Wednesday, June 27, 2012

ဂျပန် နှင့် Japanization


၆.၂၆.၂၀၁၂

မြန်မာ စစ်အစိုးရ အဆက်ဆက် ဂျပန်နိုင်ငံထံက ချေးယူထားခဲ့တဲ့ ကြွေးမြီ ဂျပန်ယန်းငွေ ဘီလီယန် ၃၀၃.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံ) လျှော်ပစ် ပေးခဲ့တဲ့  ဂျပန် အစိုးရ ဟာ သူတို့ကိုယ်တိုင် ဂျပန်နိုင်ငံ တင်ရှိနေတဲ့ ကြွေးမြီပြဿနာကိုဖြေရှင်းဖို့ကျိုးစားရင်း  အစိုးရ အတွင်း သဘောထားကွဲလွှဲမှုတွေ ဖြစ်ပေါ်နေတာကြောင့် လက်ရှိအစိုးရ ၀န်ကြီးချုပ် နိုဒါ အစိုးရ ဆက်လက်ရပ်တည်မှု ဟာ  စိမ်ခေါ်မှုတွေ ရှိနေတယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ပြောဆိုနေကြတယ်။

 တိုင်းပြည်အတွင်း ရောင်းဝယ်ခွန် ( Sales Tax) တိုးမြင့်ကောက်ခံခြင်းဖြင့် ဂျပန်နိုင်ငံက တင်ရှိ
နေတဲ့ ကြွေးမြီတွေ နှင့် သက်ကြီးရွယ်အိုတွေ ကို ဆက်လက်ထောက်ပံ့ ဖြေရှင်း နိုင်ဖို့  အခွန်တိုးမြင့် ကောက်ခံသည့် အဆိုကို ဂျပန်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ  ၃၆၃ မဲ၊ ၉၆ ဖြင့် လွှတ်တော် က အတည်ပြုပေးခဲ့ပြီး နောက် အစိုးရအဖွဲ့ အတွင်း သဘောထားကွဲလွှဲမှုတွေ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။ ယင်းအဆိုပြုချက်ကို  ၀န်ကြီးချုပ်နိုဒါ ရဲ့ ဒီမိုကရက်တစ် ပါတီ က လွှတ်တော် ကိုယ်စလှယ် ၅၇ ဦး က ကန့်ကွက်ခဲ့ကြပြီး၊ ၅၄ ဦး က နုတ်ထွက်မယ်လို့ ခြိမ်းချောက်ပြောဆိုနေကြတယ်။ တကယ်လို့ သာ ၅၄ ဦးက နုတ်ထွက်ခဲ့မယ်ဆိုရင် လက်ရှိ ၀န်ကြီးချုပ် နိုဒါရဲ့ ဒီမိုကရက်တစ် ပါတီဟာ အောက်လွှတ်တော်အတွင်း အများစု နေရာ ကို ဆုံးရှုံးသွားမှာဖြစ်ပြီး၊ ၀န်ကြီးချုပ် နိုဒါရဲ့ အစိုးရ အပေါ် အယုံအကြည် မရှိ အဆို လွှတ်တော် အတွင်း တင်သွင်းလာမှာ ဖြစ်တယ်လို့ ခန့်မှန်းနေကြတယ်။ 

ဝန်ကြီးချုပ်နိုဒါ ဟာ တိုင်းပြည်အတွင်း အခွန်းတိုးမြင့်ကောက်ခံရေး အဆိုကို လွှတ်တော် အတွင်း မဲခွဲဆုံးဖြတ်ရာမှာ အတိုက်အခံတွေကို ထောက်ခံမှုရအောင် စည်းရုံးနိုင်ခဲ့ပေမဲ့ ၊ ကိုယ့်ပါတီရဲ့ လွှတ်တော် ကိုယ်စလှယ်တွေရဲ့ ဆန့်ကျင်ကန့်ကွက်ခဲ့မှု နဲ့ ရင်ဆိုင်ခဲ့ရတယ်။ လက်ရှိ ဂျပန်နိုင်ငံရေး မှာ သြဇာအာဏာရှိတဲ့ အီချီယို အိုဇာဝါ နဲ့ သူ့ကို ထောက်ခံသူတွေ ကတော့ ပါတီ က နုတ်ထွက်ဖို့ ခြိမ်းချောက်မှုတွေဖြစ်ပေါ်နေပြီး၊ မကြာခင် အထွေထွေရွေးကောက်ပွဲ ကို ဖြစ်ပေါ်လာဖို့ မျှော်လင့်တယ်လို့ သူက သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့တယ်။

ဂျပန်အစိုးရ ဟာ ကမ္ဘာပေါ်မှာ ကြွေးမြီအများဆုံးတင်ရှိနေတဲ့ နိုင်ငံဖြစ်ပြီး၊ ဂျပန်နိုင်ငံရဲ့ အမျိုးသားကုန်ထုတ်လုပ်မှု စွမ်းအား (GDP) ရဲ့  ၂၁၉ ရာခိုင်နှုန်းရှိနေတယ်လို့ ဂျပန်အစိုးရ က အတည်ပြုထုတ်ဖော်ပြောဆိုခဲ့တယ်။ ဥရောပမှာ ကြွေးမြီပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ ဂရိနိုင်ငံက နိုင်ငံရဲ့ အမျိုးသားကုန်ထုတ်လုပ်မှု စွမ်းအား (GDP) ရဲ့  ၁၆၅ ရာခိုင်နှုန်း၊ အီတလီ နိုင်ငံ က အမျိုးသား ကုန်ထုတ်လုပ်မှု စွမ်းအား (GDP) ရဲ့  ၁၂၀ ရာခိုင်နှုန်း၊ အမေရိကန်နိုင်ငံက အမျိုးသားကုန်ထုတ်လုပ်မှု စွမ်းအား (GDP) ရဲ့  ၇၀ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံက အမျိုးသားကုန်ထုတ်လုပ်မှု စွမ်းအား (GDP) ရဲ့  ၂၄ ရာခိုင်နှုန်း အသီးသီးတင်ရှိနေကြတယ်လို့ ကမ္ဘာ့စီးပွားရေး စစ်တမ်းလေ့လာချက်မှာ သုံးသပ်ထား တာတွေ့ရပါတယ်။

ဂျပန် လွှတ်တော် က အတည်ပြုခဲ့တဲ့ ရောင်းဝယ်ခွန် ( Sales Tax) တိုးမြင့်မှု ဥပဒေ အရ  လက်ရှိ ၅ ရာခိုင်နှုန်း ကနေ ၂၀၁၄ ခုနှစ်မှာ  ၈ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်မှာ ၁၀ ရာခိုင်နှုန်း သို့ တိုးမြင့်ကောက်ခံသွား မှာဖြစ်ပါတယ်။ အခွန်တိုးမြင့်ကောက်ခံတဲ့ အဆိုကို ဆန့်ကျင်ခဲ့ကြတဲ့ ဂျပန်လွှတ်တော် အမတ်တွေ ကတော့ စီးပွားရေး နာလန်ထူအောင် ကျိုးပမ်းနေတဲ့ အချိန်မှာ စီးပွားရေးကျဆင်းမှု ကို ရှောင်ရှားဖို့  အခွန် တိုးမြင့် ကောက်ခံဖို့ မသင့်သေးဘူး လို့ထောက်ပြကြတယ်။ ဂျပန်စီးပွားရေးလေ့လာသုံးသပ်နေသူ စီးပွားရေးပညာရှင်တွေ ကတော့ အခွန်တိုးမြင့်ကောက်ခံခြင်းဖြင့် လက်ရှိတင်ရှိနေတဲ့ ဂျပန်နိုင်ငံရဲ့ ကြွေးမြီ  ယန်းငွေ ၇၀၉ ထွီလီယံ ( အမေရိကန်ဒေါ်လာ ၈.၈၉ ထွီလီယံ) ကို ကျဆင်းသွားမှာ ဖြစ်တယ်လို့ သုံးသပ်တွက်ချက်ထား ကြတယ်။

တင်ရှိနေတဲ့ တိုင်းပြည်ရဲ့ ကြွေးမြီပဿနာ ကို ဂျပန်အစိုးရ အသီးသီး  က ဒီမိုကရေစီ နည်းလမ်းကျကျ ဂျပန် ပြည်သူတွေရဲ့ ရှေ့မှောက်မှာ ထင်သာမြင်သာရှိရှိ၊ တာဝန်ယူမှုရှိရှိ နဲ့ ဘယ်လိုဆွေးနွေးဖြေရှင်း ကြသလဲဆိုတာကတော့ သင်ခန်းစာယူစရာပါ။ ၀န်ကြီးချုပ်ရာထူးတွေ ကို စွန့်လွှတ်ပြီးတိုင်းပြည်နှင့် ပြည်သူ အကျိုးစီးပွား ကို ရှေ့တန်းတင်ကာ စွန့်လွှတ်အနစ်နာခံခဲ့ကြတဲ့ ဂျပန်ဝန်ကြီးချုပ်အားလုံးအတွက် ကတော့ အထူး လေးစားဂုဏ်ယူစရာပါ။


အာရှတိုက် မှာတော့ စီးပွားရေး အားကောင်းတဲ့ ဂျပန် နိုင်ငံဟာ က ဆူနာမီ၊ နျူကလီးယားယိုစိမ့်မှု ပြဿနာ တို့ ကြောင့် စီးပွားရေး နာလန်ထူ လာဖို့ နှစ်အတောကြာ စိမ်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ကြရ လိမ့်မယ်လို့ ခန့်မှန်းခဲ့ကြတယ်။ ၂၀၀၇ ခုနှစ် ကမ္ဘာ့စီးပွားရေး ကပ်ဆိုက်ချိန်က စပြီး၊ ဂျပန် အစိုးရ အဆက်ဆက် တိုင်းဟာ စီးပွားရေး ပြန်လည် ဦးမော့လာဖို့ နည်းလမ်းပေါင်းစုံ နဲ့ အဖြေရှာခဲ့ကြတယ်။ ဂျပန် ဗဟိုဘဏ်ဟာ စီးပွားရေး အားကောင်းလာစေဖို့ အတိုးနှုန်း ကို သုည ရာခိုင်နှုန်းအထိ လျော့ချခဲ့ကြတယ်။ စီးပွားရေး ပြန်လည်ကောင်းမွန်အောင် နည်းလမ်းပေါင်းစုံနဲ့ အဖြေရှာတာ မအောင်မြင်ကြလို့ ဂျပန် ၀န်ကြီးချုပ် လေးဦး ၅ နှစ် အတွင်း နုတ်ထွက်ခဲ့ကြရတယ်။ ၂၀၀၇ ခုနှစ် က နေ ၂၀၁၁ ခုနှစ် အထိ ၅ နှစ် အတော် အတွင်း ဂျပန်ဝန်ကြီးချုပ် ၅ ယောက် ပြောင်းလဲ ခဲ့ပြီးဖြစ်တယ်။ ဒါကြောင့်မို့ ကမ္ဘာ့နိုင်ငံရေး ကို လေ့လာ သုံးသပ်နေသူတွေကတော့ ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြီးကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးမှာလည်း  Japanization ဖြစ်လာလိမ့်မယ်လို့ သုံးသပ် ပြောဆိုခဲ့ကြောင်းပါ။

နာဆာ နဲ့ SMART GOAL အပိုင်း (၁)



-မြတ်စိုး-
၀၆.၂၃.၂၀၁၂

လွန်ခဲ့တဲ့ ၃ နှစ်လောက် က အမေရိကန်နိုင်ငံ ဖလောရီဒါပြည်နယ်မှာ ရှိတဲ့ ကနေဒီ နာဆာ အာကာသ စူးစမ်း လေ့လာရေးဌာနမှာ    လူလိုက်ပါတဲ့ အာကာသလွန်းပျံယာဉ် လွှတ်တင်တဲ့အစီအစဉ် ကို ရပ်နားတော့မှာမို့ သွားရောက် လေ့လာ ဖြစ်ခဲ့တယ်။ လ ကမ္ဘာပေါ်ပစ်လွှတ်ခဲ့ ဒုံးကျည်အကြောင်းတွေ၊ အာကာသလွန်းပျံယာဉ် တွေရဲ့ ခရီးစဉ် အကြောင်းတွေ၊  နာဆာ အာကာသ စူးစမ်း လေ့လာရေးဌာန ရင်ဆိုင်ခဲ့ရတဲ့ ဆုံးရှုံးမှုတွေ၊ စိမ်ခေါ်မှု အခက်အခဲတွေ၊ လကမ္ဘာပေါ်က ကျောက်သား၊ မြေဆိုင်မြေခဲတွေ၊ အပိုလို အာကာသ ခရီးစဉ် သမိုင်းကြောင်းတွေ၊ နှစ်ပေါင်း ၅၀ နာဆာရဲ့ အာကာသခရီးစဉ် အတွေ့အကြုံတွေ၊ နာဆာရဲ့ အာကာသ စီမံကိန်းများကြောင့်  လူသားများ အပေါ် အကျိုးဖြစ်ထွန်းစေတဲ့ တီထွင်မှုတွေ ကို  မှတ်သားဖွယ်ရာ နဲ့ စိတ်ဝင်စားဖွယ်ရာ တွေ့မြင်သိရှိလာခဲ့ရတယ်။  

 ငယ်စဉ်က အာကာသယဉ်မှူး အဖြစ် စိတ်ကူးယဉ်ခဲ့တဲ့ ကျနော်ဟာ အာကာသ ခရီးစဉ် လေးကြိမ် သွားရောက်ခဲ့တဲ့ အမေရိကန် အမျိုးသမီး အာကာသ သူရဲကောင်းတဦးနဲ့တော့ ရင်းနှီးစွာ တွေ့ဆုံ စကားပြောဆိုခွင့် ရခဲ့တာနဲ့ပဲ ကျေနပ်နှစ်သိမ့်ခဲ့ရတယ်။
သူမရဲ့ နာမည် က တော့ ၀င်ဒီလောရင့် (  Wendy B Lawrence) ပါ။ အမေရိကန်နိုင်ငံ ရေတပ်က ပထမ ဦးဆုံး အမျိုးသမီး အာကာသ သူရဲကောင်း တဦးဖြစ်သလို၊ ရုရှား အာကာသ ခရီးစဉ်မှာ ပါဝင်ခဲ့သူလည်းဖြစ်တယ်။ သူမရဲ့ စွမ်းဆောင်မှု အကြောင်း ကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

 နာဆာ (NASA) လို့ဆိုရင် ကမ္ဘာ မှာ သိပ္ပံပညာရှင်များ၊ နေစကြာဝဋ္ဌာ နှင့် အာကာသ စိတ်ဝင်တစားလေ့လာ သူများ အားလုံးသိကြပါလိမ့်မယ်။ ‘နာဆာ’ ခေါ် အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန(National Aeronautics and Space Administration, NASA) ဟာ အမေရိကန်၏ အာကာသ စီမံကိန်းများအတွက် တာဝန်ရှိသည့် အစိုးရအပိုင် ဌာနတစ်ခုဖြစ်တယ်။ အမေရိကန်သမ္မတ အိုင်ဆင်ဟောင်ဝါ က နာဆာအား ၁၉၅၈ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ‘အမျိုးသား အာကာသနှင့် လေကြောင်းဆိုင်ရာ အက်ဥပဒေ’ အရ အတည်ပြု လက်မှတ်ရေးထိုး တည်ထောင်ခဲ့ပြီး ယခင် လေကြောင်းရေးရာ အမျိုးသားအကြံပေး  ကော်မတီ အဖွဲ့နဲ့  အစားထိုးခဲ့သည်။ ၁၉၅၈ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် အာကာသ စူးစမ်းလေ့လာရေး စီမံကိန်းများကို စတင် အကောင်အထည်ဖော်ခဲ့သည်။ ယင်းစီမံကိန်းများ အနက် လကမ္ဘာသို့ သွားသည့် အပိုလိုမစ်ရှင်၊ နေစကြာဝဋ္ဌာ ရှိ ဂြိုဟ်များ ကို လေ့လာသည့် အစီအစဉ်များ၊ နိုင်ငံတကာ အာကာသစခန်း ခရီးစဉ်များ စသည်တို့ လည်း ပါဝင်ပါတယ်။

နာဆာ ဟာ လူသား တွေအတွက် ဘာတွေ အကျိုးပြုခဲ့သလဲ?

နာဆာဟာ အမေရိကန်နိုင်ငံ လေကြောင်းကဏ္ဍနှင့် အာကာသ စူးစမ်း လေ့လာခြင်း လုပ်ငန်းများ၊ စကြာဝဋ္ဌာ၊ နေအဖွဲ့အစည်းနှင့် ကမ္ဘာအကြောင်းကို ပိုမို နားလည်လာ နိုင်စေရန်နှင့် အာကာသသို့ လူများစေလွှတ်နိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ သို့သော်လည်း နာဆာဟာ လေကြောင်းနှင့် အာကာသသိပ္ပံ သက်သက်ကိုသာ လေ့လာခြင်းမဟုတ်ဘဲ တကမ္ဘာလုံးရဲ့ မိုးလေ၀သနဲ့ ဇလဗေဒသုတေသန၊ ဘူမိဗေဒ၊ အဏ္ဏ၀ါဗေဒ၊ ဇီဝဗေဒနှင့် ဆေးသုတေသန တို့အပြင် လူသားအားလုံးအတွက် အကျိုးပြုစေတဲ့ အခြားသော သိပ္ပံဆိုင်ရာ သုတေသန လုပ်ငန်းတွေ ကိုလည်း လုပ်ဆောင်နေတာပါ။

နာဆာ မှ  အာကာသ မြေပုံ ၊ အာကာသရှိ ကြယ်များရဲ့ မြေပုံတွေ ကို ဖော်ထုတ်ပြသနိုင်ခဲ့တယ်။ လ၊ အင်္ဂါဂြိုဟ်၊ ကြာသပတေးဂြိုဟ် အပါအ၀င် နေစကြာဝဋ္ဌာ ရှိ ဂြိုဟ်များ ကို လေ့လာမည့် အာကာသယာဉ် တွေကို လည်း နာဆာ က လွှတ်တင်နိုင်ခဲ့တယ်။

ဒီနေ့ နာဆာရဲ့ သုတေသန လုပ်ငန်းစီမံကိန်းတွေကြောင့်  သိပ္ပံနှင့် ဆေးပညာနယ်ပယ်မှာ သာမက လူသားတွေနေ့စဉ် အသုံးပြုနေကြတဲ့ စားသောက်ကုန် နှင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု  နယ်ပယ်မှာ ပါ တိုးတက် အောင်မြင်မှု ရလာဒ်တွေရရှိခဲ့တယ်။ လူသားတွေ ၀တ်ဆင်နေကြတဲ့ နေကာမျက်မှန်၊ အဝေးကြည့် မျက်မှန်၊  ကလေးသုံး diapers ၊ အမေရိကန်နိုင်ငံတ၀ှမ်းမှာ  ရောင်းချနေတဲ့  အမေနို့ရည်နဲ့ ၉၅ ရာခိုင်နှုန်း တူတဲ့ နို့ ( ဒီနို့ရည်ဟာ မျက်လုံးနှင့် ဥဏှောက် ကို ဖွံ့ဖြိုးစေသည်။) မော်တော်ကားများ၊ ယာဉ်များမှာ အသုံးပြုနေကြတဲ့ ခါးပတ် ( Seat belt)၊ Scanner ၊  Printer ၊ သွားများကို ထိမ်းညှိပေးတဲ့ Brace ၊  မွေ့ယာထဲက foam၊ နားထဲ ကနေတဆင့် အပူချိန်တိုင်းနိုင်တဲ့ အပူချိန်တိုင်းကရိယာ၊ ဖုန်းများမှာ အသုံးပြုတဲ့ ကင်မရာ၊ ရှုးဖိနပ် အောက်ခံသား၊ ရေသန့်စင်တဲ့ Filter ၊ အဝေးရောက်ဆက်သွယ်ရေး၊ မီးခိုးငွေ့တိုင်းတာသည့်  Smoke detector ၊ Cordless tools ၊ Safety Grooving   အပါအ၀င် အစားအသာက်နှင့် လူသုံးကုန်ပစ္စည်း အသစ် သောင်းနဲ့ချီ တီတွင်ဖော်ထုတ် အသုံးပြုနိုင်ခဲ့တယ်။ စက်မှုလုပ်ငန်းများ နှင့် လူသားများနေ့စဉ် အသုံးပြုနိုင်တဲ့ နည်းပညာ ပေါင်း ၁၇၂၃ ခု ကို လည်း တီထွင်ရှာဖွေထုတ်ဖော်နိုင်ခဲ့တယ်လို့ နာဆာ သုတေသနဌာနရဲ့ မှတ်တမ်းမှာ ဖော်ပြထားတယ်။ ၂၀၁၀ ခုနှစ်ထဲမှာတင် တီထွင်မှုအသစ် စုစု ပေါင်း ၁၄၀၀ ကျော် ရှိခဲ့တယ်လို့ နာဆာ က အတည်ပြုခဲ့တယ်။
          
အာကာသ ကို လူလိုက်ပါသွားတဲ့ လွန်းပျံယာဉ်တွေ စေလွှတ်မှု ဘာကြောင့် နာဆာ က ရပ်ဆိုင်းခဲ့သလဲ?              

 လူသားတွေကို အကျိုးဖြစ်ထွန်းစေတဲ့ အာကာသ ကို လူလိုက်ပါသွားတဲ့ လွန်းပျံယာဉ်တွေ စေလွှတ်မှု ဘာကြောင့် နာဆာ က ရပ်ဆိုင်းခဲ့သလဲ ဆိုတာကတော့ ရှင်းပါတယ်။ အမေရိကန်နိုင်ငံမှာ စီးပွားရေးဆုတ်ယုတ်ကျဆင်းမှု၊ ဘဏ္ဍာရေးလိုငွေပြမှု၊ ကြွေးမြီပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ အမေရိကန် အစိုးရ အနေနဲ့ ငွေကြေးမတက်နိုင်တော့ကြောင့်သာဖြစ်တယ်။ ၂၀၁၃ ခုနှစ်မှာ အမေရိကန် သမ္မတ အိုဘားမား အစိုးရ က အာကာသစီမံကိန်းတွေ အတွက် အမေရိကန်ဒေါ်လာ ၁၇.၇ ဘီလီယံ လွှတ်တော်မှာ တောင်းဆိုခဲ့တယ်။ ဒီငွေကြေးပမာဏဟာ လုံလောက်မှု မရှိဖြစ်နေတယ်။ လူသားလိုက်ပါတဲ့ အာကာသလွန်းပျံယာဉ် လွှတ်တင်တဲ့အစီအစဉ် ကို ပြန်လည်မွန်းမံဖို့ တနှစ်ကို အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ လောက် ကုန်ကျမယ်လို့ နာဆာရဲ့ ထိပ်တန်းအကြီးအကဲတွေက ခန့်မှန်းထားတယ်။ ဒီတော့ နာဆာဟာ အာကာသ ကို လူလိုက်ပါသွားတဲ့ လွန်းပျံယာဉ်တွေ စေလွှတ်မှု ကို ရပ်ဆိုင်းဖို့ နောက်ဆုံးမှာ ဆုံးဖြတ်ခဲ့ရတော့တယ်။

ဒီဆုံးဖြတ်ချက်နောက်ကွယ်က အကျိုးသက်ရောက်မှုတွေကတော့ ဖလော်ရီဒါပြည်နယ် ကနေဒီ အကာသ စခန်းမှာ အလုပ်လုပ်နေသူ ပညာရှင်ပေါင်း ၈၀၀၀ ကျော်ကနေ ၁၆၀၀ ထိလျော့ချခဲ့ရတယ်။ ထို့အတူ နာဆာရဲ့ အကာကာသ အစီအစဉ်အောက်မှာ အလုပ်လုပ်ကိုင်နေကြတဲ့ ပြင်ပကုမ္ပဏီတွေက အလုပ်သမား ၁၆၀၀၀ ကနေ ၁၂၀၀၀ နီးပါး အလုပ်လျော့ ချခဲ့ကြလို့ ကနေဒီ နာဆာ ဌာန ကို မှီခိုအားထား  အလုပ်လုပ်နေကြတဲ့ အလုပ်သမားစုစုပေါင်း ၈၀၀၀ လောက် အလုပ်လက်မဲ့ ဖြစ်ခဲ့ကြရတယ်လို့ ခန့်မှန်းခဲ့ကြတယ်။ အာကာသ လွန်းပျံယာဉ်မှာတပ်ဆင်ထားတဲ့ အပူ အအေး ခံ Foam ပြားတွေ ကို ကိုက်ဖျက်တဲ့ သစ်တောက်ငှက်တွေ ကို အာကာသ ခရီးစဉ် ပစ်လွှတ်မှုမတိုင်ခင် ၂၄ နာရီလုံးလုံး စောင့်ကြည့်ချောက်လှန့်နေတဲ့ ငှက်ချောက်သမား၊ သန့်ရှင်ရေးသမား၊ ကားမောင်းသမား က အစ၊ အာကာသ နည်းပညာ ဆိုင်ရာ အင်ဂျင်နီယာ နှင့် သိပ္ပံပညာရှင် အဆုံး အားလုံး အလုပ်လက်မဲ့ဖြစ်ခဲ့ကြရတော့တာပါပဲ။

အမေရိကန် အာကာသ စီးပွားရေးလုပ်ငန်း ဆိုင်ရာ စိမ်ခေါ်မှုများ


အမေရိကန် အာကာသ နှင့် ဂြိုဟ်တု ဆက်သွယ်ရေးလုပ်ငန်း က နှစ်စဉ်တင်ပို့မှုရဲ့ ၀င်ငွေဟာ အမေရိကန်ဒေါ်လာ ၂၀.၈ ဘီဘီယံ ရှိပြီး၊ ၁၀ နှစ်အတွင်း နှစ်စဉ် အလုပ်အကိုင် ၂၈, ၀၀၀ ကို ဖန်တီးနိုင်ခဲ့တယ်လို့ အာကာသဆိုင်ရာ စက်မှု လုပ်ငန်း အသင်းအဖွဲ့ AIA  (Aerospace Industries Association) က ခန့်မှန်းတွက်ချက်ခဲ့တယ်။ ယခင်က အမေရိကန်နိုင်ငံဟာ ဂြိုဟ်တုဆက်သွယ်ရေး နှင့် အာကာသလုပ်ငန်း ဆိုင်ရာ တင်ပို့မှုပိုင်းမှာ မှာ ကမ္ဘာ့ဈေးကွက်ရဲ့  ၆၃ ရာခိုင်နှုန်းရှိခဲ့ပေမဲ့၊ ယခုအခါမှာ ကမ္ဘာ့ဈေးကွက်ရဲ့ ၃၀ ရာခိုင်နှုန်း ထိသို့  လျော့ကျ လာတာတွေ့ရ တယ်။ 






 နိုင်ငံတချို့က အမေရိကန်ရဲ့ အာကာသ ဆိုင်ရာ နည်းပညာတွေ ကို လိုင်စင်မဲ့ အခမဲ့ခိုးယူ သုံးစွဲခံခဲ့ရမှုတွေကြောင့် အမေရိကန် အစိုးရ ဟာ အာကာသနည်းပညာ  ဆိုင်ရာ တင်ပို့ကုန် တွေအပေါ် အမျိုးသားလုံခြုံရေး အကြောင်းပြချက်ဖြင့် တင်းကျပ်တဲ့  ဥပဒေတွေ ချမှတ်ခဲ့တယ်။ ဒီလို တင်ပို့ရောင်းချမှုဆိုင်ရာ ဥပဒေတွေ ကို တင်းကျပ်ခဲ့ခြင်းကြောင့် ကမ္ဘာ့ဈေးကွက်မှာ အမေရိကန်ရဲ့ တင်ပို့ရောင်းချမှုဟာ သိသိသာသာ ကျဆင်းလာခဲ့ရတာ ဖြစ်တယ်လို့  အာကာသဆိုင်ရာ စက်မှု လုပ်ငန်း အသင်းအဖွဲ့ က ပြောဆိုခဲ့တယ်။ အမေရိကန် အစိုးရ ရဲ့  တင်ပို့ကုန် တင်းကျပ်မှု ဥပဒေတွေကြောင့် အမေရိကန် အာကာသ နှင့် ဂြိုဟ်တု ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းတွေ မှာ အလုပ်အကိုင် ၂၅, ၀၀၀၀ လောက် လည်း ဆုံးရှုံးခဲ့ရတယ်လို့ အာကာသ ဆိုင်ရာ လုပ်ငန်း အသင်း AIA  (Aerospace Industries Association) ရဲ့ လေ့လာသုံးသပ်ချက် စစ်တမ်း မှာ ဖော်ပြထား တာတွေ့ရတယ်။


အမေရိကန်အစိုးရ အနေနဲ့ ဂြိုဟ်တုဆက်သွယ်ရေး နှင့် အာကာသဆိုင်ရာ တင်ပို့ကုန်အပေါ် တင်းကျပ်ထားတဲ့ ဥပဒေတွေ ကို လျော့ချမလား၊ ကမ္ဘာ့ဈေးကွက် မှာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်မလားဆိုတာက ယနေ့ အမေရိကန် အစိုးရ လက်ရှိ ရင်ဆိုင်နေရတဲ့ စိမ်ခေါ်မှုပဲဖြစ်ပါတယ်။


တကယ်တော့  ကမ္ဘာ့ထိပ်တန်း အမေရိကန် အာကာသစူးစမ်းလေ့လာရေး အဖွဲ့က နိုင်ငံတကာ အာကာသ စခန်းဆီ ပျံသန်းမယ့် လူလိုက်ပါသွားတဲ့ လွန်းပျံယာဉ်တွေ ဆက်ပြီးမထုတ်တော့ ၊ မလွှတ်တင်တော့ တဲ့ အတွက် ကတော့ အင်မတန် မှ စိတ်မကောင်းစရာပါ။ ဒါပေမဲ့ လည်း အခြားဂြိုဟ်တွေနဲ့ သိပ္ပံပညာတွေ ကို စူးစမ်း လေ့လာမည့် အစီအစဉ်တွေက ဆက်လက် ရှိနေဆဲပါလိုတော့ နာဆာ က အတည်ပြုပြောဆို ခဲ့တယ်။
အမေရိကန် နာဆာ အာကာသ စူးစမ်း လေ့လာရေးဌာန က  နှစ်ပေါင်း ၅၀ ကျော် ကြာ အာကာသလွန်းပျံယာဉ် လွှတ်တင်တဲ့အစီအစဉ်ကို ဘာကြောင့်ရပ်ဆိုင်း လိုက်သလဲ၊ နာဆာရဲ့ အနာဂတ် ရည်မှန်းချက်နှင့် အစီအစဉ်တွေက ဘာတွေဆိုတာ က တော့ တကမ္ဘာလုံးက လူသားတွေ အားလုံး  သိချင်နေကြတဲ့မေးခွန်းတခုပါ။ နာဆာ က တော့ သူတို့ မှာ အခြား အာကာသ နဲ့ သပ္ပံပညာတွေ ကို လေ့လာစူးစမ်းဖို့ SMART  goals တွေ ဆက်လက်ရှိနေအုန်း မယ်လို့ဆိုတယ်။