Sunday, July 22, 2012

နာဆာ နဲ့ SMART GOAL အပိုင်း (၂)

မြတ်စိုး- 
၀၇-၁၄-၂၀၁၂ 


"မြန်မာနိုင်ငံမှာ  ခေတ်နဲ့ မဆီလျော်တော့တဲ့ ၊ လက်တွေ့မကျတော့ တဲ့ ရည်မှန်းချက် တွေ၊ သုံးမရတဲ့ လူတွေ မှုတွေ ကို  နာဆာလို ပြတိုက်ထဲ ကို ပို့သင့်နေပါပြီ။  တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်မှန်းချက်တွေ တူကြပေမဲ့ လူကော၊မူကော၊ အလေ့အကျင့် နှင့် အကျင့်ဆိုးတွေကော မပြောင်းချင်ကြဘူး ဆိုရင်တော့ ဒီတိုင်းပြည်ဟာ နယ်ပယ် အသီးသီးမှာ ကျဆုံးမှုတွေနဲ့ ဆက်လက် ရင်ဆိုင်နေရပါလိမ့်မယ်။ " 

ငယ်စဉ်အခါက မိဘများ က မေးလေ့ ရှိတဲ့ မေးခွန်းတခုရှိတယ်။ သူတို့ရဲ့ သား၊သမီးတွေ ကြီးပြင်းလာတဲ့အခါမှာ ဘာဖြစ်ချင်ကြ သလဲဆိုတဲ့ မေးခွန်းပါ။ တချို့ကတော့ ဆရာဝန်ဖြစ်ချင်တယ်၊ အင်ဂျင်နီယာဖြစ်ချင်တယ်၊ မင်းသားမင်းသမီးဖြစ်ချင်တယ် စသဖြင့် ဘ၀မှာ ဖြစ်ချင်ကြတဲ့ ရည်မှန်းချက်တွေ၊ စိတ်ကူးယဉ် အားကျ မှုတွေ ကို အဖြေပေးခဲ့ကြတယ်။ မိဘတွေ ကလည်း သားသမီးတွေရဲ့ စိတ်ကူးယဉ်မှုတွေ၊ ဘ၀ရည်မှန်းချက်တွေကို  နှစ်ခြိုက်သဘောတွေ့ခဲ့ ကြတယ်။ 

 လူတိုင်းဟာ ဘ၀ အတွက် ရည်မှန်းချက် ကိုယ်စီရှိကြတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စီးပွားရေးနယ်ပယ် က ခေါင်းဆောင်တွေဟာ လည်း သူတို့ စီးပွားရေး အောင်မြင်ဖို့ အတွက် ရည်မှန်းချက်တွေ အဆင့်ဆင့် ထားရှိရတယ်။ ထို့အတူ နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံ့ခေါင်ဆောင်တွေ မှာလည်း ဟာ တိုင်းပြည် အနာဂတ်အတွက် ရည်မှန်းချက်တွေ ထားပြီး အကောင်အထည်ဖော် လုပ်ဆောင် လေ့ရှိကြတယ်။

တိုင်းပြည် အကျိုး၊ ပြည်သူ့ အကျိုးအတွက်ဖြစ်စေ၊ ဘ၀ အတွက် ဖြစ်စေ ရည်မှန်းချက်ထားရှိတာဟာ မွန်မြတ်တဲ့ စိတ်ဓာတ်တွေပါ။

သို့ပေသော်ငြားလည်း လက်တွေ့မကျတဲ့ ရည်းမှန်းချက်တွေ ဟာ စိတ်ကူးယဉ်မှု၊ ဆုံရှုံးမှု အဆင့် နဲ့ အဆုံးသတ်လေ့ ရှိတက်ကြတယ်။  အင်မတန်မှ ဆင်းရဲမွဲတေတဲ့နိုင်ငံ၊ သိပ္ပံပညာကလဲ မထွန်းကား၊ ဖယောင်းတိုင် ပညာရေးစနစ်အောက်မှာ အာကာသ ယဉ်မှူးဖြစ်ချင်တဲ့ လူငယ်တယောက် ရဲ့ ဘ၀ ရည်မှန်းချက် ကို လက်တွေ့မကျ၊ စိတ်ကူးယဉ် ဆန်ခဲ့တယ်လို့ ပြောလို့ရသလို၊ လျှပ်စစ်မီး ဖြန့်ဖြူးမှု လုံလောက်မှု မရှိ၊ Logistic  လို့ ခေါ်ဆိုတဲ့ ကုန်စည်ဖြန့်ဖြူးမှု လမ်းကြောင်း နှင့် ဆက်သွယ်မှု အားနည်းတဲ့ နိုင်ငံ မှာ စက်မှုနိုင်ငံတော် တည်ထောင်ဖို့ ရည်းမှန်းချက် တွေ ထားရှိနေ ကြတဲ့  နိုင်ငံ့ခေါင်ဆောင်တွေ ရဲ့ ရည်မှန်းချက်တွေဟာ လည်း လက်တွေ့ကျကျ ဖြစ်မလာပဲ  စိတ်ကူးယဉ် အိမ်မက် ထဲမှပဲဖြစ်နေပါလိမ့်မယ်။

SMART GOAL 

ဒီနေ့ ‘နာဆာ’ ခေါ် အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန(National Aeronautics and Space Administration, NASA) အပါအ၀င် ကမ္ဘာ့ ဖွံ့ဖြိုးဆဲ နိုင်ငံ တော်တော်များများရှိ   စီးပွားရေး ၊ နိုင်ငံရေး နယ်ပယ်များ က ထိပ်သီးခေါင်ဆောင်တွေ ဟာ “ SMART  GOAL “ လို့ခေါ်ဆိုတဲ့ ရည်မှန်းချက် ပန်းတိုင် တွေ ကို အုပ်ချုပ်မှု နှင့် စီမံခန့်ခွဲမှု အဆင့်အဆင့်တိုင်း မှာ ချမှတ်ကာ တွင်ကျယ်စွာ လက်တွေ့ကျင့်သုံး အကောင်အထည်ဖော် လာခဲ့ကြတာတွေ့ရတယ်။ ဒီနေ့ ခေတ်ကြီးဟာ စစ်အေးခေတ်၊ Information ခေတ်၊ digital ခေတ် ကနေ ၊ SMART ခေတ် သို့ ကူးပြောင်းလာပြီး လို့တောင် ခေါ်ဆိုစ
ပြုလာကြတယ်။

နည်းပညာ နယ်ပယ်တွေမှာလည်း Ipod, Iphone, Ipad  I ခေတ် က နေ SMART phone, SMART computer, SMART TV ၊ SMART watch၊  တွေ ထုတ်လုပ်လာနိုင်ခဲ့ကြလို့ SMART ခေတ် ဆီသို့  ရောက်လာပြီလို့တောင် လူငယ်တွေနဲ့ ပညာရှင် အသိုင်းအ၀ိုင်းမှာ လည်း တင်စားပြောဆို လာနေကြတယ်။ ဒီတော့လည်း  အမေရိကန် အပါအ၀င် ကမ္ဘာ့ စက်မှုထွန်းကားတဲ့ တိုင်းပြည်တွေမှာ စီးပွားရေး လုပ်ငန်းရှင်တွေ၊ နိုင်ငံရေး ခေါင်ဆောင် တွေ ဟာ  SMART  GOAL  ဆိုတဲ့ အတွေးခေါ်၊ အယူအဆ တွေကို လက်ခံပြီး လုပ်ငန်းခွင်တွေမှာ ရာထူးအဆင့်ဆင့်တိုင်း၌ လက်တွေ့ ကျင့်သုံး လာတာကို တွေ့လာရတယ်။ စီးပွားရေးနယ်ပယ်မှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးနယ်ပယ်မှာပဲဖြစ်ဖြစ်  ရည်မှန်းချက်ပန်းတိုင်တွေဟာ SMART မဖြစ်တော့ဘူးဆိုရင် ကမ္ဘာကြီးမှာ နောက်ကျန်ရစ်ခဲ့မယ်၊ စီးပွားရေးမှာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရမယ် ဆိုတာကို နားလည်လက်ခံလာကြတာပါ။


SMART  GOAL ဆိုတာ ကို အင်္ဂလိပ်လို  ဘာသာပြန်ဆိုရာမှာတော့ -
  • S- Specific 
  • M-Measurable 
  • A-Attainable 
  • R-Realstic/Relevant 
  • T-Time-Bound/Time-Frame 

အဓိပ္ပါယ် ဖြင့် ရေးသားဖော်ပြကြတယ်။

မြန်မာလို ဘာသာပြန်ဆိုရမှာ တော့ -

ခေတ်နဲ့ဆီလျော်တဲ့ ရည်မှန်းချက်ဟာ -
၁)  တိတိကျကျဖော်ပြရမယ်။
၂) အတိုင်းအတာရှိရမယ်။
၃)ပြည့်ဝနိုင်ရမယ်။
၎) လက်တွေ့ကျရမယ်၊ သဘာဝကျရမယ်။
၅) အချိန် သတ်မှတ်မှုရှိရမယ်။


တကယ်တော့ စီးပွားရေး၊ နိုင်ငံရေးနယ်ပယ်တွေ မှာ အောင်မြင်မှုရရှိဖို့ အတွက် ခေတ်နဲ့ဆီလျော်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို  အဆင့်ဆင့်တိုင်းမှာ မှန်ကန်စွာချမှတ်နိုင်ဖို့ ကိုဆိုလို  တာပါ။  ခေတ်ရေစီးကြောင်း ဟာ လျင်မြန်စွာပြောင်းလဲနေတာကြောင့် လူသားတွေရဲ့ လိုအင်ဆန္ဒ တွေဟာ လည်း  ခေတ်ရေစီးကြောင်း အတိုင်း လျင်မြန်စွာပြောင်းလဲ လာစမြဲပါ။ တကယ်လို့သာ တိုင်းပြည်မှာ နိုင်ငံရေးခေါင်းဆောင်တွေဟာ ရည်မှန်းချက်တွေချမှတ်တဲ့ နေရာမှာ ခေတ်နဲ့ မဆီလျော်တော့ဘူး၊ လက်တွေ့မကျတော့ ဘူး ဆိုရင်တော့  ကမ္ဘာကြီးမှာ နောက်ကျ ကျန်ရစ်ခဲ့ရမယ်၊ စိတ်ကူးယဉ်ကမ္ဘာထဲ မှာ ပဲရှိနေပေလိမ့်မယ် ဆိုတဲ့ အချက်ကို ကမ္ဘာ့ စီးပွားရေး၊ နိုင်ငံရေး ခေါင်ဆောင်တွေ အသီးသီးက လက်ခံလာခဲ့ကြတာ  ဖြစ်တယ်။ 


ဒီနေရာမှာ နာဆာ ရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ရည်မှန်းချက်တွေ ကို  လေ့လာကြည့်ပါ။ ယနေ့ တချို့နိုင်ငံတွေဟာ အာကာသ ကို စူးစမ်းလေ့လာဖို့ အာကာသ လွန်းပျံယဉ်တွေ ကို လွှတ်တင်ဖို့ ကျိုးစားနေစဉ်မှာတော့ အမေရိကန် အာကာသ လွန်းပျံယာဉ်တွေဟာ ပြတိုက်ထဲမှာ ရောက်ရှိနေပါပြီ။ လွန်ခဲ့တဲ့ အနှစ် ၅၀ က လ ကမ္ဘာပေါ်  အာကာသ ယဉ်တွေလွှတ်တင်စဉ် မှတ်တမ်းအဖြစ် ရိုက်ကူးခဲ့တဲ့ RCA အမျိုးအစား ကင်မရာတွေတောင် ယနေ့ခေတ်မှာ လူသားတွေတောင် အသုံးမပြုတော့ပါဘူး။ တကယ်တော့ နာဆာ ဟာ ရည်းမှန်းချက် တွေ ကို အကောင် အထည် ဖော်ရာမှာ ခေတ်နဲ့ အညီ လက်တွေ့ကျကျ အကြီးအကျယ် အပြောင်းအလဲတွေ ကို ပြုလုပ်နေတယ်တွေ့ရတယ်။ တကယ်တော့ နာဆာ ဟာ မလိုတာတွေ၊ မသုံးတာတော့တွေ၊ ခေတ်နဲ့မဆီလျော်တဲ့ ဟာ တွေကို ပြတိုက်ထဲကို ပို့နေပါပြီ။

နာဆာရဲ့ ပြောင်းလဲမှု ဟာ အာဏာရှင် တယောက်က နေ နောက်တယောက် ပြောင်းလဲမှု ၊ ယူနီဖောင်းဝတ်တာကနေ အရပ်သားပုဆိုးဝတ်တဲ့ ပြောင်းလဲမှုမျိုး မဟုတ်ဘူးလို့ နာဆာ မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အင်ဂျင်နီယာ ပညာရှင်တယောက်ကတော့ ရယ်သွမ်းပြီး ဥပမာပေး ပြောဆိုခဲ့တယ်။

 မြန်မာနိုင်ငံမှာ စကားလုံး အသုံးအနှုံးပြောင်းလဲမှုတောင် အခက်အခဲဖြစ်နေရင် တော့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် ပြုပြင်ပြောင်းလဲမှုတွေ ရှိလာဖို့ ကတော့  အမင်တန် မှ အခက်အခဲတွေ ရှိနေပေလိမ့်မယ်။ တကယ်တော့  မြန်မာနိုင်ငံမှာ တချို့ ခေတ်နဲ့ မဆီလျော်တော့တဲ့ ၊ လက်တွေ့မကျတော့ တဲ့ ရည်မှန်းချက် တွေ၊ သုံးမရတဲ့ လူတွေ မှုတွေ ကို  နာဆာလို ပြတိုက်ထဲ ကို ပို့သင့်နေပါပြီ။  တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာစေဖို့ မွန်မြတ်တဲ့ ရည်မှန်းချက်တွေ ရှိကြပေမဲ့ လူကော၊မူကော၊ အလေ့အကျင့် အကျင့်ဆိုးတွေကော မပြောင်းချင်ကြဘူးဆိုရင်တော့ ဒီတိုင်းပြည်ဟာ နယ်ပယ် အသီးသီးမှာ ကျဆုံးမှုတွေနဲ့ ရင်ဆိုင်နေရပါလိမ့်မယ်။

Wednesday, June 27, 2012

ဂျပန် နှင့် Japanization


၆.၂၆.၂၀၁၂

မြန်မာ စစ်အစိုးရ အဆက်ဆက် ဂျပန်နိုင်ငံထံက ချေးယူထားခဲ့တဲ့ ကြွေးမြီ ဂျပန်ယန်းငွေ ဘီလီယန် ၃၀၃.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံ) လျှော်ပစ် ပေးခဲ့တဲ့  ဂျပန် အစိုးရ ဟာ သူတို့ကိုယ်တိုင် ဂျပန်နိုင်ငံ တင်ရှိနေတဲ့ ကြွေးမြီပြဿနာကိုဖြေရှင်းဖို့ကျိုးစားရင်း  အစိုးရ အတွင်း သဘောထားကွဲလွှဲမှုတွေ ဖြစ်ပေါ်နေတာကြောင့် လက်ရှိအစိုးရ ၀န်ကြီးချုပ် နိုဒါ အစိုးရ ဆက်လက်ရပ်တည်မှု ဟာ  စိမ်ခေါ်မှုတွေ ရှိနေတယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ပြောဆိုနေကြတယ်။

 တိုင်းပြည်အတွင်း ရောင်းဝယ်ခွန် ( Sales Tax) တိုးမြင့်ကောက်ခံခြင်းဖြင့် ဂျပန်နိုင်ငံက တင်ရှိ
နေတဲ့ ကြွေးမြီတွေ နှင့် သက်ကြီးရွယ်အိုတွေ ကို ဆက်လက်ထောက်ပံ့ ဖြေရှင်း နိုင်ဖို့  အခွန်တိုးမြင့် ကောက်ခံသည့် အဆိုကို ဂျပန်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ  ၃၆၃ မဲ၊ ၉၆ ဖြင့် လွှတ်တော် က အတည်ပြုပေးခဲ့ပြီး နောက် အစိုးရအဖွဲ့ အတွင်း သဘောထားကွဲလွှဲမှုတွေ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။ ယင်းအဆိုပြုချက်ကို  ၀န်ကြီးချုပ်နိုဒါ ရဲ့ ဒီမိုကရက်တစ် ပါတီ က လွှတ်တော် ကိုယ်စလှယ် ၅၇ ဦး က ကန့်ကွက်ခဲ့ကြပြီး၊ ၅၄ ဦး က နုတ်ထွက်မယ်လို့ ခြိမ်းချောက်ပြောဆိုနေကြတယ်။ တကယ်လို့ သာ ၅၄ ဦးက နုတ်ထွက်ခဲ့မယ်ဆိုရင် လက်ရှိ ၀န်ကြီးချုပ် နိုဒါရဲ့ ဒီမိုကရက်တစ် ပါတီဟာ အောက်လွှတ်တော်အတွင်း အများစု နေရာ ကို ဆုံးရှုံးသွားမှာဖြစ်ပြီး၊ ၀န်ကြီးချုပ် နိုဒါရဲ့ အစိုးရ အပေါ် အယုံအကြည် မရှိ အဆို လွှတ်တော် အတွင်း တင်သွင်းလာမှာ ဖြစ်တယ်လို့ ခန့်မှန်းနေကြတယ်။ 

ဝန်ကြီးချုပ်နိုဒါ ဟာ တိုင်းပြည်အတွင်း အခွန်းတိုးမြင့်ကောက်ခံရေး အဆိုကို လွှတ်တော် အတွင်း မဲခွဲဆုံးဖြတ်ရာမှာ အတိုက်အခံတွေကို ထောက်ခံမှုရအောင် စည်းရုံးနိုင်ခဲ့ပေမဲ့ ၊ ကိုယ့်ပါတီရဲ့ လွှတ်တော် ကိုယ်စလှယ်တွေရဲ့ ဆန့်ကျင်ကန့်ကွက်ခဲ့မှု နဲ့ ရင်ဆိုင်ခဲ့ရတယ်။ လက်ရှိ ဂျပန်နိုင်ငံရေး မှာ သြဇာအာဏာရှိတဲ့ အီချီယို အိုဇာဝါ နဲ့ သူ့ကို ထောက်ခံသူတွေ ကတော့ ပါတီ က နုတ်ထွက်ဖို့ ခြိမ်းချောက်မှုတွေဖြစ်ပေါ်နေပြီး၊ မကြာခင် အထွေထွေရွေးကောက်ပွဲ ကို ဖြစ်ပေါ်လာဖို့ မျှော်လင့်တယ်လို့ သူက သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့တယ်။

ဂျပန်အစိုးရ ဟာ ကမ္ဘာပေါ်မှာ ကြွေးမြီအများဆုံးတင်ရှိနေတဲ့ နိုင်ငံဖြစ်ပြီး၊ ဂျပန်နိုင်ငံရဲ့ အမျိုးသားကုန်ထုတ်လုပ်မှု စွမ်းအား (GDP) ရဲ့  ၂၁၉ ရာခိုင်နှုန်းရှိနေတယ်လို့ ဂျပန်အစိုးရ က အတည်ပြုထုတ်ဖော်ပြောဆိုခဲ့တယ်။ ဥရောပမှာ ကြွေးမြီပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ ဂရိနိုင်ငံက နိုင်ငံရဲ့ အမျိုးသားကုန်ထုတ်လုပ်မှု စွမ်းအား (GDP) ရဲ့  ၁၆၅ ရာခိုင်နှုန်း၊ အီတလီ နိုင်ငံ က အမျိုးသား ကုန်ထုတ်လုပ်မှု စွမ်းအား (GDP) ရဲ့  ၁၂၀ ရာခိုင်နှုန်း၊ အမေရိကန်နိုင်ငံက အမျိုးသားကုန်ထုတ်လုပ်မှု စွမ်းအား (GDP) ရဲ့  ၇၀ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံက အမျိုးသားကုန်ထုတ်လုပ်မှု စွမ်းအား (GDP) ရဲ့  ၂၄ ရာခိုင်နှုန်း အသီးသီးတင်ရှိနေကြတယ်လို့ ကမ္ဘာ့စီးပွားရေး စစ်တမ်းလေ့လာချက်မှာ သုံးသပ်ထား တာတွေ့ရပါတယ်။

ဂျပန် လွှတ်တော် က အတည်ပြုခဲ့တဲ့ ရောင်းဝယ်ခွန် ( Sales Tax) တိုးမြင့်မှု ဥပဒေ အရ  လက်ရှိ ၅ ရာခိုင်နှုန်း ကနေ ၂၀၁၄ ခုနှစ်မှာ  ၈ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်မှာ ၁၀ ရာခိုင်နှုန်း သို့ တိုးမြင့်ကောက်ခံသွား မှာဖြစ်ပါတယ်။ အခွန်တိုးမြင့်ကောက်ခံတဲ့ အဆိုကို ဆန့်ကျင်ခဲ့ကြတဲ့ ဂျပန်လွှတ်တော် အမတ်တွေ ကတော့ စီးပွားရေး နာလန်ထူအောင် ကျိုးပမ်းနေတဲ့ အချိန်မှာ စီးပွားရေးကျဆင်းမှု ကို ရှောင်ရှားဖို့  အခွန် တိုးမြင့် ကောက်ခံဖို့ မသင့်သေးဘူး လို့ထောက်ပြကြတယ်။ ဂျပန်စီးပွားရေးလေ့လာသုံးသပ်နေသူ စီးပွားရေးပညာရှင်တွေ ကတော့ အခွန်တိုးမြင့်ကောက်ခံခြင်းဖြင့် လက်ရှိတင်ရှိနေတဲ့ ဂျပန်နိုင်ငံရဲ့ ကြွေးမြီ  ယန်းငွေ ၇၀၉ ထွီလီယံ ( အမေရိကန်ဒေါ်လာ ၈.၈၉ ထွီလီယံ) ကို ကျဆင်းသွားမှာ ဖြစ်တယ်လို့ သုံးသပ်တွက်ချက်ထား ကြတယ်။

တင်ရှိနေတဲ့ တိုင်းပြည်ရဲ့ ကြွေးမြီပဿနာ ကို ဂျပန်အစိုးရ အသီးသီး  က ဒီမိုကရေစီ နည်းလမ်းကျကျ ဂျပန် ပြည်သူတွေရဲ့ ရှေ့မှောက်မှာ ထင်သာမြင်သာရှိရှိ၊ တာဝန်ယူမှုရှိရှိ နဲ့ ဘယ်လိုဆွေးနွေးဖြေရှင်း ကြသလဲဆိုတာကတော့ သင်ခန်းစာယူစရာပါ။ ၀န်ကြီးချုပ်ရာထူးတွေ ကို စွန့်လွှတ်ပြီးတိုင်းပြည်နှင့် ပြည်သူ အကျိုးစီးပွား ကို ရှေ့တန်းတင်ကာ စွန့်လွှတ်အနစ်နာခံခဲ့ကြတဲ့ ဂျပန်ဝန်ကြီးချုပ်အားလုံးအတွက် ကတော့ အထူး လေးစားဂုဏ်ယူစရာပါ။


အာရှတိုက် မှာတော့ စီးပွားရေး အားကောင်းတဲ့ ဂျပန် နိုင်ငံဟာ က ဆူနာမီ၊ နျူကလီးယားယိုစိမ့်မှု ပြဿနာ တို့ ကြောင့် စီးပွားရေး နာလန်ထူ လာဖို့ နှစ်အတောကြာ စိမ်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ကြရ လိမ့်မယ်လို့ ခန့်မှန်းခဲ့ကြတယ်။ ၂၀၀၇ ခုနှစ် ကမ္ဘာ့စီးပွားရေး ကပ်ဆိုက်ချိန်က စပြီး၊ ဂျပန် အစိုးရ အဆက်ဆက် တိုင်းဟာ စီးပွားရေး ပြန်လည် ဦးမော့လာဖို့ နည်းလမ်းပေါင်းစုံ နဲ့ အဖြေရှာခဲ့ကြတယ်။ ဂျပန် ဗဟိုဘဏ်ဟာ စီးပွားရေး အားကောင်းလာစေဖို့ အတိုးနှုန်း ကို သုည ရာခိုင်နှုန်းအထိ လျော့ချခဲ့ကြတယ်။ စီးပွားရေး ပြန်လည်ကောင်းမွန်အောင် နည်းလမ်းပေါင်းစုံနဲ့ အဖြေရှာတာ မအောင်မြင်ကြလို့ ဂျပန် ၀န်ကြီးချုပ် လေးဦး ၅ နှစ် အတွင်း နုတ်ထွက်ခဲ့ကြရတယ်။ ၂၀၀၇ ခုနှစ် က နေ ၂၀၁၁ ခုနှစ် အထိ ၅ နှစ် အတော် အတွင်း ဂျပန်ဝန်ကြီးချုပ် ၅ ယောက် ပြောင်းလဲ ခဲ့ပြီးဖြစ်တယ်။ ဒါကြောင့်မို့ ကမ္ဘာ့နိုင်ငံရေး ကို လေ့လာ သုံးသပ်နေသူတွေကတော့ ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြီးကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးမှာလည်း  Japanization ဖြစ်လာလိမ့်မယ်လို့ သုံးသပ် ပြောဆိုခဲ့ကြောင်းပါ။

နာဆာ နဲ့ SMART GOAL အပိုင်း (၁)



-မြတ်စိုး-
၀၆.၂၃.၂၀၁၂

လွန်ခဲ့တဲ့ ၃ နှစ်လောက် က အမေရိကန်နိုင်ငံ ဖလောရီဒါပြည်နယ်မှာ ရှိတဲ့ ကနေဒီ နာဆာ အာကာသ စူးစမ်း လေ့လာရေးဌာနမှာ    လူလိုက်ပါတဲ့ အာကာသလွန်းပျံယာဉ် လွှတ်တင်တဲ့အစီအစဉ် ကို ရပ်နားတော့မှာမို့ သွားရောက် လေ့လာ ဖြစ်ခဲ့တယ်။ လ ကမ္ဘာပေါ်ပစ်လွှတ်ခဲ့ ဒုံးကျည်အကြောင်းတွေ၊ အာကာသလွန်းပျံယာဉ် တွေရဲ့ ခရီးစဉ် အကြောင်းတွေ၊  နာဆာ အာကာသ စူးစမ်း လေ့လာရေးဌာန ရင်ဆိုင်ခဲ့ရတဲ့ ဆုံးရှုံးမှုတွေ၊ စိမ်ခေါ်မှု အခက်အခဲတွေ၊ လကမ္ဘာပေါ်က ကျောက်သား၊ မြေဆိုင်မြေခဲတွေ၊ အပိုလို အာကာသ ခရီးစဉ် သမိုင်းကြောင်းတွေ၊ နှစ်ပေါင်း ၅၀ နာဆာရဲ့ အာကာသခရီးစဉ် အတွေ့အကြုံတွေ၊ နာဆာရဲ့ အာကာသ စီမံကိန်းများကြောင့်  လူသားများ အပေါ် အကျိုးဖြစ်ထွန်းစေတဲ့ တီထွင်မှုတွေ ကို  မှတ်သားဖွယ်ရာ နဲ့ စိတ်ဝင်စားဖွယ်ရာ တွေ့မြင်သိရှိလာခဲ့ရတယ်။  

 ငယ်စဉ်က အာကာသယဉ်မှူး အဖြစ် စိတ်ကူးယဉ်ခဲ့တဲ့ ကျနော်ဟာ အာကာသ ခရီးစဉ် လေးကြိမ် သွားရောက်ခဲ့တဲ့ အမေရိကန် အမျိုးသမီး အာကာသ သူရဲကောင်းတဦးနဲ့တော့ ရင်းနှီးစွာ တွေ့ဆုံ စကားပြောဆိုခွင့် ရခဲ့တာနဲ့ပဲ ကျေနပ်နှစ်သိမ့်ခဲ့ရတယ်။
သူမရဲ့ နာမည် က တော့ ၀င်ဒီလောရင့် (  Wendy B Lawrence) ပါ။ အမေရိကန်နိုင်ငံ ရေတပ်က ပထမ ဦးဆုံး အမျိုးသမီး အာကာသ သူရဲကောင်း တဦးဖြစ်သလို၊ ရုရှား အာကာသ ခရီးစဉ်မှာ ပါဝင်ခဲ့သူလည်းဖြစ်တယ်။ သူမရဲ့ စွမ်းဆောင်မှု အကြောင်း ကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

 နာဆာ (NASA) လို့ဆိုရင် ကမ္ဘာ မှာ သိပ္ပံပညာရှင်များ၊ နေစကြာဝဋ္ဌာ နှင့် အာကာသ စိတ်ဝင်တစားလေ့လာ သူများ အားလုံးသိကြပါလိမ့်မယ်။ ‘နာဆာ’ ခေါ် အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန(National Aeronautics and Space Administration, NASA) ဟာ အမေရိကန်၏ အာကာသ စီမံကိန်းများအတွက် တာဝန်ရှိသည့် အစိုးရအပိုင် ဌာနတစ်ခုဖြစ်တယ်။ အမေရိကန်သမ္မတ အိုင်ဆင်ဟောင်ဝါ က နာဆာအား ၁၉၅၈ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ‘အမျိုးသား အာကာသနှင့် လေကြောင်းဆိုင်ရာ အက်ဥပဒေ’ အရ အတည်ပြု လက်မှတ်ရေးထိုး တည်ထောင်ခဲ့ပြီး ယခင် လေကြောင်းရေးရာ အမျိုးသားအကြံပေး  ကော်မတီ အဖွဲ့နဲ့  အစားထိုးခဲ့သည်။ ၁၉၅၈ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် အာကာသ စူးစမ်းလေ့လာရေး စီမံကိန်းများကို စတင် အကောင်အထည်ဖော်ခဲ့သည်။ ယင်းစီမံကိန်းများ အနက် လကမ္ဘာသို့ သွားသည့် အပိုလိုမစ်ရှင်၊ နေစကြာဝဋ္ဌာ ရှိ ဂြိုဟ်များ ကို လေ့လာသည့် အစီအစဉ်များ၊ နိုင်ငံတကာ အာကာသစခန်း ခရီးစဉ်များ စသည်တို့ လည်း ပါဝင်ပါတယ်။

နာဆာ ဟာ လူသား တွေအတွက် ဘာတွေ အကျိုးပြုခဲ့သလဲ?

နာဆာဟာ အမေရိကန်နိုင်ငံ လေကြောင်းကဏ္ဍနှင့် အာကာသ စူးစမ်း လေ့လာခြင်း လုပ်ငန်းများ၊ စကြာဝဋ္ဌာ၊ နေအဖွဲ့အစည်းနှင့် ကမ္ဘာအကြောင်းကို ပိုမို နားလည်လာ နိုင်စေရန်နှင့် အာကာသသို့ လူများစေလွှတ်နိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ သို့သော်လည်း နာဆာဟာ လေကြောင်းနှင့် အာကာသသိပ္ပံ သက်သက်ကိုသာ လေ့လာခြင်းမဟုတ်ဘဲ တကမ္ဘာလုံးရဲ့ မိုးလေ၀သနဲ့ ဇလဗေဒသုတေသန၊ ဘူမိဗေဒ၊ အဏ္ဏ၀ါဗေဒ၊ ဇီဝဗေဒနှင့် ဆေးသုတေသန တို့အပြင် လူသားအားလုံးအတွက် အကျိုးပြုစေတဲ့ အခြားသော သိပ္ပံဆိုင်ရာ သုတေသန လုပ်ငန်းတွေ ကိုလည်း လုပ်ဆောင်နေတာပါ။

နာဆာ မှ  အာကာသ မြေပုံ ၊ အာကာသရှိ ကြယ်များရဲ့ မြေပုံတွေ ကို ဖော်ထုတ်ပြသနိုင်ခဲ့တယ်။ လ၊ အင်္ဂါဂြိုဟ်၊ ကြာသပတေးဂြိုဟ် အပါအ၀င် နေစကြာဝဋ္ဌာ ရှိ ဂြိုဟ်များ ကို လေ့လာမည့် အာကာသယာဉ် တွေကို လည်း နာဆာ က လွှတ်တင်နိုင်ခဲ့တယ်။

ဒီနေ့ နာဆာရဲ့ သုတေသန လုပ်ငန်းစီမံကိန်းတွေကြောင့်  သိပ္ပံနှင့် ဆေးပညာနယ်ပယ်မှာ သာမက လူသားတွေနေ့စဉ် အသုံးပြုနေကြတဲ့ စားသောက်ကုန် နှင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု  နယ်ပယ်မှာ ပါ တိုးတက် အောင်မြင်မှု ရလာဒ်တွေရရှိခဲ့တယ်။ လူသားတွေ ၀တ်ဆင်နေကြတဲ့ နေကာမျက်မှန်၊ အဝေးကြည့် မျက်မှန်၊  ကလေးသုံး diapers ၊ အမေရိကန်နိုင်ငံတ၀ှမ်းမှာ  ရောင်းချနေတဲ့  အမေနို့ရည်နဲ့ ၉၅ ရာခိုင်နှုန်း တူတဲ့ နို့ ( ဒီနို့ရည်ဟာ မျက်လုံးနှင့် ဥဏှောက် ကို ဖွံ့ဖြိုးစေသည်။) မော်တော်ကားများ၊ ယာဉ်များမှာ အသုံးပြုနေကြတဲ့ ခါးပတ် ( Seat belt)၊ Scanner ၊  Printer ၊ သွားများကို ထိမ်းညှိပေးတဲ့ Brace ၊  မွေ့ယာထဲက foam၊ နားထဲ ကနေတဆင့် အပူချိန်တိုင်းနိုင်တဲ့ အပူချိန်တိုင်းကရိယာ၊ ဖုန်းများမှာ အသုံးပြုတဲ့ ကင်မရာ၊ ရှုးဖိနပ် အောက်ခံသား၊ ရေသန့်စင်တဲ့ Filter ၊ အဝေးရောက်ဆက်သွယ်ရေး၊ မီးခိုးငွေ့တိုင်းတာသည့်  Smoke detector ၊ Cordless tools ၊ Safety Grooving   အပါအ၀င် အစားအသာက်နှင့် လူသုံးကုန်ပစ္စည်း အသစ် သောင်းနဲ့ချီ တီတွင်ဖော်ထုတ် အသုံးပြုနိုင်ခဲ့တယ်။ စက်မှုလုပ်ငန်းများ နှင့် လူသားများနေ့စဉ် အသုံးပြုနိုင်တဲ့ နည်းပညာ ပေါင်း ၁၇၂၃ ခု ကို လည်း တီထွင်ရှာဖွေထုတ်ဖော်နိုင်ခဲ့တယ်လို့ နာဆာ သုတေသနဌာနရဲ့ မှတ်တမ်းမှာ ဖော်ပြထားတယ်။ ၂၀၁၀ ခုနှစ်ထဲမှာတင် တီထွင်မှုအသစ် စုစု ပေါင်း ၁၄၀၀ ကျော် ရှိခဲ့တယ်လို့ နာဆာ က အတည်ပြုခဲ့တယ်။
          
အာကာသ ကို လူလိုက်ပါသွားတဲ့ လွန်းပျံယာဉ်တွေ စေလွှတ်မှု ဘာကြောင့် နာဆာ က ရပ်ဆိုင်းခဲ့သလဲ?              

 လူသားတွေကို အကျိုးဖြစ်ထွန်းစေတဲ့ အာကာသ ကို လူလိုက်ပါသွားတဲ့ လွန်းပျံယာဉ်တွေ စေလွှတ်မှု ဘာကြောင့် နာဆာ က ရပ်ဆိုင်းခဲ့သလဲ ဆိုတာကတော့ ရှင်းပါတယ်။ အမေရိကန်နိုင်ငံမှာ စီးပွားရေးဆုတ်ယုတ်ကျဆင်းမှု၊ ဘဏ္ဍာရေးလိုငွေပြမှု၊ ကြွေးမြီပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ အမေရိကန် အစိုးရ အနေနဲ့ ငွေကြေးမတက်နိုင်တော့ကြောင့်သာဖြစ်တယ်။ ၂၀၁၃ ခုနှစ်မှာ အမေရိကန် သမ္မတ အိုဘားမား အစိုးရ က အာကာသစီမံကိန်းတွေ အတွက် အမေရိကန်ဒေါ်လာ ၁၇.၇ ဘီလီယံ လွှတ်တော်မှာ တောင်းဆိုခဲ့တယ်။ ဒီငွေကြေးပမာဏဟာ လုံလောက်မှု မရှိဖြစ်နေတယ်။ လူသားလိုက်ပါတဲ့ အာကာသလွန်းပျံယာဉ် လွှတ်တင်တဲ့အစီအစဉ် ကို ပြန်လည်မွန်းမံဖို့ တနှစ်ကို အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ လောက် ကုန်ကျမယ်လို့ နာဆာရဲ့ ထိပ်တန်းအကြီးအကဲတွေက ခန့်မှန်းထားတယ်။ ဒီတော့ နာဆာဟာ အာကာသ ကို လူလိုက်ပါသွားတဲ့ လွန်းပျံယာဉ်တွေ စေလွှတ်မှု ကို ရပ်ဆိုင်းဖို့ နောက်ဆုံးမှာ ဆုံးဖြတ်ခဲ့ရတော့တယ်။

ဒီဆုံးဖြတ်ချက်နောက်ကွယ်က အကျိုးသက်ရောက်မှုတွေကတော့ ဖလော်ရီဒါပြည်နယ် ကနေဒီ အကာသ စခန်းမှာ အလုပ်လုပ်နေသူ ပညာရှင်ပေါင်း ၈၀၀၀ ကျော်ကနေ ၁၆၀၀ ထိလျော့ချခဲ့ရတယ်။ ထို့အတူ နာဆာရဲ့ အကာကာသ အစီအစဉ်အောက်မှာ အလုပ်လုပ်ကိုင်နေကြတဲ့ ပြင်ပကုမ္ပဏီတွေက အလုပ်သမား ၁၆၀၀၀ ကနေ ၁၂၀၀၀ နီးပါး အလုပ်လျော့ ချခဲ့ကြလို့ ကနေဒီ နာဆာ ဌာန ကို မှီခိုအားထား  အလုပ်လုပ်နေကြတဲ့ အလုပ်သမားစုစုပေါင်း ၈၀၀၀ လောက် အလုပ်လက်မဲ့ ဖြစ်ခဲ့ကြရတယ်လို့ ခန့်မှန်းခဲ့ကြတယ်။ အာကာသ လွန်းပျံယာဉ်မှာတပ်ဆင်ထားတဲ့ အပူ အအေး ခံ Foam ပြားတွေ ကို ကိုက်ဖျက်တဲ့ သစ်တောက်ငှက်တွေ ကို အာကာသ ခရီးစဉ် ပစ်လွှတ်မှုမတိုင်ခင် ၂၄ နာရီလုံးလုံး စောင့်ကြည့်ချောက်လှန့်နေတဲ့ ငှက်ချောက်သမား၊ သန့်ရှင်ရေးသမား၊ ကားမောင်းသမား က အစ၊ အာကာသ နည်းပညာ ဆိုင်ရာ အင်ဂျင်နီယာ နှင့် သိပ္ပံပညာရှင် အဆုံး အားလုံး အလုပ်လက်မဲ့ဖြစ်ခဲ့ကြရတော့တာပါပဲ။

အမေရိကန် အာကာသ စီးပွားရေးလုပ်ငန်း ဆိုင်ရာ စိမ်ခေါ်မှုများ


အမေရိကန် အာကာသ နှင့် ဂြိုဟ်တု ဆက်သွယ်ရေးလုပ်ငန်း က နှစ်စဉ်တင်ပို့မှုရဲ့ ၀င်ငွေဟာ အမေရိကန်ဒေါ်လာ ၂၀.၈ ဘီဘီယံ ရှိပြီး၊ ၁၀ နှစ်အတွင်း နှစ်စဉ် အလုပ်အကိုင် ၂၈, ၀၀၀ ကို ဖန်တီးနိုင်ခဲ့တယ်လို့ အာကာသဆိုင်ရာ စက်မှု လုပ်ငန်း အသင်းအဖွဲ့ AIA  (Aerospace Industries Association) က ခန့်မှန်းတွက်ချက်ခဲ့တယ်။ ယခင်က အမေရိကန်နိုင်ငံဟာ ဂြိုဟ်တုဆက်သွယ်ရေး နှင့် အာကာသလုပ်ငန်း ဆိုင်ရာ တင်ပို့မှုပိုင်းမှာ မှာ ကမ္ဘာ့ဈေးကွက်ရဲ့  ၆၃ ရာခိုင်နှုန်းရှိခဲ့ပေမဲ့၊ ယခုအခါမှာ ကမ္ဘာ့ဈေးကွက်ရဲ့ ၃၀ ရာခိုင်နှုန်း ထိသို့  လျော့ကျ လာတာတွေ့ရ တယ်။ 






 နိုင်ငံတချို့က အမေရိကန်ရဲ့ အာကာသ ဆိုင်ရာ နည်းပညာတွေ ကို လိုင်စင်မဲ့ အခမဲ့ခိုးယူ သုံးစွဲခံခဲ့ရမှုတွေကြောင့် အမေရိကန် အစိုးရ ဟာ အာကာသနည်းပညာ  ဆိုင်ရာ တင်ပို့ကုန် တွေအပေါ် အမျိုးသားလုံခြုံရေး အကြောင်းပြချက်ဖြင့် တင်းကျပ်တဲ့  ဥပဒေတွေ ချမှတ်ခဲ့တယ်။ ဒီလို တင်ပို့ရောင်းချမှုဆိုင်ရာ ဥပဒေတွေ ကို တင်းကျပ်ခဲ့ခြင်းကြောင့် ကမ္ဘာ့ဈေးကွက်မှာ အမေရိကန်ရဲ့ တင်ပို့ရောင်းချမှုဟာ သိသိသာသာ ကျဆင်းလာခဲ့ရတာ ဖြစ်တယ်လို့  အာကာသဆိုင်ရာ စက်မှု လုပ်ငန်း အသင်းအဖွဲ့ က ပြောဆိုခဲ့တယ်။ အမေရိကန် အစိုးရ ရဲ့  တင်ပို့ကုန် တင်းကျပ်မှု ဥပဒေတွေကြောင့် အမေရိကန် အာကာသ နှင့် ဂြိုဟ်တု ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းတွေ မှာ အလုပ်အကိုင် ၂၅, ၀၀၀၀ လောက် လည်း ဆုံးရှုံးခဲ့ရတယ်လို့ အာကာသ ဆိုင်ရာ လုပ်ငန်း အသင်း AIA  (Aerospace Industries Association) ရဲ့ လေ့လာသုံးသပ်ချက် စစ်တမ်း မှာ ဖော်ပြထား တာတွေ့ရတယ်။


အမေရိကန်အစိုးရ အနေနဲ့ ဂြိုဟ်တုဆက်သွယ်ရေး နှင့် အာကာသဆိုင်ရာ တင်ပို့ကုန်အပေါ် တင်းကျပ်ထားတဲ့ ဥပဒေတွေ ကို လျော့ချမလား၊ ကမ္ဘာ့ဈေးကွက် မှာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်မလားဆိုတာက ယနေ့ အမေရိကန် အစိုးရ လက်ရှိ ရင်ဆိုင်နေရတဲ့ စိမ်ခေါ်မှုပဲဖြစ်ပါတယ်။


တကယ်တော့  ကမ္ဘာ့ထိပ်တန်း အမေရိကန် အာကာသစူးစမ်းလေ့လာရေး အဖွဲ့က နိုင်ငံတကာ အာကာသ စခန်းဆီ ပျံသန်းမယ့် လူလိုက်ပါသွားတဲ့ လွန်းပျံယာဉ်တွေ ဆက်ပြီးမထုတ်တော့ ၊ မလွှတ်တင်တော့ တဲ့ အတွက် ကတော့ အင်မတန် မှ စိတ်မကောင်းစရာပါ။ ဒါပေမဲ့ လည်း အခြားဂြိုဟ်တွေနဲ့ သိပ္ပံပညာတွေ ကို စူးစမ်း လေ့လာမည့် အစီအစဉ်တွေက ဆက်လက် ရှိနေဆဲပါလိုတော့ နာဆာ က အတည်ပြုပြောဆို ခဲ့တယ်။
အမေရိကန် နာဆာ အာကာသ စူးစမ်း လေ့လာရေးဌာန က  နှစ်ပေါင်း ၅၀ ကျော် ကြာ အာကာသလွန်းပျံယာဉ် လွှတ်တင်တဲ့အစီအစဉ်ကို ဘာကြောင့်ရပ်ဆိုင်း လိုက်သလဲ၊ နာဆာရဲ့ အနာဂတ် ရည်မှန်းချက်နှင့် အစီအစဉ်တွေက ဘာတွေဆိုတာ က တော့ တကမ္ဘာလုံးက လူသားတွေ အားလုံး  သိချင်နေကြတဲ့မေးခွန်းတခုပါ။ နာဆာ က တော့ သူတို့ မှာ အခြား အာကာသ နဲ့ သပ္ပံပညာတွေ ကို လေ့လာစူးစမ်းဖို့ SMART  goals တွေ ဆက်လက်ရှိနေအုန်း မယ်လို့ဆိုတယ်။

Saturday, March 10, 2012

ခေတ်၊ စနစ် နဲ့ လူတွေ ဟာ အံဝင်ခွင်ကျ ဖြစ်ဖို့ လိုတယ် - အပိုင်း ( ၄)


-မြတ်စိုး-

၀၃-၁၀-၂၀၁၂

အလေ့အကျင့်ကောင်းတွေ ကို ဆည်းပူးကျင့်သုံးခြင်း၊ မလိုတာတွေ ကို ရှင်းထုတ်ခြင်း၊ အလေအလွှင့်တွေ ကိုလျော့ချခြင်း၊ လူတွေရဲ့ စွမ်းရည်တွေ ကို မြင့်တင်ပေးခြင်းဖြင့် ၀န်ဆောင်မှု အရည်အသွေး နှင့် ကုန်ထုတ်လုပ်မှု စွမ်းရည်မြင့်တင်ခြင်း၊ ကို ကုန်ထုတ်လုပ်မှု နယ်ပယ် မှာ “Lean” လုပ်တယ်လို့ ယေဘူယျ သုံးနှုန်း ခေါ်ဝေါ်ကြတယ်။ တကယ်တော့ ဖွံ့ဖြိုးတိုးတက်နေတဲ့ တိုင်းပြည်တွေမှာ “Lean” ကုန်ထုတ်လုပ်မှု ပုံစံ ကို စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနယ်ပယ်တွေ မှာ သာမက အစိုးရ အဖွဲ့အတွင်း မှာ ပါ တွင်တွင်ကျယ်ကျယ် အသုံးပြု လာတာတွေ့ရတယ်။ အစိုးရ အဖွဲ့အတွင်း Clean Government ( သန့်ရှင်းတဲ့ အစိုးရ) ဖြစ်ဖို့ က အစိုးရ အဖွဲ့အတွင်း "Lean" ကို လက်တွေ့ကျင့်သုံး လာကြတယ်။ ယနေ့ အမေရိကန်နိုင်ငံ စစ်တပ်ဟာ စစ်မြေပြင် မှာ “Lean” လုပ်တော့မယ်လို့ ကမ္ဘာ ကို အသိပေးပြီးဖြစ်တယ်။

မြန်မာနိုင်ငံမှာတော့ ခေတ်၊ စနစ် နဲ့ လူတွေ ဟာ အံဝင်ခွင်ကျ ဖြစ်ဖို့ ခေါက်ရိုးကျိုးနေတဲ့ မြန်မာနိုင်ငံရေး ယဉ်ကျေးမှု ကို " Lean" လုပ်နိုင်ဖို့ က တော့ အတော်လေး စိန်ခေါ်မှုတွေရှိနေဆဲပါ။ ထို့အတူ အစိုးရ အဖွဲ့ အတွင်း "Lean" မလုပ်ပါက "Clean Government" ဖြစ်လာ မှာတော့ မဟုတ်ပါ။

မြန်မာ့ နိုင်ငံရေး ယဉ်ကျေးမှု နှင့် ကုန်ထုတ်လုပ်မှု ပုံစံ

မြန်မာ့ နိုင်ငံရေး ယဉ်ကျေးမှု ကို ကုန်ထုတ်လုပ်မှုနည်းလမ်း ပုံစံနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် Input လို့ခေါ်တဲ့ အတွေးအခေါ် အယူအဆ က လွှမ်းမိုး နေတုန်းပဲ။ လူတယောက်ရဲ့ တန်ဘိုး၊ စွမ်းရည် ကို Input ဆိုတဲ့ အသွင်း / အ၀င် ကုန်ကြမ်း နဲ့ တိုင်းတာမှုတွေ ရှိနေကြတုန်း ကို ဆိုလိုတာပါ။ ငါက ဘာလူမျိုး၊ ငါက မဟာမျိုးမဟာနွယ် လူကြီးသားသမီး စစ်သားဖြစ်ရမယ်၊ စစ်မှုထမ်းခဲ့ရမယ် ဆိုတဲ့ ငါ က ဘယ်သူဆိုတဲ့ အတွေးအခေါ် အယူအဆ ကိုဆိုလိုတာပါ။ မြန်မာ့ နိုင်ငံရေး ယဉ်ကျေးမှု သမိုင်း ထဲက နိုင်ငံရေး ကုန်ထုတ်လုပ်မှု ပုံစံ ထဲမှာ တခါတရံ Input တွေ က အများကြီး၊ တိုးတက် တဲ့ ရလာဒ် က မရှိ၊ မလိုအပ်တဲ့ သူတွေ က များ၊ စွမ်းဆောင် နိုင်တဲ့ အရည်အချင်း က လည်း မရှိဖြစ်နေတယ်။ အရည်အချင်းစွမ်းရည် ရှိသူတွေ လူမှန်၊ နေရာ မှန်မှာ မရှိတော့ တိုင်းပြည်ဟာ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေး လာစေတယ်။ လူသားတွေရဲ့ စိတ်ဓာတ် တွေ နှင့် အလေ့အကျင့်တွေ ဟာ ခေတ် နဲ့ စနစ် နောက်မှာ ကျန်ရစ်နေပြီ ဆိုရင်တော့ တိုင်းပြည်ဟာ ဖွံ့ဖြိုးတိုးတက် လာမှာ တော့ မဟုတ်ပါ။

ဒီနေ့ ဖွံ့ဖြိုးတိုးတက် နေပါတယ်ဆိုတဲ့ တိုင်းပြည်တွေ မှာ လူသားတွေဟာ ဒီလို တွေးခေါ်ယူဆမှုမျိုးတွေ လက်မခံ ကြတော့ဘူး။ Output (သို့) Result ဆိုတဲ့ လက်တွေ့ကျတဲ့ ရလာဒ်တွေ၊ အောင်မြင်စွာ စွမ်းဆောင်ခဲ့မှု တွေ အပေါ် ယုတ္တိဗေဒနည်းလမ်းကျ၊ ကျိုးကြောင်းဆီလျော် တဲ့ Logical Concept/ Thinking / Model တိုင်းတာမှု တွေနဲ့ စဉ်းစား သုံးသပ် လာကြတာတွေ့ရတယ်။

ကုန်ထုတ်လုပ်မှုနည်းလမ်း ပုံစံ နဲ့ နှိုင်းယှဉ်ပြောရရင် ကုန်ထုတ်လုပ်မှု ကို တိုင်းတာရာမှာ ဘယ်လောက် အလေအလွှင့်နည်းပါးမှု ဖြစ်ပေါ်စေမလဲ၊ ဘယ်လောက်ထုတ်လုပ်မှု အားကောင်း လာမလဲ၊ အသက်အန္တာရယ် လုံခြုံစိတ်ချမှု တွေ ဘယ်လောက် ပေးနိုင်မလဲ၊ ဘယ်လောက် ကုန်ကျမှုသက်သာမလဲ၊ ဘယ်လောက် အကျိုးဖြစ်ထွန်းနိုင်မလဲ၊ ယခင် လုပ်ဆောင်ချက်တွေ မှာ ဘာ ရလာဒ်ကောင်းတွေ၊ အောင်မြင်မှုတွေ ရှိခဲ့သလဲ ဆိုတဲ့ ရလာဒ် Result/ Outcome တွေ အပေါ် မှာ သုံးသပ် တိုင်းတာကြတယ်။ တနည်းအားဖြင့် အောင်အောင်မြင်မြင် လုပ်ကိုင်နိုင်တဲ့ စွမ်းဆောင်မှုတွေ (Achievements) အပေါ်မှာ လူသားတွေရဲ့ တန်ဘိုး ကို တိုင်းတာ လေ့ရှိကြတယ်။ ကုန်ထုတ်လုပ်မှု အားကောင်းတဲ့ စက်ကရိယာတွေ၊ နည်းပညာတွေ ကို တီထွင်ခဲ့တာတို့၊ သန်းနဲ့ချီ အလေအလွှင့်တွေ လျော့ချခဲ့တာတို့ စတဲ့ လက်တွေ့ တိုင်းတာလို့ရတဲ့ အောင်မြင်မှု အချက်အလက် ရလာဒ်တွေကို ဆိုလိုတာပါ။

ကမ္ဘာ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ စီးပွားရေးနယ်ပယ် က ခေါင်းဆောင်တွေ ကို လည်း လူသားတွေ အပေါ် သူတို့ ဘယ်လောက် အကျိုးပြု လုပ်ဆောင်ပေးနိုင်တဲ့ အောင်မြင်မှု ရလာဒ်တွေ အပေါ် စံချိန်စံနှုန်းထား တိုင်းတာ လေ့ရှိကြတယ်။

ဥပမာ- နိုင်ငံရေးလောက မှာ နိုင်ငံ့ခေါင်းဆောင်လုပ်မဲ့သူတွေဟာ တိုင်းပြည် မှာ လူထု ကို ဘယ်လို ထမင်းကျွေးမလဲ၊ လူ့အခွင့်အရေးတွေ အကာအကွယ်ပေးဖို့ ဘယ်လောက်ထိ တင်ပြတောင်းဆိုပေးသလဲ၊ နိုင်ငံကို ဘယ်လို ဖွံ့ဖြိုးတိုးတက်အောင်လုပ်မလဲ၊ လူထုကို အလုပ်အကိုင် အခွင့်အလမ်းတွေ ဘယ်လို ဖန်တီးပေးမလဲ၊ အကျင့်ပျက်ခြစားမှုနဲ့ အဂတိလိုက်စားမှုတွေ ဘယ်လို တိုက်ဖျက်မလဲ၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေကို ဘယ်လိုဖြေရှင်းမလဲ၊ ဆင်းရဲမွဲတေနေမှုကို ဘယ်လို တိုက်ဖျက်မလဲ၊ ဆင်းရဲချမ်းသာ ကွာဟနေမှုကို ဘယ်လိုဖြေရှင်းမလဲ၊ တိုင်းပြည်အတွင်း ပညာရေး ကျန်းမာရေး အခြေအနေတွေ ဘယ်လောက်မြှင့်တင် နိုင်အောင်ကြိုးစားမလဲ ဆိုတာတွေကို နေ့စဉ် ကိန်းဂဏန်း အချက်အလက်တွေနဲ့ အပြန်အလှန်ဆွေးနွေး ပြောဆိုဖို့ လိုအပ်သလို၊ ပြည်သူတွေ က လည်း ခေါင်းဆောင်လုပ်တဲ့ သူတွေ ရဲ့ လုပ်ကိုင်နိုင်တဲ့ စွမ်းရည်၊ လုပ်ခဲ့တဲ့ အောင်မြင်မှု ရလာဒ်တွေ အပေါ် တိုင်းတာကြ ရမှာဖြစ်တယ်။ လုပ်ကိုင်နိုင်တဲ့ စွမ်းရည်ရှိသူတွေ ကိုလည်း လုပ်ပိုင်ခွင့်တွေ ရရှိအောင် လူထု ကလည်း မှန်မှန်ကန်ကန် ရွေးချယ် ပေးဖို့လိုတယ်။

ခေတ် ခေတ် နဲ့ တခေတ်၊ စနစ် တခု ကနေ အခြား စနစ် တခု ကို ပြောင်းလဲတဲ့ အသွင်ကူးပြောင်းရေး ကာလ တွေ မှာ လည်း လူသားအားလုံးဟာ သူနေရာ က နေ သူ၊ သူတက်နိုင်တဲ့ အရည်းအချင်း လိုက် တာဝန်တွေ ကို ထမ်းဆောင်ယင်း ပါဝင် ကပြ ကြရတယ်။ ဥပမာ- Activists လို့ခေါ်ဆိုတဲ့ လူထု အတွက် အခွင့်အရေးတွေ ကို တက်ကြွစွာ လှုပ်ရှားနေတဲ့သူ (သို့) လူထုကို လှုံ့ဆော် ပညာပေးတဲ့သူ ၊ Politicians လို့ခေါ်ဆိုတဲ့ နိုင်ငံရေးသမား (သို့) ဥပဒေ ရေးဆွဲတဲ့သူ၊ Technocrats လို့ခေါ်ဆိုတဲ့ နိုင်ငံရေးသမားတွေ၊ ဥပဒေပြုသူတွေရဲ့ ဆုံးဖြတ်ချက်တွေ ကို အကောင်အထည်ဖော်ဆောင်ပေးနိုင်တဲ့ တက်ကျွမ်းတဲ့ ပညာရှင် လိုမျိုး သူ့နေရာ နဲ့ သူ မှာ အသီးသီး ပါဝင်ကပြကြတာကို ဆိုလိုတာပါ။

ဒီနေရာမှာ လူထု အတွက် အခွင့်အရေးတွေ ကို တက်ကြွစွာ လှုပ်ရှားနေတဲ့သူ ( သို့) လူထုကို လှုံ့ဆော် ပညာပေးတဲ့သူ (Activists) နှင့် နိုင်ငံရေးသမား (သို့) ဥပဒေ ရေးဆွဲတဲ့သူ ( Politicians) ကွာခြားတာကတော့ နိုင်ငံရေးသမားတွေဟာ ဆုံးဖြတ်ချ တွေ ကို ချမှတ်ရတယ်။ ဆုံးဖြတ်ချက်တွေ အပေါ် တာဝန်ယူမှု ရှိရတယ်။ ဆုံးဖြတ်ချက် မှားရင် သူပြိုင်တဲ့ မဲဆန္ဒမှာ သူ့ကို ထောက်ခံတဲ့ မဲ ရမှာ မဟုတ်ဘူး ဆိုတာပဲ။ နိုင်ငံရေးသမားတွေ ဆုံးဖြတ်ချက်မှားရင် တော့ သူ့အပေါ် ပြန်လည် သက်ရောက်မဲ့ အကျိုးက ပိုမိုကြီးမားစွာခံစားရ ပါလိမ့်မယ်။

နိုင်ငံရေး သမား ဘ၀ ကို တက်လှမ်းမယ်ဆိုရင်တော့ ဆုံးဖြတ်ချက်တွေ ချနိုင်တဲ့ အရည်အချင်း၊ တာဝန်ယူမှု ရှိတဲ့ စိတ်ဓာတ် တွေ ရှိဖို့ လိုအပ်သလို၊ ဒီလို အရည်အချင်းရှိရှိ၊ မှန်ကန် တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ ပံ့ပိုး ကူညီ အကြံအဥာဏ် ပေးနိုင်မဲ့ ပညာရှင်တွေ အနားမှာရှိဖို့ လိုအပ်တယ်။ တက်သိတက်ကျွမ်း တဲ့ ပညာရှင်တွေ အနားမှာ ရှိဖို့ က လည်း နိုင်ငံရေးသမားတိုင်း မှာ စွဲဆောင်စည်းရုံးနိုင်တဲ့ အရည်အချင်း ရှိဖို့ လိုပါတယ်။

လေးနက်မှု မရှိပဲ အရာတိုင်း ကို ငါသိပါတယ်ဆိုတာ မျိုး မဖြစ်သင့်ဘူး။ ဒီလို စိတ်ဓာတ်မျိုးတွေ ရှိရင်လည်း နိုင်ငံရေးသမားတွေဟာ ကျဆုံးမှုတွေ နဲ့ သာ ရင်ဆိုင်ရပါလိမ့်မယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ခေတ်က ဆိုက်ကားသမား တင်းပြည့်ပါတီဝင်ဖြစ်လို့ တရားသူကြီးတက်လုပ်ကြ တော့ စနစ်တခုလုံး၊ ခေတ်တခုလုံး မှာ ပြည်သူလူထုတွေ ဘယ်လို ခံစားခဲ့ရတယ်ဆိုတဲ့ ဖြစ်ရပ်ဆိုးတွေအပေါ် မှာ သင်ခန်းစာယူကြဖို့ လိုပါလိမ့်မယ်။

လူထုက လက်ခံတဲ့၊ လူထု ကို အကျိုးပြုလုပ်ဆောင်မဲ့ နိုင်ငံရေးသမားတွေရဲ့ ဆုံဖြတ်ချက်တွေ ကို အကောင်အထည်ဖော် လုပ်ဆောင်ပေးရမဲ့သူတွေ ကတော့ နယ်ပယ်အသီးသီး က ကျွမ်းကျင်တဲ့ ပညာရှင်များ (Technocrats) တွေသာ ဖြစ်တယ်။ ကျွမ်းကျင်တဲ့ ပညာရှင်များ ဆိုရာမှာ နယ်ပယ် အသီးသီးက အတက်ပညာ၊ နည်းပညာပိုင်းမှာ တကယ် လက်တွေ့ ကျွမ်းကျွမ်းကျင်ကျင် အတွေ့အကြုံ ရှိကြတဲ့ သူတွေကိုသာ ဆိုလိုတာဖြစ်တယ်။ အသိပညာရှိသော် လည်း လက်တွေ့ အတွေ့အကြုံမရှိတဲ့ တုံးနေတဲ့ဓားတွေလို မဖြစ်ဖို့တော့ လိုတယ်။ လက်တွေ့ အတွေ့အကြုံမရှိတဲ့ အသိပညာ ဟာ ဆား မပါတဲ့ ဟင်းလိုပဲ ဖြစ်နေ မှာပဲ။ ဖွံ့ဖြိုးတိုးတက်နေပါတယ်ဆိုတဲ့ တိုင်းပြည်တွေ မှာတော့ စီးပွားရေးလုပ်ငန်းများ နှင့် ကော်ပိုရေးရှင်းကြီးတွေထဲ မှာ တကယ်လက်တွေ့ အတွေ့အကြုံ ရှိတဲ့ သူများကို သာ အသုံးချတာ တွေ့ရတယ်။ Hands on experience လို့ခေါ်ဆိုတဲ့ ခေတ် က ပေါက်ဖွား လာတဲ့ လက်တွေ့ ကျွမ်းကျင်တဲ့ ပညာရှင်သစ်တွေ၊ ပြည်တွင်း၊ ပြည်ပ က နိုင်ငံတကာ အတွေ့အကြုံ ရှိသူတွေ နဲ့ အစားထိုး လာတာတွေ ကို တွေ့လာရတယ်။

ယနေ့ ခေတ်ကြီး မှာ လူသားတွေဟာ အစိုးရတွေထက် လူထုကို ပိုမို အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက် ပေးနိုင်ကြတယ် လို့တောင် ကမ္ဘာကြီးက အသိအမှတ်ပြု ခြင်းခံလာရတယ်။ ကမ္ဘာ့လူသားတွေ ကို အကျိုးပြုခဲ့တဲ့ မိုက်ကရိုဆော့ဗ် လုပ်ငန်းရှင်ဟောင်း ဘေးလ်ဂိတ် ( Bill Gates)တို့၊ အဲလ်ပဲ ကို တည်ထောင်ခဲ့တဲ့ စတီးဂျော့ ( Steve Jobs) ၊ စီးပွားရေးလုပ်ငန်းရှင်ကြီး ၀ါရမ်ဘူဗေး ( Warren Buffet) ၊ ဘေ့စ်ဘုတ် ကို တည်ထောင်ခဲ့တဲ့ မက်ခ် ဇူကာဘဂ်ျ (Mark Zuckerberg)၊ Oracle အိုရယ်လ်ကယ် ကုမ္ပဏီ ကို တည်ထောင်ခဲ့တဲ့ လာရီ အယ်လီစင် ( Larry Ellison) တို့ လို စီးပွားရေး နယ်ပယ်က ခေါင်းဆောင်တွေ နှင့် ကမ္ဘာမှာ လူသိများ ကျော်ကြား ခဲ့ကြတဲ့ နိုင်ငံရေးခေါင်းဆောင် အများစု ဟာ လည်း Ph.D ဘွဲ့ ရရှိခဲ့တဲ့ သူတွေတော့ မဟုတ်ကြပါဘူး။ တချို့က ကော်လိပ်ကျောင်းထွက် တွေဖြစ်ကြတယ်။ ဒါပေမဲ့ သူ့နယ်ပယ်မှာ သူ ကျွမ်းကျင်တဲ့ ပညာရှင်များ (Technocrats) တွေ၊ ခေတ် တခေတ် ကို ပြောင်းလဲပေးခဲ့သူတွေ အဖြစ် အသိအမှတ်ပြု ခံထားရသူတွေဖြစ်တယ်။ ဆိုလိုတာက ကျွမ်းကျင်တဲ့ ပညာရှင်တွေ အနေနဲ့ လူထုကို အကျိုးပြု လုပ်ဆောင်တဲ့နေရာမှာ Ph.D ဘွဲ့ ရမှ မဟုတ်ပါဘူး။

တနည်း အားဖြင့် ဘယ် ကို ဦးတည်သွားမယ်ဆိုတာ က တက်ကြွစွာ လှုပ်ရှားနေတဲ့သူ (သို့) လူထုကို လှုံ့ဆော် ပညာပေးတဲ့သူ (Activists)၊ တွေ နဲ့ နိုင်ငံရေးသမား (သို့) ဥပဒေ ရေးဆွဲတဲ့သူ ( Politicians) တွေရဲ့ အလုပ်။ ဦးတည်ချက်တွေ ကို ဘယ်လိုသွားရင် အကောင်းဆုံး ဖြစ်မလဲ ဆိုတာက ကျွမ်းကျင်တဲ့ ပညာရှင်တွေ (Technocrats) ရဲ့ အလုပ်ဖြစ်တယ်။ စနစ်ပြောင်း၊ ခေတ်ပြောင်း အသွင်ကူးပြောင်းရေးကာလတွေမှာ ကိုယ်လုပ်ရမဲ့ အလုပ် ကို ကိုယ်မလုပ်ပဲ၊ သူများ လုပ်ရမဲ့ အလုပ်ကို ၀င်ရောက် ကပြနေရင်တော့ ခေတ်၊ စနစ်၊ နှင့် လူတွေ အံဝင်ခွင်ကျ မဖြစ်ပဲ၊ ပဋိပက္ခတွေ ကြီးထွားလာနိုင်တယ်။

မြန်မာ့ နိုင်ငံရေးယဉ်ကျေးမှု မှာ လူတွေဟာ အရည်အချင်းမရှိ၊ စွမ်းဆောင်နိုင်မှုမရှိပဲ နေရာအမျိုးမျိုး မှာ ပါဝင်ကပြချင်ကြတဲ့ ပါလေရာ အကျင့်ဆိုး ဓလေ့ထုံးစံ စဉ်လာက မိရိုးဖလာ လို ကြီးဆိုး နေခဲ့တာ ရာစုနှစ်များစွာရှိနေခဲ့ပြီး၊ လုပ်နိုင်အောင် အရည်အချင်း မတည်ဆောက်သလို၊ လုပ်သင့်တာ မ လုပ်ပဲ အရာတိုင်းကို ငါသိပါတယ်ဆိုတဲ့ ပါလေရာ အတ္တစိတ်တွေ က ရိုးရာယဉ်ကျေးမှုလို ဖြစ်ခဲ့တယ်။ ခေတ်သစ် ကို ဦးတည် ခြေလှမ်းချင်ကြတဲ့ သူတွေဟာ ဒီလို နိမ့်ကျတဲ့ စိတ်ဓာတ်တွေ ကို ပြင်ဆင်ဖို့လိုနေတယ်။ ကိုယ့် အရည်အချင်း နဲ့ ကိုယ် ဘယ်နေရာ က နေ က ပြသင့် ရင် အကောင်းဆုံးလဲဆိုတာ ပြန်လည်ဆန်းစစ် ဖို့တော့လိုပါ လိမ့်မယ်။

တကယ်တော့ မြန်မာ နိုင်ငံရေးလောက မှာ အသုံးမ၀င်တော့တဲ့ ခေတ်ဟောင်းက နိုင်ငံရေးယဉ်ကျေးမှု အတွေးအခေါ် အမြင် အမွေဆိုးတွေ နှင့် မြန်မာ့ နိုင်ငံရေး ယဉ်ကျေးမှု ထဲက ကုန်ထုတ်လုပ်မှု ပုံစံ ဟောင်းတွေ ကို မြေမြုပ် သဂြိုဟ်ဖို့ လိုအပ်နေပါပြီ။ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်လာဖို့ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက် အယူအဆတွေ၊ သူရဲကောင်း မြတ်နိုးတဲ့၊ ကယ်တင်ရှင်ကို မျှော်လင့်တဲ့ အလေ့အကျင့်ဆိုးတွေ ကို စွန့်လွှတ်သင့်နေကြပြီ။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာဖို့ လက်တွေ့ကျတဲ့ အတွေးအခေါ်သစ်တွေ၊ အလေ့အကျင့် ကောင်းတွေ နဲ့ ပြန်လည်တည်ဆောက်ဖို့လိုပါတယ်။

နိုင်ငံတနိုင်ငံမှာ ခေတ် နဲ့ စနစ် နဲ့ ဟာ ကွာဟမှုတွေ ဆက်လက် ရှိနေမယ်ဆိုရင် လူထုအတွင်း ပဋိပက္ခတွေ ကြီးမား နက်ရှိုင်းလာမှာဖြစ်သလို၊ ခေတ်၊ စနစ် နဲ့ လူတွေဟာ အံဝင်ခွင်ကျ မဖြစ် ဘူးဆိုရင်လည်း တိုင်းပြည်ဟာ ဆက်လက် စုန်းစုန်းမြုပ်နေအုန်းမယ်၊ အဖြစ်ဆိုးတွေ နဲ့ ဆက်လက်ရင်ဆိုင်နေရပါလိမ့်မယ်။