းတွေ နှင့် သူတို့ရဲ့ လုပ်ဆောင်မှုတွေ အပေါ် ဘယ်လို သုံးသပ်ချင်ပါသလဲ။

ဂျိုးဇတ်ဆာရာနီ- ဒီမေးခွန်းဟာ မြန်မာနိုင်ငံ ကို လူမှုထောက်ပံ့ကူညီမှု လုပ်ဆောင်လိုကြသူတွေ အတွက် အဓိက ကျတဲ့မေးခွန်းတခုပါ။ ဘယ်နေရာ က ဘယ် အခြေအနေတွေ ကို စပြောရမလဲ မသိဘူးဗျာ။ မြန်မာနိုင်ငံ မှာ လက်ရှိ အစိုးရ မဟုတ်တဲ့ လူထု အထောက်အကူ ပြုစေတဲ့ အဖွဲ့အစည်းတွေ အများကြီးရှိသလို ကျနော်ရဲ့ မိတ်ဆွေတွေဟာလည်း တချို့နယ်ပယ်တွေမှာ ကူညီဆောင်ရွက်မှုတွေ ကို ပြုလုပ်နေကြတယ်။ သူတို့ရဲ့ ပြောဆိုချက်တွေ အရ လုပ်ပိုင်ခွင့်တွေ မှာ အခက်အခဲတွေရှိနေကြသလို ၊ လုပ်ဆောင်မှုတွေ မှာ စိန်ခေါ်မှုများစွာ ရှိနေကြသေးတယ်လို့ သိရတယ်။ လောလောဆယ်မှာတော့ လက်ရှိ အာဏာပိုင်တွေ နှင့် သူတို့ရဲ့ အသိုင်းအ၀န်း နီးစပ်သူတွေ နဲ့သာ ပူးပေါင်းပြီး လူထု အထောက်အကူပြု လုပ်ငန်းတွေအတွက် အခွင့်အလမ်းတွေရအောင် လုပ်ဆောင်နေကြရတယ်။ အစိုးရ အတွင်း ဗျူရိုကရေစီ ယန္တားယားတွေ ရှိနေမှုတွေကြောင့်လည့်း မတွင်ကျယ်ဖြစ်နေရတယ်လို့ဆိုကြတယ်။ အစိုးရ သစ် အောက်မှာတော့ အခွင့်အလမ်း ပိုမို တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ထားကြတာပဲ။

တခြားတဖက်မှာလည်း နိုင်ငံတကာ ထောက်ပံ့ကူညီမှုတွေ ဟာ ရုံးလုပ်ငန်းတွေ၊ သင်တန်းတွေ၊ ဆက်သွယ်မှုလုပ်ငန်းတွေ မှာ သုံးစွဲမှု၊ ကုန်ကျစရိတ်တွေ များနေပြီး၊ အကူအညီတွေ လူထု လက်ထဲရောက်ရှိဖို့မှာ အားနည်းနေတာ ကိုတွေ့ရတယ်။ နိုင်ငံတကာ ထောက်ပံ့ကူညီမှုတွေ လူထု ကို တိုက်ရိုက်ရောက်ရှိစေဖို့ မှာ တိုးတက်မှုတွေ လိုနေသေးတယ်လို့ ကျနော်မြင်ပါတယ်။

နိုင်ငံတကာ လူမှု အထောက်အကူပြုနေကြတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ နီးစပ်ရာ အဖွဲ့ အစည်းတွေထက် စာရင် ပြည်တွင်းမှာ တကယ်လုပ်ဆောင် နေကြတဲ့ လူထု အထောက်အကူပြု အဖွဲ့အစည်းအသီးသီးတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ တိုက်ရိုက်ဆယ်သွယ် ထိစပ်မှုတွေ လိုအပ် နေတာတွေ့ရတယ်။ နိုင်ငံတကာ အကူအညီတွေ ကို ပိုက်လိုင်းတခု ထဲက မသွားစေချင်ဘူး။ ဒီ လို ဖြစ်လာမယ် ဆိုရင်လည်း ဗျူရိုကရေစီ ယန္တားယား အောက် က သွားနေသလိုပဲဖြစ်နေလိမ့်မယ်။

ကျနော့် အထင်တော့ ပြည်တွင်းမှာ လူထု အထောက်အကူပြုမှုတွေ ထိရောက်စေဖို့ ပြည်တွင်း လူငယ်တွေရဲ့ အရည်အချင်းတွေ၊ ဗဟုသုတ တွေ ကို ဆက်လက်မြင့်တင်ပေးဖို့လိုသလို၊ ပြည်တွင်းမှာ လူထု အကျိုးပြု အဖွဲ့အစည်းတွေ စနစ်ကျတဲ့ ပုံစံ နဲ့ ပေါ်လာဖို့ ဦးစားပေးလုပ်ဆောင်သင့်တယ်။ တချိန်ထဲမှာလည်း နိုင်ငံတကာ လူထု အထောက်အကူပြု အဖွဲ့အစည်းများအနေနဲ့ ဆုံးဖြတ်ချက်တွေ၊ လုပ်ငန်းဆောင်ရွက်မှုတွေ မှာ ထင်သာမြင်သာရှိဖို့ လိုအပ်ပါလိမ့်မယ်။

အဓိက ကတော့ တကယ် အကူအညီ လိုအပ်သူတွေထဲ၊ တိုက်ရိုက် ရောက်ရှိ ကူညီနိုင်မည့် နည်းလမ်းတွေ ကို ရှာဖွေကြိုးစားလုပ်ဆောင်ဖို့ လိုတယ်လို့ ကျနော် မြင်ပါတယ်။ ဒီလိုဖြစ်လာအောင် ကျနော်တို့ အားလုံး လုပ်ဆောင် ဖန်တီးကျိုးစားယူရမှာပါပဲ။

မြတ်စိုး - လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေ ကို ခင်ဗျား ဘယ်လိုမြင်ပါသလဲ။

ဂျိုးဇတ်ဆာရာနီ- လက်ရှိ သိန်းစိန် အစိုးရ သစ် ပြုပြင်ပြောင်းလဲမှုတွေ ကို လုပ်ဆောင်တဲ့ နေရာမှာ တချို့နေရာတွေမှာ ကောင်းတဲ့ခြေလှမ်းတွေပါ။ ဥပမာ - နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာမျိုးပေါ့ ။ ဒါပေမဲ့ အများစု နေရာမှာတော့ ဟန်ပြ လုပ်ဆောင်နေမှုတွေ မျိုး မဖြစ်သင့်ဘူး။ ဥပဒေကြောင်း နည်းလမ်းအရ လုပ်ဆောင်ပေးမှုမျိုး ဖြစ်သင့်တယ်။

မြန်မာနိုင်ငံရေး ပြောင်းလဲမှုတွေ ကို လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ကြတဲ့ လားအိုး တို့ ကမ္ဘောဒီးယား တို့မှာ ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တွေနဲ့ အလားသဏ္ဍန် သွားတူနေတယ်။ အစိုးရ က စစ်တပ်ထောက်ခံမှုနဲ့ အာဏာကို ထိမ်းချုပ်မှုတွေ ပြုလုပ်ခဲ့ကြတယ် ကို ဆိုလိုတာပါ။ လက်ရှိ မြန်မာ အစိုးရသစ် ဟာ လားအိုး တို့၊ ကမ္ဘောဒီယားတို့ နိုင်ငံတွေ မှာလို ပြောင်းလဲမှု ပုံစံမျိုး လုပ်လာလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

ကျနော် အထင်တော့ လက်ရှိ အစိုးရသစ်ဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်နေတယ်၊ လက်ရှိနိုင်ငံရေးအခြေအနေဟာ အမှန်တကယ် တိုးတက်ပြောင်းလဲမှုတွေကို ဦးတည်နေတယ်၊ လို့တော့ မထင်သေးဘူး။ စစ်တပ် က နိုင်ငံရေးမှာ အားသာမှုရှိအောင် လုပ်နေတဲ့ အဆင့်လို့ ပဲ သုံးသပ်မိပါတယ်။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းကို တကယ်ပဲ သွားချင်တယ်ဆိုရင်တော့ - အထွေထွေ လွှတ်ငြိမ်းချမ်းသာခွင့် လို ဥပဒေနဲ့ နိုင်ငံသားတိုင်း ကို အာမခံချက်တွေပေးရမယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်း ပြည်ပ နိုင်ငံရေးသမားတွေ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးအခင်းအကျင်းတွေ ဖြစ်လာဖို့ အာမခံချက်တွေ ပေးရမယ်။ ပြည်တွင်း ပြည်ပ နိုင်ငံသားတိုင်းအားလုံး တိုင်းပြည် ပြန်လည်ထူထောင်ရေး နှင့် လူထု အထောက်အကူပြုမှု လုပ်ငန်းတွေမှာ ပါဝင်နိုင်ဖို့ ပွင့်လင်းပြီး၊ ထင်သာမြင်သာတဲ့ ဥပဒေတွေ ရှိဖို့လိုပါတယ်။ လူထု အကျိုးအတွက်၊ လူထု ကို အကာအကွယ်ပေးဖို့ ပြင်ဆင်ရမည့် ဥပဒေတွေ ကို ရိုးသားစွာ ပြင်ဆင်ချင်တဲ့ သတ္တိရှိဖို့ လိုပါလိမ့်မယ်။ ဒါတွေဟာ တကယ် တိုးတက် ပြောင်းလဲမှုတွေ ကို လိုလားတယ်ဆိုရင် အစိုးရသစ်အနေနဲ့ ရိုးရိုးသားသား လုပ်ရမည့် အချက်တွေပါ။

ဒါပေမဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းကို လျောက်လှမ်းနေတယ်ဆိုပြီး အာဏာ ခွဲဝေမှုတွေ မှာ စစ်တပ် ကို ဗဟိုထား ဦးစား ပေးလုပ်ဆောင်မှု တွေရှိနေတုန်းပါ။ ဥပမာ - ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ကို ဆိုလိုတာပါ။ ဒီဖွဲ့စည်းပုံ အရ စစ်တပ် ဟာ ပထမ ဦးစာပေး အဆင့်မှာ ရှိနေတုန်းပါ။ လူထု အကျိုး နှင့် လူထု ကို ကာကွယ်ပေးမှု က ဒုတိယ ဦးစား ပေး အဆင့်မှာသာရှိနေတာ တွေ့ရတယ်။ လက်ရှိ အာဏာ ပိုင်တွေ ဟာ မြန်မာနိုင်ငံ မှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေ ပေါ် မှာ လည်း တာဝန်ယူမှု မရှိသေးဘူး။ အထက် နဲ့ အောက် က လည်း ကွဲပြားခြားနားစွာ လုပ်ဆောင်နေတာတွေ့ရတယ်။
ဥပမာ- ယုံကြည်မှုတည်ဆောက် နေတယ်လို့ အထက် က ပြောနေပေမဲ့၊ အောက်ခြေ အာဏာပိုင်တွေ က လေးစား လိုက်နာမှု မရှိတာတွေ့နေရတယ်။

မြန်မာနိုင်ငံ ပြန်လည် ဖွံ့ဖြိုးတိုးတက်လာစေဖို့ အကြံပြု ဆွေးနွေး ခဲ့ကြတဲ့ အာရှ လူမှု အဖွဲ့ ကြီးရဲ့ အစီရင်ခံစာ မှာလည်း ဒီ အချက်တွေကို မီးမောင်းထိုးပြထားတာတွေ့ရတယ်။

Myat Soe: Will you tell me "what are you doing for Burma" ?
Joe: Of course, I am supporting any move to improve the situation inside.

Myat Soe: Can you share your opinion on International NGOs operation in Burma?
Joe: That’s a big question, so I don’t know where to start. Over decades, Burma has steadily deteriorated. Military leaders still continue to govern the country in a highly authoritarian manner.

In short, the daily life of the average citizen in Burma is characterized by grinding poverty, declining health standards, and abysmal humanitarian conditions. Indeed, the people of Burma need helps to improve in education, health and human resources. We must create opportunities to expand humanitarian space.

But, I do have friends working there now for NGO’s, and they said the situation is not good.

In my opinion, it is for sure, we need helping to build local capacity and structures. At the same time, NGOs also need to do Improving transparency in decision making and policy implementation.

Myat Soe: How do you see on the current political situation in Burma?

Joe: “The Changes that have been made by the new “government” are good, but they are mostly cosmetic. The government owns everything and has made the constitution so they still control the government. It is very similar to Laos and Cambodia and all of Asean countries. Authoritarian government mixed with military. Military power in politics is first, the people of Burma come second.

Seem like we messed up the country; we don’t want to take accountability and responsibility. We own everything now, so will liberalize in exchange for no grand compromise.

I believe they are just playing from a position of strength. It is not work. Look at Laos and Cambodia. They are “free and democratic” but not really. I think the government in Burma will do the same. Act like they are democratic, play the big investors, and keep all the power in the military elites. So, I don’t believe that it is true reform. It is just enough to get investment. It is all about money, freedom is second.

ံHere, I want to point out that Asian Society has suggested the central requirement for the improvement of governance and institutional quality in Burma is the removal of the military from its central position of power. Burma’s new constitution (2008) ensures that the military cannot be excised from the legislative process, and therefore little can be expected from the document on this front.

Tuesday, December 27, 2011

၂၀၁၁ ခုနှစ် တကမ္ဘာလုံးဆိုင်ရာ ထူးခြားမှု ဖြစ်စဉ်များ နှင့် မြန်မာပြည်




Sacrifice is an ongoing process, not a one-time payment.
"People don't at first follow worthy causes. They follow worthy leaders who promote worthwhile causes"
(John G Maxwell)
-မြတ်စိုး-
၁၁.၂၆.၂၀၁၁

တစ် လေးလုံး ကျခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာ ကမ္ဘာကြီးမှာ ထူးခြားမှုတွေရှိတယ်။ ဒီ ထူးခြားမှုတွေ မှာ အကောင်းဘက် ကို ဦးတည်တဲ့ဖြစ်ရပ်တွေရှိသလို၊ အဆိုးဘက် ကိုလည်း ဦးတည်မှုတွေ ရှိခဲ့တာကို တွေ့ခဲ့ရတယ်။ ၂၀၁၁ ခုနှစ် မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေထဲက ထူးခြားတဲ့ဖြစ်စဉ်တွေ ကို ကောက်နုတ်ဖော်ပြပါမယ်။

နိုင်ငံရေး ထူးခြားမှုဖြစ်စဉ်တွေထဲမှာတော့ အာရပ်နိုင်ငံတွေ မှာ အာဏာရှင်စနစ် အဆုံးသတ်ဖို့ အာဏာရှင် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု များ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သလို၊ ရုရှား နိုင်ငံမှာလည်း အာဏာရှင် ဖြစ်နေတဲ့ ပူတင် အစိုးရ ကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေ ရုရှားတနိုင်ငံလုံးမှာ ဖြစ်ပွားခဲ့တယ်။

စီးပွားရေး ဆိုင်ရာ ထူးခြားမှုဖြစ်စဉ်တွေမှာတော့ အစိုးရ က ငွေကြေး ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဓနရှင် ကုမ္ပဏီကြီးများ နှင့် ဘဏ်ကြီး တွေကို ငွေးကြေးထောက်ပံ့ ပေးနေမှုတွေ အပေါ် ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေ အမေရိကန် နှင့် ဥရောပနိုင်ငံတွေ ကနေတဆင့် မြောက်အမေရိက၊ တောင်အမေရိက၊ ဥရောပ၊ နှင့် အာရှ မြို့ကြီးတွေ ကနေ တကမ္ဘာလုံး ကို ကူးစက်သွားခဲ့တယ်။ နိုင်ငံတကာ မြို့တော်တွေဖြစ်ကြတဲ့ နယူးယောက်၊ တိုရွန်တို၊ အေသင်၊ လန်ဒန်၊ ပဲရစ် ၊ ဇူးရစ်၊ ဘရာဆယ်လ်၊ အမ်ဆာဒမ်၊ မဲဒရစ်၊ ဖရန့်ဖွတ်၊ စတော့ဟုမ်း၊ တဲလ်အဗီ၊ ယောင်ကောင်၊တိုကျို နဲ့ ဆိုးလ်မြို့ တွေမှာ အစိုးရတွေက ငွေကြေးဆိုင်ရာ ဓနရှင် ဘဏ် ကုမ္ပဏီကြီးတွေ ကို ငွေကြေးထောက်ပံ့ပေး ကျားကန်မှုတွေ ကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တယ်။

ဥရောပ ငွေကြေး တခုတည်းသာ သုံးစွဲနေတဲ့ နိုင်ငံပေါင်း ၁၇ နိုင်ငံ နဲ့ ဖွဲ့ စည်းထားတဲ့ ဥရောပ ဇုံ အဖွဲ့ ၀င်နိုင်ငံတွေ ဟာလည်း ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာ ပြဿနာတွေမှာ တနေ့ပြီးတနေ့ စိန်ခေါ်မှုပေါင်း များစွာနဲ့ ရင်ဆိုင်နေရတယ်။ ဂရိ၊ အီတလီ၊ စပိန် နိုင်ငံတွေ မှာ အစိုးရ က တင်ရှိနေတဲ့ ကြွေးမှီတွေ ကို ပြန်လည်မပေးဆပ် နိုင်တာ ကြောင့် အစိုးရ အပြောင်းအလဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တယ်။

သဘာဝဘေး အန္တရာယ် ဆိုင်ရာထူးခြားမှုတွေ ကတော့ ဂျပန် မှာ လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ ဆူနာမီ နှင့် ထိုင်းနိုင်ငံ ရေလွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ ပျက်ဆီးဆုံးရှုံးမှုတွေဟာ ကမ္ဘာ့ ရင်နှီးမြုပ်နှံမှု ဈေးကွက် နှင့် ရောင်းဝယ်မှုတွေ အပေါ် ထိခိုက် ဆုံးရှုံးမှုတွေရှိနေပြီး၊ ကမ္ဘာ့ စီးပွားရေး နာလန်ပြန်လည်ထူလာဖို့ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရတယ်။

အထူးခြားဆုံး ဖြစ်ရပ်တွေ ကတော့ တကမ္ဘာလုံး က ပြည်သူတွေ ဟာ အာဏာရှင် စနစ် ၊ ဘာသာရေး အစွန်းရောက်မှု၊ လူမျိုးရေး အစွန်းရောက်မှု တွေကို ကို လုံးဝ လက်မခံကြတော့ဘူးဆိုတာပါပဲ။ ဒီနေ့ တခြားဘာသာတွေကို စော်ကားခဲ့တဲ့ ဘာသာရေး အစွန်းရောက် တာလီဘန် တွေ ခွေးပြေးဝက်ပြေး ပြေးနေရတယ်။ လစ်ဗျား၊ အီဂျစ်၊ တူနီးရှား၊ ယီမင် အာဏာရှင်တွေ တဘုန်းဘုန်းလဲကျခဲ့တယ်။ ဆားဗီးယား မှာ ကရားဒစ် အပါအ၀င် ဆားဗီးယား စစ်ဗိုလ်ချုပ်တွေ ဘောစနီးယား စစ်ပွဲမှာ လူမျိုးတုန်းသတ်ဖြတ်ခဲ့တဲ့ ရာဇ၀တ်မှုနဲ့ နိုင်ငံတကာ ရာဇ၀တ်ထောင် မှာ အဖမ်းခံထားရတယ်။ ဒီဖြစ်စဉ်တွေဟာ ကမ္ဘာ့ပြည်သူတွေ အတွက်တော့ အကောင်းဘက် ကို ဦးတည်ခဲ့တယ်။

အမှန်တော့ အာရပ် ဒေသတွင်း နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်တွေဟာ တူနီးရှားနိုင်ငံက စတင်ခဲ့တယ်ဆိုတာ မမှားပါဘူး။ တူနီးရှား နိုင်ငံမှာ ၂၀၁၀ ဒီဇင်ဘာလ က အလုပ်လက်မဲ့ ဘွဲ့ရပြီးစ တက္ကသိုလ် ကျောင်းသားလေးရဲ့ သစ်သီးတွန်းလှည်းကို ဈေးရောင်းခွင့် လိုင်စင်မရှိဘူးဟုဆိုကာ ရဲမေတစ်ဦးက ပါးရိုက် မောင်းထုတ် ပြီး လှည်းကို သိမ်းခဲ့တယ်။ နောက်ပိုင်းမှာတော့ ဒီ လူငယ်တစ်ဦး သူ့ကိုယ်သူ မီးရှို့သတ်သေသွားခြင်းကို မခံမရပ်နိုင် ဖြစ်ရာက နိုင်ငံအ၀ှန်း အပြင် အာရပ်ဒေသတစ်ခုလုံး ပါ ကူးစက်သွားခဲ့တယ်။ ဒီ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုတွေ ကြောင့် အာရပ် အာဏာရှင်တွေ လည်း တစ်ဦးပြီးတစ်ဦး ပြုတ်ကျသွားခဲ့တယ်။





Government overthrown Sustained civil disorder and governmental changes Protests and governmental changes
Major protests Minor protests Protests outside the Arab world


အာရပ်နိုင်ငံတွေဖြစ်ကြတဲ့ တူနီးရှား၊ ယီမင်၊ အီဂျစ်၊ လစ်ဗျား၊ ဘာရိန်း၊ အိုမန်၊ မောရိုကို၊ အယ်ဂျီးရီးယား၊ ဆီရီးယား၊ နှင့် ဂျော်ဒန်နိုင်ငံတွေမှာ အာဏာရှင်စနစ် အဆုံးသတ်ဖို့ အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု များ ဆက်တိုက်ဆိုသလို ကူးစက် ဖြစ်ပွားခဲ့တယ်။ ဒီဖြစ်ရပ်တွေဟာ အရှေ့အလယ်ပိုင်း အာရပ်ပြည်သူများ အနေ နဲ့ အာဏာရှင်စနစ်ကို လုံးဝ မလိုလားတော့ ပါဘူး ဆိုတာ ပြသလိုက်တာပါပဲ။ အာရပ် အာဏာရှင်များရဲ့ နှစ်ပေါင်းများစွာ အာဏာအလွှဲသုံးစားလုပ်နေမှု၊ အာဏာရှင် မိသားစုများ နှင့် နီးစပ်သူများ စီးပွားရေးအရ လက်ဝါးကြီးအုပ် ကာ နိုင်ငံပိုင်ပစ္စည်းများ၊ စီးပွားရေးလုပ်ငန်းများကို အလွှဲသုံးစားလုပ်နေမှု၊ လွပ်လပ်မှုအခွင့်အရေးများကို ပိုမို ဖိနှိပ်ချုပ်ချယ်လာမှု၊ အလုပ်လက်မဲ့ များပြားမှု၊ ဆင်းရဲမွဲတေမှုတွေကြောင့် အာဏာရှင် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုဟာ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများ တွင် တနေ့တခြား ကြီးထွားလာလို့ အာရပ် အာဏာရှင်များအပြင် ကမ္ဘာမှာ ရှိကြတဲ့ အာဏာရှင်တွေ အားလုံးလည်း စိုးရိမ်တုန်လှုပ် ခဲ့ကြတယ်။

၁၉၉၇ ခုနှစ် အာရှ ကနေစတင် ဖြစ်ပွားခဲ့တဲ့ ငွေကြေးဆိုင်ရာ ပြဿနာတွေကြောင့် အာရှမှာရှိကြတဲ့ အာဏာရှင်တွေဖြစ်ကြတဲ့ ဆူဟာတို၊ မဟာသီ၊ လီကွမ်ယုတို့ ပြုတ်ကျသွားခဲ့သလို၊ ၂၀၀၇ ခုနှစ်မှာ ကမ္ဘာ့ငွေကြေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ စီပွားရေး ဂရက်ကြောင့် စတင် ဖြစ်ပွားခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး က ဆုတ်ယုတ်မှုတွေကြောင့် အာရပ် အာဏာရှင်တွေ ၂၀၁၁ မှာ တဘုန်းဘုန်းလဲကျသွားခဲ့တယ်။

၂၀၁၁ နောက်ပိုင်းမှာလည်း “ကြွက်စုတ် နဲ့ ဓညင်းသီး” လို့ ကမ္ဘာ့အစိုးရတွေ၊ ကမ္ဘာ့ ပြည်သူတွေ တင်းစားခေါ်ဆိုခဲ့ကြတဲ့ မြန်မာနိုင်ငံ နဲ့ မြောက် ကိုရီးယား နိုင်ငံတွေ မှာလည်း ထူးခြားမှုတွေရှိခဲ့တယ်။ မြောက် ကိုရီးယား အာဏာရှင် ခေါင်းဆောင်ကြီး ကင်ဂျုံအီး ကတော့ သေသွားပြီ။ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားမှာ လူလား မမြောက်သေးတဲ့ ဖခင် အာဏာရှင် ကင်ဂျုံအီး ရဲ့ သားငယ် ကင်ဂျုံအွန် က အရိုက်အရာဆက်ခံပြီး တတိယ မျိုးဆက် ဆွေမျိုးစု ခေတ်သစ် ပဒေသရာဇ် အာဏာရှင် အဖြစ် ဆက်လက်ဦးတည်နေတာမို့ မြောက်ကိုရီးယား ပြည်သူတွေ အတွက် တော့ ရင်လေးစရာပါပဲ။

မြန်မာနိုင်ငံ မှာတော့ ရာစုနှစ်ပေါင်းများစွာ အာဏာရှင်စနစ်တည်ထောင်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေဟာ နိုင်ငံရေး မှာ တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ကို ရွေးချယ်ခဲ့မှုကြောင့် အကောင်းဘက်ကို ဦးတည်နေပြီလို့ အပြုသဘော ပြောဆိုနေကြပေမဲ့၊ လက်တွေ့ကျတဲ့တိုးတက်မှုဖြစ်စဉ်တွေ ကိုတော့ တကယ်တမ်းတော့ မတွေ့ရသေးပါဘူး။

ယနေ့မြန်မာ့ နိုင်ငံရေးဖြစ်စဉ်တွေ ကို လေ့လာကြည့်ပါ။

  • ၁) နိုင်ငံရေး အကျဉ်းသားတွေ ကို လွှတ်မပေးသေးဘူး၊
  • ၂) လူ သန်းပေါင်း ၅၀ ကျော်နေတဲ့ တိုင်းပြည်မှာ လွတ်လပ်တဲ့ သတင်းစာ၊ရုပ်မြင်သံကြားမီဒီယာတွေ မရှိဖြစ်နေတယ်၊ အဆိုးဆုံးက အာဏာရှင်စနစ်အောက်က သတင်းစာနဲ့ ရုပ်မြင်သံကြား မီဒီယာတွေ အားလုံး ဟာ လက်ရှိ တမတ်သား အစိုးရ အောက် မှာ ပဲရှိနေတုန်းပဲ၊
  • ၃) ယနေ့နိုင်ငံရေးဖြစ်စဉ်မှာ ပြည်တွင်း၊ပြည်ပ နိုင်ငံရေးအင်အားစု အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေး အခင်းအကျင်း ပုံစံ မရှိသေးဘူး။
  • ၄) ဒီမိုကရေစီနည်းလမ်းကျ ရွေးချယ်ခြင်းခံရတဲ့ အစိုးရ၊ လွှတ်တော်ဆိုတာ မရှိ၊ တမတ်သားလွှတ်တော်နဲ့ တမတ်သားအစိုးရ ဟာ တမတ်သား ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်မှာသာ ဖြစ်နေတယ်။ တမတ်သား အစိုးရ အောက် မှာ တမတ်သား အခွင့်အရေးပဲရမှာဖြစ်တယ်။ လူသားတိုင်း ကို အကာအကွယ်ပေးတဲ့ လူ့အခွင့်အရေးတို့၊ ဒီမိုကရေစီရေး တို့ ကတော့ ရမှာ မဟုတ်ဘူး။

မြန်မာနိုင်ငံမှာ လက်ရှိတွေ့မြင် နေရတဲ့ နိုင်ငံရေးအခင်းအကျင်းတွေကြောင့် ဒီမိုကရေစီလမ်းကြောင်း ကို တကယ် လျှေက်လှမ်း နေတယ်ဆိုတာကတော့ မေးခွန်းတွေရှိနေကြသလို၊ ပြည်သူတွေရဲ့ ယုံကြည်မှု ကို ရရှိနိုင်ဖို့တော့ အတော်လေး ဝေးနေသေးပါတယ်။ မြန်မာ နိုင်ငံရဲ့ နိုင်ငံရေး ဖြစ်စဉ်ဟာ အကောင်းဘက် ကို ဦးတည်နေသလား၊ အဆိုးဘက် ကို ပြန်ရောက်သွားမလား ဆိုတာက တော့ အချိန် က အဆုံးအဖြတ် ပေးပါလိမ့်မယ်။

Sunday, December 11, 2011

ကမ္ဘာ့ကြွေးမြီ ပြဿနာ နှင့် မြန်မာ့ စီးပွားရေး အပေါ် သုံးသပ်ချက်

"The only war I support is the war on poverty"

-မြတ်စိုး-
၁၂.၁၁.၂၀၁၁

ဥရောပ ဇုံ အဖွဲ့ ၀င် ၁၇ နိုင်ငံ ရဲ့ လူဦးရေ - ၃၁၇ သန်း
ဥရောပ ဇုံ အဖွဲ့ ၀င် နိုင်ငံတွေရဲ့ ကုန်ထုတ်လုပ်မှု GDP - ယူယို ငွေ ၈.၄ ထွီလီယံ
ဥရောပ ဇုံ အဖွဲ့ ၀င် နိုင်ငံတွေ ရဲ့ အကြွေး - ယူယို ငွေ ၉.၃ ထွီလီယံ (၂၀၁၀)

ဥရောပ ဇုံ အဖွဲ့ ၀င် နိုင်ငံတွေရဲ့ ကြွေးမြီ နှင့် ပြဿနာများ

အစိုးရတွေ မှာ အကြွေး မြင့်မားလာခြင်း၊ ( Rising government debt level)၊
ကုန်သွယ်မှု မှာ လိုငွေပြမှု ( Trade imbalances)၊
ယုံကြည်မှု ကင်းမဲ့ခြင်း( Loss of confidence)၊
ငွေချေး လို့ မရတဲ့ အခက်အခဲ (Rating agency view)၊
ဥရောပ ဇုံ အဖွဲ့ ရဲ့ စီးပွားရေးဆိုင်ရာ မှုဝါဒ၊ ဘဏ္ဍာရေး၊ ငွေကြေး သုံးစွဲမှု ဆိုင်ရာ မူဝါဒတွေ မှာ သဘောတူညီချက်တွေမရှိခြင်း၊ထိမ်းချုပ်မှုတွေမရှိခြင်း နှင့် အားနည်းမှုတွေရှိနေခြင်း ( Lack of infrastructure in regulatory and supervisory policy frameworks, structural policies, and financial principles )၊
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လျော့ကျခြင်း (Lack of growth)၊
ဥရောပ ဇုံ အဖွဲ့ မှ ခွဲထွက်ခြင်း (Speculation of the breakup of the Eurozone)



ဥရောပ ငွေကြေး တခုတည်းသာ သုံးစွဲနေတဲ့ နိုင်ငံပေါင်း ၁၇ နိုင်ငံ နဲ့ ဖွဲ့ စည်းထားတဲ့ ဥရောပ ဇုံ အဖွဲ့ ၀င်နိုင်ငံတွေ ဟာ ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာ ပြဿနာတွေမှာ တနေ့ပြီးတနေ့ စိန်ခေါ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရတယ်။ ဂရိ၊ အီတလီ၊ စပိန် နိုင်ငံတွေ မှာ အစိုးရ က တင်ရှိနေတဲ့ ကြွေးမှီတွေ ကို ပြန်လည်မပေးဆပ် နိုင်တာ ကြောင့် အစိုးရ အပြောင်းအလဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တယ်။ ဓနရှင် ဘဏ်ကြီးတွေ က လည်း ယင်းနိုင်ငံ အစိုးရတွေဟာ အတိုးနှုန်း မပေးဆပ်နိုင်တာကြောင့် ငွေချေးမှုတွေ ကို ရပ်ဆိုင်းခဲ့ကြတယ်။ ပေါ်တူကီ၊ အိုင်ယာလန်၊ ဘယ်လ်ဂျီယံ၊ ပြင်သစ် နှင့် အင်္ဂလန် နိုင်ငံတွေ မှာ လည်း အစိုးရ ငွေကြေးသုံးစွဲမှု နှင့် ယူယိုဇုံရဲ့ ကြွေးမြီ ပြဿနာများ ကြောင့် ဒိုမေနီ အကျိုးသက်ရောက် ကာ နိုင်ငံရေး ပြဿနာများ၊ တင်းမာမှုများ ရှိလာလိမ့်မယ်လို့ ကမ္ဘာ့စီးပွားရေး ပညာရှင်များ က သုံးသပ်ခန့်မှန်းမှုတွေ ရှိနေတယ်။

ဟားဗတ်တက္ကသိုလ် က စီးပွားရေး ပညာရှင် ကက်နက်ရူ့အော့ဗ် ကတော့ အမေရိကန်နိုင်ငံမှာ ရှိတဲ့ ရီဘာပလက်ကင်နဲ့ ဒီမိုကရက်တစ် ပါတီ နှစ်ပါတီ ဟာ အစိုးရက ငွေကြေးသုံးစွဲမှု ပြဿနာတွေ အပေါ် သဘောထားကွဲလွှဲမှုတွေရှိနေတာကြောင့် နိုင်ငံပေါင်း ၁၇ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ ဥရောပဇုံ အဖွဲ့ ဟာ ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာ ပြဿနာတွေ ကို အဖြေရှာဖို့ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင် နေရအုန်း မယ်လို့ပြောဆိုခဲ့တယ်။ ဒီ ၁၇ နိုင်ငံမှာ နိုင်ငံတနိုင်စီရဲ့ အစိုးရတွေရဲ့ ငွေကြေးသုံးစွဲမှုတွေ ဟာ မတူညီကြသလို၊ ကြွေးမြီ ပမာဏတွေ ကလည်း မတူညီကြဘူး။ အခွန်ကောက်ခံရေး စံနစ်ကလည်း တနိုင်ငံနဲ့ တနိုင်ငံ မတူညီကြဘူး။ လူတဦးချင်းစီရဲ့ ၀င်ငွေ ကလည်း မတူညီကြဘူး။ အခြေခံကျတဲ့ ဒီပြဿနာတွေ မှာ ဆက်လက် သဘောကွဲလွှဲမှုတွေ ရှိနေကြမယ်ဆိုရင် ဥရောပ သမဂ္ဂအဖွဲ့ အနာဂတ် ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိလိမ့်မယ်လို့ သူ က ထောက်ပြ ဟောကိန်း ထုတ်လိုက်တယ်။

ဥရောပ ဇုံ အဖွဲ့ ကို စတင် တည်ထောင်ခဲ့စဉ်က နိုင်ငံ တနိုင်ငံချင်းစီ မှာ ကျင့်သုံးနေတဲ့ ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာစနစ်တွေ၊ အစိုးရ တခုစီ ရဲ့ ငွေကြေးသုံးစွဲမှု၊ ငွေကြေးဈေးကွက် ၊ တစ်ဦးချင်း ၀င်ငွေ နဲ့ အခွန်ဥပဒေတွေ ကို လေးလေးနက်နက်ထည့်သွင်းစဉ်းစားခြင်းမရှိပဲ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံ အဖြစ် လက်ခံမှုပြုခဲ့ခြင်းဟာ ယနေ့ရင်ဆိုင်နေရတဲ့ ဥရောပ ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာ ပြဿနာတွေရဲ့ အခြေခံ မှားယွင်းခဲ့မှုတွေ ပဲလို့ သူက ထောက်ပြခဲ့တယ်။ တနည်းအားဖြင့် ဥရောပမှာ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပေါင်းစပ်မှု မပြည့်စုံသေးဘဲ ယူရိုဇုံ ( ဥရောပ) ငွေကြေးစနစ် ကို ထူထောင်ခဲ့ခြင်းရဲ့ ဥရောပ အဖွဲ့ကြီးရဲ့ အဓိက မှားယွင်းမှု အချက် ပါလို့ ကမ္ဘာ့စီးပွားရေးပညာရှင်များ က ဝေဖန် သုံးသပ်ထားကြတယ်။ ဒါဟာ အရှေ့တောင် အာရှ အသင်း အာဆီယံအဖွဲ့ကြီး အတွက် တော့ သင်ခန်းစာ ယူသင့်တဲ့ အချက်ဖြစ်လာပါလိမ့်မယ်။



အမေရိကန် ကြွေးမြီ ပြဿနာ

အမေရိကန် လူဦးရေ - သန်း ၃၁၀
အမေရိကန် ကုန်ထုတ်လုပ်မှု GDP - ယူယို ငွေ ၁၁.၂ ထွီလီယံ
အမေရိကန် ကြွေးမြီ -ဒေါ်လာ ၁၅.၀၃ ထွီလီယံ ( ၂၀၁၁)

အမေရိကန်ရဲ့ပထမဦးဆုံး သမ္မတ ဂျော့ဝါရှင်တန်ကတော့ အစိုးရ မှာ ကြွေးမီတင်ရှိနေတယ်ဆိုရင်၊ ပြန်လည်ပေးဆပ်ဖို့ ၀င်ငွေရှိဖို့လိုတယ်။ ပြန်လည်ပေးဆပ်နိုင်တဲ့ဝင်ငွေရှိဖို့ အခွန်တိုးကောက်ဖို့ အကြောင်း ဖြစ်လာရတယ်။ အခွန်တိုးကောက်ဖို့ နိုင်ငံရေး သမားများ အကြား သဘောထားကွဲလွှဲမှုတွေ ရှိနေမှာပဲလို့ ပြောဆိုခဲ့ဘူးတယ်။

လူဦးရေ သန်း ၃၁၂ နီးပါးရောက်ရှိ နေပြီဖြစ်တဲ့ အမေရိကန်နိုင်ငံ မှာ အသက် ၆၅ ကျော်လို့ အလုပ်လုပ်ကိုင်မှု မှ အနားယူသွားခဲ့သူများ နှင့် အကြောင်းအမျိုးမျိုးကြောင့် အလုပ်လုပ်ကိုင်မှုမှ အနားယူသွားခဲ့သူဦးရေစုစုပေါင်း ဟာ ၅၄ သန်းရှိပါတယ်။ ကျန်ရှိတဲ့ ၂၅၈ သန်းထဲမှာ ကျောင်းပညာသင်ကြားနေသူဦးရေ ဟာ ၈၅ သန်းရှိတာကြောင့် အလုပ်လုပ်ကိုင်နိုင်သူဦးရေ ဟာ ၁၇၃ သန်းသာ ကျန်ရှိတယ်။

၂၈ သန်း ဟာ ဗဟိုအစိုးရ ဌာနတွေမှာလုပ်ကိုင်နေကြပြီး၊ စစ်မှုထမ်းနေသူ ဦးရေ ၄ သန်း နှင့် ၂၄. ၈ သန်းဟာ ပြည်နယ် ဌာန ဆိုင်ရာများမှာ အလုပ်လုပ်ကိုင်နေကြတယ်။အချိန်တိုင်း မှာ ဆေးရုံများမှာ ကုသနေသူ ၂၄ သန်း၊ အကျဉ်းကျနေသူ ၁၅.၂ သန်း ရှိတာကြောင့် စုစုပေါင်း ရရှိမည့် ၀င်ငွေခွန်ဟာ အလုပ်လုပ် ကိုင်မှုမှ အနားယူသွားခဲ့ သူ ၅၄ သန်းကို ငွေကြေး ထောက်ပံ့ အကူအညီပေးရာမှာ အခက်အခဲဖြစ်လာသလို၊ ဘတ်ဂျက်မှာ လိုငွေပြ လာရတော့တယ်။

အနားယူသွားတဲ့ လူဦးရေ ၅၄ သန်းကျော် ကို ငွေကြေးထောက်ပံ့ဖို့ ကျန်တဲ့ ၇၇ သန်း က တ၀န်ယူဖြေရှင်းပေးနေရတယ်။



အမေရိကန်နိုင်ငံ အစိုးရ က တင်ရှိနေတဲ့ ကြွေးမြီ ပြဿနာ ကို ကိုင်တွယ်ဖြေရှင်းရာမှာ အလုပ်လုပ်ကိုင်နေသူ ၇၇ သန်း ရဲ့ ၀င်ငွေခွန် ကို တိုးမြင့်ကောက်ခံမှု၊ အစိုးရ ၏ ကျန်းမာရေး ထောက်ပံ့မှုများကို ဖြတ်တောက်ခြင်း၊ အစိုးရ ရဲ့ သုံးစွဲမှုတွေ က လျော့ချခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးမှု ၊ ငွေကြေးပေါ်လစီ (Monetary Policy) နှင့် အစိုးရသုံးငွေ ဘတ်ဂျက် (Fiscal Policy) ဆိုင်ရာ ပြဿနာများ စသည့် အချက်များကို အချေအတင် စဉ်းစား ဆွေးနွေးလာရတော့တယ်။

ဂျပန် စီးပွားရေး နှင့် ကြွေးမြီ ပြဿနာ

ဂျပန် လူဦးရေ သန်း ၁၂၈ သန်း
ဂျပန် ကုန်ထုတ်လုပ်မှု GDP ယူယို ငွေ ၃.၅ ထွီလီယံ
ဂျပန် အစိုးရ ရဲ့ ကြွေးမြီ - ဒေါ်လာ ၈ ထွီလီယံ

အာရှတိုက် မှာတော့ စီးပွားရေး အားကောင်းတဲ့ ဂျပန် နိုင်ငံဟာ က ဆူနာမီ၊ နျူကလီးယားယိုစိမ့်မှု ပြဿနာ တို့ ကြောင့် စီးပွားရေး နာလန်ထူ လာဖို့ နှစ်အတောကြာ စိမ်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ကြရလိမ့်မယ်လို့ ခန့်မှန်းနေကြတယ်။ ၂၀၀၇ ခုနှစ် ကမ္ဘာ့စီးပွားရေး ကပ်ဆိုက်ချိန်က စပြီး၊ ဂျပန် အစိုးရ အဆက်ဆက် တိုင်းဟာ စီးပွားရေး ပြန်လည် ဦးမော့လာဖို့ နည်းလမ်းပေါင်းစုံ နဲ့ အဖြေရှာခဲ့ကြတယ်။ ဂျပန် ဗဟိုဘဏ်ဟာ စီးပွားရေး အားကောင်းလာစေဖို့ အတိုးနှုန်း ကို သုည ရာခိုင်နှုန်းအထိ လျော့ချခဲ့ကြတယ်။ စီးပွားရေး ပြန်လည်ကောင်းမွန်အောင် နည်းလမ်းပေါင်းစုံနဲ့ အဖြေရှာတာ မအောင်မြင်ကြလို့ ဂျပန် ၀န်ကြီးချုပ် လေးဦး ၅ နှစ် အတွင်း နုတ်ထွက်ခဲ့ကြတယ်။ ၂၀၀၇ ခုနှစ် က နေ ၂၀၁၁ ခုနှစ် အထိ ၅ နှစ် အတော် အတွင်း ဂျပန်ဝန်ကြီးချုပ် ၅ ယောက် ပြောင်းလဲ ခဲ့ပြီးပါပြီ။

ဒါကြောင့်မို့ ကမ္ဘာ့နိုင်ငံရေး ကို လေ့လာ သုံးသပ်နေသူတွေကတော့ ၂၀၀၇ ခုနှစ် က စတင်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြီးကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးမှာ Japanization ဖြစ်လာလိမ့်မယ်လို့ သုံးသပ်နေကြတယ်။ ဆိုလိုတာက ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဂျပန် အစိုးရတွေလို စီးပွားရေး နာလန်ထူလာအောင် တိုက်ပွဲဝင်ရင်း အစိုးရ အပြောင်းအလဲ တွေ ရှိလာလိမ့်မယ်လို့ သုံးသပ်ထားကြတယ်။ အမေရိကန် နိုင်ငံ မှာလည်း အိုဘားမား ဟာ နောက်ထပ် သက်တမ်း အတွက် အလားအလာ နည်းလာ နေပြီ လို့ သုံးသပ်ထားကြတယ်။ အာရပ်မှာတော့ အဏာရှင်တွေ တဘုန်းဘုန်းလဲကျခဲ့ကြတယ်။

မြန်မာ့စီးပွားရေး

ယနေ့ ကမ္ဘာ့နိုင်ငံ အသီးသီးရှိ အစိုးရတွေ ဟာ ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြီးကာလအတွင်း စီးပွားရေး ပြန်လည် နာလန်ထူလာဖို့ နည်းမျိုးစုံ အဖြေရှာနေကြစဉ် မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး အနာဂတ် အခြေအနေ ကို မြန်မာပြည်သူများ က စိတ်ဝင်တစားရှိနေကြမှာတော့ အမှန်ပါပဲ။

လက်ရှိ မြန်မာ့စီးပွားရေး အခြေအနေက လက်တွေ့မှာ ပြန်လည်နာလန်ထူထောင်တဲ့ အဆင့်မှာ မရှိသေးပါဘူး။ ဆိုလိုတာ က နဂိုကတည်း က မြန်မာ့ စီးပွားရေး အဆောက်အအုံဟာ နိုင်ငံတကာ အဆင့် မှာ မရှိခဲ့သေးတာကြောင့် ဘာကို ပြန်လည် နာလန်ထူလာအောင် ကျိုးစားရမှာလည်းဆိုတာ မေးခွန်းထုတ်စရာရှိနေတယ်။ တနည်းအားဖြင့် မြန်မာ့ စီးပွားရေးဟာ Economic survival အဆင့်မှာ သာရှိသေးတယ်။ Economic Recovery အဆင့် မရှိသေးဘူလို့ ဆိုလိုတာပါ။

ဘာကြောင့်လည်းဆိုတော့ မြန်မာနိုင်ငံ မှာ စီးပွားရေး နှင့် ငွေကြေးဆိုင်ရာ မူဝါများ ဟာ ထင်သာမြင်သာ မရှိခဲ့သလို၊ မြန်မာနိုင်ငံ ဗဟိုဘဏ်က ငွေကြေးပေါ်လစီ (Monetary Policy) နှင့် အစိုးရသုံးငွေ ဘတ်ဂျက် (Fiscal Policy) တွေပေါ်မှာ လည်း တာဝန်ယူမှု နှင့် ယုံကြည်မှု ပိုင်းတွေ မှာ အားနည်းမှုတွေ ရှိနေခဲ့တယ်။ တနည်းအားဖြင့် မြန်မာ ဗဟိုဘဏ်က ငွေကြေးပေါ်လစီ (Monetary Policy) ပိုင်း မှာ သီးခြားရပ်တည်မှု နှင့် လွတ်လပ်စွာ ဆုံးဖြတ်မှု အခွင့်အဏာ မရှိဖြစ်နေဆဲပါ။ ဗဟိုဘဏ် ဟာ နိုင်ငံရဲ့ ငွေစက္ကူကို ရိုက်ထုတ်ရတဲ့ တာဝန်ရှိတာ ကြောင့် တိုင်းပြည်အတွင်းမှာ လည်ပတ်နေတဲ့ ငွေသား ပမာဏ (Liquidity) ကို ဗဟိုဘဏ်က ထိန်းချုပ်ရပါတယ်။ ဗဟိုဘဏ် မှာ လွတ်လပ်စွာ ဆုံးဖြတ်မှု အခွင့်အဏာ ရှိဖို့လိုတယ်။ စီးပွားရေး၊ ဘဏ္ဍာရေး နှင့် ငွေကြေးဆိုင်ရာ သတင်းအချက်အလက်များ တိကျမှန်ကန်မှု ရရှိဖို့လိုတယ်။

တနည်းအားဖြင့် စီးပွားရေး အဆောက်အအုံ ဆိုင်ရာ လွတ်လပ် တဲ့ Institution များ နည်းပါးမှုရှိနေခြင်း ၊ ငွေကြေး နှင့် ဘဏ္ဍာရေးဆိုင်ရာ မှာ ခေတ်နှောက်ကျနေခြင်း၊ လက်တွေ့မကျတဲ့ ငွေလဲနှုန်းနဲ့ တွက်ထားတဲ့ အစိုးရ ဘတ်ဂျက်၊ ပြည်တွင်းထုတ်ကုန် (GDP)၊ နိုင်ငံခြားတင်ပို့မှုထွက်ကုန်၊ သွင်းကုန်စာရင်းဇယားတွေဟာ မှန်ကန်တိကျမှု မရှိတာတွေကြောင့် မှန်ကန်တဲ့ ငွေကြေးပေါ်လစီ (Monetary Policy) နှင့် အစိုးရသုံးငွေ ဘတ်ဂျက် (Fiscal Policy) တွေ ကို ချမှတ်နိုင်မှာ မဟုတ်ဘူး။ လာရောက်ရင်နှီးမြုပ်နှံသူများ ရဲ့ ယုံကြည်မှု ကို ရရှိနိုင်မှာ မဟုတ်သေးပါဘူး။ တနည်းအားဖြင့် မြန်မာ့ စီးပွားရေးစနစ် မှာ စီးပွားရေး အခြေခံ အဆောက်အအုံတွေဟာ နိုင်ငံတကာ အဆင့်မရှိသေးတာကြောင့် ကမ္ဘာ့စီးပွားရေး အခြေအနေ နဲ့ နှိုင်းယှဉ်ပြောဆိုလို့မရဖြစ်နေတယ်။ အချက်အလက်ပိုင်း ဆိုင်ရာတွေ မှာ မှန်မှန်ကန်ကန် ရရှိဖို့ အလွန်မှ ခက်ခဲပါတယ်။

နိုင်ငံအသီးသီးဟာ ကမ္ဘာ့စီးပွားရေးဆုတ်ယုတ်မှု ကြောင့် နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ကို အလျင်အမြန် ပြင်ဆင်မှုတွေပြုလုပ်ဆောင်ရွက်နေကြသလို၊ မြန်မာနိုင်ငံမှာ လည်း ထင်သာမြင်သာရှိတဲ့ နိုင်ငံရေး နှင့် စီးပွားရေးဆိုင်ရာ ပြုပြုင်ပြောင်းလဲတိုးတက်လာမှုတွေ အချိန်မှီ မလုပ်ဆောင်နိုင်ရင်တော့ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ စီးပွားရေး ဆိုင်ရာ ပြဿနာများ ကို ဆက်လက် ရင်ဆိုင်ကြရပါလိမ့်မယ်။

လက်ရှိ အိမ်နီးချင်းနိုင်ငံ နှင့် အာရှ နိုင်ငံတွေ မှာ ရင်ဆိုင်ခဲ့ရတဲ့ သဘာဝဘေးအန္တာရာယ်ကြောင့် စီးပွားရေး နှင့် ကုတ်ထုတ်လုပ်မှု ကျဆင်းနေမှု ဟာ မြန်မာနိုင်ငံ မှ နိုင်ငံခြား တင်ပို့မှု ကို အားကောင်းလာစေဖို့ အခွင့် အလမ်းတွေရှိနေပေမဲ့ ၊ မြန်မာနိုင်ငံရဲ့ ထွက်ကုန်တွေဟာ ဈေးကွက်မှာ အရည်အသွေးညံ့ဖျင်းမှု၊ နည်းပညာပိုင်းဆိုင်ရာ အားနည်းမှု၊ ငွေကြေးစနစ် ခိုင်မာမှုမရှိခြင်း တွေ ကြောင့် နိုင်ငံတကာ ဈေးကွက် မှာ အားသာမှုရအောင်လုပ်ဖို့ အခက်အခဲများရှိနေပါလိမ့်မယ်။

ဥပမာ အားဖြင့် ကမ္ဘာ့ကုန်သွယ်ရေး နှင့် ဈေးကွက်တွေ မှာ ကမ္ဘာ့ငွေကြေးတွေ ထိုးကျမှုတွေ ရှိနေပြီး အိမ်ယာဈေးတွေ ထိုးကျခဲ့တယ်။ မြန်မာနိုင်ငံ မှာတော့ ငွေလဲလှယ်မှုတွေ ထိုးကျခဲ့ပေမဲ့ အိမ်ယာဈေး၊ ကုန်းဈေးနှုန်း တွေ ဟာ တိုးမြင့်နေတာ ကို ကြည့်ခြင်းဖြင့် မြန်မာ့စီးပွားရေး ဟာ ကမ္ဘာ့စီးပွားရေး ပုံစံနဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်နေတယ်ဆိုတာ တွေ့ရတယ်။

နိုင်ငံတကာ ဘဏ္ဍာရေး နှင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်မှု၊ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံ သူတွေရဲ့ ယုံကြည်စိတ်ချမှု၊ မရှိသ၍ မြန်မာ့စီးပွားရေးဟာ နိုင်ငံတကာ စီးပွားရေး အဆင့် အနေအထား ကို ရောက်ရှိဖို့ အလှမ်းကွာဝေးနေမှာဖြစ်ကြောင်း လေ့လာ သုံးသပ်တင်ပြယင်း။

(ဆောင်းပါးရှင် ကိုမြတ်စိုး ရေးသားခဲ့တဲ့ " Economic crisis as a force for change" ဆောင်းပါးကို ဤနေရာမှာ ဖတ်ရှု့နိုင်ပါသည်။ )