Friday, December 2, 2016

မြန်မာ နှင့် Political Schizophrenia တစေ့တစောင်း---True story about Burma and political schizophrenia.


တကယ်တော့ အရူး အချင်းချင်းပဲ နားလည်တယ်။
အရူးထောင် တခု မှာ ပါ။ အားလုံး က စိတ္တဇ ရောဂါသည်တွေကြီးပဲ။ စိတ်ကစဥ့်ကလျားခံစားနေရတဲ့ ရောဂါဝေဒနာတွေ ကုသနေကြတာ။
တနေ့တော့ မောင်ထော် ဆိုတဲ့ စိတ္တဇ ဝေဒနာရှင် အရူးတယောက် လူမသိတုန်း ထောင်ခန်းထဲ က လွတ်ထွက်သွားပြီး သစ်ပင်ပေါ် အမြင့်ဆုံးတက်ပြီး စဉ်းစားခန်းဖွင့် နေလေရဲ့။ စိတ္တဇ ဆရာဝန်ကြီးတွေ၊ ၀န်ထမ်းတွေ ၊ အဏာပိုင်တွေ၊ အရူးထိမ်းတွေ လည်း အရူး သစ်ပင်ပေါ် က နေ ပြုတ်ကျပြီး၊ သေမှာ ကြောက်တော့ ခြောက်ခါတမျိုး၊ ချော့ခါတမျိုး အရူးကို ပြန်ဆင်းလာဖို့ အရူးထောင် ထဲ မှာ အုပ်အုပ်ရုန်းရုန်းဖြစ်နေကြတယ်။ သစ်ပင်ပေါ် က ပြုတ်ကျလာရင် အရေးပေါ် ကုသဖို့ ၊ အသက်ကယ်ဖို့ အစီအစဉ်တွေ နဲ့ ပြာပြာသလဲ အလုပ်ရှုပ်နေကြလေရဲ့။
သူတို့ ပြာပြာသလဲ အရေးတယူလုပ်နေလေ၊ အရူး က စိတ်ရှုပ်ဟန်နဲ့ မြင့်သထက်မြင်အောင် တက်သွားပြီး စိတ်ကူးယဉ်နေလေသပေါ့။ နေမြင့်လေ အရူးရင့် လေ ဆိုတာမျိုးပေါ့။
ဒီမှာ တင် ယဉ်ယဉ်လေးရူး နေတဲ့ ကိုအောင် ဆိုတဲ့ ကိုထော်ရဲ့ အခန်းဖော် အရူးတယောက် က ကြားနေ၊ မြင်နေရတော့ စိတ်မရှည်တော့တဲ့ လေသံနဲ့ “ခင်ဗျားတို့ တော်တော်ညံ့ကြတာပဲ” လို့ လူအုပ်ကြီး ကို လှမ်းအော်ပြောပြီး၊ ကျုပ် ဒီကောင့် ကို အခု ပဲ ပြန်ဆင်းအောင် လုပ်နိုင်တယ် လို့ မြည်တွန်တောက်တီး ပြောဆိုလိုက်တယ်။ လူတွေ လည်း အလုပ်ရှုပ်နေကြတော့ သူပြောလိုက် တာ ကို အမှုမဲ့ အမှတ်မဲ့ပေါ့။ ဒါပေမဲ့ သက်တမ်းရှည် အရူးထိမ်းတွေ က တော့ သတိပြုမိလိုက်ကြတယ်။
စိတ္တဇ ဆရာဝန်တွေ၊ ၀န်ထမ်းတွေ ၊ အဏာပိုင်တွေ လည်း အချိန်က လည်းကြာ၊ ကြံရာ မရ နဲ့ လက်လျော့လိုက်ကြပြီ။ ဒီမှာ တင် ကိုထင်ကျော် ဆိုတဲ့ လုပ်သက်ကြာရှည်တဲ့ အရူးထိမ်း တယောက် က အကြံပေးတယ်။ အရူး အချင်းချင်း ထိမ်းကြည့်ရအောင်ပေါ့။ ဒီလိုနဲ့ပဲ လှမ်းအော်ပြောလိုက်တဲ့ ကိုအောင် ဆိုတဲ့ ကိုထော်ရဲ့ အခန်းဖော် အရူးတယောက် ကို ခေါ်ထုတ်ပြီး၊ မင်း ဒီကောင့် ကို သစ်ပင်ပေါ် က ပြန်ဆင်းအောင် လုပ်ပေးရင် ၊ လူ့ အသက် ကို ကယ်ပေးနိုင်တဲ့ အတွက် မင်း ကို ငါတို့ အရူးလို့ မသတ်မှတ်ဘူးပေါ့လို့ ဆိုပြီး ချော့ပြီး ခေါ်ထုတ်လာတယ်။ ဒီမှာ တင် ကိုအောင် က “ကျုပ်မရူးဘူး။ ခင်ဗျားတို့ သာ ရူးနေကြတာ။ ကျုပ် ဒီအရူး ကို အောက်ပြန်ဆင်းအောင် အခုလုပ်ပြမယ်” လို့ ဆိုတယ်။
လူအုပ်ကြီး က လည်း ယဉ်ယဉ်လေးရူးနေရှာတဲ့ ကိုအောင်ဆိုတဲ့ အရူး ကို စိတ်ဝင်တစား ၀ိုင်းအုံ ကြည့်နေကြတယ်။ သစ်ပင်ကြီးအောက်ရောက်တော့ အရူးထိမ်းတွေဆီ က ကြိမ်လုံးတောင်းပြီး-
“ ဟဲ့…မောင်ထော်..မင်းကိုမင်း အောင်ဆန်း ကို အားကျပြီး စိတ်ကြီးဝင် ဘ၀င်မြင့်မနေနဲ့။ မင်း အခု ဆင်းမလား မဆင်ဘူးလား။ ကြိမ်လုံးလေးဝှေ့ရင်း ငါလုပ်လိုက်ရင် သေသွားတော့မယ် လို့ မောင်ထော်ကြားအောင် အကျယ်ကြီး လှမ်းအော်ပြောလိုက်တယ်။” ဒီမှာ တင် အရူးမောင်ထော် က “အကိုကြီးရယ် မလုပ်ပါနဲ့ လို့ပြောပြီး ချုံးပွဲချ ငိုတော့တာပဲ။”
“အေး..မသေချင်ရင် မင်းချက်ချင်းဆင်ခဲ့ ဆိုပြီး၊ သစ်ပင်ကြီး ကို တွန်းလှုပ်ပြပြီး ခြိမ်းချောက်လိုက်တော့” အကိုကြီး ရယ် မသတ်ပါနဲ့၊ အခုပဲ ဆင်းဆို ဆင်းပါမယ်လို့ ငိုပြီး ဆင်းလာတော့ တယ်။ သစ်ပင်အောက်ရောက်တော့ မှ “ကိုကြီး ကယ်တဲ့ အသက်ပဲ ရှိပါတော့တယ်။ အခန်းဖော် ကိုအောင် ကို ရှိခိုးဦးချတယ်။” ကိုအောင် က လည်း “ မင်းနောက်တခါမလုပ်နဲ့” ဆိုပြီးဆုံးမ စကားပြောဆိုပြီး၊ ပုခုံးဖက် ပြီး နှစ်ယောက်သား အခန်းထဲပြန်ဝင်သွားကြတယ်။
အခန်းထဲ ပြန်မ၀င်ခင် ကိုအောင် က လူအုပ်ကြီးကို အော်ပြီး ပြောသွားသေးတယ်။ “တွေ့လား…ကျုပ်မရူးပါဘူးပြောနေတာ ၊ ခင်ဗျားတို့ က မယုံဘူး။ ကျုပ် ညီလေး မောင်ထော် တယောက် ပဲ သိတယ်” ဆိုပဲ။
ဒီ မှာတင် စိတ္တဇ ဆရာဝန်တွေ၊ ၀န်ထမ်းတွေ ၊ အဏာပိုင်တွေနဲ့ စိတ်ဝင်တစား ၀ိုင်းကြည့်နေကြတဲ့ သူတွေ လည်း အံ့အားသင့်သွားတယ်။
ဒီမှာတင် အရူးထိမ်း ကိုထင်ကျော် က မှတ်ချက်ပြုတယ်။ တခါတခါ အရူးတွေကို လူကောင်းတွေ က ပြောလို့ မရဘူး။ အရူးတွေပြောတာတွေ၊ အရူး အချင်းအချင်း ပဲနားလည်ကြတယ်။ သူတို့ အချင်းချင်း က ဘာသာတူတယ် လို့ မှတ်ချက်ပြုလိုက်တော့မှ စိတ္တဇ ဆရာဝန်တွေ၊ ၀န်ထမ်းတွေ ၊ အဏာပိုင်တွေလည်း အခု မှပဲ ပြိုင်တူပြုံးလိုက်မိကြတာတွေ့ရတော့တယ်။
၁၉၈၀ ခုနှစ် ပတ်ဝန်းကျင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ အရူးထောင် မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်တခု ပါ။
Political Schizophrenia နိုင်ငံရေး သွက်ချာပါဒ စိတ်ကစဥ့်ကလျား ရောဂါ ခံစားနေကြရတဲ့ မြန်မာနိုင်ငံ မှာလည်း အရူးတွေပြောနေတဲ့ စကား၊ အရူးအချင်းချင်းပဲ နားလည်နိုင်ပေလိမ့်မည်၊ လူကောင်းတွေ ရဲ့ စကားက တော့ တိုးပေါက်လိမ့်မယ် မထင်။
လူကောင်းတွေ ကတော့---
သူများရူးတိုင်း ကိုယ်လိုက်ရူးဘို့ မလိုပါ ။
အရူးကို အမဲသား မကြွေးပါနဲ့။ နွားမြင်တိုင်းလက်ညှိုးထိုးနေပါလိမ်.မယ် တဲ့။
ယဉ်ယဉ်လေးနဲ.ရူးနေသူကို သိပါ ၊ သွက်ချာပါဒ ထက်ပိုပြီးသတိထားသင့်ပါတယ် ။
ချင့်ချိန်ယုံကြပါ၊ ပုဂိုလ်စွဲ မရှိသင့် ။ တရားဆိုတာကိုယ်မှာသာရှိပါတယ် စသဖြင့် စသဖြင့်တွေ ပေါ့။
မြန်မာပြည်သူတွေ အားလုံး Political Schizophrenia နိုင်ငံရေး သွက်ချာပါဒ စိတ်ကစဥ့်ကလျား ရောဂါ ခံစားနေကြရတဲ့ အရူးထောင်အကျဉ်းကျခံဘ၀ မှ လွတ်မြောက်နိုင်ကြပါစေ။

Monday, November 7, 2016

စီပိုး - Hep C ( သို့ ) Silent Killer


(This post is dedicated to thousands of people including my best friends who died from liver cancer)
-မြတ်စိုး-
၀၄-၀၃-၂၀၁၆
ခန္ဓာကိုယ် ထဲရှိ အင်္ဂါအစိတ်အပိုင်းတွေထဲ မှာ အသည်း က အကြီုးဆုံး နှင့် အလုပ် လုပ်ရဆုံး အင်္ဂါအစိတ်အပိုင်းဖြစ်တယ်။ စားသောက်တဲ့ အစားအစာများ မှတဆင့် ပရိုတိန်းဓာတ်ကို ထုတ်လုပ်ပေးပြီး၊ လိုအပ်သည့် နေရာ၊ လိုအပ်သည့် အချိန်တွင် အဟာရ အဖြစ် ပြောင်းလဲပေးသလို၊ အစား အသောက် ထဲတွင်ပါဝင်သည့် အန္တာရယ်ဖြစ်စေသည့် ဓာတ်များ ကို ဖယ်ရှားပြီး သွေးကို သန့်စင်မှု ပြုလုပ်ပေးသည့် အင်္ဂါအစိတ်အပိုင်း ဖြစ်သည်။
ဒီတော့ အရပ်စကားနဲ့ ပြောရရင် - အသည်း ဟာ ကား တစီးလို ပါပဲ။ မောင်းရတာ များလေလေ (သို့) ကားဟောင်း သွားလေ၊ ကားဟာ ချွတ်ခြုံကျ လာလေလေ၊ ပျက်စီးဖို့ များလာလေပဲ။ ကိုယ့်ကားကို အမြန်ဆုံး ချွတ်ခြုံ ကျမသွားအောင် ၊ ကြာရှည်ခံအောင် ထိမ်းသိမ်းယုယဖို့ ၊ ထိခိုက် မပျက်စီးစေအောင် ဂရုစိုက်ဖို့ တော့ လိုပါတယ်။ တနည်းအားဖြင့် အလုပ် လုပ်ရဆုံး အင်္ဂါအစိတ်အပိုင်း ဖြစ်တဲ့ အသည်း ကို ကြာရှည်ခံအောင် ၊ ကျန်းမာရေး နှင့် ညီညွတ် စွာ နေထိုင် စားသောက် ပြီး ၊ဂရုတစိုက်ရှိ ကြ ဖို့ အသက်ကြီးငယ်မရွေး၊ လူတိုင်းကို အကြံပြုပါရစေ။
အသည်းရောဂါ အထူးကု ဆရာဝန်ကြီးများရဲ့ အဆိုအရ၊ သန့်ရှင်း လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ က နေ ရရှိသည့် enzymes များဟာ ခန္ဓာ ကိုယ်အတွင်း အဆိပ်၊ အညစ်အကြေးများ ကို ဖယ်ရှားပေးပြီး၊ သွေးသန့်စင်ပေးဖြင့် အသည်း အလုပ်လုပ်နေရမှု ကို လျော့ ကျစေကာ၊ အသည်း ကို ကြာရှည်ခံ စေတယ်လို့ ဆိုတယ်။ ထို့ အတူ အသားများ၊ ဓာတုဗေဒ အဆိပ်သင့် အစားအစာများ စားရင်တော့ အသည်း က ပိုမို အလုပ်လုပ်ရသဖြင့် အသည်းပျက်စီးမှု ကို ပိုမိုလွယ်ကူစေ တယ် လို့ အကြံပေး ထောက်ပြပြောဆိုကြတယ်။ ဆိုလိုတာ က ရေများများ သောက်သည့် အလေ့အထ၊ သန့်ရှင်း လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ စားသုံးသည့် အလေ့အထ၊ အဟာရ ပြည့်ဝသည့် အစားအစာ စားသုံးသည့် အလေ့အထ၊ ကူးစက်ရောဂါ မပြန့်ပွားအောင် ကာကွယ်ရေး ပညာပေးသည့် အစီအစဉ်များ ကို လုပ်ငန်းခွင် ရှိ ၀န်ထမ်းများ အား လေ့ကျင့်ပေးသည့် အလေ့အထ၊ အပါအ၀င် လူမှုပတ်ဝန်းကျင်တွင် လူနေမှု ပုံစံ ( Life Style) များကို ပြောင်းလဲပေးစေခြင်းဖြင့် အသည်းပျက်စီးမှု၊ အသည်းကင်ဆာ ဖြစ်ပွားမှု ကို လျော့ကျလာစေနိုင်တယ်လို့ ဆိုတယ်။
အသည်းကို ဘာကြောင့် ဂရုစိုက်သင့်သလဲ?။
အသည်းကင်ဆာ ဖြစ်စေတဲ့ ကူးစက်ရောဂါ စီပိုး( ခေါ်) Hep c ကို တချို့ က Slient Killer လို့ ခေါ်ကြတယ်။ တကယ်ပဲ စီပိုးဟာ HIV လို့ ခေါ်တဲ့ ကိုယ်ခံစွမ်းအားကျ ကူးစက်ရောဂါထက် ဆိုးဝါးတယ်။ ပိုမို ကူးစက်ပြန့်ပွားမှု လွယ်သလို၊ သေဆုံးမှု ရာခိုင်နှုန်းလည်း များတယ်။ စီပိုး ကူးစက် သွားပြီဆိုရင် ဆေးဝါးကုသမှုလည်း မလွယ်၊ ဆေးဝါး က လည်း ဈေးကြီးမြင့်ပြီး၊ ရှားပါးတာကြောင့်၊ အင်မတန် မှ ကြောက်စရာကောင်းပါတယ်။ အသည်းရောင် အသားဝါ စီပိုးဟာ သွေးကနေ တဆင့် အသည်းကို ရောက်သွားပြီး ရောဂါပိုးတွေ ပွားများ လာတာဖြစ်ပါတယ်။ Hep C ရောဂါပိုးဟာ နာတာရှည် ရောဂါကို ဖြစ်စေပြီး လူကို သေတဲ့ အထိ ဆိုးကျိုးပေးတယ်။ အသည်း အထူးကု ဆရာဝန်ကြီးတွေရဲ့ အဆိုအရ၊ တခါတရံ ကူးစက် ခံရပြီးပြီးခြင်း မသိဘဲ နှစ် ၂၀၊ နှစ်၄၀ ကြာမှ ကိုယ်ခံစွမ်းအားကျလာတဲ့ အခါတွေ မှာ ရုတ်တရက် သိရှိ ရတာတွေ၊ သွေးအန်မှ သိကြတာတွေလည်း ရှိပါတယ်။ အသည်းပျက်စီးနေမှု၊ အသည်းကင်ဆာ ဖြစ်စေတဲ့ ကူးစက်ရောဂါ စီပိုး( ခေါ်) Hep c ကူးစက်ခံခဲ့ရမှု ကို အချိန်နှောင်း မှ သတိပြုမိ လေ့ရှိကြတယ်။
အမေရိကန် နှင့် Hep C
အမေရိကန်နိုင်ငံ မှာ Hep C အသည်းရောင် အသားဝါ စီပိုး ကူးစက် ခံစားနေရသူ ၃. ၂ သန်းကျော် ရှိပြီး၊ တကမ္ဘာလုံး မှာ သန်း ၁၇၀ ကျော်ရှိတယ်လို့ အမေရိကန်နိုင်ငံ အသည်းရောင် အသားဝါ စီပိုး တိုက်ဖျက်ရေး အဖွဲ့ နှင့် ကမ္ဘာ့ ကုလသမဂ္ဂ ကျမ်းမာရေးအဖွဲ့ WHO က ထုတ်ပြန်တဲ့ မှတ်တမ်းတွေ မှာပါရှိပါတယ်။ အမေရိကန် နိုင်ငံ မှာ Hep C အသည်းရောင် အသားဝါ စီပိုး နှင့် သေဆုံးသူ ဦးရေ ဟာ တနှစ် ကို ပျှမ်းမျှ ၁၂, ၀၀၀ ရှိပြီး၊ ကူးစက်သူ အသစ် ဦးရေ က တော့ တနှစ် ကို ၁၇, ၀၀၀၀ တိုးပွားလာနေတယ်လို့ အမေရိကန် ကူးစက်ရောဂါတိုက်ဖျက်ရေး ဗဟို ဌာန က ဆိုတယ်။ Hep C အသည်းရောင် အသားဝါ စီပိုး ကူးစက် ခံစားနေရသူတွေရဲ့ ၇၅ % ဟာ မိမိ တို့ရဲ့ အသည်းပျက်စီးနေတာတာ ကို သေခါနီး ချိန်ထိ မသိရှိကြ၊ သတိ မထားမိကြဘူးလို့ အမေရိကန် ဗဟို ရောဂါထိမ်းချုပ်မှု နှင့် ကာကွယ်ရေး အဖွဲ့- က ထုတ်ပြန်တဲ့ သုတေသန စစ်တမ်းထဲ့ မှာ ဖော်ပြထားတယ်။ ရောဂါဖြစ်ပြီလို့ သိရှိတဲ့ အချိန်မှာ ကူးစက်ရောဂါ ဟာ ကျွမ်းသွားပြီး၊ ကုသ လို့ မရတော့ တဲ့ အဆင့် ကို ရောက်ရှိ သွားတက်ကြတယ်လို့ ဆိုတယ်။
အမေရိကန် ဗဟို ရောဂါထိမ်းချုပ်မှု နှင့် ကာကွယ်ရေး အဖွဲ့- CDC (Centers for Disease Control and Prevention) နှင့် အသည်းရောင် အသားဝါ စီပိုး တိုက်ဖျက်ရေး အဖွဲ့ က တော့ ၁၉၄၅-၁၉၆၅ ကြား မှာ မွေးဖွားလာသူတွေ ဟာ အသည်းရောင် အသားဝါ စီပိုး ကူးစက်ခံရမှု၊ အသည်းပျက်စီးမှု အန္တရာယ်များတာကြောင့် သွေးစစ် စမ်းသပ်ခံယူကြဖို့ တိုက်တွန်းထားပါတယ်။
အမေရိကန် အသည်းရောင် အသားဝါ စီပိုး တိုက်ဖျက်ရေး အဖွဲ့ က အမေရိကန်နိုင်ငံသားများ အသည်း ပျက်ဆီးမှု မရှိအောင်၊ ရှောင်သင့်သည့် အချက်( ၅) ချက် ကို ထောက်ပြထားတယ်။
 ၁) အရက် အလွန်အကျွံ သောက်သုံးခြင်း၊ (Drinking too much alcohol over time can be devastating to the liver.)
 ၂) အရက်နာ ကျသည့် အခါ Tylenol အကိုက်အခဲပျောက်ဆေး ကို သောက်သုံးခြင်း၊ Tylenol တွင်ပါဝင်သည့် acetaminophen ဓာတ်တမျိုး သည် အသည်းကို ပျက်စီးစေခြင်း။ (Taking too much acetaminophen (main ingredient in Tylenol) can also hurt the liver.)
 ၃) စီပိုးသည် မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ လိင် ဆက်ဆံခြင်း၊ သွေးနဲ့ ကိုယ်တွင်း အရည်ကနေ တဆင့် ကူးစက်တဲ့ ရောဂါပိုး ပြန့်ပွားခြင်း ရှိသလို၊ ရောဂါကူးစက်နေသည့် မိခင်များ မှ မွေးဖွားလာသည့် ခလေးငယ်များ တွင်လည်း ရောဂါပိုး ကူးစက်ပြန့်ပွားစေခြင်း၊ (Birth to an HCV-infected mother, sex with infected partner, injecting drug use and other shared drug paraphernalia)
 ၄) အဟာရချို့တဲ့ခြင်း (သို့) အဟာရ ပြည့် ၀စေသည့် အစားအစာများ ကို လုံလောက်စွာ မစားသုံးခြင်း၊ (Not eating enough nutritious foods –malnutrition)
 ၅) အဆိပ်သင့် အစားအစာ (သို့) ဓာတုဗေဒ အဆိပ်သင့်နေသည့် အစားအစာများ စားသုံးခြင်း၊ အသည်းကို ပျက်စီးစေသည့် ဆေးဝါးများ မှီဝဲခြင်း တို့ ဖြစ်တယ်။ (Eating poisonous wild mushrooms or taking a combination of medicines that do not interact properly can damage the liver and lead to liver disease. If caught early enough, a plan of action can be implemented to prevent further damage. Therefore, it’s important to contact your doctor if your body shows signs of liver damage.
ဒီထဲမှာ စိတ်ဝင်စားဖို့ ကောင်းသည့် အချက်က အမေရိကန် အရက်သောက်သုံးသည့် သူများ အရက်နာကျလျှင် Tylenol အကိုက်အခဲပျောက်ဆေး ကို သုံးစွဲခြင်း မှ သည် အသည်းကင်ဆာဖြစ်မှု ပိုမိုများပြားလာနေ တယ်လို့ အမေရိကန် အသည်းကင်ဆာ တိုက်ဖျက်ရေး အဖွဲ့ကြီးက ဆိုထားတယ်။ အမေရိကန်နိုင်ငံ တွင် အသည်းပျက်စီးမှု ကို လူငယ်များတွင် အများဆုံးတွေ့ရှိရပြီး၊ အရက်သောက်ပြီး၊ Tylenol အကိုက်အခဲပျောက်ဆေး မသောက်ရန် လူငယ်များကို သတိပေး တိုက်တွန်းနှိုးဆော်မှု ပြုထားတယ်။
မြန်မာ နှင့် စီပိုး
၁၉၈၀ ပတ်ဝန်းကျင်ကာ လ မှာ မြန်မာနိုင်ငံ အ၀ှန်း မှာ အသည်းရောင် အသားဝါ စီပိုး နဲ့ သေဆုံးမှု ၊ စီပိုး ရောဂါကူးစက်ပြန့်ပွားနေမှု အကြီး အအကျယ် ဖြစ်ပွားခဲ့တယ်။ သို့သော် ရောဂါကူးစက်ပြန့်ပွားနေမှုကို အာဏာရှင် ဦးနေ၀င်း အစိုးရ လက်ထပ်၊ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန က လူထု ကျန်းမာရေး အတွက် အရေးပေါ် အခြေအနေ မကျေညာ ခဲ့ပဲ ၊သတင်း အချက်အလက်များကို လည်း ဖုန်းကွယ်ခဲ့ကြတယ်။ နိုင်ငံတော် အဆင့် အဖြစ် နိုင်ငံ အ၀ှန်း စီမံချက်ချကာ ကူးစက်ရောဂါတိုက်ဖျက်ရေး နှင့် ကြိုတင် ကာကွယ်မှု အစီအစဉ်တွေ ကို လည်း မချမှတ်ခဲ့ကြပါဘူး။ ယင်းကာလ မှစ၍ အသည်းရောင် အသားဝါ စီပိုးကြောင့် တချို့ မှာ သေဆုံးခြင်း၊ တချို့ မှာ ကူးစက်ရောဂါ များ ခန္ဓာကိုယ်အတွင်း ငုတ်လျှိုသွားခြင်း၊ လူမှု ပတ်ဝန်းကျင်တွင် စီပိုး ကူးစက်ရောဂါ ဆက်လက် ပြန်နှံ့နေခြင်း များ ရှိခဲ့တယ်။
မြန်မာ နိုင်ငံ မှာ ၁၉၆၀-၁၉၈၀ ကြားမှာ မွေးဖွားသည့် သူများ အသည်းရောင် အသားဝါ စီပိုး ကူးစက်ခံရမှု အန္တရာယ်များ တာကြောင့် သွေးစစ် စမ်းသပ်မှု ခံယူကြဖို့ မြန်မာနိုင်ငံ လူထု ကျန်းမာရေး ကာကွယ် စောင့်ရှောက်မှု အငြိမ်းစား ဆရာဝန်ကြီး ဒေါက်တာဖြူဖြူစိုး က တိုက်တွန်းအကြံပြုခဲ့သလို ၊ ကူးစက်ရောဂါ ကာကွယ် ရေး သုတေသနပြုနေကြသည့် ပြည်ပရောက် မြန်မာဆရာဝန်ကြီးများ၊ ဆေးပညာရှင်များ က လည်း တိုက်တွန်းထားပါတယ်။
မြန်မာ နိုင်ငံ မှာတော့ အသည်းရောင် အသားဝါ စီပိုး ကူးစက်နေသူ ဦးရေ နှုန်းထား အတွက် အစိုးရဆက်တိုင်း က စနစ်တကျ သုတေသန စစ်တမ်း ပြုလုပ်ထားမှု မရှိခဲ့သဖြင့် မှန်ကန်သည့် အချက်အလက် များ ရရှိဖို့ရန် နှင့် ခန့်မှန်းတွက်ချက်ရန် ခက်ခဲနေဆဲဖြစ်သည်။ သို့သော် ဒီရောဂါပိုး ကူးစပ်မှု များတဲ့ နိုင်ငံ တနိုင်ငံ အဖြစ် ကမ္ဘာ့ ကုလသမဂ္ဂ ကျမ်းမာရေးအဖွဲ့ WHO နှင့် အမေရိကန် ဗဟို ရောဂါထိမ်းချုပ်မှု နှင့် ကာကွယ်ရေး အဖွဲ့- CDC (Centers for Disease Control and Prevention) က သတ်မှတ် ထားပါသည်။
ရန်ကုန်မြို့ အခြေစိုက် အစိုးရ မဟုတ်သည့် အသည်းရောဂါ စောင့်ကြည့်ရေး အသင်း ရဲ့ ဆန်းစစ်လေ့လာချက် အရ လူဦးရေ ရဲ့ ၂ ရာခိုင်နှုန်းက နေ ၅ ရာခိုင်နှုန်းကြားရှိတယ်လို့ ခန့်မှန်းထားတယ်။ ဆိုလိုတာ က လူဦးရေ ၁ သန်း က နေ ၃ သန်းနီးပါး အကြား အသည်းရောင် အသားဝါ စီပိုး ကူးစက်နေတယ်လို့ ခန့်မှန်းထားတယ်။ သုတေသန ဆန်းစစ်လေ့လာ မှု ပြုလုပ်လို့ မရတဲ့ ဝေးလံတဲ့ ဒေသတွေ မှာ အချက်အလက်တွေ ရရှိဖို့ ခက်ခဲတာမို့ ၊တကယ့်လက်တွေ့ မှာ အသည်းရောင် အသားဝါ စီပိုး ကူးစက်နေသူ ဦးရေ ဟာ ခန့်မှန်းတွက်ချက်ထားတာတဲ့ ဦးရေထက် ပိုများနိုင်တယ်လို့ ဆိုထားတယ်။ ဒါဟာ အင်မတန် မှ ကြောက်မတ်ဖွယ်ကောင်းတဲ့ နှုန်းထားဖြစ်နေတယ်။
မြန်မာနိုင်ငံ မှာ အသည်းကင်ဆာဖြစ်ပွားမှု ဘာကြောင့် အမြင့်ဆုံး တိုးပွားလာနေသလဲ? ။ မြန်မာနိုင်ငံ လူထု ကျန်းမာရေး ကာကွယ် စောင့်ရှောက်မှု အငြိမ်းစား ဆရာဝန်ကြီး ဒေါက်တာဖြူဖြူစိုး က အခုလို လေ့လာဆန်းစစ် သုံးသပ်ထားတယ်။
၁) အလုပ်လက်မဲ့ နှင့် စိတ်ဓာတ်ကျဆင်းမှုကြောင့် အရက်သောက်သုံးမှု တိုးပွားလာနေခြင်း၊
၂) မူးယစ်ဆေးဝါး သုံးစွဲမှုများ မှတဆင့် ကူးစက်ခြင်း။ ( Exposure to others’ blood through shared needles or drug paraphernalia (even many years ago and even if it was only once) may be the source of hepatitis C infection.)
၃) အဟာရချို့တဲ့ခြင်း နှင့် အဆိပ်သင့်သည့် အစားအစာများ စားသုံးနေရခြင်း၊ (Not eating enough nutritious foods –malnutrition and Eating poisonous foods)
၎) အကျဉ်းထောင် များ ၊ဆေးရုံများ၊ အလုပ်ရုံများ၊ အားကစားရုံများ တွင် ထိတွေ့မှုများ နှင့် ထိခိုက်ဒဏ်ရာ ရမှုများ မှ တဆင့် ကူးစက်ခြင်း အပြင် ၊ တက်တိုး ထိုးခြင်း၊ သွေးလှူခြင်း၊ ဆေးထိုးအပ်များ မှတဆင့် လည်း ကူးစက်မှု တိုးများနေခြင်းများ ကို တွေ့ရသည်။
• Blood transfusion, blood products (plasma, immune globulin, platelets, etc.) or organ transplant from infected donor.
• Exposure to infected blood through occupation, manicures, pedicures, piercings, tattoos, sports, sharing personal care items (razors, toothbrushes, etc.)
• Unsterile medical injections or poorly sterilized medical equipment
Although most medical facilities go to great lengths to be sure all equipment is sterilized, there have been reported cases of hepatitis C traced back to the use of reused or incompletely sterilized medical equipment.
၎) စီပိုး ရောဂါကူးစက်နေသည့် မိခင်များ မှ မွေးဖွားလာသော ခလေးငယ်များ တွင်လည်း ကူးစက် ရောဂါပိုး ပြန့်ပွားခြင်း၊ (Birth to an HCV-infected mother)
၅) လိင် ဆက်ဆံခြင်း (sex with infected partner)၊ သွေးနဲ့ ကိုယ်တွင်း အရည်ကနေ တဆင့် ကူးစက်တဲ့ ရောဂါပိုး ပြန့်ပွားခြင်း၊
၆) အစိုးရ မှ ထိရောက်စွာ တိုက်ဖျက်သည့် အစီအစဉ်၊ လုပ်ငန်းခွင် အတွင်း ကာကွယ်ရေးအစီအစဉ် နှင့် ပညာပေးမှု အားနည်းခြင်း
ရ) ဆင်းရဲမွဲတေခြင်း၊
ဒီအချက်တွေ ကိုလည်း ကုလသမဂ္ဂ အပါအ၀င်၊ နိုင်ငံတကာ က သုတေသနပြုထားတဲ့ စစ်တမ်းတွေ ထဲမှာလည်း တွေ့ရတယ်။ မြန်မာနိုင်ငံ မှာ ကူးစက်မှု အပေါ် စိတ်ဝင်စားဖို့ ကောင်းသည့် အချက်က လုပ်ငန်းခွင် နှင့် ဆေးရုံများမှ တဆင့် ကူးစက်လာခြင်း၊ အကျဉ်းထောင်ချခံခဲ့ ရတဲ့ နိုင်ငံရေးအကျဉ်သားများ၊ အကျဉ်းထောင် မှ ပြန်လည်လွတ်မြောက်လာချိန် တွင် စီးပိုးများ ကူးစက်မှု ပိုမိုများပြားသည့် အထောက်အထားများ ခိုင်လုံစွာ တွေ့ရှိနေရတယ်။ ဒါကြောင့် အကျဉ်းထောင်တွေ၊ လုပ်ငန်းခွင်တွေ နှင့် ဆေးရုံတွေ ဟာ အင်မတန် မှ ကြောက်စရာ ကောင်းသည့် ကူးစက်ရောဂါပြန့်ပွား စေသည့် ပင်မ အရင်းအမြစ် တခုလိုဖြစ်နေတယ်။
အသည်းရောင် အသားဝါ စီပိုး ကို ဘယ်လို တိုက်ဖျက်ကြမလဲ?။
လူထု ကျန်းမာရေး စောက်ရှောက်မှု ဆရာဝန်ကြီး ဒေါက်တာ ဖြူဖြူစိုး က အခု လို အကြံပြုထားတာတွေ့ရတယ်။
1) (Diagnosis)- အသည်းရောင် အသားဝါ စီပိုး နှင့် အသည်း ပျက်စီးမှု ရှိမရှိ ကြိုတင် သိရှိစေရန် Liver Blood Test ၊ Liver Function Test သွေးစစ်ဖို့ နှင့် ကူးစက် ရောဂါ အချက်ပြသင်္ကေတ တွေ ကို အစဉ်အမြဲ သတိပြုကြပါ။
2) (Treatment)- အသည်းရောဂါ ဆရာဝန်ကြီးများ ရဲ့ လမ်းညွှန်မှု အတိုင်း သာ ဆေးဝါးကုသမှု ကို ခံယူပါ။
3) ( Support)- အသည်းရောင် အသားဝါ စီပိုး ကို တနိုင်ငံ လုံ အတိုင်းအတာ ဖြင့် အစိုးရ မှ ထိရောက်စွာ တိုက်ဖျက်သည့် အစီအစဉ်များ ၊ ပညာပေးမှု အစီအစဉ်များ၊ သုတေသန စစ်တမ်းများ ကောက်ခံမှုများ ကို စနစ်တကျ ထိရောက်စွာ ပြုလုပ်ပေးသင့်တယ်လို့ အဆိုပြုထားတယ်။
အသည်းရောင် အသားဝါ စီပိုး ကို တိုက်ဖျက်ရာ မှာ လူထု ကျန်းမာရေး အကျိုး ကို ရှေ့ရှု့ ပြီး-
၁) ဈေးကွက်တွင် လူထု အား အဆိပ်သင့်သည့် အစားအစာများ ရောင်းချနေခြင်း ကို အလျင်အမြန် တားမြစ်ပိတ်ပင် အရေးယူသင့်တယ်။
၂) လုပ်ငန်းခွင်များ၊ဆေးရုံများ၊အကျဉ်ထောင်များ တွင် အသည်းရောင် အသားဝါ စီပိုး ကူးစက်ပြန့်ပွားမှုမရှိရန် ထိမ်းချုပ်သည့် အစီအစဉ်များ၊ ကာကွယ်ရေး ပညာပေးသည့် အစီအစဉ်များ ထားရှိသင့်သည်။
၃) လူနေမှု ပုံစံ ( Life Style) ကို ပြောင်းလဲစေသည့် ပညာပေး အစီအစဉ် များကို ဆောင်ရွက် ခြင်း။
ဥပမာ- အရက် အလွန်အကျွံ သောက်မှု အလေ့အထ၊ သန့်စင်သော ရေ ကို သောက်သုံးမှုနည်းပါးနေခြင်း အလေ့အထ၊ အစားအသောက်များ၌ ဆီများ အလွန်အကျွံ သုံးစွဲ ချက်ပြုတ် ခြင်း အလေ့အထ တွေ ကို ပြောင်းလဲဖို့ လိုတယ်လို့ အကြံပြုထားပါတယ်။
(ဒီဆောင်ပါးကို အသည်းကင်ဆာ ရောဂါ နှင့် ရုတ်တရက် ကွယ်လွန်သွားသော ချစ်သူငယ်ချင်း သာကျော်မောင် အတွက် ရည်စူး၍ ရေးသားခဲ့ပါသည်။ ဆောင်ပါးတွင် The American Liver Foundation, CDC- Centers for Disease Control and Prevention , နှင့် National Medical Association မှ အချက်အလက်များ ကို ကိုးကား ဖော်ပြထားသည်။)
(Ref: ကိုးကား)
Interview with Dr Phyu Phyu Soe
အမေရိကန် ဗဟို ရောဂါထိမ်းချုပ်မှု နှင့် ကာကွယ်ရေး အဖွဲ့- CDC (Centers for Disease Control and Prevention)
The American Liver Foundation,
Hepatitis C Statistics, National Medical Association
Hepatitis C by the Numbers: Facts, Stats, & You
Hepatitis research to be conducted nationwide in February
5 Foods Hurting The Liver
HEPATITIS C PROGRAM

Friday, October 28, 2016

မြစ်ဝ ကျွန်း ပေါ် လူနေမှု အပိုင်း (၃) - Employment in Delta Region


ဒီတခေါက် မြစ်ဝကျွန်းပေါ် ရွာတွေ သွားလည်တော့ ရွာမှာ လူစုံ၊တက်စုံ မတွေ့ရတော့ဘူး။ ဘယ်သူက တော့ ရန်ကုန်မှာ အိမ်ကူတို့၊ လိုင်သာယာ စက်ရုံးကြီးတွေ မှာ အလုပ်သမား အဖြစ်တို့။ တချို့ ရွာသားတွေ ဆို ဘယ်သူကတော့ ထိုင်းနိုင်ငံမှာ ၊ ဘယ်သူကတော့ မလေးရှားနိုင်ငံ၊ ဘယ်သူကတော့ စင်္ကာပူ နိုင်ငံတွေ မှာ အလုပ်သွားလုပ်ကြတယ်ဆိုပဲ။ အဘူဒါဘီ နှင့် အရှေ့ အလယ်ပိုင်းနိုင်ငံ တွေ တောင် ပါသေးတယ်။ တချို့ ဆို ရွာက ထွက်သွားပြီး က တည်း က ပြန်ရောက်မလာကြတော့တဲ့ သူတွေ အကြောင်းလည်း ကြားရတယ်။ ရွာတွေ မှာ ကျောင်းဆရာ၊ ဆရာမ တွေတောင် ရှားလာနေတယ်။ရွာ မှာ က ကလေးတွေရယ်၊ ဘုန်းကြီးတွေရယ်၊ သက်ကြီးရွယ်အိုတွေ ပဲ တွေ့ရတယ်။ 

ရွာသူတွေ တောင် တွေ့ရ ခဲတယ်။ ဒလ-ဗျာပုံ-ဘိုကလေး လမ်းမကြီးတွေ မှာ ခေါင်းပေါ်ရွဲ့ ကျောက်သယ်၊ မြေတူး လုပ်နေကြတာ က လမ်းဘေး တဖက် တချပ် ရွာတွေ က အမျိုးသမီးတွေ။ ဘ၀ ကို အံတု ရုန်းကန် နေကြတယ်။ နေ့စဉ်တက်နေတဲ့ ကုန်ဈေးနှုန်းတွေ ကြောင့် ရွာ မှာ စပါးစိုက်၊ တောင်သူ လုပ်ယုံနဲ့ မိသားစု စားဝတ်နေရေး ကို မဖြေရှင်းနိုင်ကြတော့ ဘူး။ ရရာ အလုပ်ကို ၀င်လုပ်နေကြရတယ်။ တချို့ဆို ခန္ဓာကိုယ်ရင်းပြီး အလုပ် လုပ်စားနေရတဲ့ ဘ၀တွေ။ အလုပ်အကိုင် ဆိုတာ အတိအကျမရှိဘူး။ ရာသီပေါ် အလုပ်တွေ က များတယ်။

တချို့ က မြို့ ပြ မှာ အဆင်ပြေမယ်ဆိုပြီး လယ်တွေ၊ ယာတွေ ရောင်းပြီး သွားကြတယ်။ အလုပ်မရှိတော့ ပြန်စရာ အိမ်မရှိ မြို့ပြ မှာ ကျူးကျော်ဘ၀ ရောက်သွားကြတယ်။ ဆင်းရဲနွမ်းပါးမှုက နက်သထက်နက်လာ နေပါတယ်။ ဆင်းရဲနွမ်းပါးမှုနဲ့ လူလုံးမလှဖြစ်ရတာက တိုက်ရိုက်ဆက်စပ်နေတယ်ဆိုတာ အထူး ပြောစရာမလိုတော့ပါ။

ဒီနေရာ မှာ အတွေးတခုဝင်လာတယ်။ ထိုင်းနိုင်ငံ မှာ စူနာမီ သဘာဝဘေးအန္တာရယ် ကျရောက်ပြီး၊ ဖူးခတ် မြို့ကြီး ဟာ တဟုန်ထိုး တိုးတက်လာတယ်။ မြန်မာ ပြည် မှာ နာဂစ်ဝင်ပြီးတော့ မြစ်ဝကျွန်းပေါ် ဟာ ဒုံရင်း က ဒုံရင်းပဲ။ ပိုပြီးဆိုးရွား လာတာတောင် တွေ့ရတယ်။

မြန်မာပြည် မှာ အခွန်ကောက်ခံ တဲ့ တိုးဂိတ် အဆောက်အအုံတွေ ဟာ တနှစ်တနှစ် ကြီးလာပေမဲ့၊ ခေါင်းပေါ်ရွဲ့ ကျောက်သယ်၊ မြေတူး လုပ်နေကြတဲ့ အမျိုးသမီးတွေရဲ့ ဘ၀ က ဒုံရင်း က ဒုံရင်းပဲ။ လမ်းတွေ က ပိုဆိုးလာသလို၊ အမှိုက်တွေ က လည်း ပိုများလာတာတွေ့ ရတယ်။ ခေါင်းပေါ် ရွဲ့ ကျောက်သယ်၊ မြေတူး လမ်းတွေ ခင်းပေး၊ ကြမ်းတမ်းစွာလုပ်ကိုင်ခဲ့ကြတဲ့ ဒီအမျိုးသမီးတွေ ကြောင့် မြစ်ဝကျွန်းပေါ် မှာ လမ်းမကြီးတွေ ဖြစ်လာခဲ့တာ။

လမ်းမကြီးတွေ ဖောက်လုပ်တော့၊ သူတို့ မှာ ဘ၀ လုံခြုံမှု မရရှိခဲ့ဘူး၊ အာမခံချက်တွေ မရရှိခဲ့ဘူး။ သူတို့ မှာ အလုပ်သမားနဲ့ တူတဲ့ ယူနီဖောင်းဝတ်စုံလေးတောင် မရှိရှာဘူး။

သူတို့ကို ကျေးဇူးတင်ရမဲ့ အစား၊ တိုးဂိတ်တွေ ပိုင်၊ ကျွန်လို ဆက်ဆံခဲ့ကြပြီး ကိုယ့် အကျိုးစီးပွားတခုတည်းကို သာ ကြည့်ခဲ့ကြတဲ့ ခရိုနီတွေ ကို တချို့ နိုင်ငံရေးခေါင်းဆောင်တွေနှင့် အစိုးရဆက်တိုင်း က အရေးပေးဆက်ဆံပြီး၊ ကျေးဇူးတင်နေကြလို့ ၀မ်းနည်းမိတယ်။
အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးနေလို့ မြစ်ဝကျွန်းပေါ် မှာ ဘုန်းကြီးတွေ ပေါလာတယ်။ အမျိုးသမီးတွေရဲ့ ဘ၀ ပိုနိမ့်ကျလာတယ်။ ထုတ်လုပ်မှု စွမ်းအားလျော့ကျသွားတယ်။ ကျူးကျော်တွေ ပိုများလာတယ်။ အလုပ်အကိုင် ဟာ မြစ်ဝကျွန်းပေါ်ဒေသရဲ့ မှာ အဓိက ဖြေရှင်းရမည့် ပြဿနာ ဖြစ်လာပါလိမ့်မယ်။

အခုတင်ပြနေတာက မြစ်ဝ ကျွန်းပေါ်က ပြည်သူတွေရင်ဆိုင် နေရတဲ့ အခြေအနေဖြစ်ပါတယ်။ ကျန်တဲ့ပြည်နယ်တွေ၊ တိုင်း ဒေသကြီးတွေမှာ ဖြစ်ပျက်နေတာ တွေ မပါသေးပါဘူး။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် မြန်မာ နိုင်ငံသားတွေ ဘယ်လောက် ရုန်းကန်နေရသလဲဆိုတာကို ခန့်မှန်းကြည့်လို့ရပါတယ်။

မြစ်ဝ ကျွန်း ပေါ် လူနေမှု အပိုင်း (၂) - Health in Delta Region

မြစ်ဝကျွန်းပေါ် ရွာ တွေ မှာ တနိုင် မွေးမြူရေးလုပ်ကြတယ်။ ၀က်မွေး၊ ကြက်မွေး ၊ ဘဲမွေး။ ရွာ ကို ဧည့်သည် တွေ လာရင် ချက်စား၊ ပေါ်စားကြ၊ တချို့ က မြို့ပေါ် ကို ရောင်းစားကြ အပိုငွေ စုဆောင်းလေ့ရှိတယ်။ မြစ်ဝကျွန်းပေါ် ဆိုတာ မြန်မာပြည်ရဲ့ စပါးထွက် တဲ့ ဗဟိုချက်မ ဖြစ်ပါတယ်။ ဒါကြောင့် ဆန်စပါး၊ ဖွဲနု ပေါ်တယ်။ တရိစ္ဆာန်တွေ ရဲ့ အစားအစာ အတွက် လည်း အဆင်ပြေတယ်။ အရင် က တော့ ဆန်စပါး စိုက်တဲ့နေရာ မှာ မိရိုးဖလာ ကျွဲ၊ နွားတွေ နဲ့ လယ်ထွန်ကြတယ်။

အခုတော့ ဒီလိုမဟုတ်တော့ဘူး။ ကျွဲတွေ၊ နွားတွေ ရွာ မှာ ရှားလာကြပြီး။ ကျွဲ၊ နွား နေရာ မှာ စက်တွေနဲ့ စိုက်လာကြတယ်။ နားဂစ် အပြီး ဆားငံရည် ၀င်လာတော့ လယ်တွေ၊ နုံးမြေတွေ ဟာ ပျက်စီးမှုတွေဖြစ်လာတယ်။ ဒီတော့ စပါး အထွက်တိုးအောင် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး ပိုသုံးလာကြရတော့တယ်။ ပိုးသတ်ဆေးတွေ သုံးတော့ ရွာ က ကျွဲ၊ နွားတွေ အတွက် စားကျက်ရှားလာတယ်။ သားငါး၊ ပုဇွန်တွေ ရှားလာတယ်။ လူတောင် ကျွဲပုခုံးထ အလုပ်လုပ်တာတောင် မိသားစု စားဝတ်နေရေး အတွက် အနိုင်နိုင် ၊ကျွဲနွားတွေ အတွက် ရှာဖွေကျွေးဖို့ က အခက်အခဲတွေ ဖြစ်လာလို့ နောက်ဆုံးတော့ ရောင်းစားကြရတော့တယ်။ မနှစ် က မြစ်ဝကျွန်းပေါ် ပြန်ရောက်တော့ ကျွဲ လေးကောင်ရှိတဲ့ အိမ် မှာ အခု ကျွဲတကောင် မှတောင်မတွေ့ရတော့ဘူး။

ရွာတွေ မှာ ဆန်စပါး စိုက်တဲ့ အခါ စပါးပိုးမကျအောင် ပိုးသတ်ဆေးတွေသုံး၊ အထွက် ကောင်းအောင် ဓာတ်မြေဩဇာ တွေကိုသုံးကြတယ်။ ပိုးသတ်ဆေး၊ ဓာတု ဗေဒပစ္စည်းတွေကို သုံးစွဲရတာ ကြောင့် ထွက်လာတဲ့ စပါးနဲ့ဆန် ဟာ သဘာဝအတိုင်းမဟုတ် တော့ပါဘူး။ ဓာတုဓာတ်သင့်နေ တဲ့ ဆန်တွေဖြစ်နေပါတယ်။ စပါး ကို အခွံချွတ်ရာက ရလာတဲ့ဖွဲနု ကို ကျွဲကျွေးရင် ကျွဲ အဆိပ်သင့်၊ ၀က်ကျွေးရင် ၀က်အဆိပ်သင့်ပဲ။

လူတွေ လည်း အဆိပ်သင့်နေတဲ့ ဆန်စပါး စားကြရတော့၊ ရောဂါတွေ ထူပြောလာတယ်။ မွေးလာတဲ့ ခလေးတွေ ဆိုရင် နား ထင်မှာ ဘုကြီးနဲ့ မွေးလာတာတို့၊ မျက်စိက အဆမတန်ပြူးထွက်နေ တာတို့၊ မျက်နှာက ရွဲ့စောင်းနေ တာတို့ အစရှိသဖြင့် မြစ်ဝကျွန်းပေါ် က ရွာတွေ မှာ ကျန်းမာရေး ထိခိုက်ပျက်စီးမှုတွေ ဖြစ်လာနေတယ်။

မိခင်တွေ ဟာ ဓာတုဗေဒဓာတ်သင့်နေ တဲ့ ဆန်တွေကို ရေရှည်စွဲစားသုံး လာရတာရယ်၊ ဓာတု အဆိပ်သင့် ပတ်ဝန်း ကျင်မှာ ကြီးပြင်း လာကြတာတွေရယ်၊ ကြောင့် လို့ ကောက်ချက်ချကြပါတယ်။ စပါးစိုက်ချိန် ဆို မြစ်ရေ၊ ချောင်းရေ ၊ ကန်တွေ မှာလည်း အဆိပ်သင့်လာတယ်။

မြစ်ဝကျွန်းပေါ် က တောင်သူဦးကြီးတွေ ဟာ အများအားဖြင့် ဆင်းရဲကြတယ်။ စပါးဈေးနှုန်းဟာ အမြဲတမ်းကောင်းမနေတဲ့အတွက် စပါးအထွက်မကောင်းတဲ့ နှစ်တွေမှာဆိုရင် လယ်သမားခမျာ အရှုံး နဲ့ရင်ဆိုင်ရပါတယ်။ ချေးငွေကို ပြန်မဆပ်နိုင်တော့ပါဘူး။ ငွေပြန် မဆပ်နိုင်တော့ အာဏာပိုင်များနဲ့ ထိပ်တိုက်တွေ့ရပြန်ပါတယ်။ တောင်သူလယ်သမားတွေ လယ်တွေ ဆုံးရှုံးကြတယ်။ ဒီတော့ လယ်ယာမြေတွေ မဆုံးရှုံးအောင် အထွက်တိုး အောင်စိုက်ကြရတဲ့ ပိုးသတ်ဆေး၊ ဓာတု ဗေဒပစ္စည်းတွေကို သုံးစွဲကြရလို့ လူထု ကျန်းမာရေး အတွက် ဆိုးကျိုးရလာဒ်တွေ ခံစားနေရတယ်။

ရွာလမ်းအတိုင်း သွားရင် ရွာအလယ် မှာ ဘုန်ကြီးကျောင်းရှိတယ်။ ဘုန်းကြီးကျောင်းရဲ့ သက်တမ်း က နှစ် ၁၀၀ ကျော် ပြီ။ လွန်ခဲ့ တဲ့ နှစ် ၁၀၀ ကျော် ၊ ဦးဖိုးကွန်း ဆိုသူ က ကျွန်းတိုင်ကြီးတွေ နဲ့ ဆောက်ထားခဲ့တာ။ ရွာ က လူတွေ ဆင်းရဲလာတာက တကြောင်း၊ နားဂစ် က မွှေခံရတာတွေ ကြောင့် ကျွန်းတိုင်တွေ နဲ့ ဆောက်ထားတဲ့ ရွာဦးဘုန်းကြီးကျောင်းလဲ ယဲ့ယိုင်လို့နေပြီ။

ဒီနေ့ ဘုန်ကြီးကျောင်း မှာ လူ ပြောများ၊ ရေပန်းစားပြီး ရွာသားတွေ တီးတီးတွတ်တွက်ပြောနေကြတာ က ရွာ က ကာလသားကြီး ချက်စူ ရဲ့ ၀က်မ ကြီး နဲ့ ၀က်ကလေး ငါးကောင် သေဆုံးသွားတဲ့သတင်း။ အကြောင်း က တော့ ဓာတုဓာတ်သင့်နေ တဲ့ ဖွဲနု ကို ၀က်တွေ ကို ကျွေးလိုက်မိတော့၊ ၀က်မကြီးနဲ့ ၀က်ကလေး တွေ အားလုံး သေဆုံးသွားကြတာဆိုပဲ။ ၀က် ကလေးတွေ မွေးလာ လို့ စီးပွားဖြစ်တော့မယ်၊ ကြီးပွားတော့ မယ် လို့ စိတ်ကူးတွေယဉ်ခဲ့တဲ့ ချက်စူ က တော့ သေသွားတဲ့ ၀က်ကလေးတွေ ကြည့် ပြီး ငေးငိုင်နေလေရဲ့။

မြစ်ဝ ကျွန်း ပေါ် လူနေမှု အပိုင်း (၁) -Logistics in Delta region


ကျုပ် ငယ်ငယ် မြစ်ဝကျွန်းပေါ် မှာ ကြီးပြင်းလာတဲ့ သူ၊ မိခင် ကြီး ခေါင်းချသွားခဲ့တာ ဆိုတော့ သံယောဇဉ်ရှိတယ်။ မြစ်ဝကျွန်းပေါ်သားတွေ လယ်လုပ်၊ယာလုပ်တော့ ကျန်းမာတယ်၊ ထွားကြိုင်တယ်။ မြစ်ဝကျွန်းပေါ် မှာ သား၊ငါးပေါ်တယ်။ လက်ညိုးညွှန်ရာ အုန်းပင်၊ဓနိပင်တွေ ပေါ်တယ်။ ဒါက လွန်ခဲ့ နှစ် ၃၀ ကျော် က ။

အခု မြစ်ဝကျွန်းပေါ်ဒေသတွေ မှာ သား၊ငါးရှားလာတယ်။ အုန်းသီး မထွက်သလောက်ဖြစ်နေတယ်။ အုန်သီးရှားလာရတာ က တွက်ချေမကိုက်လို့ အုန်းပင်တွေကို ဂရုမစိုက်နိုင်၊ နာဂစ်ကလည်း မွေခံရတော့ ရှားလာရတာ။ သား၊ငါး က လည်း လိုင်စင်ရှိ မှ ဖမ်းလို့ရ ၊ ဒါ့အပြင် ပိုးသတ်ဆေး ဒဏ်၊ ဘတ်တရီ ဒဏ်တွေ ကြောင့် ရှား လာရတော့ တယ်။

မြစ်ဝကျွန်းပေါ်က ထွက် တဲ့ အုန်းသီးကို ဒေသခံတွေက ရန်ကုန်ကို တင်ရောင်းကြပါတယ်။ ဒါပေမဲ့ သူတို့ကိုယ်တိုင် ရန်ကုန်ကိုမသွားနိုင်ပါဘူး။ ဒါကြောင့် အုန်းသီးလာ ကောက်တဲ့ ပွဲစားများကနေတစ် ဆင့်သာ ရောင်းရပါတယ်။ အုန်း ပင်ပိုင်ရှင်တွေ ရှင်းပြတဲ့အတိုင်း ဆိုရင် တကယ်တမ်းမှာတော့ အုန်းသီးရောင်းလိုက်တဲ့ အုန်းပိုင် ရှင်ဟာ လောက်လောက်လားလား အမြတ်အစွန်း မရဘူးလို့ သိရပါတယ်။ အုန်းတက် သမား၊ အုန်းပင်ပြုစု ပေးတဲ့ ၀န်ဆောင်မှု က လဲ ကြီးမြင့်လာတယ်။
ကျေးရွာတွေ မှာ ရှားပါးလှတဲ့ အုန်းတက် သမားတွေ ကို ပေးအပြီး၊ သူတို့က ပွဲစားကို ရောင်းတဲ့အခါမှာ အလုံးလှတဲ့ အုန်းသီးတစ်လုံးအတွက် ၈၅ ကျပ်သာရတယ်လို့ ဆိုပါတယ်။ အဲဒီ မှာ ပွဲစားက အုန်းသီးကို ရန်ကုန် အရောက်တင်ဖို့အတွက် မော် တော်နဲ့ သယ်ယူရပါတယ်။ ရန်ကုန်က ပွဲရုံတွေကို ပြန်သွင်းပါ တယ်။ တစ်ခါပွဲရုံတွေကနေ လက် လီလက်ကားရောင်းချတဲ့သူတွေ ဆီ ရောက်ပါတယ်။ ရန်ကုန် ရောက်တဲ့အခါမှာ အရည်သောက် အုန်းသီးစိမ်းတစ်လုံးရဲ့ တန်ဖိုး ဟာ ကျပ် ၅၀၀ ဖြစ်သွားပါပြီ။
အဲဒီတော့ စားသုံးသူက အုန်းစိမ်းရည်သောက်ချင်တယ်ဆိုရင် အုန်းသီးတစ်လုံးကို ကျပ် ၅၀၀ ပေးဝယ်ရပါတော့တယ်။ လူထု က အုန်းရည် မသောက်နိုင်တော့ ဘူး။ အုန်ရည် က အရက်ထက် ပိုဈေးကြီးနေတယ်။

ဖွံ့ဖြိုးတိုးတက်ရေးအမြင်နဲ့ ကြည့်မယ်ဆိုရင် ဒီလိုအခြေအနေ ဟာ ဘယ်လိုမှ မဖြစ်ထိုက်တဲ့ အခြေအနေပါ။
မူရင်းအုန်းသီး ထွက်တဲ့နေရာကနေ နောက်ဆုံး စားသုံးသူလက်ထဲရောက်တဲ့ အထိသယ်ယူပို့ဆောင်ရတဲ့ စရိတ်စကကြောင့် ဒီလိုဖြစ်ရတယ် ဆိုတာကို မြင်ရပါတယ်။

ကုန်ပစ္စည်းတင်ပို့သယ်ယူဖို့ လမ်းပန်းဆက်သွယ်ရေးအခြေခံ အဆောက်အအုံ ခေတ်မမီတာ၊ မချောမွေ့တာ၊ ကား၊ သင်္ဘောအစရှိတဲ့ ယာဉ်၊ရထားများအတွက် သုံးစွဲရတဲ့ စက်သုံးဆီဈေးနှုန်း ကြီးမြင့်တာတွေက အုန်းသီးကို ဈေးတက်စေတဲ့ မူလအခြေခံ အကြောင်းတရားတွေဖြစ်ပါတယ်။
ဒီကြားထဲမှာ အုန်းသီးတွေတင်လာတဲ့ မော်တော်ဘုတ်ကို အာဏာပိုင်တချို့က ဘာဘာညာညာအကြောင်းပြပြီး ငွေတောင်းခံတဲ့ ကိစ္စမျိုးတွေ မပါသေးပါဘူး။


Tuesday, October 25, 2016

Résumé

Résumé ဆိုတာ ပြင်သစ် စကားလုံး။ သူ့ရဲ့ အဓိပ္ပါယ်က နောက်ခံအကြောင်း နှင့် ကျွမ်းကျင်မှုများ လို့ ဆိုတယ်။ Résumé ကို အလုပ်လျောက်တဲ့နေရာ မှာ သုံးလေ့ရှိတယ်။ ၁၉၈၀ ပတ်ဝန်းကျင်လောက် က အမေရိကန် တက္ကသိုလ်တွေ မှာ ဘွဲ့ ရခါနီး ပညာ သင်ကြားတဲ့ ကျောင်းသားတွေကို Business Writing ဆိုတဲ့ အင်္ဂလိပ်စာ အတန်းတွေ မှာ တွင်တွင်ကျယ်ကျယ် သင်ကြားပေးလာတာကို သတိထားမိတယ်။

ကျောင်းသားတွေ အလုပ်အကိုင်လျှောက်တဲ့ အခါ ၊ အလုပ်အကိုင် ရှာဖွေ တဲ့ အခါ ဘယ်လို ရေးသင့် သလဲ ဆိုတာ သင်ကြားပေးလေ့ရှိတယ်။ နိုင်ငံတကာ နဲ့ ဆက်စပ်တဲ့ အလုပ်အကိုင် တွေ ကို ရှာဖွေရာ မှာ ပဲဖြစ်ဖြစ် ၊ ကမ္ဘာကျော် ကုမ္ပဏီတွေ မှာ အလုပ်အကိုင် လျှောက်တဲ့ အခါ မှာပဲဖြစ်ဖြစ် လျှောက်တဲ့ အလုပ်အကိုင်နဲ့ ကိုက်ညီသည့် မိမိရဲ့ Résumé တခုတော့ ရှိဖို့လိုတယ်။ ဒီလို Résumé ရေးသားတဲ့ အခါ “Honor System” ပဲ။ နောက်ခံအကြောင်း နှင့် ကျွမ်းကျင်မှုများ ကို မိမိကြိုက်သလို ရေးလို့ရတယ်။

Résumé ထဲမှာ ဘယ်လိုပဲ ထည့်ရေးရေး မှန်ကန်မှု ရှိမရှိ၊ ရိုးသားမှု ရှိမရှိက လုပ်ငန်းခွင် မှာ အဖြေပေါ်တော့တာပဲ။ နိုင်ငံတကာ မှာတော့ Trust ဆိုတဲ့ ယုံကြည်မှု က လုပ်ငန်းခွင် လူမှုဆက်ဆံရေး မှာ အဓိက အကျဆုံးပဲ။

လုပ်ငန်းခွင်ရောက်ရင် ညာလို့၊ လိမ်လို့ မရဘူး။ အစားကောင်းကောင်း မစားရင် ၊ စားကောင်းသောက်ဖွယ်တွေ အကြောင်းမသိသလို၊ မ၀တ်ဘူး မစားဘူးဆိုရင်လည်း မ၀တ်တက် မစားတက်ဘူးဆိုတဲ့ အတိုင်း၊ အလုပ် အတွေ့အကြုံ တကယ် မရှိရင်လည်း လုပ်ငန်းခွင်မှာ ရေရှည်မှာ လိမ်ညာလို့ မရအောင်ဖြစ်တော့တာပဲ။

နိုင်ငံရေး လောက မှာ လိမ်ညာ မိရင်တော့ တိုင်းပြည် ပါ ထိခိုက်နစ်နာတက်တယ်။

ကမ္ဘာ အနှံ့ ရင်းနှီးမြုပ်နှံ လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီကြီးတွေ က အလုပ်သမားတွေ ကို ရှာဖွေ ငှားရမ်းတဲ့ အခါ hands-on experience လို့ ခေါ်တဲ့ လက်တွေ့ ကျွမ်းကျင် မှု ရှိတဲ့ သူတွေ ကို ပိုမိုနှစ်သက်ကြတယ်။ ဘယ် တက္ကသိုလ်ကျောင်းကြီးတွေ က ပြီးလို့၊ ဘယ်သူနဲ့ သိလို့ ဆိုတာ ထက် သူ့ မှာ အသိအမှတ်ပြု လိုင်စင် ရှိမရှိ ၊ သူတို့ မှာ သက်ဆိုင်ရာ နယ်ပယ် မှာ လက်တွေ့ ကျွမ်းကျင် မှု ရှိမရှိ အပေါ် ပိုစဉ်းစားတယ်။
အမေရိကန် ကော်ပိုရေးရှင်းကြီးတွေ မှာ တာဝန် ထမ်းဆောင် နေကြတဲ့ CEO လို့ ခေါ်တဲ့ အကြီးအကဲ အများစု ဟာ PhD ကျောင်းဆင်းတွေ မရှိသလောက်ပဲ။ အမေရိကန် သမ္မတ တွေ ဟာ လည်း PhD ကျောင်းဆင်းတွေ မဟုတ်ကြပါဘူး။ ဒါပေမဲ့ သူတို့ တွေ မှာ တော့ သက်ဆိုင်ရာ နယ်ပယ်တွေ မှာ လက်တွေ့ ကျွမ်းကျင် မှု ရှိကြတယ်။

တကယ်တော့ ဘယ်သူ က သမ္မတ ဖြစ်ဖြစ် ၊ ဘယ်သူ က အစိုးရ ဖြစ်ဖြစ် ၊ လူထုက လက်ခံပြီး၊ လူထု ကို အကျိုးပြုလုပ်ဆောင်မဲ့ နိုင်ငံရေးသမားတွေရဲ့ ဆုံဖြတ်ချက်တွေ ကို အကောင်အထည်ဖော် လုပ်ဆောင်ပေးရမဲ့သူတွေ ကတော့ နယ်ပယ်အသီးသီး က ကျွမ်းကျင်တဲ့ ပညာရှင်များ (Technocrats) တွေသာ ဖြစ်တယ်။ ကျွမ်းကျင်တဲ့ ပညာရှင်များ ဆိုရာမှာ နယ်ပယ် အသီးသီးက အတက်ပညာ၊ နည်းပညာပိုင်းမှာ တကယ် လက်တွေ့ ကျွမ်းကျွမ်းကျင်ကျင် အတွေ့အကြုံ ရှိကြတဲ့ သူတွေကိုသာ ဆိုလိုတာဖြစ်တယ်။

အသိပညာရှိသော် လည်း လက်တွေ့ အတွေ့အကြုံမရှိတဲ့ တုံးနေတဲ့ဓားတွေလို မဖြစ်ဖို့တော့ လိုတယ်။ လက်တွေ့ အတွေ့အကြုံမရှိတဲ့ အသိပညာ ဟာ ဆား မပါတဲ့ ဟင်းလိုပဲ ဖြစ်နေ မှာပဲ။ ဖွံ့ဖြိုးတိုးတက်နေပါတယ်ဆိုတဲ့ တိုင်းပြည်တွေ မှာတော့ စီးပွားရေးလုပ်ငန်းများ နှင့် ကော်ပိုရေးရှင်းကြီးတွေထဲ မှာ တကယ်လက်တွေ့ အတွေ့အကြုံ ရှိတဲ့ သူများကို သာ အသုံးချတာ တွေ့ရတယ်။ Hands on experience လို့ခေါ်ဆိုတဲ့ ခေတ် က ပေါက်ဖွား လာတဲ့ လက်တွေ့ ကျွမ်းကျင်တဲ့ ပညာရှင်သစ်တွေ၊ ပြည်တွင်း၊ ပြည်ပ က နိုင်ငံတကာ အတွေ့အကြုံ ရှိသူတွေ နဲ့ အစားထိုး လာတာတွေ ကို တွေ့လာရတယ်။

ယနေ့ ခေတ်ကြီး မှာ လူသားတွေဟာ အစိုးရတွေထက် လူထုကို ပိုမို အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက် ပေးနိုင်ကြတယ် လို့တောင် ကမ္ဘာကြီးက အသိအမှတ်ပြု ခြင်းခံလာရတယ်။ ကမ္ဘာ့လူသားတွေ ကို အကျိုးပြုခဲ့တဲ့ မိုက်ကရိုဆော့ဗ် လုပ်ငန်းရှင်ဟောင်း ဘေးလ်ဂိတ် ( Bill Gates)တို့၊ အဲလ်ပဲ ကို တည်ထောင်ခဲ့တဲ့ စတီးဂျော့ ( Steve Jobs) ၊ စီးပွားရေးလုပ်ငန်းရှင်ကြီး ၀ါရမ်ဘူဗေး ( Warren Buffet) ၊ ဘေ့စ်ဘုတ် ကို တည်ထောင်ခဲ့တဲ့ မက်ခ် ဇူကာဘဂ်ျ (Mark Zuckerberg)၊ Oracle အိုရယ်လ်ကယ် ကုမ္ပဏီ ကို တည်ထောင်ခဲ့တဲ့ လာရီ အယ်လီစင် ( Larry Ellison) တို့ လို စီးပွားရေး နယ်ပယ်က ခေါင်းဆောင်တွေ နှင့် ကမ္ဘာမှာ လူသိများ ကျော်ကြား ခဲ့ကြတဲ့ နိုင်ငံရေးခေါင်းဆောင် အများစု ဟာ လည်း Ph.D ဘွဲ့ ရရှိခဲ့တဲ့ သူတွေတော့ မဟုတ်ကြပါဘူး။
တချို့က ကော်လိပ်ကျောင်းထွက် တွေဖြစ်ကြတယ်။ ဒါပေမဲ့ သူ့နယ်ပယ်မှာ သူ ကျွမ်းကျင်တဲ့ ပညာရှင်များ (Technocrats) တွေ၊ ခေတ် တခေတ် ကို ပြောင်းလဲပေးခဲ့သူတွေ အဖြစ် အသိအမှတ်ပြု ခံထားရသူတွေဖြစ်တယ်။ ဆိုလိုတာက ကျွမ်းကျင်တဲ့ ပညာရှင်တွေ အနေနဲ့ လူထုကို အကျိုးပြု လုပ်ဆောင်တဲ့နေရာမှာ Ph.D ဘွဲ့ ရမှ မဟုတ်ပါဘူး။ ဒေါက်တာ ဘွဲ့တံဆိပ်တွေ ရမှ မဟုတ်ဘူး။
တိုင်းပြည် တပြည် ဖွံ့ဖြိုးတိုးတက် အောင် အပြုသဘော ပြောင်းလဲမှု တွေ ကို လိုလားတယ်ဆိုရင် ခေတ်၊ စနစ် နဲ့ လူတွေ ဟာ အံဝင်ခွင်ကျ ဖြစ်ဖို့ လိုတယ်။

ကျနော် အမေရိကန် မှာ အလုပ်လုပ်နေတာ သက်တမ်း နှစ်၂၀ ကျော် ရှိပြီ။ တချို့ လုပ်ဖော် ကိုင်ဖက် အမေရိကန်လူမျိုး တွေ ဟာ အမေရိကန် တက္ကသိုလ် ကျောင်းကြီးတွေ က ဘွဲ့ ရ သူတွေ ပါ။ ဒါပေမဲ့ သူတို့ မှာ hands-on experience လို့ ခေါ်တဲ့ လက်တွေ့ ကျွမ်းကျင်မှု အားနည်း လို့ သာမန်ဝန်ထမ်းလုပ်နေရသူတွေ ဒုနဲ့ ဒေးပါ။ ဘာဖြစ်လို့ လဲဆိုတော့  ခေတ်နဲ့ အညီ ပြောင်းလဲ တိုးတက် လာနေတဲ့ နည်းပညာဆိုင်ရာ မှာ လေ့လာမှု ၊ အတွေ့အကြုံ အားနည်းနေကြလို့ ပဲ။ လုပ်ငန်းခွင် မှာ နည်းပညာ က တဟုန်ထိုး ပြောင်းလဲ လုပ်ကိုင်နေကြတာ။ သူတို့ ကြီးပြင်းခဲ့ တာ က Microsoft Window 95, တချို့ ကMS Dos။ အခု ခေတ် က Softwares ၊ Networking တွေ ခေတ်။ သူတို့ SAP ဆိုတာ မသိဘူး၊ သူတို့ Oracle applications and platforms တွေ အပေါ် နားမလည်ကြတော့ ဘူး။ တနည်းအားဖြင့် သူတို့ သိရှိတာ တွေ ဟာ လက်တွေ့ မှာ အသုံးမ၀င်တော့ ဘူး။

တချို့ က တော့ Harvard University ၊ Oxford University၊ UN မှာ လုပ်ဘူးတဲ့ သူတွေ ကို အလေးထားဆက်ဆံကြတယ်။ ဒါကို လည်း Harvard ၊ Oxford ၊ UN synonyms လို့ ခေါ်ကြတယ်။ တနည်းအားဖြင့် ဗျူရိုကရက် ဥာဉ် ရှိကြသူတွေ လို့ ဆိုတယ်။ သူတို့ ဟာ ပြုပြုင်ပြောင်းလဲမှု မှာ နှေးကွေးစွာ တုန့်ပြန်တက်ကြတယ်လို့ ဆိုတယ်။

ဘယ် တက္ကသိုလ် ကျောင်းတော် ကြီး က ပြီးပြီး၊ တကယ့် လုပ်ငန်းခွင် မှာ တော့ “ မင်းဘယ်သူဆိုတာထက်၊ မင်း ဘာ လုပ်တက်တယ်၊ ဘယ်လို အောင်မြင်မှုတွေ လုပ်ခဲ့ သလဲ ဆိုတာ ကို ပို အဓိက ကျပါတယ်။

သင်ဟာ အမေ နဲ့ သိဖို့ ၊ အဘ နဲ့ သိဖို့ ဆိုတဲ့” Living in the dream” ဆိုတာ မျိုး မဖြစ်သင့်ဘူး လို့ တိုက်တွန်းပါရစေ။

မိမိ တက်ကျွမ်းတဲ့ နယ်ပယ် မှာ တက်ကျွမ်း နားလည် အောင် ကျိုးစားပါ။ တချိန် ကြရင် သင့် ဘ၀ မှာ သင်ဟာ အောင်မြင်မှု ရရှိပါလိမ့်မယ်။

ကနေဒီ၊ ကလင်တန် နှင့် အမေရိကန် နိုင်ငံရေး - (Kennedy , Clinton and the American Politics)

အမေရိကန် ရွေးကောက်ပွဲ လဲ နီးလာပြီ၊ ဘာလို့ အသံတိတ်နေသလဲ လို့ မေးလာလို့ပါ။ အမေရိကန် နိုင်ငံရေး မှာ “နိုင်ငံရေး နှင့် ပုဂ္ဂိုလ်ရေး” တွေ ဘယ်လိုဆက်နွယ်ပြီး၊ ဘယ်လို အကျိုးသက်ရောက်မှုရှိခဲ့သလဲဆိုတဲ့ အကြောင်း စဉ်းစားမိလာတယ်။ ဒီမှာတင် ကနေဒီ မိသားစု နှင့် ကလင်တန်မိသားစုတွေ အကြား ပုဂ္ဂိုလ်ရေး တိုက်ပွဲ အကြောင်း ပြေးမြင်လာမိတော့တာပါပဲ။

ကနေဒီမိသားစု အသိုင်းအ၀ိုင်း က အမေရိကန် သမ္မတဟောင်း (John F. Kennedy ) ဂျွန်ဖက်ကနေဒီရဲ့ သား ဂျွန် -JFK Jr. ကို နောင်မှာ သမ္မတ ဖြစ်လာစေဖို့ ပိုးမွေးသလိုမွေးထားခဲ့တယ်။ ဂျွန်ဟာ ရုပ်ရည်ချောမောပြီး၊ အရည်အချင်း လည်းပြည့်ဝတဲ့ သူတယောက်ပါ။ ဒါပေမဲ့ ဂျွန် က လေယာဉ်ပျက်ကျပြီး ရုတ်တရက် သေဆုံးသွားတယ်။ ဂျွန် အတွက် မျှော်လင့်ချက် ကုန်သွားတော့ ချက်ချင်းဆိုသလို ကနေဒီမိသားစု ဟာ နိုင်ငံရေး အတွေ့အကြုံ နုငယ်သေးတဲ့ Caroline Kennedy- ကာရိုလိုင်း ကို နိုင်ငံရေး စင်မြင့်ပေါ် ကို အတင်းတွန်းတင်တော့ပါပဲ။ ကာရိုလိုင်း ကို လစ်လပ်လာတဲ့ နယူးယောက် ဆီနိတ်တာ အမတ် ၀င်ရွေးဖို့ စီစဉ်ခဲ့ကြတယ်။ နယူးယောက် ဆီးနိတ်ရွေးပွဲ မှာ သမ္မတ ကတော်ဖြစ်ခဲ့တဲ့ ၀ါရင့်နိုင်ငံရေးသမား ဟေလာရီ နဲ့ ယှဉ်ပြိုင်ဖို့ဖြစ်လာတော့ ဆီးနိတ်အမတ် ၀င်မရွေးတော့ပဲ၊ နောက်ဆုတ် သွားခဲ့ရတယ်။ ဒီဖြစ်စဉ် ဟာ ကနေဒီ မိသားစု တွေ နိုင်ငံရေး မှာ မိအေး နှစ်ခါနာ ဖြစ်ခဲ့ရတဲ့ အကြီးမားဆုံး ဆုံးရှုံးမှုကြီးပါ။

ဒီအခြေခံ အကြောင်းရင်း က စလို့ ကနေဒီ မိသားစု နှင့် ကလင်တန်မိသားစုတွေ အကြား မုန်းတီးမှုတွေ၊ ပုဂ္ဂိုလ်ရေး၊ အာဂါတ၊ တွေ ပြင်းထန် လာတော့တာပါပဲ။

ဟေလာရီ နှင့် အိုဘားမား ဒီမိုကရစ်တစ် သမ္မတလောင်းရွေးပွဲ မှာ ကနေဒီ မိသားစု က အိုးဘားမား ကို ထောက်ခံကြောင်းပြသခဲ့လို့ ဟေလာရီဟာ အိုဘားမား ကို ရှုံးနိမ့်ပြီး၊ သမ္မတ အဖြစ်ကနေ လွှဲခဲ့ရတယ်လို့ အမေရိကန် နိုင်ငံရေး လေ့လာသုံးသပ်သူတွေ က ပြောဆိုခဲ့ကြတယ်။ ဟေလာရီ -အိုဘားမား ဒီမိုကရစ်တစ် သမ္မတလောင်းရွေးပွဲ မှာ ဒီမိုကရက်တစ်ပါတီ အတွင်း နိုင်ငံရေး သြဇာ ကြီးမားတဲ့ ကနေဒီ မိသားစု ဟာ အိုဘားမား အပေါ် ရပ်တည်ပေးမှုကြောင့် ရွေးကောက်ပွဲ ကာ လ မှာ ဟေလာရီ တယောက် ကျောကော့အောင်လည်း ခံခဲ့ရတယ်။

Caroline Kennedy တယောက် က တော့ အိုဘားမား သမ္မတ ဖြစ်လာပြီးတဲ့နောက်၊ သံအမတ် အဖြစ် ချီးမြှောက် ခံရပြီး၊ အခုတော့ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် တာဝန် ထမ်းဆောင် နေပါတယ်။ ရွေးချယ်ခံခဲ့ရတဲ့ သမ္မတ အိုဘားမား က တော့ သူဖွဲ့စည်းတဲ့ အစိုးရ ကို ချောမွေ့ အားကောင်းဖို့ ၊ ယုံကြည်၊ ထောက်ခံမှုရဖို့ ၊ သူ့ရဲ့ သြဇာ ကြီးမားလာစေဖို့ ပြိုင်ဖက် ဟေလာရီ ကို နိုင်ငံခြားရေး ၀န်ကြီး အဖြစ် ကမ်းလှမ်းခဲ့သလို၊ ရွေးကောက်ပွဲ ကုန်ကျစရိတ်တွေ ၊ အကြွေးတွေ ကိုလည်း ပေးချေပေးခဲ့တယ်။ ဒါ့အပြင် ဒုသမ္မတ ဟာ နောက်ရွေးကောက်ပွဲ မှာ ဆက်အရွေးမခံတော့ဘူးဆိုတာ သိရလို့ ၊ သမ္မတ ဖြစ်ဖို့ လမ်းကြောင်း ပြန်ပွင့်သွားခဲ့တဲ့ ဟေလာရီဟာ နိုင်ငံခြားရေး ၀န်ကြီး ရာထူး ကို ၄ နှစ် လက်ခံခဲ့ပုံရတယ်လို့ အမေရိကန် နိုင်ငံရေး လေ့လာသူတွေ က ခန့်မှန်းပြောဆိုခဲ့ကြတယ်။

တကယ်လို့ သာ လာမည့်ရွေးကောက်ပွဲ မှာ ဟေလာရီဟာ သမ္မတ ဖြစ်လာမယ်ဆိုရင်၊ မီရှဲ အိုဘားမား ဟာ လည်း ဟေလာရီရဲ့ အစိုးရ အဖွဲ့ မှာ ပါဝင်လာဖို့ ယူဆထားကြတယ်။

ဒါပေမဲ့ ကနေဒီ မိသားစု နှင့် ကလင်တန်မိသားစုတွေ အကြား ပုဂ္ဂိုလ်ရေး တိုက်ပွဲကြီး က တော့ မပြီးဆုံးသေးပါဘူး။ မကြာခင် ချယ်ဆီ နှင့် ကာရိုလိုင်း တို့ ရှိသလို ကနေဒီ၊ ကလင်တန် မျိုးဆက်တွေ နိုင်ငံရေး စင်မြင့် ပေါ် ရောက်လာကြအုန်းမှာ ပါ။ ချယ်ဆီ ဟာ သမ္မတ ရွေးကောက်ပွဲ ၀င်ဖို့ စိတ်ဝင်စားမှု ပြသနေသလို၊ ကာရိုလိုင်း က လည်း အချိန်ကောင်းစောင့်နေပုံရနေတယ်။

နိုင်ငံရေး မှာ ပုဂ္ဂိုလ်ရေး ရှုပ်ထွေးပက်သက်မှုတွေဟာ အမေရိကန် နိုင်ငံရေး မှာ မှမဟုတ်။ မြန်မာ့နိုင်ငံရေး မှာ လည်း ဖြစ်ခဲ့ဘူးတယ်။ လောလော လတ်လတ် ကျနော်တို့ ခေတ်မှာ ဖြစ်ခဲ့တာ ကတော့ ၁၉၈၈ ခုနှစ် က ပါ။ မျက်ဝါးထင်ထင်မြင်တွေ့၊ ကြုံတွေ့ခဲ့ရတယ်။ ဦးနု၊ ဦးအောင်ကြီး၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် ကြီးလေးကြီး အကြား ပုဂ္ဂိုလ်ရေး၊ အာဂါတ၊ မာန တွေကြောင့် စစ်အာဏာရှင်စနစ်ခေါင်းပြန်ထောင်လာခဲ့ပြီး၊ ပြည်သူတွေ ၂၅ နှစ်လုံးလုံးကျောကော့အောင်ခံခဲ့ရတယ်။ ပြည်သူတွေ မိအေး နှစ်ခါနာ ဖြစ်ရတယ်။ တချို့ နိုင်ငံရေး သမားတွေ တိုင်းပြည်ပျောက်သွားတယ်။ တိုင်းပြည် အတွက် နစ်နာဆုံးရှုံးမှုတွေ ဖြစ်ခဲ့တယ်။

နိုင်ငံရေးမှာ မုန်းတီးမှုတွေ၊ ပုဂ္ဂိုလ်ရေး၊ အာဂါတ၊ မာန ရှိနေတဲ့ သူတွေ နိုင်ငံရေး သြဇာရှိလာမယ်၊ တိုင်းပြည် ကို ဦးဆောင် နေရင်တော့၊ နိုင်ငံရေးသမားတွေ လည်း ဟေလာရီ တယောက် လို ကျောကော့အောင် ခံရပြီသာမှတ်ပေတော့။

Monday, August 1, 2016

ကျော်စိုး နှင့် ငဘ



(စစ်အာဏာရှင်စနစ်ဆိုးအောက် မှာ ရိုးရိုးသားသား ဖြတ်သန်းခဲ့ကြတဲ့၊ မြန်မာပြည်သူ တွေရဲ့ ရုန်းကန်ကျိုးစားမှု အကြောင်းပါ။ ကျော်စိုး နှင့် ငဘ တို့ရဲ့ ဘ၀ အကြောင်းတွေကို  ရုပ်ရှင်ရိုက်ဖို့ ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်ရဲ့ သား ၊  ဒါရိုက်တာ လုပ်ချင်တဲ့ သာကျော်မောင် ကို ပြောပြခဲ့ဘူးတယ်။  အခုတော့ ဒါရိုက်တာ လည်းမရှိတော့ဘူး။ ဇတ်ကောင်တွေ လည်းမရှိကြတော့ဘူး။ ဇတ်ညွှန်းလေး နဲ့ Memorial နေ့ မှာ သတိယစွာ နဲ့          ။)

အပိုင်း ()- ကျော်စိုး နှင့် ငဘ  

ဒီနေ့ နေ ကလည်းပူ၊ အားလပ်ရက်လည်းဆိုတော့ တနေ့လုံး  ခြံရှင်း၊ မြတ်ရိတ် ပြီး ပင်ပန်းလို့ အနားယူနေတုန်း၊ အိမ်ရှေ့ တံခါး က ခေါင်းလောင်းသံမည်လာတယ်။ ထကြည့်တော့  အရပ်ပုပု၊ ၀၀၊ ပြုံးနေတဲ့ မြန်မာ တယောက်ကိုတွေ့ရတယ်။ ဒီမြို့ ကျနော် နေတာ အနှစ် ၂၀ နီးပါးရှိပြီ၊ တခါမှ သူ့ ကိုမမြင်ဘူးဘူး။ ဒါနဲ့ ဘယ်သူလဲလို့ မေးကြည့် ဖို့ပြင်နေတုန်တုန်း ၊ သူက “ ကိုဖိုးငယ်လား? ကျနော့် ကို မှတ်မိလားလို့ “ ပြုံးပြီး တရင်းတနှီးနဲ့ မေးတယ်။

အိမ်နာမည် ကို သိတဲ့သူ ဒီမြို့ မှာ တယောက် မှ မရှိဘူး။ အံသြတကြီးနဲ့ ပဲ၊ ဟုတ်တယ် ခင်ဗျား က ဘယ်သူ လဲလို့ ပြန်မေးလိုက်တော့ ကျနော် ဦးလှမြင့်၊ ဒေါ်လှရှင်ရဲ့ အငယ်ဆုံးသား ပါ။ ကျနော် ကို မှတ်မိလား? ။ ကျနော် ကျော်စိုးပါလို့ သူ့ကိုယ်သူ မိတ်ဆက်တယ်။

ယခင် က   စစ်အာရှင်ခေါင်းဆောင်တွေ ကို နယ်သာလန် နိုင်ငံ သဟိတ် တရားရုံး မှာ လူသားတွေ အပေါ် ကျူးလွန်တဲ့ ရာဇာဝတ်မှု နဲ့ တရားစွဲဆိုဖို့ ကျိုးစားခဲ့စဉ် က ထောက်လှမ်းရေးခင်ညွှန့် အုပ်စု လွှတ်လိုက်တဲ့ သူ အိမ်ကို လာလည် ဖူးတယ်။ မြန်မာပြည် ကို ပြန်လာ ပြီး၊ အကူအညီပေးဖို့ပါ။ နေဖို့ထိုင်ဖို့ နှင့် စားဝတ်နေရေး လိုအပ်တာတွေ အားလုံး ပံ့ပိုးပါ့မယ်လို့  လာစည်းရုံးခဲ့ဘူးတယ်။  

၁၉၈၈ ခုနှစ် ဇွန်လ ကျောင်းသားအရေးအခင်း မှာ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့စဉ်၊ မမျှော်လင့်ပဲ  စစ်ထောက်လှမ်းရေးဖြစ်နေတဲ့ ကျောင်းနေဖက် သူငယ်ချင်း သားကြီး  က ဘောင်ထရီ သင်တန်းကျောင်း မှာ သင်တန်းတက်နေစဉ် သတိပေးတာခံခဲ့ရဘူးတယ်။

ဒီတော့  ကျော်စိုး ကိုလည်း ဝေေ၀၀ါးဝါးနဲ့ သံသယ၀င်ခဲ့တယ်။ သူနဲ့ ကိုနဲ့ မတွေ့ခဲ့ကြတာက လည်း အနှစ် ၃၀ ကျော် ဆိုတော့ ရုတ်တရက် ယုံရခက်နေတယ်။ မိသားစု အတွင်းရေး အကြောင်းတွေပြောတော့ မှ မှတ်မိလာတယ်။  သူ က အင်ဒီယားနား နှင့် ကန်တာကီပြည်နယ် နယ်စပ် က မြို့လေးတခုမှာနေနေတဲ့အကြောင်း၊  သူ ဒီကို  ဘယ်လို ရောက်လာလည်း ဆိုတဲ့အကြောင်း ပြောပြရင်း၊ သောက်ရင်း  သူနဲ့ စကားလက်ဆုံကျခဲ့ကြတယ်။

ပထမ ဦးဆုံးကျော်စိုးနဲ့ အမေရိကန်နိုင်ငံ မှာ မမျှော်လင့်ပဲ ပြန်လည်တွေ့ခဲ့ကြတာ။ အဲဒီ အချိန် က တော့ ကျော်စိုး အိမ်တောင် မကျသေးဘူး။

***********************************************************

အပိုင်း ()- ကျော်စိုး နှင့် ငဘ 

ကျော်စိုး ငယ်ငယ် က ချစ်စရာကောင်းပြီး၊  ဖြူဖြူ၊ ဖွေးဖွေး၊ တုတ်တုတ်။ မိသားစု ထဲ မှာ အငယ်ဆုံး ဆိုတော့ အကို အမတွေ က အလို လိုက်ထားကြတာ။  အရမ်းနွဲ့ဆိုး ဆိုးတယ် လို့ မမ မိ က ပြောပြတာ ကြားဘူးတယ်။  ကျနော့် အမ - မမ မိ က ကျော်စိုးတို့ အိမ်မှာ ဖိနပ်ချုပ်တဲ့ အလုပ်သမ။ မမ မိ က ဆယ်တန်းစာမေးပွဲ တခါကျပြီး က တည်း က ပညာရေး ကို စိတ်နာပြီး ကျောင်းက ထွက်။ ကျော်စိုးတို့ အိမ် မှာ ညအိပ်ညနေ ဖိနပ်ချုပ် အလုပ်လုပ် ပြီး၊ မောင်အငယ်ဆုံးဖြစ်တဲ့ ကျနော့် ကို ကျူရှင်တွေ ပို့ပြီး ကျောင်း ထားပေးခဲ့တာ။ မမ မိ က ဖိနပ်ချုပ် ပေမဲ့၊ သူ့မောင် ကိုတော့ ပညာတက် တော့ ဖြစ်စေချင်တဲ့ ဆန္ဒရှိတယ်လေ။  ရန်ကုန် က အကောင်းဆုံး ကျူရှင်ဆရာတွေ ဖြစ်တဲ့ ဆရာ မြတ်ထိန်လင်း၊ ဆရာ SS အောင်လွင် ၊ ဆရာ ဦးကြည်လင်း ၊ အားသစ်၊ ဘောဂဗေဒ ဦးသိန်းညွန့် တို့ဆီကို ဖိနပ်ချုပ်ပြီး ကျူရှင် ထားပေးခဲ့တယ်။  ကျူရှင် ကလည်း မြို့ထဲ မှာဆိုတော့ ကျူရှင်ခ အပြင် ၊ ကားခ ပါပေးရတယ်။ သူ ဖိနပ်ချုပ်လို့ ရတဲ့  တလ ငွေ ကျပ်  ၁၅၀ လောက် က  နေ ကျူရှင်ခ  ၉၀ ပေးရတော့ ၊ မစားမသောက်၊ ဘတ်စကား ကားခ မကုန်ကျအောင် ကျော်စိုး တို့ အိမ် မှာ ညအိမ် ညနေဖိနပ်ချုပ်  ပြီး၊ ကျနော် ကို ကျောင်းထားပေးခဲ့တာ။ လကုန်လို့ ကျူရှင်ခ ပေးရတော့မယ် လို့ ကြိုတောင် ရင်- မမ မိ က “နင်လည်းကျော်စိုး” အတိုင်းပဲ၊ အရမ်းဆိုးတယ်လို့ ပြောလေ့ရှိတယ်။

မောင် နှမ တွေ များကြတော့ မိသားစု တွေထဲ မှာ အနစ်နာခံ ခဲ့ကြတဲ့ ချစ် အမ တွေ အကြောင်းတွေပါ။
လူချစ်လူခင်ပေါ်ပြီး၊ ပျော်ပျော် နေတက်တဲ့ ကျော်စိုး ကို ကျနော်တို့နေတဲ့ ဖို့ဝိန်းမြို့  မှာ သိတာ က တကောင်ကြွက် လို့ သိကြတယ်။  တကယ်တော့ ကျော်စိုး တို့ က ဆွေကြီး၊ မျိုးကြီးတွေ။ ချမ်းသာတဲ့ မိသားစု က ကြီးပြင်းလာခဲ့တာ။ ကျော်စိုး အကို ကိုခင်ချို က မြန်မာ့လက်ရွေးစင်ဘော်လုံးသမား။ ကျော်စိုး တို့မိသားစု မှာ ညီအကိုမောင်နှမ  ၁၁ ယောက်ရှိသလို၊ ကျနော်တို့ မိသားစုမှာလည်း ညီအကိုမောင်နှမ  ၁၀ ယောက်ရှိတယ်။  

ကျော်စိုး မိဘ တွေနဲ့ ကျနော့် မိဘတွေ က မြစ်ဝကျွန်းပေါ် တမြို့တည်းသား၊ ရပ်ဆွေရပ်မျိုး တွေ ဖြစ်ကြတယ်။ အဖေတွေ က အင်္ဂလိပ် ကိုတော်လှန်တော့လည်း အတူတူ၊ ဖက်ဆစ်ဂျပန် ကို တော်လှန်တော့လည်းအတူတူ။ လွတ်လပ်ရေး အတွက် အတူ တိုက်ပွဲဝင်ခဲ့ကြတဲ့ သူတွေ။  မိသားစု ထဲ မှာ  ကျော်စိုး က နို့ညာ၊ ကျနော်က နို့စို့  အငယ်ဆုံးသားတွေ။ ဒီလိုနဲ့ ကျနော်တို့ နှစ်ယောက် ရန်ကုန်မြို့ ဒေသ နှစ်ခု ဆီ မှာ ကြီးပြင်းလာခဲ့ကြတယ်။ သူက တောင်ဥက္ကလာသား၊ ကျနော် က ရန်ကင်းသား။

 ဒုတိယ ကမ္ဘာစစ် ကာလ မှာ  ကျော် စိုး အကို တယောက် စစ်တွင်းထဲမှာပဲ ဆုံးခဲ့တယ်။ ဒုတိယ ကမ္ဘာစစ် ပြီးတော့ ကျော်စိုးတို့  မိသားစုတွေ ၊ ကျနော်တို့ မိသားစုတွေ  ရန်ကုန် မှာ အခြေချခဲ့ကြတယ်။ အဖေက လွတ်လပ်ရေးပြီးတော့ သူဆန္ဒပြင်းပြ တဲ့ ပုံနှိပ်တိုက် လုပ်ငန်းနဲ့ မိသားစု ကို ရှာဖွေကျွေးမွေး ထောက်ပံ့ခဲ့တယ်။  ၁၉၆၂  စစ်တပ် က အာဏာသိမ်းတော့ ဖေဖေ ပိုင်တဲ့ ကြေမုံတိုက်၊ မြင့်စိုးစာပေတိုက် အပါအ၀င် ပုံနှိပ်တိုက် ၃ ခု ပါ ပြည်သူပိုင်အဖြစ်သိမ်းယူခံရတဲ့ အပြင်၊ ဖေဖေ ပါ ဂတုံ၊အမာ ပင်လယ် မှာ ၁ နှစ်လောက် ပုံးနေခဲ့ရတယ်။  ဒီကာလ များ မှာတော့ ကျော်စိုးတို့ အဖေ နှင့် အမေ က ကျနော်တို့ မိသားစု ကို အားပေး နှစ်သိမ့် ကူညီစောင့်ရှောက်ပေးခဲ့ကြတယ်။  မိသားစု နှစ်စု က အင်မတန် မှ ချစ်ခင်ရင်းနှီးကြတယ်။  အဆင်ပြေတဲ့ မိသားစု က အပြန်အလှန် ကူညီကြပြီး၊  နှစ်အိမ့် တအိမ် ထွက်သွား ၀င်လာ နေလာခဲ့ကြတယ်။

ကျော်စိုး အဖေ က ဦးလှမြင့်၊ မိခင်ကြီး က ဒေါ်လှရှင်။ အင်မတန် မှာ ဖော်ရွေပြီး၊ စေတနာ အလွန်ကောင်းတဲ့  လူကြီးလူကောင်း တွေပါ။  ကျော်စိုး တို့ မိဘတွေ က လုပ်သားတံဆိပ်  ဖိနပ် ထုတ်လုပ် ရောင်းဝယ်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ကြတယ်။  လွန်ခဲ့တဲ့ နှစ် ၃၀ လောက် က လုပ်သားတံဆိပ် နွေစီး၊ မိုးစီး ဖိနပ်တွေ က နာမည်ကြီးတံဆိပ်တွေ။ မြမာလာတို့၊ ဆင် နှစ်ကောင်တို့တောင်မပေါ်သေးဘူး။  အခု အသက် ၅၀ ကျော် တဲ့ သူတွေ လုပ်သား ဖိနပ်  တံဆိပ် ကို ကောင်းကောင်း သိကြပါလိမ့်မယ်။ အခြေခံလူတန်းစားတွေရဲ့ ဘ၀တွေ ကို အင်မတန်မှ နားလည်မှု ရှိတဲ့ ကျော်စိုး အဖေ က သူရဲ့ ဖိနပ်တံဆိပ် ကိုတောင် “လုပ်သား”  တံဆိပ် လို့ နာမည်ပေးခဲ့တာ လို့ ဖေဖေ က ပြောပြဘူးတယ်။

မိဖတွေ က တော်လှန်ရေးသမားဟောင်းကြီးတွေ၊ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သူတွေ ဆိုတော့ ရှစ်လေးလုံး  ဒီမိုကရေစီ တောင်းဆိုလှုပ်ရှားမှုကြီး ကို ပြတ်ပြတ်သားသားထောက်ခံခဲ့ကြတယ်။ ကျော်စိုး အဖေ ဦးလေး ဦးလှမြင့် က တော့ ဒီပွဲ မှ မ၀င်ရင် ၊ ဘယ်ပွဲမှ ၀င်မလဲ ဆိုပြီး သူ့ သားသမီးတွေ ကို လမ်းမပေါ်ထွက် ဆန္ဒပြ ကြဖို့ ပြောခဲ့ လို့ သမီးလတ်  မမနွဲ့ တယောက် ၊ တောင်ဥက္ကလာ မြို့ နယ် က ဖိနပ်ချုပ်လုပ်သမားတွေ၊ လက်လုပ်လက်စားသူတွေ ကို ဦးဆောင်ပြီး အိမ်ထောင်ရှင်များသမဂ္ဂ ဆိုပြီး တောင်ဥက္ကလာ မြို့နယ်ကနေ  ဦးဆောင်ဆန္ဒပြခဲ့တာ။ စစ်အစိုးရ က လုပ်ကြံ ၀ါဒဖြန့်ချီတဲ့ ပါပီမ ရုပ်ရှင် မှာ တောင် မှတ်တမ်းဖြစ်ခဲ့တယ်။  ထောက်လှမ်းရေး က  သွေးထိုးလှုံ့ဆော်ခဲ့တဲ့ တောင်ဥက္ကလာ ငွေကြာရံ လူသတ်ပွဲ ကြောင့်  ရှစ်လေးလုံး ကာ လ  ရက်ကွက် လုံခြုံရေး  မှာ ပါဝင်ခဲ့တဲ့ ကျော်စိုးတယောက်လည်း   အရေးအခင်းနောက်ပိုင်း နေရပ် ကနေ စွန့်ခွာခဲ့ရတယ်လို့ ကျော်စိုး ပြောပြဘူးတယ်။

***********************************************************

အပိုင်း (၃)- ကျော်စိုး နှင့် ငဘ 

ကျော်စိုး ရဲ့ ရုန်းကန်ခဲ့ရတဲ့ ဘ၀ အကြောင်းပြောရင် ငဘ မပါရင်တော့ ပြီးပြည့်စုံမှာ မဟုတ်ဘူး။
ငဘ နဲ့ ကျော်စိုး က  ညီအကိုလို ချစ်ခင်တဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း။  ကျော်စိုး ဘ၀ ကို ပြောင်းလဲလာအောင်လုပ်ပေးခဲ့တဲ့ သူ။ 
ကျော်စိုး အမေရိကန် နိုင်ငံ ကို ရောက်လာ တာ ကလည်း ငဘရဲ့ ကျေးဇူး မကင်းဘူး။
ငဘ က ကျော်စိုးရဲ့ ကျေးဇူးရှင်လို့ ပြောရမယ်။ 

ဖြစ်ပုံ က ဒီလို။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးအခင်းနောက်ပိုင်း  မြန်မာ နိုင်ငံ က လူငယ် တွေ သန်းချီပြီး၊ နိုင်ငံ ခြား ကိုထွက်ပြီး စွန့်စွန့်စားစား အလုပ်ရှာဖွေကြတယ်။ ကျော်စိုး လည်းတယောက် အပါအ၀င်ပေါ့။ အိမ်ကထွက်လာပြီး မလေးရှား ကို ရောက်လာတယ်။ ဘီဇာကုန်လို့ ထွက်ထွက်ရှောင်ရတဲ့ ဒုက္ခ က မသေးတော့၊ Over Stay ဖြစ်တယ်။  Over Stay ဖြစ်တော့၊ နောက်ဆုံး ရှောင်ယင်းတိမ်းယင်း မလေး လ၀က ထောင်ထဲရောက်သွားတယ်။  ဒီမှာတင် ကြမ်းတမ်းတဲ့ ဘ၀ က စတော့တာပဲ။  

အိမ်နဲ့ လည်း အဆက်ပြတ်၊ မလေးရှားနိုင်ငံ၊ မြန်မာ သံရုံး က လည်း အကူအညီမပေး။  ငွေ  မရှိတော့ ထောင်ထဲ မှာ နှစ်နဲ့ ချီနေပြီ။ ထွက်လို့မရဘူး။ ထောင်ထဲက ထွက်နိုင်ဖို့ မလေးရှား လ၀က  တွေ က ထိုင်းငါးဖမ်း ပိုင်ရှင်တွေ ဆီကို ရောင်းစား တာခံလိုက်ရတယ်။ ဒီမှာတင် ငဘ နဲ့ စတင် ရင်းနှီး သိကျွမ်းလာခဲ့တာ။ 

 ဒီလိုဖြစ်ရပ်မျိုးတွေဟာ ပြည်ပ မှာ တရားဝင်ကော၊ တရားမ၀င်  ပါ အလုပ်အကိုင် အခွင့်အလမ်းတွေ စွန့်စွန့်စားစား ရှာဖွေလုပ်ကိုင်နေကြတဲ့ သန်းချီတဲ့ မြန်မာ ပြည်သူတွေ အတွက်တော့ သိပ်ဆန်းကျယ်လှတဲ့ အဖြစ်မျိုးတော့မဟုတ်ဘူး။ အရောင်းစားခံရတာတွေ၊ ပင်လယ်တွေထဲ ကိုရောက်သွားပြီး ပြန်မလာနိုင်တဲ့သူတွေ၊  ၊ ထိုင်း-မလေးရှားနယ်စပ်တွေ ရှိ တောကျိုတောင်ကြားတွေ ထဲ မှာ ပျောက်သွားခဲ့
သူတွေလည်း အများကြီး။ ဆင်းရဲတဲ့ တိုင်းပြည်၊ ညံ့ဖျင်းတဲ့ စစ်အစိုးရ အောက် မှာ သန်းချီတဲ့  မြန်မာ ပြည်သားတွေဟာ ကြမ်းကြမ်းတမ်းတမ်းနဲ့ ရုန်းကန်လှုပ်ရှားရင်း ၊ အမိတိုင်းပြည် ရှိ ဆင်းရဲမွဲတေ နေကြတဲ့ မိဘဆွေမျိုးတွေ ဆီ တနှစ်တနှစ် ဒေါ်လာ ဘီလီယံ နဲ့ ချီ ပြန်ပို့ပေးခဲ့ကြတဲ့သူတွေပါ။

****************************************************************
တကယ်တော့ ငဘ နှင့် ကျော်စိုး က လည်း၊ ရောင်းစားခြင်းခံလိုက်ရတဲ့ ထိုင်းငါးဖမ်းသင်္ဘောပေါ် က ရေလုပ်သား ဘ၀တူ တွေ။ ဘ၀ကို အပူအပင်မရှိ ဖြတ်သန်းနိုင် ခဲ့သူပါ။
ငါးဖမ်း တခါထွက် လနဲ့ ချီကြာတယ်။ ကမ်းမမြင်၊ လမ်းမမြင် ပင်လယ်ထဲမှာ  သင်္ဘောတစင်းထဲ အတူတူ ဆိုတော့၊ သူငယ်ချင်းနှစ်ယောက်  ညည အလွမ်းပြေ ယမကာလေး မော့ရင်း၊ သူ့အကြောင်းပြော၊ ကိုယ့်အကြောင်းပြောနဲ့ နှစ်တွေ အတောကြာလာတော ကောင်းတိုင်ပင်၊ ဆိုးတိုင်ပင် ညီအကို လိုဖြစ်လာတယ်။ 

ငါးဖမ်းသင်္ဘော မဟာချိုင် မြို့လို ၊ တခြားမြို့ကြီးတွေဆီ ကမ်းပြန်ကပ်ရင် သူငယ်ချင်းတွေ နဲ့ အလည်သွား၊ ဈေးလေးဝယ်၊ ဆေးလေးဝယ်၊ ယမကာလေးသောက်၊ အပျော်ညကလပ် ကလေးတွေ နဲ့  အတိုးချ အချိန်ကုန်လွန်စေပေါ့။

သင်္ဘော ငါးဖမ်းထွက်ပြီဆို၊ ငဘ က သူ့ဇနီးချော အေးခိုင် အကြောင်း ဂုဏ်ယူဝံ့ကြွားစွာ ပြောပြလေ့ရှိတယ်။ ကျနော်က ရွာ က ကွမ်းတောင်ကိုင် ကို ကံကောင်းပြီး၊ ရခဲ့တာဆိုပဲ။
*****************************************************************

ငဘ နဲ့ သူ့မိန်းမ အေးခိုင် က ဘိတ်- ထားဝယ်ကားလမ်းပေါ်က  ရွာ ငယ်လေးတရွာ မှာ အတူတူ ကြီးပြင်းလာကြတာ။ ရွာငယ်လေးဆိုပေမဲ့ အိမ်ခြေ က ၂၀၀ လောက်ရှိတယ်။ ဘေးနားမှာ က ညောင်စင်၊ ရန်တောင်၊ ရွှေဂူတောင် စတဲ့ ရွာကြီးတွေ က ၀ိုင်ရံထားတယ်။

ငဘ က ရွာ မှာ တကောင်ကြွက် ၊ ငဘ မိဘတွေဆုံးပါးသွားပြီးတော့၊ ရွာ မှာ ကြုံရာ အလုပ်ကြမ်း လုပ် ပြီး ၀မ်းစာ ရှာစားတယ်။ ငဘ က အသားမဲမဲ၊ အရပ်ရှည်ရှည်၊  ကိုယ်လုံးတောင့်တောင့်။  ရွာ လူကြီးတွေ ခိုင်းသမျှ ကူညီတယ်။ တရွာလုံး က ချစ်ကြတယ်။ ငဘ မှ ငဘ။

ပိုးလုံး လို့ သူချစ်စနိုးခေါ်တဲ့ အေးခိုင် က၊  တောင်လေ လာ မှ မိုး၊ သုံးပင်လိမ် မှ ကြိုး၊ ဒေါင်ဒေါင်မြည် မှ အိုး ဆိုသလို ကိုယ်လုံး ကိုယ်ထယ် တောင့်တောင့်တင်းတင်း ပြည့်ပြည့်ဖြိုးဖြိုး။
မျှစ်စို့ကြီးလို အရပ်အမောင်းကောင်းတဲ့  ထားဝယ်သူ။ မျက်တောင်လေး ကော့ ပြီး၊  ဆံပင်ရှည်ရှည်၊ အသားဖြူဖြူ၊ ရွာ က ကွမ်းတောင်ကိုင်တဲ့ သူ။ 

အင်မတန်မှ ရုပ်ရည်ချောမောပြီး ငေးကြည့်ယူရတဲ့ အေးခိုင် ကို စီးပွားရေး အဆင်ပြေပြီး၊ ချမ်းသာတဲ့ အသိုင်းအသိုင်းထဲ က ကြိုက်တဲ့ သူတွေ က လည်း ရွာ မှာ က ဒု နဲ့ ဒေး။ ငဘ တို့ ကတော့ “အေးခိုင် ကို မစဉ်းစားရဲပေါင်”လို့ ဆိုတယ်။ ရေချိုဆိပ် သွားရင် ထမိန်စိုလေး ရေရှားဝတ်ထားတဲ့ အေးခိုင် ကို ငေးကြည့်ပြီး၊  ရင်ပဲ ခုန်နေရတာ လို့ သူ တမ်းတမ်းတတ ပြောပြရှာတယ်။ 

တနေ့ မှာတော့ တောင်ယာ လုပ်ကိုင်စားသောက် နေတဲ့ အေးခိုင် မိဘ နှစ်ပါး ၊မြေမြုပ် မိုင်း နင်းမိလို့  သေဆုံးသွားရှာတယ်။ ရွာက လူကြီးတွေ က တကောင်ကြွက်ဖြစ်နေတဲ့ အေးခိုင် ကို သနားပြီး အိမ်ထောင်ပြုဖို့ တိုက်တွန်းတယ်။ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲပေါ့။ ရွာက ငဘ ကို ရွေးချယ်ခဲ့တယ်။
ငဘ တို့ ရွာနီးစပ်က တချို့ ရွာတွေ ဆို သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းတွေ ၊ ရေနက်ဆိပ်ကမ်း တည်ဆောက်မှုတွေ ကြောင့် အတင်းအဓ္ဓမ ရွေ့ပြောင်းခြင်းခံနေရပြီ။

“ကို ဘ ရယ် ၊ ရွာ မှာ ဟိုလူခိုင်း ဒီလူခိုင်း နဲ့ တော့ ကျမတို့ ဘ၀ ကို လျောက်လို့ မရဘူး။ အလုပ်တခုတော့ ရှာဖို့လိုတယ်” လို့ အေးခိုင် က အကြံပေး တိုက်တွန်းတယ်။ 

ဒီတော့ ငဘ အလုပ်ရှာထွက်ခဲ့တယ်။ ကံကောင်းတယ်လို့ ဆိုရ မလား။ 

ထားဝယ် ရေနက်ဆိပ်ကမ်း ဆောက်လုပ်ဖို့ တောရှင်း၊တောင်ရှင်း အလုပ်ကြမ်းလုပ်ရတဲ့ လမ်းတံတား တည်ဆောက်နေတဲ့ ကုမ္ပဏီတခု မှာ အလုပ်ရတယ်။ အလုပ်ရပြီးမကြာခင်မှာပဲ၊ အေးခိုင် လည်း ကိုယ်ဝန်ရလာတယ်။ 

ဒီ အချိန်ကတော့ ငဘ ရဲ့ အပျော်ဆုံးဘ၀ အချိန်တွေ ပေါ့။ 
*********************************************************
ဒီလိုနဲ့ အလုပ်လုပ်တဲ့ နေရာ မှာ တဲအိမ်လေးဆောက် ပြီးလို့  လင်မယား နှစ်ယောက် အတူနေထိုင်စဉ် ၂ လ အကြာ မှာ ပဲ၊ ဒေသခံ စစ်တပ် ရောက်လာပြီး၊ ငဘ ကို ပေါ်တာ ခေါ်သွားတယ်။
အေးခိုင် ကိုယ်ဝန် ၆ လ အရင့်အမာ ရှိနေတဲ့ အချိန်။ 

ငဘ လည်း စစ်တပ်ခိုင်းစေတဲ့ နေရာတွေ သွားရတာ တောထဲ၊တောင်ထဲ မှာ ၆ လ ရှိနေပြီ။  တနေ့တော့ တိုက်ပွဲတွေ ဖြစ်လို့၊ ငဘ လည်း KNU နယ်မြေဖက် ထွက်ပြေးလွတ်မြောက်လာခဲ့တယ်။ ငဘ ရွာပြန်ရောက် လာတော့ အေးခိုင် က ခလေးမွေးပြီးပြီ။ သားယောက်ျားလေး က ၅ လ သား။ ရွာ မှာ က လည်း အလုပ်က မည်မည်ရရ မရှိတော့ ၊ ပြင်သစ်နိုင်ငံ က လာတဲ့ တိုတယ် ကုမ္ပဏီ မှာ နေ့စား အလုပ်ကြမ်း သွားလုပ်ခဲ့တယ်။ အလုပ်တောင် ကောင်းကောင်း မလုပ်ရသေးဘူး။ စစ်တပ်က ပေါ်တာ အတင်းစေခိုင်းခြင်းခံရပြန်တယ်။

၁နှစ်နီးပါး လက်နက်ကြီးထမ်း၊ ရိက္ခာထမ်းနဲ့ တောထဲတောင်ထဲ မှာ ၁ နှစ်လောက် ကြာခဲ့တယ်။ ငဘ  ကတော့ တိုက်ပွဲ များများ ဖြစ်ပါစေလို့ သာ ဆုတောင်းနေရတယ်။
 ဒါမှ ကိုယ့်ထက်ငယ်တဲ့သူတွေ ကို ဆရာ၊ ဆရာခေါ်နေရတဲ့ ဘ၀၊ အဘ အဘခေါ်နေရတဲ့ဘ၀၊ အထမ်းဘ၀ ဘ၀ က လွတ်မြောက်မှာ။ 

တနေ့တော့ KNU က ကြားဖြတ်တိုက်လို့ ငဘ တယောက် ထွက်ပြေး လွတ်မြောက်ခဲ့ရတယ်။
ငဘ ဒီတခါ ရွာ ကို မပြန်ချင်တော့ဘူး။ ပေါ်တာ သံသရာ က လွတ်မြောက်အောင်၊ ထိုင်းနိုင်ငံ မှာ ရရာ အလုပ်လုပ်ပြီး၊ အေးခိုင် ကို ပြန်ခေါ်ဖို့ ဆုံးဖြတ်ခဲ့တယ်။  ပြန်ဖို့ ရွာလည်း မရှိတော့ဘူး။ ရွာ က လူတွေလည်း အတင်းအဓ္ဓမ ရွေ့ပြောင်းခြင်းခံခဲ့ရလို့ ဘယ်ရောက်မှန်း ငဘ မသိတော့။
ငဘ တို့ ရွာရဲ့ ရွာနီးနားချုပ်စပ် ရွာကြီးတွေ က လူငယ်တွေ လည်း  စစ်တပ်က ပေါ်တာ ခဏခဏ အတင်းအဓမ္မ စေခိုင်းခြင်းခံနေရလို့ ရွာမှာ မရှိကြတော့ဘူး။ ထိုင်း နိုင်ငံ မှာ ရရာ အလုပ်သွားလုပ်နေကြတယ်။ 

ငဘ ရရာ အလုပ်လုပ်ရင်း ထိုင်းနိုင်ငံ ရောက်လို့ ၁ နှစ် အကြာ မှာ ပဲ၊ ထိုင်းလ၀က က ဖမ်းဆီးတာ ခံလိုက်ရပြန်တယ်။ 

ဒီလိုနဲ့ နောက်ဆုံးတော့ ထိုင်း ငါးဖမ်းသင်္ဘော ပိုင်ရှင်တွေ ဆီ ရောင်းစား တာ ခံလိုက်ရတော့တယ်။ ဒီမှာ တင် လှေသူကြီးဖြစ်နေတဲ့ ကျော်စိုး နဲ့ စတင်ရင်းနှီးခဲ့တော့တာပါပဲ။

*************************************************************************
တနေ့ တော့ ငဘ က “ကိုကျော်စိုး…ကျနော်  မဆုံးဖြတ် တက်တော့ဘူး၊ ကျနော့်  ကို အကြံဥာဏ် ပေးပါ၊ အကိုရယ်။ ကူညီပါလို့ ပြောပြီး၊ ချုံပွဲချ  ငိုပါတော့တယ်။” 
ကျော်စိုး သိသလောက် ငဘ တခါမှ ငိုတာ မမြင်ဘူးဘူး။  ငါးခိုးဖမ်း လို့ အစိုးရ စစ်သင်္ဘောတွေ လိုက်လို့ များ ပင်လယ်ရေ ထဲ  ၂ နာရီ၊ ၄ နာရီလောက် ပုန်းအောင်းပြီး ငါးဖမ်း ပိုက်တွေ စောင့်နေရရင်တောင် ငဘ မငိုဘူး။ 

ဒီတော့ ကျော်စိုးလည်း အံသြတကြီးနဲ့ အပြင်က ပြန်လာတဲ့ ငဘ ကို ဘာဖြစ်လာတာလဲလို့ မေးလိုက်တယ်။ ဒီမှာ တင် ငဘ တယောက် အန်ကြိတ်ပြီး၊ မျက်ရည်ဝဲ၀ဲ နဲ့ ပြောရှာတယ်။
 “အကို သိတယ် မဟုတ်လား။ ကျနော် ပြောပြောနေတဲ့ ကျနော့် မိန်းမ အေး

ခိုင်-  ပိုးလုံး လေ။ ကျနော့် ကို လိုက်ရှာဖို့ ရွာက ထွက်လာတာလို့ပြောတယ်။ 

အခု သူ့ လိင်ဖျော်ဖြေခိုင်းတဲ့ နိုက်ကလပ်တခု မှာ ကျနော့်မိန်းမ ၊ ပိုးလုံးလေးကို ကိုယ်တုံးလုံး နဲ့ တွေ့ခဲ့ရပြီ။ ကျနော် ဘာ ဆက်လုပ်ရမလဲ။”

 ငဘ ရှိုက်ကြီးတငင်ငိုချပါတော့တယ်။

ကျော်စိုးက တော့ ကိုယ်တကယ်ချစ်ရင်၊ ကိုယ့်မိန်းမ ဘာပဲဖြစ်ဖြစ် ပြန်ပေါင်း ပေါ့လို့အကြံပေးတယ်။ 

ဒါပေမဲ့ ဒီအကြံ က တကယ်လက်တွေ့ မှာ ကျော်စိုးပြောသလောက် ငဘ အတွက် မလွယ်ဘူး။ 

လိင်ဖျော်ဖြေခိုင်းတဲ့ နိုက်ကလပ်တခု က နေ အေးခိုင် ကို ခေါ်ထုတ်ဖို့ဆိုတာ မလွယ်ရေးချမလွယ်။

 အေးခိုင်က တော့ အတူတူ မြန်မာပြည် ကို ထွက်ပြေးဖို့သာ၊ ၊ ငဘ ကို  ငိုယိုပြောနေတယ်။ သူတို့နှစ်ယောက်လုံး ရွာကို မပြန်ချင်ကြတော့ဘူး။ 

ငဘ ကလည်း ကျော်စိုး ကို အကူအညီပေးဖို့ပြောလာတယ်။  

သူတို့ နှစ်ယောက် ထွက်ပြေးရင် ၊ လှေသူကြီးဖြစ်တဲ့ ကျော်စိုးလည်း နေလို့မရ။ ထွက်ပြေးရတော့မှာ။ တကယ်တော့ ထွက်ပြေးမယ် ဆိုရင်တောင် ထိုင်းနိုင်ငံ မှာ လွတ်မှာ မဟုတ်ဘူး။ အသက် အန္တာရယ် ပါ စိုးရိမ်ရတဲ့ အခြေအနေ။

နောက်ဆုံးတော့ ကျော်စိုး ဆုံးဖြတ်လုပ်ပြီ။ သူတို့ ချစ်သူနှစ်ဦး လွတ်မြောက်အောင် ကျော်စိုး ကူညီပြီး၊ မလေးရှား ဖက် ကို ပြန်လာဖို့။ 

မလေးရှားရောက်တော့ ကျော်စိုး အဖမ်းခံရတယ်။ ကျော်စိုး မလေးရှား လ၀က မှာ လူကုန်ကူးမှု ခံရသူ ဒုက္ခသည်တယောက်ဖြစ်လာတယ်။

 ဒီလိုနဲ့ ကျော်စိုး အမေရိကန် နိုင်ငံ ကို ရောက်လာ ခဲ့တာ လို့ ကျော်စိုး တမ်းတ သတိယစွာ ပြောပြဘူးတယ်။ 

ငဘ က ကျနော့်ရဲ့  ကျေးဇူးရှင်တဲ့။

အေးခိုင် က တော့ ကိုယ်ခံစွမ်းအား လျော့ကျတဲ့ ရောဂါနဲ့  လွန်ခဲ့ တဲ့  ၅ နှစ်လောက် က ကွယ်လွန်သွားခဲ့ရှာပြီ။ ငဘ ကတော့ ထိုင်းနိုင်ငံ မှာ လုပ်ကိုင်စားသောက်ယင်း ၊ ပျောက်ဆုံးသွားနေတဲ့  သားလေးတယောက် ကို ရှာဖွေနေတုန်းတဲ့။

 စနစ်ဆိုးကြီး အောက် မှာ  တွန်းပို့ခြင်း ခံလိုက်ရတဲ့   ကြမ်းတမ်းခဲ့တဲ့ ဘ၀တွေ မဟုတ်ပါလား။