Wednesday, December 25, 2019

ထူးအိမ်သင် ၊ ဒေါန တောင်တန်း နှင့် ခရစ်စမတ် ည များ အမှတ်တယ-


Wishing you all a very Merry Christmas and all the best in the New Year!

ခရစ်စမတ် ကာလ ရောက်ပြီ ဆိုရင် အဆိုတော်ကြီး ထူးအိမ်သင် ကို သတိယမိတယ်။ ထူးအိမ်သင်ဆိုတာ က ကျနော်တို့ ၁၉၈၈ ပတ်ဝန်းကျင်တုန်း က နာမည်ကြီး တိုင်းသိပြည်သိ အဆိုတော်တယောက်။ ရန်ကင်း အခွေဌားဆိုင်တွေ၊ လ္ဘက်ရည်ဆိုင်တွေ မှာ သူရဲ့ သီချင်းသံတွေ အမြဲ ပဲ ပြန်လွှင့်လို့နေတယ်။ လူငယ်တွေရဲ့ ပါးစပ်ဖျား၊ ဂီတာဝိုင်းတွေ မှာ လည်း သူ့သီးချင်းတွေ ကို သီဆိုလေ့ရှိကြတယ်။ နာမည်သာ ကြားဘူးတာ။ သူ့ကို အရင် က တခါမှ မမြင်ခဲ့ဘူးပါ။ ရန်ကင်း ပိုက်လုံးကြီးပေါ်မှာ သူငယ်ချင်းတွေ နဲ့ အတူ တဒေါင်ဒေါင် တဒင်ဒင်နဲ့ သူ့ ရဲ့ Jazz, rock ‘n roll သံစဉ်တေး သီချင်းလေးတွေ ကို တော့ တခါတရံ သီဆိုတီးခတ်ဘူးတယ်။

သူ့ကို နာမည်ကြီး အဆိုတော် တယောက် အဖြစ် သိကြပေမဲ့ သူ့ဟာ ရှစ်လေးလုံး ပြည့်သူ့ အရေးတော်ပုံကြီးနောက်ပိုင်း စစ်အာဏာရှင်တွေ ကို လက်နက် ကိုင်တိုက်ပွဲဝင်ဖို့ နယ်စပ် ဒေသ ကို တောခိုသွားခဲ့တယ်ဆိုတာ ကိုတော့ သူ့ ကို လေးစားချစ်ခင်ကြတဲ့ ယနေ့ ခေတ် လူငယ်တော်တော် များများ၊ သူ့ သီချင်းတွေ ကို ချစ်ခင် အားပေးခဲ့ကြတဲ့ ပရိတ်သတ် တော်တော် များများ၊ သူ့ကို သတိတယရှိနေကြတဲ့ ရန်ကင်းသူ၊ ရန်ကင်းသား တော်တော်များ ကတော့ သိကြမှာ မဟုတ်ဘူးလို့ ထင်တယ်။ သူ့ကို ချစ်တဲ့ သူတွေ အားလုံး အတွက် အမှတ်တယ ပေါ့။

သူ့ကို ပထမဦးဆုံး လူချင်း မြင်ဘူးတာ က လွန်ခဲ့ တဲ့ နှစ် ၃၀ ကျော် လောက်ကပါ။ ABSDF ပထမ ညီလာခံ ကျင်းပခဲ့တဲ့ KNU နယ်မြေ။ ဒေါနတောင်တန်းတွေကြား မှာ စီးဆင်းနေတဲ့ သောင်ရင်းမြစ်ကမ်း ခြေနား က အိုမီဂါ ပုံစံလေးလိုဖြစ်နေတဲ့ ကော်မူးရာ ၀မ်းခ စခန်းသစ် ထဲမှာ။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာ လပေါ့။ ကျနော် တို့ က KNU, မွန်ပြည်သစ်ပါတီ၊ KIA နှင့် NDF ကတဆင့် ကြေးနန်းရိုက်ပြီး နယ်စပ် ကျောင်းသားစခန်းအသီးသီးနဲ့ ဘန်ကောက် ကျောင်းသား အဖွဲ့အစည်းတွေ ကို ၀မ်းခ စခန်းသစ် မှာ ကျင်းပမည့် ညီလာခံတက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ သူလည်း ဘုရား ၃ ဆူ မွန်ဒေသ ကနေ ခက်ခက်ခဲခဲ ညီလာခံ လာတက်တာ။ ဒီလိုနဲ့ ညီလာခံ မှာ လာတက်ရောက်သူတွေ တယောက်နဲ့ တယောက် မိတ်ဆက်ရင်း တက္ကသိုလ် ကျောင်းသားတွေ လည်းဖြစ်တော့ ညီအကိုလို ခင်မင်ရင်းနှီး မှုရှိလာတယ်။ ABSDF ပထမ ညီလာခံပြီးတော့ ရွေးချယ်ခံ ရတဲ့ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဆလိုင်း ကိုကိုဦး ( ABSDF တွဲဘက်အထွေထွေ အတွင်းရေးမှူး ) ၊ ကိုအောင်နိုင် ( ကိုသန်းလွှင်ထွန်း -VOA ABSDF တွဲဘက်အထွေထွေ အတွင်းရေးမှူး ) ၊ ကိုဝင်မိုး ( ရန်ကင်း - ABSDF ဒုဥက္ကဌ) ဟာ နောင် ဖွဲ့စည်းမည့် DAB အစည်းအဝေး ကို အသီးသီး ထွက်သွားကြတော့ ကရင် KNU ၀မ်းခ စခန်းမှာ ကျနော် နဲ့ အတူ ကိုဝင်းအောင်၊ ကိုကျော်စွာ၊ ကိုအောင်ထွန်း၊ ကိုထွန်းထွန်း တို့ နဲ့ ကိုထူးအိမ်သင်လည်း ကျန်ရစ်ခဲ့တယ်။
သူ့ နဲ့ ၀ါသနာတူ သူငယ်ချင်း အဆိုတော် ကိုမွန်းအောင် က လည်း KIA ဘက် ထွက်သွားတော့ ၊ နောက်ပိုင်း ကျနော်တို့ နဲ့ ပိုတွဲ ဖြစ်လာခဲ့တယ်။ ဒီအချိန်တွေမှာတော့ သူ မြတ်နိုး ကျင်လည်၊ နီးစပ်ခဲ့တဲ့ ရန်ကင်း က အတွေ့အကြုံ တွေ ၊ ခင်မင်ရတဲ့ မိတ်ဆွေတွေ အကြောင်းတွေ ၊အမေ့အိမ် အကြောင်း တွေ လည်းပြောပြတယ်။ တခါတရံ အဓိပတိလမ်းမ ထက် အတိတ်က ခြေရာ တွေ အကြောင်း ၊ အဆောင်သူတွေရဲ့ အကြောင်း၊ ချစ်ရသူတွေ ရဲ့ အကြောင်းတွေ လည်းပါတယ်။ တချိန်တုန်း က တက်ခဲ့တဲ့ တက္ကသိုလ် ကျောင်း အကြောင်းတွေ ကို လွမ်းဆွေးစွာ ပြန်ပြောလေ့ရှိတယ်။ ဂီတ အကြောင်းတွေ လည်း ဆွေးနွေးကြတယ်။

ကိုထူးအိမ်သင် က ကျနော်ထက် အသက်ကြီးတယ်။ ကျနော်တို့ အုပ်စု ထဲ မှာ တချို့ ကလည်း သူ့ထက် အသက်ကြီးကြတဲ့သူတွေရှိတယ်။ ဒါပေမဲ့ သူ က ကျနော့် တို့ကို “ကို” တပ်ခေါ်သလို ၊ ကျနော်တို့ ကလည်း သူ့ ကို ကိုထူးအိမ်သင် လို့ ခေါ်တယ်။ ဒီနေရာ မှာ သတိထားမိ တာကတော့ ကိုထူးအိမ်သင် ဟာ ကိုယ့်ကို ကိုယ် နှိမ့်ချမှု ရှိပြီး၊ မာန ထောင်လွှားမှု မရှိတာတွေ့ရတယ်။ ဟန်မဆောင်တက်ဘူး။ ပွင့်လင်းမှုရှိတယ်။
ထို အချိန် ကာလ က ကရင် KNU ၀မ်းခ စခန်းမှာ လူစည်ကားတယ်။ မှောင်ခိုလမ်းတွေ ဖြစ်တော့ စီးပွားရေး အဆင်ပြေကြတာတွေ့ရတယ်။ ဆေးရုံ၊ ရုပ်ရှင်ရုံ၊ Church ကျောင်း၊ ဘုန်ကြီးကျောင်း၊ ဘော်လုံးကွင်း ရှိတယ်။ ကျနော် တို့ က တော့ တခြားစခန်းတွေ ကို ရွေ့ပြောင်းဖို့ ပြန်လာ ခေါ်မည့် သူငယ်ချင်းတွေ ကို စောင့် နေရတဲ့အချိန်။ စစ်ပူနေတော့ ကရင်နယ်မြေ ကနေ သွားချင်တိုင်းထွက်သွားလို့ မရဘူး။ တနင်္လာရီတိုင်း ထားဝယ်ကျောင်းသား ခေါင်းဆောင် ကိုတင်လေးတို့ တပ်မဟာ ( ၄) နယ်မြေ မှာ ပျောက်ဆုံးနေသံတွေ လည်းကြားနေရတယ်။ သေ့ဘောဘိုးစခန်းကနေ သောင်ရင်းမြစ်ကို လက်ပစ်ကူးပြီး မဲဆောက် မြို့ ကို တက်လာ ကြတဲ့ ကိုရဲမြင့် ရဲ့ သတင်းလည်းကြားနေရတယ်။ အခုတော့ သူတို့တွေ လည်းမရှိကြတော့ ဘူး။ တချို့လုပ်ဖော်ကိုင်ဖက်တွေ ပြန်ဝင်သွားကြတော့ မဟာမိတ်ဆက်ဆံရေး အထူး သတိထားနေရတဲ့အချိန်။ အထူးသဖြင့် ကိုယ့်အသက် လုံခြုံရေး အတွက် သတိထားနေရတဲ့အချိန်။
တခါတခါ လည်း ငှက်ဖျား တက်လာရင် ဆေးရုံတက်လိုက် ၊ ဆင်းလိုက် ဆိုတော့ ကောမူးရာ က နပ်စ်မလေး တွေ နဲ့ တော့ ပိုခင်လာတယ်။ နပ်စ်မ လေးတွေ က ချောချောလေးတွေ။ တောင်ပေါ်သူတွေ ဆိုတော့ အအေးဒဏ် ကြောင့် ပါးပြင်လေးတွေနီနေပြီး ချစ်စရာ သိမ်ကောင်းတယ်။ တောတောင် သဘာဝ ကလည်း ကြည်းနှူးစရာ ကောင်းလှတယ်။ ဆောင်းရာသီဆိုတော့ တခါတလေ လည်း တိမ်တောင်တွေ ၊ မြူတွေ ကြားမှာ ပျောက်ကွယ်သွားလိုက် ၊ ပေါ်လာလိုက် ဖြစ်နေတဲ့ ဒေါန တောင်တန်း နဲ့ သောင်ရင်းမြစ် ကို ငေးကြည့်ရင်း၊ စကားပြောရင်း အချိန်ဖြုန်းလေ့ရှိတယ်။

တကယ်တော့ ဒေါနတောင်တန်းကြီးကို ပတ်ပြီး စီးဆင်းနေတဲ့ သောင်ရင်းမြစ် တလျှောက် မှာ ကြေကွဲစရာတွေ၊ လွမ်းဆွေးစရာတွေ၊ ၀မ်းနည်းစရာတွေ ၊ သတိယစရာတွေ ၊ ပျော်ရွှင်စရာတွေ အများကြီးပဲ။

မှတ်မှတ်ယယ ဒီဇင်ဘာ ခရစ်မတ် ကာ လ။ သူငယ်ချင်းတွေ DAB အစည်းအဝေးသွားတက်ကြတော့ တပတ်လောက် ကြာမယ် ဆိုပြီး စခန်းမှာ ကျန်ခဲ့တဲ့သူတွေ စား သောက်ဖို့ ဆလိုင်း ကိုကိုဦး ၊ ကိုအောင်နိုင်၊ ကိုဝင်မိုး တို့ က ဘတ်ငွေ ၁၀၀ ထားခဲ့တယ်။
အဲဒီအချိန် က ဘတ် တိုက် ကျပ် တိုက်ခေတ်။ ၁ ဘတ် = ၁ ကျပ်။
စားဖိုမှူး ကျနော် က အားလုံး ကို မေးလိုက်တယ်။ စားမလား၊ သောက်မလားပေါ့။
အားလုံး က တညီထဲ ဖြေတယ်။ သောက် မယ်ပေါ့။
ဒီတော့ ၆၀/၄၀ ဆုံးဖြတ်လိုက်ကြတယ်။ ဘတ် ၆၀ ဘိုးသောက် မယ်။ ကျန်တဲ့ ၄၀ စားဖို့ ၀ယ်မယ်။ မှတ်မှတ်ယယ ကြက်ရိုး တကီလို ၁၀ ဘတ် ပဲရှိတယ်။ ချည်ပေါင်တစီး တစ်ဘတ်။ ရိက္ခာ မရတော့ ရွာမှာ ဆန်ဆီ က လည်း ၀ယ်ရတယ်။

တောအရက်တပုလင်း က ၁၀ ဘတ်။ ၅ ပုလင်း ၀ယ်လိုက်တယ်။ ရောဖို့ လိမ္မော်ရည်ဗူးလေး က ၂ ဘတ်။ ၅ ဗူးဆိုတော့ ၁၀ ဘတ်ကျတယ်။ တော အရက် က ၀မ်းခ စခန်းထဲ မှာ မရောင်းဘူး။ ထိုင်း တဘက်ကမ်းမှာ ဆိုတော့ သစ်စက် အိမ် နောက် က နေ ပဒို ရဲ့ စက်လှေနဲ့ ခိုးကူးပြီး သွားဝယ်ရတယ်။ အဲဒီ အချိန်က ထိုင်းဘက် ကမ်းသွားရင် သောင်ရင်းမြစ် ကို ကူးတဲ့ တံတားကနေ လုံခြုံရေးဂိတ်ကိုဖြတ်ရတယ်။ KNU လူကြီးတွေရဲ့ ထောက်ခံချက် မပါပဲ ထိုင်း ဘက်ကမ်း သွားလို့ မရဘူး။ တနေ့တော့ နိုင်ငံခြားသား သတင်းထောက်တွေ ညီလာခံ အတွက် သတင်းလာယူကြတာ။ KNU ဂိတ်စောင့် က လတ်မှတ် ပြခိုင်းတယ်။ သူတို့ က သတင်းလာယူတာ။ ပတ်စပို့ ပဲ ပါတယ်။ ပြဆိုတော့ လည်း သူတို့ ပတ်စပို့ ပဲ ထုတ်ပြတာပေါ့။ ပတ်စပို့ ထဲမှာ လွတ်နေတဲ့ စာရွက် ကို KNU တံဆိပ်တုန်းထု ပေးလိုက်လို့ နိုင်ငံခြားသားတွေ ခင်မျာ ငိုရမလို၊ စိတ်ဆိုးရမလို ဖြစ်ခဲ့တဲ့ ဟာသ ဇတ်လမ်းလေးတွေရှိတယ်။

ကျနော်တို့ အုပ်စု ၀မ်းခ စခန်းသစ် နောက်တန်း စခန်း မှာ နေကြတယ်။ နေ့တိုင်း ညနေဆောင်း ဆို ရှေ့တန်းကင်း ၊ နောက်တန်းကင်းတွေ စောင့်ဖို့ KNU နှင့် ALA စစ်သားတွေ ယူနီဖောင်း အပြည့် အစုံနဲ့ ရာဂဏန်း ချီ ပြီး ထွက်သွားကြတာ အတိုင်းသားမြင်နေရတယ်။ သူတို့ က တော့ သောင်ရင်းမြစ်ကို ဖြတ်ကျော်ပြီး တိမ်တွေ ဖုံးကွယ် နေတက်တဲ့ ဒေါန တောင် ကြောတွေ၊ တောင်တန်းတွေ ဘက် ထွက် သွားကြတာ။ ခင်မင်တဲ့ KNU စစ်ကြောင်းမှူး ဗိုလ်မှူး တယောက် ကတော့ ပြောပါတယ်။ ခရစ်မတ် ချိန်နားနီးရင် ပယော်တွေ စစ်ကြောင်းထိုးပြီတဲ့။

တိုက်ပွဲ သံတွေ က ဝေးတော့ သိပ်စိုးရိမ်စရာတော့ မလိုဘူး လို့ မိတ်ဆွေလို ခင်လာကြတဲ့ မောင်ကျော် တွေ နဲ့ ALA ရခိုင် စစ်သားတွေ က ပြောတယ်။ သူတို့ က တိုက်ပွဲ အတွေ့အကြုံ ရှိနေကြတာ လည်း ဖြစ်မယ်။ ကျနော် တို့ ကို ည ဘက် ဂီတာ တီးခွင့်ပြုတယ်။ အဲဒီည ကော်မူးရာ ရခိုင်တပ်စခန်းမှာ တီးကြ၊ သောက်ကြရင်း ရန်ကုန်တက္ကသိုလ်ကြီးအကြောင်း ၊ အိမ် အကြောင်း တွေ နဲ့ အလွမ်းဖြေ ပြောလိုက်ကြတာ ပါးပြင်ပေါ် မှာ အားလုံး မျက်ရည်ကလေးတွေ စို့ နေကြတာ မျက်စိထဲ မြင်နေတုန်းပဲ။
တိုက်ပွဲ အတွေ့အကြုံမရှိ သေးတော့ လက်နက်ကြီးသံတွေ ကြားရရင် တယောက်ကို တယောက် ဖတ်ထားကြတယ်။ ကျဆုံးသွားခဲ့ ရင် အိမ်ကို အကြောင်းကြားပေးဖို့ လည်းပြောကြတယ်။ တကယ်တော့ စစ်ပွဲ ဆိုတာ အနိဌာရုံကြီးပဲ။ တောင်ကုန်း တကုန်းရဖို့ ၊ နယ်မြေ ဒေသ တခု စိုးမိုးဖို့ လူ့ အသက်ပေါင်းများစွာ ပေးဆပ်နေကြရတာ။ စစ်တပ် က ပဲ သေသေ၊ တိုင်းရင်းသားဘက် က ပဲ သေသေ တကယ်တော့ မြန်မာနိုင်ငံသားတယောက် ဆုံးရှုံးရတာပဲ။ မိသားစု တစု ကွဲကွာကြရတာပဲ။
ဝမ်းခ စခန်းဟောင်း၊ အံကျော် ကုန်း၊ ဘရာဇီယာ တောင်ကုန်း တွေ က အပြန်အလှန်ပစ်ခတ်နေကြတဲ့ အသံတွေ၊ လက်နက်ကြီးသံတွေ၊ လောင်ချာ သံတွေ ၊ စက်လက်ငယ် သံတွေ ၊ ညည အသံနက်ကြီးတွေနဲ့ ကျားကျား ဆိုပြီး ညာသံပေး အော်နေတဲ့ အသံတွေ ညစဉ် အတိုင်းသား ကြားနေရတယ်။
မနက်တိုင်း စောစောထ တယ်။ ရှေ့တန်း တိုက်ပွဲတွေ က ပြန်လာကြတဲ့ KNU ထဲမှာ ရန်ကုန်တက္ကသိုလ် ကျောင်း အတူတူ တက်ခဲ့ကြတဲ့ ၊ အတန်းဖော် သူငယ်ချင်း ကရင်လူမျိုး တွေ လည်းရှိတယ်။ သူတို့ ကို တွေ့ရင် တိုက်ပွဲ အကြောင်းတွေ သွားသွားမေးရတယ်။ တို့ထဲ က ဘယ်သူတွေ ကျဆုံးသွားသလဲပေါ့။ တခါတရံလည်း သူတို့ မှာ ရှိတဲ့ ဆေးပေါလိပ် ဝေမျှသွားသေးတယ်။

သုံးရက် လောက်ရောက်လာတော့ သောက်စရာ၊ စားစရာလည်း ကုန်နေပြီ။ ဗိုက်ဆာနေပြီ။ ဒီတော့ ရွာထဲ ပတ်ပြီး ကြံဖန်ရတော့တယ်။ ကိုဝင်းအောင်၊ ကိုအောင်ထွန်း၊ ကိုကျော်စွာ၊ ကိုထွန်းထွန်း တို့ က ရုပ်ချော ၊ အပြောကောင်းတော့ ရွာ မှာ လူချစ်လူခင် ပေါတယ်။

ရန်ကုန်သားတွေ ၊ တက္ကသိုလ် ကျောင်းသားတွေ ဆိုတော့ သူတို့ က ၀မ်းခ ဆေးရုံ က မူနော် နပ်စ်မ ချောချောလေးတွေ နဲ့ တရုံးရုံး။ သူတို့ ကို သွားစည်းရုံးတယ်။ နင်တို့ နိုင်ငံတော် အဆိုကျော် ကိုထူးအိမ်သင် ကို သိသလားပေါ့။

သိတာပေါ့။ ဒီ အဆိုတော်ကို ငါတို့ သိပ်ကြိုက်တာပေါ့ ၊ ငါတို့ ကို မိတ်ဆက်ပေးပါ ဆိုပြီး ကရင်မလေးတွေ က ပွင့်ပွင့်လင်းလင်းပြောတယ်။ အေး… သူ ၀မ်းခ စခန်းသစ် က ကျောင်းသား ရုံးစိုက်တဲ့ ALA ရခိုင်စခန်း ထဲ မှာရောက်နေတယ်။ ငါတို့ ည ဘက် ခေါ်လာခဲ့မယ်။ သီချင်းဆို ခိုင်းမယ်။ နင်တို့ စားစရာတွေ စီစဉ်ထားကြပေါ့။ အဲဒီည ၀မ်းခရွာ တရွာလုံး က ကရင်လေးတွေ ၊ ကရင်မလေးတွေ စိတ်တွေ လှုပ်ရှားနေကြတဲ့နေ့။ ပွဲအမြဲ လုပ်တဲ့ ဘုန်းကြီးကျောင်း နား၊ ဘော်လုံးကွင်းနား က အိမ်ကြီးတအိမ်ရဲ့ ခြံထဲ မှာ လာစု ကြတယ်။ ချက်ပြုတ်ထားတာတွေ လဲ စုံလို့။ လ္ဘက်ပွဲ ကလည်း အကြီးကြီး။ ဗိုလ်ထူး က ပြုံးပြုံး ပြုံးပြုံး နဲ့ ဂီတာလေးတီး သီချင်းတွေ တပုဒ်ပြီးတပုဒ် ဆိုပြနေတာ မမောပမ်းနိုင်အောင်ပဲ။ ကရင်မ လေးတွေ လည်း တေးသွားလေးတွေ ကို လိုက်ဆိုနေတဲ့ သူ က ဆို၊ နားထောင် နေတဲ့ သူ က နားထောင် နဲ့ ပျော်နေကြတယ်။ တချို့ ကတော့ ပါးပြင်ပေါ်မှာ မျက်ရည်လေးတွေ စို့လို့။ သူတို့ ဘ၀ မှာ ဒီလို နိုင်ငံကျော် အဆိုတော်ကြီး တယောက် သူတို့ ရွာ ကို လာတယ် ဆိုတာ အိမ်မက်တောင် မမက်ဘူး ပါဘူးတဲ့။ နာမည်ကျော် အဆိုတော် ကြီးကို ခင်ခင်မင်မင် တွေ့ရလို့ လည်း ကျနော်တို့ ကို ကျေးဇူးတင်နေကြတယ်။
ကျနော် တို့ ကတော့ ဗိုလ်ထူး ကောင်းမှု ကြောင့် သူတို့ ဧည့်ခံတဲ့ အစားအသောက်တွေကို ဗိုက်ဆာဆာနဲ့ စားလိုက်ကြတာ။ အဲဒီည ပြန်လာတော့ ကရင်မလေးတွေ လက်ဆောင်ပေးလိုက်ကြတဲ့ ဆီ၊ ဆား ၊ ကြက်သွန်၊ ငရုတ်သီး၊ ငပိ၊ လ္ဘက်တွေ နဲ့ ရက်တော်တော်လည်း ဆီစိုစို ဆားငံငံ နဲ့ ရက်တော်တော် များများ အဆင်ပြေသွားကြတယ်။ တချို့ ခရစ် စမတ် ညတွေ အတွက် လည်း အိမ်တွေကို လာလည်ဖို့ အော်ဒါ ရလာခဲ့တယ်။

ခရစ်စမတ် ရောက်လာပြီဆိုရင် ဒီလို ရိုးသား ပွင့်လင်းပြီး ခင်မင်စရာကောင်းတဲ့ ကျေးလက် က တောင်ပေါ်သူ တွေ၊ တောင်ပေါ်သားတွေ နဲ အတူ ရိုးသားတဲ့ ည လေးတွေ ကို ဖြတ်သန်းခဲ့တာ တွေ သတိယမိတာတော့ အမှန်ပဲ။

မှတ်မှတ်ယယ ခရစ်စမတ်နေ့ည ပေါ့။ ၀မ်းခ Church ကျောင်း မှာ ခရစ်စမတ်ပွဲကျင်းပတယ်။ လာတဲ့ သူတွေ ကို ဘဲသား ဆန်ပြုတ် ကျွေးမယ် လို့ ကြေညာထားတယ်။ ကျနော်တို့ အုပ်စု ကတော့ ညနေ ၇ နာရီလောက် ကတည်းက Church ကျောင်းထဲရောက်နေကြပြီ။

ခရစ်စမတ်ပွဲ တော်ကြီး က ကောမူးရာ ၀မ်းခ စခန်းအသစ် မှာ အထင်ကရ ပွဲတော်ကြီး။ တောပေါ်၊ တောင်အောက် က ကျေးလက် ကရင်တွေ၊ တခြား နယ်မြို့တွေ က ကရင်တွေ၊ မဲဆောက် မြို့ပေါ် က ကရင် တွေ ၊ ဘန်ကောက် မှာ ကျောင်းတက်နေကြတဲ့ သူတွေ ပြန်လာပြီး ပွဲတော်လုပ်ကြတာ။ လူစုံတယ်။ အရောင်အသွေးစုံတယ်။ ကရင် ရိုးရာ ၀တ်စုံပေါင်းစုံ ၊ အက တွေ ကို ငေးကြည်းရင်း ပီတိဖြစ်မိတယ်။
သူတို့က ဓမ္မတရားတွေ ဟောပြော၊ ခရစ်စမတ်သီချင်းတွေ သီဆို တီးခတ်နေကြတာ။ သူတို့ က တယောက် ပြီးတယောက် စင်ပေါ် တက် ၀တ်ပြုဆုတောင်းနေကြတာ။ ကျနော်တို့ က တော့ ဗိုက် ဆာနေကြပြီ။ အရမ်းချောမောလှပတဲ့ ရွာ က ပဒိုတွေရဲ့ သမီးတွေ၊ မူနော် လို့ ခေါ်တဲ့ အပျိုဖျန်းမလေးတွေ ငေးပြီး၊ ဘဲသား ဆန်ပြုတ်ကျွေးမည့် အချိန်ပဲ စောင့်နေကြတာ “အူ” က အသံတောင် ပြန် ကြားနေရတယ်။ ည ၁ နာ ရီကျော် မှ ဘဲသား ဆန်ပြုတ် လေး သောက်ခွင့်ရခဲ့တယ်။

စခန်းကို လမ်းပြန်လျှေက်လာတော့ ဘဲ သား ဆန်ပြုတ် တခွက် ဗိုက်ထဲ ဘယ်ရောက်သွားမှန်းမသိဘူး။ စခန်းမှာ ည ဘက် မီးမမွေးရဘူး။ ထမင်းကြမ်းခဲ၊ ငပိ နဲ့ ငရုတ်သီးစိမ်းနဲ့ စားပြီး ပျော်ရွှင်ခဲ့ရတဲ့ မှတ်မှတ်ယယ ကျနော်တို့ရဲ့ ကိုယ်ပိုင် ခရစ်စမတ်ည လေး ပေါ့။ ဒေါန တောင်းတန်းတွေ ကြားမှာ စီးဆင်းနေတဲ့ သောင်ရင်းမြစ် ကို ငေးကြည့်ရင်း သကျနေယ်တို့တွေ အားလုံး ရင်ကွဲအောင်သီဆိုခဲ့ကြတာ မှတ်မှတ်ယယပါပဲ။

တောခိုလာတော့ ကျနော်တို့ အားလုံး ငွေ မရှိကြဘူး။
ငှက်ဖျားဒဏ် ကလည်း စတင်ပြီး အလူးအလဲခံနေရတဲ့အချိန်။ သေ့ဘောဘိုးငှက်၊ ၀မ်းခငှက် ၊ ဘုရား ၃ ဆူငှက်တွေ က အရမ်းကြမ်းတယ်။ ဆေးမရှိတော့ တချို့တွေ ဆိုလည်း ကျွန်းပင်အောက် ရောက်သွားတဲ့ သူတွေ လည်းရှိတယ်။ နေကောင်းတဲ့လူ က အလုပ်လုပ်။ နေမကောင်းတဲ့ သူ က လူနာဆောင်မှာ ကျန်ခဲ့ပဲ။ တကယ်တော့ ငှက်ကြီးမှ မဟုတ်ဘူး။ ကျနော်တို့အားလုံးလည်း ငှက်ရုပ်တွေဖြစ်နေကြပြီ။
နောက်ပိုင်း မြို့ မှာ ရပ်တည်နေထိုင်ဖို့ အလုပ်လုပ်ရတယ်။ ထိုင်းနိုင်ငံ နယ်စပ် ၊ မဲဆောက်မြို့ မှာ အိမ်ဆောက် ဖို့ ပေါက်တူးနဲ့ ကျွင်း တူတဲ့ အလုပ်။ တနေ့ ဘတ် ၄၀ လောက်ရတယ်။ အလုပ်ဆိုလည်း သူ အတူတူ လုပ်ရှာတယ်။ တနေ့ တော့ ပြဲထွက်နေတဲ့ သူ့ လက်ဖ၀ါးလေး မှာ အရည်ကြည်ဖုတွေ ဥနေတယ်။ သူ့ရဲ့ လက်ဖ၀ါး အရည်ပြားတွေ ကွဲအက်နေတယ်။ ကျနော် တို့ လည်း ညည သူ့ သီချင်းသံ လေးတွေ မကြားရမှာ ကြောက်လို့ ကဲ..ဗိုလ်ထူးရယ် ခင်ဗျား အလုပ်လုပ်မလုပ်နဲ့။ မဲဆောက်မြို့ ဘုန်ကြီးကျောင်း က ညနေ ဆို အလကား ပေးတဲ့ ဟင်းသီးဟင်းရွက်တွေ သွားယူဖို့ သာ တာဝန်ပေးရတယ်။ ဟင်းရွက် သွားကောက်ရတဲ့ အလုပ်ရသွားတယ်။ အချိန် ကျ ရင် သူ သွားယူရှာတယ်။ ရလာတဲ့ ဟင်းသီးဟင်းရွက်တွေ ချက်ပြီး၊ ငှက်ဖျားမိနေတဲ့ လူမမာတွေ၊ ကို ပြုစု ရတဲ့ အလုပ်ပေါ့။ ငှက်ဖျားမိနေကြတဲ့ သူတွေ ကလည်း ရာဂဏန်းလောက် စုနေကြတာ။ ခရစ်စမတ် ရောက်လာလို့ သူ့ အကြောင်းတွေ ပြန်စဉ်းစားရင်း အနစ်နာခံ၊ ရပ်တည်ချက် ခိုင်မာခဲ့တဲ့ ရဲဘော်ကြီး ထူးအိမ်သင် ကို သတိယမိပါရဲ့။

နှစ် ၃၀ ဆိုတဲ့ အချိန်တွေ ကြာသွားပြီ။ နေ့ ရက် တိတိကျကျမမှတ်မိတော့ဘူး။ တနေ့တော့ မဲဆောက် အိမ် မှာ ပါ။ ဗကသ ကျောင်းသားခေါင်းဆောင် တွေ ဖြစ်ကြတဲ့ ကိုဝင်းမိုး၊ ကိုအောင်နိုင် တို့ အတူ ထိုင်းထောက်လှမ်းရေး အရာရှိကြီးတွေ လည်းပါလာတယ်။ မြန်မာကျောင်းသားတွေ ကို နယ်စပ်မှာ ကူညီပေးနေတဲ့ ထိုင်း ထောက်လှမ်းရေး အရာရှိတွေပါ။ အခု တော့ သူတို့လည်း ဗိုလ်ချုပ်ကြီးတွေ အဖြစ် နဲ့ အငြိမ်းစားယူသွားကြပြီ။ ထိုင်း ထောက်လှမ်းရေး အရာရှိတွေ ဆိုပေမဲ့ သူတို့ ကလည်း ကိုထူးအိမ်သင် ရဲ့ ပရိတ်သတ်တွေ။ တချို့ သီချင်းရဲ့ စာသားတွေ တောင် ဆိုပြနိုင်တယ်။

“ကျနော် အမေ့ကို လွမ်းတယ်ဗျာ။ အမေ့ အိမ်ပြန်တော့ မယ်။” သူ ...လာနုတ်ဆက်တာ။ အိမ်တွေ ကို ဘာ မှာ အုန်းမလဲတဲ့။ ထိုင်း ထောက် လှမ်းရေး အရာ ရှိတွေ နဲ့ အတူ တပ်ခ်လေဆိပ် ကဆင့် မြန်မာပြည် ပြန်ဖို့ ပါ။ တအိမ်လုံးရဲ့ မျက်နှာတွေ မကောင်းကျဘူး။ အားလုံး က ၀မ်းနည်းနေကြတယ်။ ကျနော် တို့ အတူနေလာတာ ကြာတော့ က ညီအကို တွေ လိုဖြစ်နေကြပြီ။ သူ ခွဲခွာ ခါနီး ဖက်ပြီး ငို နေတာ ကို ကျနော် မကြည့်ရက်ဘူး။ ကျနော် လည်း ငိုမိတယ်။ ဘာတက်နိုင်မလဲ။ သူလျှောက်လှမ်းခဲ့ တာ ပင်ပန်းနွမ်း နယ်နေပုံရတယ်။

နောက်ဆုံးတော့ “ အမေ့အိမ်” သီချင်းလည်း သီဆိုပြီး ကျနော် တို့ ကို နုတ်ဆက် သွားတယ်။ “ကျနော် တို့ ပြန်တွေ့ကြမယ်လေတဲ့။”

ဒါဟာ ကျနော် သူနဲ့ နောက်ဆုံးတွေ့ခြင်းပဲ။ သူ့ကို ချစ်တဲ့ သူတွေ အားလုံး အတွက် ကျနော်ဘ၀ မှာ တခဏ တွေ့ဆုံခွင့်ရခဲ့တဲ့ ထူးအိမ်သင် ၊ ဒေါန တောင်တန်း နှင့် ခရစ်စမတ် ည များ အမှတ်တယ ကို ပြန်လည်ဝေမျှလိုက်တာပါ။

ဟုတ်တယ်လေ။ လူသားတိုင်း ဟာ အချိန်တန်ရင် အိမ်ပြန်ကြရမှာပဲ မဟုတ်လား။ ကျနော် တို့
အားလုံးလည်း ကိုထူးအိမ်နဲ့အတူ ကောင်းမွန်တဲ့ ကောင်းကင် ဘုံ အိမ်လေး မှာ ပြန်ဆုံတွေ့ကြတာပေါ့။

Wishing you all a very Merry x' mas and a very happy New Year!

No comments: