Monday, February 18, 2019

Daw Aung San Suu Kyi's Pyrrhic Victotry - ရုပ်တု နိုင်ငံရေး

 

Pyrrhic Victory ဆိုတာ အဆမတန် ရင်းနှီးမှု များစွာ ပေးဆပ်လိုက်ရတဲ့ ၊ အဆမတန် ဆုံးရှုံးမှုများစွာ ရခဲ့ကြတဲ့ အောင်ပွဲ ပါ။ တကယ်တော့ a false victory ပါ။

 နပိုလီယန် စစ်သူကြီး ဟာ မီးဟုန်းဟုန်းတောက် ပြီး၊ လူသေ အလောင်းတွေ၊ ခွေးသေအလောင်းတွေ ပြည့် နေတဲ့ မော်စကိုမြို့ ကို ရရှိသွားသလိုပေါ့။ မြန်မာနိုင်ငံအတွက် အနီးစပ်ဆုံး ဥပမာ ပြရရင် ရခိုင် မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခလိုပေါ့။ တိုင်းပြည် ဟာ အဆမတန် ရင်းနှီးမှု များစွာ ပေးဆပ်လိုက်ခဲ့ရတယ်။ ၊အဆမတန် ဆုံးရှုံးမှုများ စွာ ရှိနေတယ်။

 ဒီလို ပါပဲ.....ဗိုလ်ချူပ် အောင်ဆန်း ကြေးရုပ် စိုက်ထူထားရေး၊ ဗိုလ်ချူပ် အောင်ဆန်း တံတား နာမည် မည့် ရေး ပြဿနာဟာ ပြည်နယ်တွေ မှာ မကြာခဏ ဆိုသလို အခုတလော တွေ့မြင်လာရတယ်။ ဒေသခံတွေ နဲ့ ထိပ်တိုက် ရင်ဆိုင်မှု တွေ၊ တင်းမာမှု တွေ ကြီးသထက်ကြီးလို့ လာနေတယ်။ နိုင်ငံတော် အတိုင်းအပင်ခံ လုပ်သူ ၊ ပါတီ ခေါင်းဆောင်တွေ က လည်း နုတ်ဆိတ်နေကြတယ်။ 

 NLD ပါတီ အကြီးအကဲ ဒေါက်တာမျိးညွှန့်က တော့ “ ဗိုလ်ချူပ်ကြေးရုပ် စိုက်ထူဖို့ စာမထုတ်ထားပါဘူး" လို့ တာဝန်ယူမှု ကင်းမဲ့စွာ၊ ပေါ့ပေါ့ပျက်ပျက် မီဒီယာ မှာ ပြောဆိုပြီး နောက် " ဗိုလ်ချုပ်ရုပ်တု စိုက်ထူရေး ဆန့်  ကျင်တာဟာ ပြည်ထောင်စုစိတ်ဓါတ်ကို ဖျက်ဆီနေတဲ့သဘောဖြစ် တယ် " လို့ ဒေသခံ တိုင်းရင်းသားတွေ ကို ထပ်မံ စွပ်စွဲပြောဆိုခဲ့ပြန်တယ်။ ဒါဟာ ဒေသခံ တိုင်းရင်းသား လူငယ်တွေ နဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခ ၊ သူတို့ ရဲ့ ခံစားမှုတွေ ကို ပိုမို ကြီးထွားလာစေတယ်။ 

 ကြိမ်းသေတာကတော့ NLD ပါတီဟာ ဒီလုပ်ရပ်တွေ ကြောင့် တချိန်ချိန် မှာ အဆမတန် ရင်းနှီးမှု များစွာ ပေးဆပ် ရပါလိမ့်မယ်။ တကယ်တော့ NLD ခေါင်းဆောင်တွေ ဟာ ဒေသခံ တိုင်းရင်းသားတွေ ရဲ့ ခံစားချက်တွေ၊ တိုင်းရင်းသားတွေ ရဲ့ တောင်းဆိုချက်တွေ ကို စော်ကားနေသလိုဖြစ်နေတယ်။ ကျနော် တို့ ကတော့ နယ်စပ် ဒေသ မှာ ဒေသခံ တိုင်းရင်းသားတွေ နဲ့ အတူတူနေခဲ့ ဘူးလို့ ဒေသခံတွေ ရဲ့ ခံစားချက်တွေ ကို နားလည်တယ်။ ကိုယ်ချင်းစာမိတယ်။ 

ကိုမျိုးညွှန့်ပြောနေတဲ့ ပြည်ထောင်စု စိတ်ဓာတ်၊ ပင်လုံ စိတ်ဓာတ်ဆိုတာ ဒီနေ့ ခေတ် မှာ ပြတိုက်ထဲ ရောက်နေပြီ။ တိုင်းရင်းသား ၀တ်စုံတွေ ၀တ်ပြပြီး အခန်းအနား တက်နေကြတာ ၊ ဓာတ်ပုံတွေ အရိုက် ခံကြတာ ဟာ ပင်လုံ စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်မဟုတ်ဘူး။ ခင်ဗျားတို့ အားလုံးဟာစစ်အာဏာရှင် ဟောင်း ဦးနေ၀င်း ရဲ့ ခေတ်ဆိုးကြီးထဲ မှာ ပဲ နေထိုင်နေကြတုန်းပဲ။ 

ဒီနေ့ ခေတ် က SMART ခေတ် ကိုရောက်နေကြပြီ။ လူထု ကို အရင်ကလို လိမ်လည် လို့ မရကြတော့ဘူး။ 

ဒီနေ့ တိုင်းရင်သားတွေ တောင်းဆိုနေတာ က တန်းတူညီမျှရေး၊ သူတို့ ကိုယ်တိုင် ရွေးချယ်တင်မြောက်လိုတဲ့ ခေါင်းဆောင် တွေ၊ ပြည်နယ် ၀န်ကြီးချုပ်တွေ ။ ပြည်နယ်တွေ နဲ့ ပြည်မ တန်းတူ ဖွံ့ဖြိုး တိုးတက်လိုကြတယ်။ ဒေသခံ တိုင်းရင်းသားတွေ လိုချင်နေ တာ ရုပ်တုမဟုတ်ဘူး။ အလုပ်အကိုင် အခွင့်အလမ်း၊ ပညာရေး အခွင့်အလမ်း၊ ကျမ်းမာရေး စောက်ရှောက်မှု ၊ တိုင်းရင်းသား လူမျိုးတွေရဲ့ ဓလေ့ထုံးတမ်း ယဉ်ကျေးမှုကို စောက်ရှောက်ပေးကြဖို့၊ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းမွန် လာစေဖို့၊ ဒေသခံ အကျိုးစီပွားတွေ ကို မျှဝေခံစားနိုင်ဖို့ တောင်းဆိုနေကြတာ။ 

ဒီလို အနေအထားမျိုး မှာ အာဏာရ ပါတီ ခေါင်းဆောင်တွေ နဲ့ ပါတီ ဟာ ပုဂ္ဂိုလ်ရေးယုံကြည် ကိုးကွယ်မှု (Personality Cult)ကိုအခြေခံ တည်ဆောက်နေရင် အမျိုးသားပြန်လည်သင့်မြတ်ရေး ၊ ပြည်တွင်းစစ်ရပ်စဲရေးတွေ ဘယ်လို အကောင် အထည် ဖော်ကြမလဲ ဆိုတာ မေးခွန်း ထုတ်စရာဖြစ်နေတယ်။ 

လက်ရှိဖြစ်ပေါ်နေတဲ့ ရခိုင် အရေးအခင်း လိုပဲ။ အစိုးရ ကကော၊ စစ်အာဏာရှင်တွေ က ကော အမျိုးသားရေး အတွက် အောင်ပွဲခံခဲ့ကြ တယ်လို့ ခံယူနေကြပေမဲ့ ၊ တိုင်းပြည် က အခွင့်အလမ်းတွေ အမြောက် အများ ဆုံးရှုံး သွားခဲ့ တာ ထည့်မပြောကြတော့ ဘူး။ 

လွှတ်တော် အသံ၊ ပြည်သူ့ အသံ လို့ ကြွေးကြော်နေပေမဲ့ ၊ လက်တွေ့မှာ လွှတ်တော် အသံ ဟာ အာဏာရ ပါတီ အသံဖြစ်နေတယ်။ 

 ဒီနေ့ ရုပ်တုနိုင်ငံရေး မှာ NLD ပါတီကော၊ စစ်အာဏာ ရှင်တွေ ကော၊ သူတို့ ကို ထောက်ခံနေသူတွေကော လတ်တလော မှာ အောင်ပွဲ ခံနေကြတယ်။ တကယ်တော့ သူတို့ ခံနေကြတဲ့ အောင်ပွဲ ဟာ တိုင်းပြည်ကော၊ အနာဂတ် လူငယ်တွေ အတွက် အဆမတန် ရင်းနှီးမှု များစွာ ပေးဆပ်လိုက်ရတဲ့ ၊ အဆမတန် ဆုံးရှုံးမှုများစွာ ရရှိကြမည့် အောင်ပွဲ ၊ Pyrrhic Victory လို့ ပဲ ခေါ်ဆိုနိုင်လိမ့်မယ်။

 ဒါဟာ ဒေါ်အောင်ဆန်းစုကြည် ရည်မှန်းထားတဲ့ အောင်ပွဲ လားဆိုတာ သူမ ကိုယ်တိုင် ပဲ ဖြေဆိုရလိမ့်မယ်။ 

 ( တနေ့နေ့ မှာ မြန်မာနိုင်ငံ မှ လူသား များ အားလုံး ချစ်ခင် ရင်နှီး စွာ ၊ ငြိမ်းချမ်း စွာ အတူပေါင်းသင်းနေနိုင်ကြပါစေလို့ ချစ်သူများနေ့ မှာ ဆန္ဒပြု ပါတယ်။)

No comments: