Saturday, March 27, 2010

အသွင်ကူးပြောင်းရေးကာလ ယူကရိန်းနိုင်ငံကြုံတွေ့ခဲ့ရသော စိန်ခေါ်မှုများ


ယူကရိန်းနိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ Yulia V. Tymoshenko ယူလီယာ တီမို ရှင်းကို

-မြတ်စိုး(မဇ္ဈိမ)-
၀၃.၂၂.၂၀၁၀


အသက် ၄၅ နှစ်မှာ ယူကရိန်းနိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ Yulia V. Tymoshenko ယူလီယာ တီမို ရှင်းကိုဟာ ပါလီမန်မှာ အယုံအကြည်မရှိ အဆိုကို မဲခွဲဆုံးဖြတ်ရာမှာ ရှုံးနိမ့်ပြီး နုတ်ထွက်သွားခဲ့ရပါတယ်။ သူမဟာ ၂ဝဝ၄ ခုနှစ် ယူကရိန်းနိုင်ငံတဝှန်း ဖြစ်ပွားခဲ့တဲ့ အဝါရောင် တော်လှန်ရေး (Orange Revolution) အစိုးရဆန့်ကျင်ရေး ဆက်တိုက်ဆန္ဒပြ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ လူထုခေါင်းဆောင် ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်သွားခဲ့ပေမယ့် ယူကရိန်း နိုင်ငံရေးလောကကတော့ ထွက်သွားမှာ မဟုတ်ဘူးလို့ သူမက ပြောဆိုခဲ့တယ်။

သူမဟာ ပြီးခဲ့တဲ့လမှာ ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ ပြိုင်ဘက် Viktor F. Yanukovich ရနုကိုးဗစ်ခ်ျကို ၃.၅ ရာခိုင်နှုန်း ကွာခြားမှု မဲအနည်းငယ်နဲ့ ရှုံးနိမ့်သွားခဲ့တာကြောင့် ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခြင်း ခံခဲ့ရတယ်။ ရွေးကောက်ပွဲရလဒ်ဟာ တရားမျှတမှု မရှိဘူးလို့ ဥပဒေကြောင်းအရ တိုင်ကြားခဲ့ပေမယ့် ဒီအမှုမှာ သူဟာ မျှတတဲ့ ဆုံးဖြတ်ချက်ကို မရရှိခဲ့ပါဘူးလို့ သတင်းစာ ရှင်းလင်းပွဲတခုမှာ ပြစ်တင်ဝေဖန် ပြောဆိုသွားခဲ့တယ်။ အခုတော့ ပါလီမန်မှာ မဲခွဲဆုံးဖြတ်ခဲ့လို့ သူဟာ ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်သွားပြီး၊ ပါလီမန်မှာ အတိုက်အခံပါတီ ခေါင်းဆောင်အဖြစ် ဆက်လက် တာဝန်ယူသွားမယ်လို့ ကြေညာခဲ့ပါတယ်။

သူမဟာ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်စဉ်အတွင်း အဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ လုပ်ဖော်ကိုင်ဘက် ယူကရိန်းသမ္မတ Viktor A. Yushchenko ဗစ်တာယူချင်းကိုနဲ့ ဆက်ဆံရေးတင်မားမှုတွေရှိခဲ့ပြီး၊ သမ္မတ ရွေးကောက်ပွဲ ယှဉ်ပြိုင်မှုမှာလည်း အစိုးရအဖွဲ့အတွင်း အတူလုပ်ဆောင်ခဲ့တဲ့ သမ္မတ ဗစ်တာယူချင်းကိုက သူ့ကို ထောက်ခံမှု မပေးခဲ့ပါဘူး။ ယူကရိန်းနိုင်ငံမှာ အဝါရောင်တော်လှန်ရေးပြီးနောက် ၂ဝဝ၅ ခုနှစ်မှာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲတဲ့ ဗစ်တာယူချင်ကိုဟာ လုပ်ဖော်ကိုင်ဘက် အချင်းချင်းကို တိုက်ခိုက်ခဲ့မှုတွေ၊ တိုင်းပြည် စီးပွားရေး အကျပ်အတည်းတွေကို ဖြေရှင်းနိုင်မှု မရှိတာတွေကြောင့် ရွေးကောက်ပွဲမှာ လူထုထောက်ခံမှု မရရှိခဲ့တော့ဘူးလို့ သိရတယ်။

အစိုးရအဖွဲ့အတွင်း သမ္မတ ဗစ်တာယူချင်ကိုနဲ့ ဝန်ကြီးချုပ် ယူလီယာ တီမိုရှင်းကိုတို့ဟာ ဒီမိုကရေစီရေးအတွက် တက်တက်ကြွကြွ ဦးဆောင်ခဲ့ကြပြီး၊ ယူကရိန်းကို မြောက်အတ္တလန်တိတ် (NATO) အဖွဲ့ထဲ ဝင်ရောက်နိုင်ဖို့ ကြိုးစားခဲ့သူတွေလည်း ဖြစ်ပါတယ်။ အစိုးရအဖွဲ့အတွင်း သမ္မတနဲ့ ဝန်ကြီးချုပ်အကြား လူသိရှင်ကြား အခြေအတင် စွပ်စွဲမှုတွေ၊ ဝေဖန်မှုတွေကြောင့် ဝန်ကြီးချုပ် ယူလီယာ တီမိုရှင်းကို သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားခဲ့ရခြင်း ဖြစ်တယ်လို့ ယူကရိန်း နိုင်ငံရေးကို လေ့လာနေသူတွေက ပြောဆိုခဲ့ကြတယ်။ ပြီးခဲ့တဲ့ အပတ်က ရွေးချယ်ခံခဲ့ရတဲ့ သမ္မတသစ် Viktor F. Yanukovich ရနုကိုးဗစ်ခ်ျကတော့ ရုရှားအစိုးရနဲ့ နီးစပ်သူအဖြစ် လူသိများ ထင်ရှားခဲ့ပြီး၊ အရင် အစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ်ဟောင်းတဦးလည်း ဖြစ်ပါတယ်။
အယုံအကြည်မရှိ အဆို အနိုင်ရသွားပြီးနောက် ၀န်ကြီးချုပ် ယူလီယာ တီမို ရှင်းကို ပါလီမာန်မှ ထွက်ခွာသွားပုံ

ဒါပေမဲ့လည်း ယူကရိန်းမှာ ဒီမိုကရေစီရေးအတွက် တက်တက်ကြွကြွ ဦးဆောင်ပါဝင်ခဲ့ပြီး ထင်ပေါ်ကျော်ကြား အောင်မြင်မှုတွေ ရရှိခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်တဦးလည်းဖြစ်၊ ပညာရှင်တဦးလည်း ဖြစ်ခဲ့တဲ့ ပထမဦးဆုံး ယူကရိန်း အမျိုးသမီးဝန်ကြီးချုပ် ယူလီယာ တီမိုရှင်းကို သမ္မတရွေးကောက်ပွဲမှာ ဘာကြောင့် ရှုံးနိမ့်ခဲ့ရတာလဲ ဆိုတာကိုတော့ နိုင်ငံတကာ နိုင်ငံရေး လေ့လာအကဲခတ်သူတွေအတွက် စိတ်ဝင်တစားရှိခဲ့သလို၊ အမျိုးမျိုး ထင်မြင်ချက်တွေကို ပေးခဲ့ကြတယ်။

နိုင်ငံရေး အကဲခတ်တချို့က သူမရဲ့ အစိုးရအတွင်း Change Insurgents လို့ ခေါ်ဆိုတဲ့ ပြုပြင်ပြောင်းလဲရေးကို လက်မခံတဲ့ သဘောထားတင်းမာသူတွေ၊ ရုရှားနဲ့ နီးစပ်လိုသူ နိုင်ငံရေးသမားတွေ၊ အရင် အစိုးရလက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ စစ်တပ်အကြီးအကဲတွေရဲ့ ဖီဆန်နေမှုတွေကြောင့် တိုင်းပြည်ရဲ့ စီးပွားရေးကို ပြန်လည်ဦးမော့လာအောင် သူမဟာ မစွမ်းဆောင်နိုင်ခဲ့ဘူးလို့ ထောက်ပြပြောဆိုကြတယ်။ နိုင်ငံရေး လေ့လာအကဲခတ်သူ တချို့ကတော့ နှစ်အတော်ကြာ အကျင့်ပျက်ချစားခဲ့တဲ့ အရင် အစိုးရတွေရဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲ အုပ်ချုပ်မှုတွေကြောင့် ချောက်ထဲကျပြီး ပျက်စီးယိုယွင်းနေတဲ့ စီးပွားရေးကို ပြန်လည်ကောင်းမွန်အောင် သူမ မပြောနဲ့၊ ဘုရားသခင်တောင် ကယ်တင်လို့ရမှာ မဟုတ်ဘူးလို့ ထောက်ပြကြတယ်။

ဥရောပနဲ့ အာရှအရေး သုတေသနပြု လေ့လာနေသူတချို့ကတော့ ယူကရိန်းနိုင်ငံဟာ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေး ကာလကို ဖြတ်သန်းနေတာမို့ စိမ်ခေါ်မှုပေါင်းစုံနဲ့ ရင်ဆိုင်နေရတယ်လို့ သုံးသပ်ထားပါတယ်။ ဒီလို Transition Period လို့ ခေါ်ဆိုတဲ့ အသွင်ကူးပြောင်းရေးကာလ (သို့) Economic Depression လို့ ခေါ်ဆိုတဲ့ စီးပွားရေး ဆုတ်ယုတ်မှုနဲ့ စီးပွားရေးပျက်ကပ် အကျိုးဆက်တွေကို ရင်ဆိုင်နေရတဲ့ ကာလ (သို့) classical Retreat လို့ ခေါ်ဆိုတဲ့ အကောင်းဆုံး ဆုတ်ခွာသွားတဲ့ ကာလတွေမှာ အစိုးရသစ်အတွင်း တိုင်းပြည် စီမံခန့်ခွဲ အုပ်ချုပ်မှုတွေမှာ နိုင်ငံရေးသမားတွေအစား ကျွမ်းကျင်သူ နည်းပညာရှင်တွေ၊ အတက်ပညာရှင်တွေကိုသာ ရွေးချယ်ခန့်အပ်ဖို့ လိုအပ်တယ်လို့ အကြံပြုပြောဆိုခဲ့တယ်။

တရုတ်၊ အမေရိကန်၊ ဂျပန်၊ အိန္ဒိယ၊ ထိုင်း၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ အရှေ့ဥရောပနိုင်ငံတွေ အသွင်ကူးပြောင်းရေး ကာလမှာ နိုင်ငံရေးသမားတွေအစား အတွေ့အကြုံ အရည်အချင်းရှိကြပြီး၊ မျိုးချစ်စိတ်ရှိကြတဲ့ တတ်သိပညာရှင်တွေ၊ အင်ဂျင်နီယာတွေ၊ သိပ္ပံပညာရှင်တွေက တိုင်းပြည် စီမံခန့်ခွဲအုပ်ချုပ်မှုကို အောင်အောင်မြင်မြင် ဦးဆောင်မှု ပေးခဲ့ကြတဲ့ သာဓကများစွာ ရှိခဲ့တယ်လို့ ထောက်ပြဆွေးနွေးခဲ့ကြတယ်။ ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံး တိုင်းပြည်ကြီး တရုတ်နိုင်ငံကို အဓိက ဦးဆောင်သွားတဲ့ ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို ဦးဆောင်ကော်မတီဝင် လူကျော်လူမော် ၉ ယောက်စလုံးဟာ အင်ဂျင်နီယာနဲ့ သိပ္ပံဘွဲ့ရတွေ ဖြစ်ကြတယ်ဆိုတာ ဥပမာပေး တင်ပြခဲ့ကြတယ်။

လူဦးရေ ၄၆ သန်းကျော်ရှိတဲ့ ယူကရိန်းဟာ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးနောက် ၁၉၉၁ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့မှာ လွတ်လပ်ရေး ရခဲ့ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် တက်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ သဘောထား ပြင်းထန်ပြီး ရုရှားက ကျောထောက်နောက်ခံ အားပေးထားတဲ့ စစ်ခေါင်းဆောင်တွေ၊ ရုရှားအစိုးရရဲ့ စွမ်းအင်ထောက်ပံ့မှုဆိုင်ရာ ခြိမ်းခြောက်မှုတွေကြောင့် နိုင်ငံရေး၊ စီပွားရေး အကျပ်အတည်း ပြဿနာတွေနဲ့ ဆက်တိုက်ဆိုသလို ရင်ဆိုင်နေခဲ့ရတယ်။ ယူကရိန်းဟာ ရုရှားကနေ တင်ပို့ရောင်းချတဲ့ သဘာဝဓာတ်ငွေ့ပေါ် မှီခိုနေရပြီး၊ ရုရှားအစိုးရက ဆောင်းတွင်းကာလတွေမှာ သဘာဝဓာတ်ငွေ့ တင်ပို့မှုတွေကို ရပ်ဆိုင်းပစ်ခြင်း၊ ဈေးနှုန်းကြီးမြင့်စွာ ရောင်းချခြင်းတွေနဲ့ ယူကရိန်း နိုင်ငံရေး မတည်ငြိမ်အောင် ဝင်ရောက်စွက်ဖက်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။ အထူးသဖြင့် ရုရှားအစိုးရက ယူကရိန်းကို ဥရောပနိုင်ငံတွေနဲ့ ဆက်ဆံရေး နီးစပ်သွားမှာကို စိုးရိမ်မှုတွေရှိလို့ ဖြစ်ပါတယ်။

ဆိုဗီယက် ပြည်ထောင်စုက ခွဲထွက်ခဲ့တုန်းက ယူကရိန်းမှာ တိုက်ရေယာဉ် စစ်သင်္ဘောအစင်း ၃၅ဝ၊ တိုက်လေယာဉ် အစင်း ၁၅ဝဝ နဲ့ IBM (Intercontinental Ballistic Missiles) နဲ့ ပစ်ခတ်နိုင်တဲ့ မဟာဗျူဟာမြောက် နျူကလီးယားထိပ်ဖူး ၁၂၇၂ ခု ပိုင်ဆိုင်ထားတာကြောင့် ဥရောပတိုက်မှာ ရုရှားနိုင်ငံပြီးရင် ဒုတိယ စစ်အင်အားကြီး နိုင်ငံတနိုင်ငံအဖြစ် ရပ်တည်ခဲ့တယ်။ တတိယ အများဆုံး နျူကလီးလက်နက် ပိုင်ဆိုင်ခဲ့တဲ့ ယူကရိန်းနိုင်ငံဟာ ၁၉၉၂ ခုနှစ်မှာ Strategic Arms Reduction Treaty (START) လို့ ခေါ်ဆိုတဲ့ မဟာဗျူဟာမြောက် နျူကလီးယားလက်နက်တွေ လျှော့ချရေး သဘောတူစာချုပ်အရ နျူကလီးယား လက်နက်တွေကို ရုရှားနိုင်ငံကို ပြန်ပေးခဲ့ရပြီး၊ ၁၉၉၆ ခုနှစ်မှာ နျူကလီးယားလက်နက်မဲ့ နိုင်ငံအဖြစ် ကြေညာခဲ့တယ်။

ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသွားပြီးနောက် ယူကရိန်းစစ်တပ်မှာ စစ်သားအင်အား ၇၈ဝ,ဝဝဝ ကျော် ရှိခဲ့ပေမယ့် ၂ဝ၁ဝ ခုနှစ်မှာ နိုင်ငံတကာ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေမှာတောင် တာဝန်ထမ်းဆောင်နိုင်မယ့် အရည်အချင်း ပြည့်ဝတဲ့ စစ်တပ်အင်အား ၃ဝဝ,ဝဝဝ အထိ အရေအတွက် လျှော့ချခဲ့တယ်။ ခေတ်မမီတဲ့၊ အရည်အသွေး ညံ့တဲ့ စစ်လက်နက်ပစ္စည်းတွေကို ဖျက်ဆီးခြင်း၊ စားစရာကုန်ပစ္စည်းတွေနဲ့ လှဲလှယ်ခဲ့ခြင်း၊ လက်ဆောင်ပေးခြင်း၊ တတိယနိုင်ငံတွေကို တင်ပို့ရောင်းချခဲ့ခြင်းတွေ ရှိခဲ့တယ်။ ဒီ တင်ပို့ရောင်းချခဲ့တဲ့ နိုင်ငံတွေမှာ မြန်မာနိုင်ငံလည်း တနိုင်ငံအဖြစ် ပါရှိခဲ့တယ်။ ယူကရိန်းပိုင် လက်နက်ကုမ္ပဏီဟာ ရန်ကုန်မြို့ နတ်မောက်လမ်းရှိ Royal Nikko ဟိုတယ် ၉ ထပ်မှာ ရုံးခန်းဖွင့်ခဲ့ပြီး၊ မြန်မာနိုင်ငံအတွက် စစ်လက်နက် ရောင်းဝယ်ရေး လုပ်ငန်းကို လုပ်ဆောင်ခဲ့တယ်။ မြန်မာနိုင်ငံက သံချပ်ကာကား ၁ဝဝဝ ကျော် တည်ဆောက်ရေး အပါအဝင်၊ လေကြောင်းကာကွယ်ရေးဆိုင်ရာ နည်းပညာ၊ ဝေဟင်ပစ်ဒုံးကျည်လက်နက်တွေ၊ စစ်ရဟတ်ယာဉ်တွေ၊ တီ ၇၂ တင့်ကားတွေကို တင်ပို့ရောင်းချခဲ့ကြောင်း စစ်ဘက် ထောက်လှမ်းရေး သတင်းတွေအရ သိခဲ့ရတယ်။

ယူကရိန်းဟာ စစ်အေးခေတ်ကာလအပြီး ဆိုဗီယက် ပြည်ထောင်စုက ခွဲထွက်လာကာ မကောင်းဆိုးဝါးခေတ်က ချန်ထားရစ်ခဲ့တဲ့ အကြွင်းအကျန်တွေကို ခါးသီးစွာ ခံစားရင်း ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်မှုကြီးက ဖြစ်ပေါ်လာတဲ့ စီးပွားရေးဆိုင်ရာ ပြဿနာတွေကိုလည်း ထပ်မံ ရင်ဆိုင်ဖြေရှင်းနေရပြန်တယ်။

ဆိုဗီယက် ပြည်ထောင်စုကနေ ခွဲထွက်လာပြီးနောက် လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးခဲ့ပေမယ့် စီးပွားရေးဆုတ်ယုတ်မှု (Economic Recession) ၈ နှစ်ကျော်ကြာ ဆက်တိုက်ခံစားခဲ့ရတာကြောင့် ကုန်ထုတ်လုပ်မှု စွမ်းအား ၂ဝ ရာခိုင်နှုန်းကျော်ထိ ကျဆင်းသွားခဲ့တယ်။ ဒီမိုကရေစီနည်းလမ်းကျ ရွေးချယ်တင်မြောက်ခြင်း ခံခဲ့ရတဲ့ ယူကရိန်း အစိုးရသစ်ဟာ ခေတ်ပျက်ကာလအတွင်း ချစားခဲ့မှုတွေ၊ ဆင်းရဲမွဲတေခဲ့မှုတွေ၊ ငွေကြေးဖောင်းပွခဲ့မှုတွေ၊ အခြေခံအဆောက်အအုံတွေ ပျက်စီးယိုယွင်းခဲ့မှုတွေကို ကြမ်းကြမ်းတမ်းတမ်း အံတုရင်ဆိုင်ခဲ့ရတယ်။


ပူတင် နှင့် ယူလီယာ တီမို ရှင်းကို စွမ်းအင်ဆိုင်ရာ ဆွေးနွေးပွဲ


ကမ္ဘာ့စီးပွားရေးကပ်ဆိုးနဲ့ ပြည်တွင်း စီးပွားရေးအကျပ်အတည်း အခြေအနေဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို စတင်တက်လှမ်းနေတဲ့ ယူကရိန်းနိုင်ငံရဲ့ နိုင်ငံရေးကို မတည်မငြိမ် ဖြစ်လာစေခဲ့ပြီး ရုရှားက ကျောထောက်နောက်ခံ အားပေးထားတဲ့ နိုင်ငံရေးသမားတွေ ပြန်လည်အားကောင်းလာစေခဲ့တယ်။ ဒါပေမဲ့လည်း ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်သွားခဲ့ရတဲ့ ယူလီယာ တီမိုရှင်းကိုဟာ အရည်အချင်းပြည့်ဝပြီး ငယ်ရွယ်ကာ နိုင်ငံရေး ယုံကြည်ချက် ခိုင်မာမှု ရှိတာကြောင့် ယူကရိန်းကို ပြန်လည်ဦးဆောင်မှု ပေးနိုင်လိမ့်မယ်လို့ နိုင်ငံရေး ကျွမ်းကျင်သူတွေက ခန့်မှန်းသုံးသပ်ပြောဆိုနေကြသလို၊ ယူကရိန်းပြည်သူတွေ ကလည်း ယုံကြည်အားကိုးမှုတွေ ရှိနေကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခေတ်ဆိုးကြီးရဲ့ အကြွင်းအကျန်တွေကို သူမ ဘယ်လို အံတုရင်ဆိုင် ဖြေရှင်းခဲ့ရသလဲ ဆိုတာကတော့ အသွင်ကူးပြောင်းရေး ကာလကို ဖြတ်သန်းနေတဲ့ နိုင်ငံတွေက အထူး စိတ်ဝင်တစား စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။

Friday, March 19, 2010

သံရုံးရှေ့ ဆန္ဒပြ မြန်မာလူငယ်များကို အိန္ဒိယရဲက ထိန်းသိမ်း




နယူးဒေလီ (မဇ္ဈိမ) ။ ။ အိန္ဒိယနိုင်ငံ နယူးဒေလီရှိ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ မြန်မာလူငယ် ၇ဝ ခန့် မြန်မာသံရုံးရှေ့၌ ဆန္ဒပြနေစဉ် ရဲက ထိန်းသိမ်းသွားသည်။

၂ဝဝ၈ ခုနှစ် အခြေခံဥပဒေကို အခြေခံထားသော ရွေးကောက်ပွဲဥပဒေကို စစ်အစိုးရက ထုတ်ပြန်လိုက်ရာက မကျေနပ်ကြသော မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများက ယနေ့နံနက် ၁၁ နာရီခန့်တွင် ”ဗိုလ်ချုပ်သန်းရွှေ ငရဲပြည်သွား” ဟု အဓိပ္ပာယ်ရသော အင်္ဂလိပ်လို ကြွေးကြော်သံကို အော်ဟစ်လျက် သံရုံးအုတ်နံရံတွင် အနီရောင် သင်္ဘောဆေး မှုတ်ဆေးဘူးများဖြင့် သုတ်လိမ်းကြစဉ် ရဲများက ထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်။
redurgent4s
“အခုထိတော့ ကျနော်တို့ကို ဘာပုဒ်မနဲ့ တပ်မယ်ဆိုတာ မသိရသေးဘူး။ အခုထိတော့ ဘာမှ မပြောနိုင်သေးဘူး။ ရဲစခန်းထဲမှာပဲ ရှိသေးတယ်။ ဒီစခန်းမှူးနဲ့ နအဖ သံအမတ်နဲ့ တွေ့နေတယ်လို့ သိရတယ်။ ရဲမှူးကို သံရုံးက ခေါ်လို့ သွားနေတယ်။ အခုအချိန်ထိတော့ ကောင်းကောင်းမွန်မွန် ထားတယ်” ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ တဦးဖြစ်သည့် ကိုကင်မ်က ဖမ်းဆီးထိန်းသိမ်းခံနေရသည့် ရဲစခန်းအတွင်းမှ ဖုန်းဖြင့် မဇ္ဈိမကို ပြောဆိုခဲ့သည်။

သူတို့ကို ချန်နာကရာပူရီအရပ်ရှိ ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သတင်းရေးသားစဉ်က နောက်ဆုံး သိရသည်။

ဆန္ဒပြသူများက အနီရောင်လှုံ့ဆော်မှုသဏ္ဍာန် ဆေးနီများသုတ်လိမ်းကြသလို မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဓာတ်ပုံများကိုလည်း နံရံများနှင့် သံရုံးတံခါးပေါက်ကြီးတွင် ချိတ်ဆွဲကာ ဆေးသုတ်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင်း ဖမ်းဆီးခံနေရသည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန်၊ လွတ်လပ်ပြီး ယုံကြည်စိတ်ချရသော ရွေးကောက်ပွဲများကို ကျင်းပရန်၊ မြန်မာစစ်အစိုးရ ကျူးလွန်သည့် လူသားမျိုးနွယ် ဆန့်ကျင်သည့် ပြစ်မှုများနှင့် စစ်ရာဇဝတ်များကို စုံစမ်းစစ်ဆေးမည့် ကုလသမဂ္ဂအနေဖြင့် ကော်မရှင်တရပ် ဖွဲ့စည်းရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။


မြန်မာစစ်အစိုးရသည် နှစ်ပေါင်း ၂ဝ အတွင်း ပထမဆုံးအကြိမ် ကျင်းပမည့် ရွေးကောက်ပွဲကို မည်သည့်နေရက်တွင် ကျင်းပမည်ဟု ကြေညာထားခြင်း မရှိသော်လည်း ယခုလ ဒုတိယပတ်အတွင်းမှ စတင်၍ ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ကြေညာလာခဲ့သည်။

အဆိုပါဥပဒေအရ ထောင်ဒဏ်ကျခံနေရသူသည် နိုင်ငံရေးပါတီဝင်မဖြစ်ရဟု ကန့်သတ်ထားသလို လက်ရှိ နိုင်ငံရေးပါတီများအနေဖြင့်လည်း ပါတီမှတ်ပုံတင်ခြင်း ပြန်လည်ပြုလုပ်ရမည်ဖြစ်သည်။

ဥပဒေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ကျော်ကို ရွေးကောက်ပွဲဖြစ်စဉ်မှ ပထုတ်နိုင်အောင် ရေးဆွဲထားခြင်းဖြစ်သည်ဟု ဒီမိုကရေစီ လိုလားသော အတိုက်အခံများနှင့် မြန်မာ့အရေး လေ့လာသူအများအပြားက ယုံကြည်ကြသည်။

နယူးဒေလီအစိုးရသည် ၁၉၉၅ ခုနှစ် မတိုင်ခင်အထိ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို တက်ကြွစွာ ထောက်ခံအားပေးခဲ့သော်လည်း အရှေ့မျှော်မူဝါဒဖြင့် တဆစ်ချိုးကွေ့သွားကာ မြန်မာစစ်ဗိုလ်ချုပ်များနှင့် တရင်းတနှီး ဆက်ဆံရေး ထူထောင်လာခဲ့ပြီး၊ အရှေ့တောင်အာရှ နိုင်ငံများအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာခဲ့သည်။

စစ်အစိုးရ ထုတ်ပြန်သည့် ရွေးကောက်ပွဲ ဥပဒေများကို အနောက်နိုင်ငံများက ဆန့်ကျင်ရှုတ်ချမှုများ ပြုလုပ်ခဲ့သော်လည်း အိန္ဒိယအစိုးရကမူ ယနေ့ထိတိုင် ရေငုံနှုတ်ပိတ်နေဆဲဖြစ်သည်။

နယူးဒေလီတွင် မြန်မာနိုင်ငံသား ဒုက္ခသည်နှင့် ဒုက္ခသည်အဖြစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးသို့ လျှောက်ထားသူများ စုစုပေါင်း ၅ဝဝဝ ခန့် နေထိုင်ကြသည်။




Rest of your post

Saturday, March 13, 2010

မြန်မာနိုင်ငံလူအခွင့်ရေးနေ့ တိုကျို မှာ ကျင်းပ




-သာထက်(DFB-JP/WFWW)-
တိုကျို၊ ဂျပန်


၂၂ ကြိမ်မြောက် မြန်မာနိုင်ငံလူအခွင့်ရေးနေ့ ကို ယနေ့ ၁၃-၃-၂၀၁၀ တွင် JAC-JAPAN မှ ဦးဆောင်ပြီး JAPAN နိုင်ငံ TOKYO ရှိ EIBSU ပန်းခြံ တွင် ပြုလုပ်ခဲ့ပါသည်။ JAPAN နိုင်ငံ ရှိ နိုင်ငံရေးအဖွဲ့အသီးသီးနှင့် ဒီမိုကရေစီလိုလားသော မြန်မာနိုင်ငံသားများ ပါဝင်ပူးပေါင်းပြီး မြန်မာနိုင်ငံလူအခွင်ရေးနေ့ ကို ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ အခမ်းအနားကို နေ့လည် ၂ နာရီ တွင် စတင် ကျင်းပခဲ့ပါသည်။

JAC-JP,NLD-LA,LDB,AUN,FWBC စသည့် နိုင်ငံရေးအဖွဲ့အသီးသီး မှ တာဝန်ရှိသူများ က ၂၂ ကြိမ်မြောက် လူအခွင်ရေးနေ့ အကြောင်း၊ လက်ရှိနိုင်ငံရေးအခြေအနေ၊ ၂၀၁၀ ရွှေးကောက်ပွဲအခြေခံဥပဒေ တွင် ပါရှိသည့် တဖက်သက်ဥပဒေ နှင့်ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ပါဝင်မှုမရှိဘဲ ရွှေးကောက်ပွဲ တရားမျှတမှုမရှိသည့် အကြောင်းတို့ကိုပြောကြားပြီး ချီတတ်ဆန္ဒပြပွဲကို နေ့လည် ၃ နာရီ တွင်စတင်ခဲ့ပါသည်။ စုစုပေါင်း လူအင်အား ၄၀၀ တတ်ရောက်ခဲ့ကြပါသည်။

EIBSU ပန်းခြံ မှ SANDDAGAYA ပန်းခြံ အထိ လမ်းလျှေက်ဆန္ဒပြခဲ့ကြပြီး လမ်းတလျှေက်တွင် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ကျောင်းသားခေါ်င်းဆောင်များအပါအ၀င်

နိုင်ငံရေးအကျဉ်းသားအားလုံး---------ချက်ချင်းလွှတ်

မြန်မာလူ့အခွင့်အရေးချိုးဖောက်မှု-------ချက်ချင်းရပ်

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ-------အလိုမရှိ

၂၀၁၀ ရွှေးကောက်ပွဲ-------အလိုမရှိ

တွေ့ဆုံဆွေးနွေးရေး------ချက်ချင်းလုပ်

စသည့် ကြွေးကြော်သံများကို ဂျပန် ဘာသာများဖြင့် ကြွေးကြော်ပြီး ချီတတ်ဆန္ဒြပခဲ့ကြပါသည်။ SENDDAGAYA ပန်းခြံ တွင်၂၂ကြိမ်မြောက် မြန်မာနိုင်ငံ လူအခွင့်ရေးနေ့အခမ်းအနား ကို ရုပ်သီမ်းလိုက်သည်။


Rest of your post

Monday, March 8, 2010

အလုပ်သမား ဆန္ဒပြပွဲ

မော်စကိုမြို့ လမ်းမပေါ်မှာ အစိုးရကို ဆန့်ကျင်တဲ့ အလုပ်သမားဆန္ဒပြပွဲ

-မြတ်စိုး-
မဇ္ဈိမ
၀၃.၀၃.၂၀၁၀

၂၀၀၇ ခုနှစ်က စတင်ကတဲ့ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းဟာ ကမ္ဘာ့နိုင်ငံတိုင်းရှိ ပေါင်မုန့်စားသူကော ဆန်ပြုတ်စားသူ ဆင်းရဲသား ပြည်သူများပါ စားဝတ်နေရေးအခက်အခဲ အကျပ်အတည်း ပြဿနာ များနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဆင်းရဲသားပြည်သူများရဲ့ အခက်အခဲ ပြဿနာဟာ နိုင်ငံတိုင်းမှာ တူညီစွာခံစားနေရပေမဲ့၊ အစိုးရတွေရဲ့ စီးပွားရေး ပြန်လည်နာလန် ထူလာအောင် ကျားကန်ပေးမှု နှင့် ငွေကြေးဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ ဟာ တနိုင်ငံ နှင့် တနိုင်ငံ မတူညီကြပါဘူး။

အမေရိကန်နိုင်ငံမှာတော့ ပေးဆောင်ခဲ့သော ၀င်ငွေခွန်၊ အလုပ် လုပ်ကိုင်ခဲ့သည့် အချိန်ကာလပေါ်မှုတည်ပြီး အလုပ်လက်မဲ့ဖြစ်ခဲ့သူတွေကို ငွေကြေးဆိုင်ရာ ထောက်ပံ့မှုတွေကိုပေးခဲ့သလို၊ စီးပွားရေးကပ်ဆိုး ကာလအတွင်း အလုပ်လက်မဲ့ ဖြစ်ခဲ့ရသူတစ်ဦးဟာ ၂နှစ်ကျော်ကြာ တပတ် အမေရိကန်ဒေါ်လာ ၄၀၀ ငွေကြေးဆိုင်ရာ ထောက်ပံ့ကူညီမှုတွေရရှိခဲ့ပါတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံမှာလည်း လစာနဲသူတွေကို ဘတ်ငွေ ၂၀၀၀ (အမေရိကန် ၅၈ ဒေါ်လာ) ထောက်ပံ့ရေး၊ အခမဲ့ ရေနဲ့ လျှပ်စစ်သုံးစွဲနိုင်မှု၊ အခမဲ့ ရထားနဲ့ ဘတ်စ်ကားများ စီးနင်းနိုင်စေမှု၊ ၁၅ နှစ် အခမဲ့ ပညာရေးသင်ကြားနိုင်စေမှုနဲ့ ငွေကြေး ထောက်ပံ့ပေးမှုတွေ ရှိခဲ့ပါတယ်။

တချို့ ချမ်းသာပြီး စီးပွားရေးအင်အားကြီးမားတဲ့ နိုင်ငံတွေရဲ့ အစိုးရတွေဟာ ဘီလီယံ ရာနဲ့ချီသုံးစွဲပြီး ဆင်းရဲသားပြည်သူတွေရဲ့ အခက်အခဲပြဿနာကို ဖြေရှင်းပေးကြပေမဲ့၊ တချို့နိုင်ငံတွေမှာတော့ ဆင်းရဲပြည်သူတွေဟာ စားဝတ်နေရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာကို ရင်ဆိုင်နေရပါတယ်လို့ အမှန်တရားကို ထုတ်ဖော်ပြောဆိုခွင့် ပိတ်ပင်ခြင်းခံခဲ့ရတယ်။ မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းကြီးမားနေမှုကြောင့် ဆင်းရဲသား ပြည်သူများ အခက်အခဲနဲ့ရင်ဆိုင်နေရကြောင်း ငြိမ်းချမ်းစွာ ထုတ်ဖော်ပြောဆိုသူတွေကို ထောင်နှစ်ရှည်ချခြင်းခံခဲ့ရသလို၊ ရုရှားနိုင်ငံမှာလည်း အစိုးရဟာ ဆင်းရဲသားပြည်သူတွေရဲ့ စားဝတ်နေရေးအခက်အခဲတွေကို အကူအညီထောက်ပံ့မှု မပေးသည့်အပြင်၊ ထုတ်ဖော် ပြောဆိုမှု ကိုပါ ပိတ်ပင်ထားခဲ့တယ်။

ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ကုန်ဈေးနှုန်းကြီးမားနေမှုကြောင့် ရုရှားနိုင်ငံ မော်စကိုမြို့မှာ လမ်းမများပေါ် မှာ အစိုးရကိုဆန့်ကျင်သည့်ဆန္ဒပြပွဲများ ကျင်းပခဲ့ကြတယ်လို့သိရှိရပါသည်။ ဆီးနှင်းများထူထပ်ပြီး ရေခဲအမှတ်အောက်သို့ ရောက်ရှိနေတဲ့ ရာသီဥတုအောက်မှာ လူပေါင်း ၁၅၀၀ ကျော်ဟာ ဆန္ဒပြပွဲမှာပါဝင်ခဲ့ကြပြီး၊ ၀န်ကြီးချုပ် ပူတင်အစိုးရကို နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့်သိရှိရပါသည်။ လွတ်လပ်သော အလုပ်သမားသမဂ္ဂအဖွဲ့ပေါင်း၁၅ ဖွဲ့ က ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ခဲ့ပြီး၊ ရုရှားကွန်မြူနစ်ပါတီ က ဒီဆန္ဒပြပွဲကို ဦးဆောင် စည်းရုံးလှုံ့ဆော်ခဲ့ကြခြင်းဖြစ်ပါတယ်။ ရုရှားနိုင်ငံမှာ အစိုးရက ဆန္ဒပြမှုများကို အကြမ်းဖက် နှိမ်းနှင်းဖြိုခွင်းမှုများပြုလုပ်ခဲ့မှုများကြောင့် အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ နဲပါး ခဲ့ပါသည်။

သို့သော်လည်း ပြီခဲ့သည့်နှစ်များက ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်ခဲ့မှုကြောင့် ရုရှားပြည်သူများ လည်း စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပြီး၊ လခများ တိုးမြင့်ပေးဖို့ လမ်းမပေါ် ထွက်ကာ အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ကျင်းပခဲ့ကြတယ်။ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ က ကျင်းပခဲ့တဲ့ အစိုးရဆန့်ကျင်ဆန္ဒပြပွဲ မှာ လူပေါင်း ၁၀, ၀၀၀ ကျော်ပါဝင် ဆန္ဒပြခဲ့ကြပြီး၊ ဆက်တိုက် ဆိုသလို နေရာအနှံ့အပြားမှာ ဆန္ဒပြမှုများ ရှိခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကာလအတွင်း ရုရှားနိုင်ငံမှာ အလုပ်လက်မဲ့ ၆ သန်း ကျော်ရောက်ရှိခဲ့ပြီး အလုပ်လုပ်သူစုစုပေါင်း ၈.၁ ရာခိုင်နှုန်းကျော်ဟာ အလုပ်လက်မဲ့ ဖြစ်နေကြပါသည်။ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ မှ ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ နှစ်လတာ ကာလ အတွင်း အလုပ်သမား ၈၀၀,၀၀၀ ကျော် အလုပ် ပြုတ်ခဲ့ကြပြီး စားဝတ်နေရေးအခက်အခဲများ နဲ့ ရင်ဆိုင်နေကြရပါသည်။

အတိုက်အခံများ က လာမည့်ရက်သတ္တပတ်များတွင် ဆန္ဒပြပွဲများကို နေရာအနှံ့ ဆက်တိုက် ဖြစ်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်နေကြတယ်။ ပူတင်အစိုးရကို ဆန့်ကျင်နေကြတဲ့ အတိုက်အခံများက ကုန်ဈေးနှုန်းကြီးမားနေမှု ကြောင့် အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတွေမှာ လူထုများပါဝင်ပူးပေါင်းလာကြဖို့နှင့် လမ်းမများပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြဖို့တိုက်တွန်းနှိုးဆော်ထားပါသည်။

ရန်ကုန်မြို့ အထည်ချုပ်စက်ရုံ အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲ

ရုရှားနိုင်ငံမှာ ရုရှားပြည်သူများ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပြီး၊ လခများ တိုးမြင့်ပေးဖို့ လမ်းမပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ပြသနေသလို၊ မြန်မာနိုင်ငံမှာလည်း မတရား အလုပ်ချိန်ခိုင်းထားတဲ့ အထည်ချုပ်စက်ရုံ အလုပ်သမားတွေဟာ မိမိတို့ ရပိုင်ခွင့် ရရှိရေး အတွက် ဆက်တိုက် ထုတ်ဖော်ဆန္ဒပြနေကြပါတယ်။ ရန်ကုန်မှာ အလုပ်သမားတွေရဲ့ ဆန္ဒပြတောင်းဆိုမှုတွေ ဟာ ဒီလထဲမှာ မကြာခဏ ဖြစ်ခဲ့ပါတယ်။

အဓိကကျတဲ့ အချက်ကတော့ စားဝတ်နေရေး အခက်အခဲများနှင့်ရင်ဆိုင်နေရတာကို ရင်ဆိုင်ဆိုင်နေရပါတယ်လို့ ထုတ်ဖော်ပြောဆိုခွင့်မရ၊ မတရားတာကို မတရားပါဘူးလို့ ထုတ်ဖော်ပြောဆိုခွင့်မရ၊ မိမိတို့ ရပိုင်ခွင့် ရရှိရေးအတွက် ထုတ်ဖော်ပြောဆိုခွင့်မရသ၍တော့ ဒီနိုင်ငံတွေမှာ ဒီမိုကရေစီနဲ့ အလှမ်းဝေး နေအုန်းမှာဖြစ်ပါတယ်။


Rest of your post

Sunday, March 7, 2010

နအဖ နှင့် Made in China ပြဿနာ ( အပိုင်း ၁)

ပီကင်း တပ်မတော် ပြတိုက်မှာ ပြသထားသော ချင်ဒူး Chengdu Jian-7 (export versions F-7) J-7 / F-7 Airguard

-မြတ်စိုး(WFWW)-
၀၂.၀၃.၂၀၁၀

၁၉၈၀ ခုနှစ် ပတ်ဝန်းကျင်ကာလမှစတင်ပြီး နအဖ စစ်အုပ်စုကို တရုတ်နိုင်ငံက ထုတ်လုပ်ရောင်းချခဲ့တဲ့ ချင်ဒူး Chengdu Jian-7 (export versions F-7) နှင့် F-7M တိုက်လေယာဉ်များဟာ ရုရှား လုပ် Mikoyan-Gurevich MiG-21 တိုက်လေယာဉ်များမှာ ရင်ဆိုင်ခဲ့ရတဲ့ နည်းပညာ အားနည်းချက်၊ ချို့ ယွင်းချက်တွေကို ပြင်ဆင်ကာ ပုံတူခိုးချ ထားတဲ့ တိုက်လေယာဉ် အမျိုးအစားများဖြစ်ပြီး ၁၉၆၆ ခုနှစ်မှာ တရုတ်နိုင်ငံမှာ ပထမဆုံး စမ်းသပ်ပျံသန်းခဲ့တယ်လို့ သိရှိရတယ်။ ဒီတိုက်လေယာဉ်များ ကို ၁၉၈၀ ခုနှစ်မှ ၂၀၀၆ ခုနှစ် အတောအတွင်း နိုင်ငံခြားတိုင်းပြည်များသို့ တင်ပို့ရောင်းချ ခဲ့တယ်။

၁၉၅၀-၁၉၆၀ ခုနှစ်ကတည်း ရုရှားနည်းပညာ အကူအညီဖြင့် ပုံတူထုတ်လုပ်ခဲ့တဲ့ ချင်ဒူး Chengdu Jian-7 (export versions F-7) နှင့် F-7M တိုက်လေယာဉ်များဟာ အိုမင်းနေမှု၊ နည်းပညာ ချွတ်ယွင်းမှုများ မကြာခဏဆိုသလို ကြုံတွေ့လာရမှုတွေကြောင့် ယခုအခါ တရုတ်လေယာဉ်သမိုင်းပြတိုက်တွေမှာတောင် ပြသနေရတဲ့ အဆင့်ကိုရောက်ရှိ နေပြီဖြစ်ကြောင်း တရုတ်အစိုးရက အတည်ပြုခဲ့သည်။

ဒီလေယာဉ်တွေ ကို တရုတ်အစိုးရ ရဲ့ အဆိုအရ ၆၄ စင်းကို နအဖထံသို့ ၁၉၈၀ -၁၉၉၀ ပတ်ဝန်းကျင်ကာလ အတောအတွင်းရောင်းချခဲ့ပြီး၊ အပျက်အစီးနှင့် နည်းပညာ ချို့ယွင်းမှုတွေကြောင့် ၃၆ စင်းသာ ကျန်ရှိတော့တယ်လို့သိရတယ်။ တရုတ်လုပ် တိုက်လေယာဉ်များပေါ်တွင် တင်ဆောင်လာတဲ့ ဝေဟင်ပစ်ဒုံးကျည်တွေ ဟာ ကွန်ပြူတာနည်းပညာ ချို့ယွင်းမှုတွေကြောင့် လေဆာထိမ်းချုပ်မှုဖြင့် ပစ်ခတ်နိုင်စွမ်း မရှိဘူးလို့ ခိုင်လုံတဲ့ စစ်ဘက်ထောက်လှမ်းရေး သတင်းများ အရလည်း သိရှိရပါသည်။ ထိုင်း-မြန်မာ နယ်စပ်ပြဿနာစစ်ပွဲ မှာ ဒီအချက်ဟာ မှန်ကန်ခဲ့ကြောင်း အတည်ပြု ပြောကြားနိုင်ခဲ့တယ်လို့ ထောက်ပြပြောဆိုကြသည်။

၁၉၉၇ ခုနှစ်မှာတော့ ကျန်ရှိတဲ့ Chengdu Jian-7 (export versions F-7) တိုက်လေယာဉ် ၃၆ စင်းကို ပြုပြင်မွမ်းမံပြင်ဆင်ဖို့ အစ္စရေးနိုင်ငံ ကာကွယ်ရေးဆိုင်ရာ Elbit ကုမ္ပဏီနဲ့ သဘောတူညီမှု ရရှိခဲ့တယ်။ ဒါပေမဲ့လည်း တရုတ်က ပြန်လည် မွမ်းမံပြီးပုံတူခိုး မူကွဲ ထုတ်တားတဲ့ ဒီလေယာဉ်အမျိုးအစားဟာ အရည်အသွေးအဆင့် မမှီတာကြောင့် ၀ယ်ယူခဲ့ကြတဲ့ နိုင်ငံအတော်များများမှာလည်း ပျက်ကျခဲ့ကြပြီး၊ လေယာဉ်မှူးများလည်း မကြခဏဆိုသလို အသက်ဆုံးရှုံး ခဲ့ရတယ်လို့သိရှိရပါတယ်။

တိုက်လေယာဉ်များကို ပြည်ပသို့ တင်ပို့ရောင်းချရာမှာ မူလထုတ်လုပ်တဲ့နိုင်ငံအစိုးရတွေဟာ အဆင့်မြင့်နည်းပညာ အပြည့်အ၀မပါဝင်တဲ့ Version B မူကွဲ ပုံစံအသစ်ဖြင့် ရောင်းချခဲ့သလို၊ ထပ်ဆင့်ပုံတူ ခိုးချထုတ်လုပ်ရောင်းချတဲ့ နိုင်ငံတွေဟာလည်း Version C မူကွဲ ပုံစံအသစ်ဖြင့် ထပ်မံရောင်းချလေ့ ရှိကြတယ်။ ရောင်းချမှုမှာ နှစ်နိုင်ငံ စစ်ရေးသဘောတူစာချုပ်များ ပေါ်တွင်လည်း မှုတည်လေ့ရှိတယ်။ ဥပမာ- ထိုင်း-အမေရိကန် စစ်ရေးသဘောတူ စာချုပ်များအရ ထိုင်းနိုင်ငံသို့ရောင်းချခဲ့တဲ့ F16 တိုက်လေယာဉ်များမှာ အဆင့်မြင့်နည်းပညာအချို့ မပါဝင်တဲ့ Version B မူကွဲ ပုံစံကိုရောင်းချခဲ့သော်လည်း၊ နှစ်နိုင်ငံ စစ်ရေးသဘောတူ စာချုပ်များအရ အရေးပေါ်အခြေအနေများတွင် ချန်လှပ်ထားသည့် နည်းပညာများကို အလွယ်တကူ တပ်ဆင်သုံးစွဲသွားနိုင်ရန်အဆင်သင့်ပြုလုပ်ထားပေးတယ်။ ထို့အတူ ရုရှား လုပ် Mikoyan-Gurevich MiG-21 တိုက်လေယာဉ်များတွင် နည်းပညာအချို့ကို ချန်လှပ်ထားခဲ့ပြီး ဖြစ်သလို၊ ယင်းကို ပုံတူခိုးချထုတ်လုပ်ရောင်းချခဲ့သည့် Chengdu Jian-7 (export versions F-7) များတွင်လည်း မူလ နည်းပညာများပါဝင်မှု မရှိခဲ့ပါ။

အစားထိုးဖို့ အကြံပြုခဲ့သည့် ပြင်သစ်နိုင်ငံလုပ် မီရပ်ခ်ျ တိုက်လေယာဉ် အမျိုးအစား

၁၉၉၀ ခုနှစ်ပတ်ဝန်းကျင်ကာလ ၊ တနည်းအားဖြင့် ၁၉၉၀ ရွေးကောက်ပွဲပြီးနောက် မကြာခင်မှာပဲ နအဖစစ်အုပ်စု ခေါင်းဆောင်များဟာ တရုတ်အစိုးရမှ ယင်း Chengdu Jian-7 (export versions F-7) နှင့် နှင့် F-7M တိုက်လေယာဉ်များကို ထပ်မံ ၀ယ်ယူဖို့ဆုံးဖြတ်ခဲ့ကြပြန်တယ်။ ယင်း တိုက်လေယာဉ်များဟာ အရည်အသွေးအဆင့်မမှီတော့ သလို၊ အိမ်နီးချင်းနိုင်ငံများရှိ တိုက်လေယာဉ်များကို မယှဉ်နိုင်တာကြောင့်၊ ပြင်သစ်နိုင်ငံလုပ် မီရပ်ခ်ျ တိုက်လေယာဉ်များ ကို ၀ယ်ယူဖို့ မိတ္တီလာလေတပ်အခြေစိုက်စခန်းမှ ကျွမ်းကျင်သူ ပညာရှင် လေတပ်အရာရှိကြီးတစ်ဦးက အခြအတင်ဆွေးနွေးတင်ပြပြီး အကြံပြုခဲ့ဘူးပါသည်။ ထိုစဉ်က တရုတ်အစိုးရ၏ နိုင်ငံရေးထောက်ခံမှုရရှိအောင်ကျိုးစားနေသည့် နအဖ စစ်ခေါင်းဆောင်များ ၏ နိုင်ငံရေးလှို့ဝှက် ကြံစည်မှုများကြောင့် ယင်းအရာရှိကြီးမှာ မြစ်ကြီးနားအခြေစိုက် လေတပ်စခန်းသို့ ပြောင်းရွေှ့ခြင်းခံခဲ့ရပြီး၊ နောက်ဆုံးတွင် အရပ်ဘက်ဆိုင်ရာဝန်ကြီးဌာန မှတဆင့် ရာထူးမှ အနားယူခြင်း ခံခဲ့ရတယ်။ တနည်းအားဖြင့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအပြီး တရုတ်အစိုးရ၏ထောက်ခံမှုကိုရရှိလိုသော နအဖ စစ်အုပ်စုခေါင်းဆောင်များ က တရုတ်အစိုးရနှင့် ဆက်ဆံရေးကောင်းမွန်အောင် ဒေါ်လာဘီလီယံနဲ့ချီ စစ်လက်နက်ပစ္စည်းများကို ၀ယ်ယူခဲ့ခြင်းသာ ဖြစ်တယ်လို့ နောက်ပိုင်းမှာသိရှိခဲ့ရတယ်။ ယင်းဖြစ်ရပ် ကို စစ်တပ်အတွင်းရှိ လူငယ်အရာရှိများ မသိရှိအောင်တော့ ဖုံးကွယ်ခဲ့ကြသည်။

လောလောဆယ် မြန်မာ့လေတပ်တွင် အသင့်အနေအထားရှိနေကြသည့် လေ့ကျင့်ရေးနှင့် လေကြောင်းကာကွယ်ရေး လေယာဉ်များတွင် တရုတ်လုပ် ချင်ဒူး(Chengdu)၊ရှင်ယန်း(Shenyang)၊နန်ချန်(Nanchang) ရှန်စီ(Shaanxi)၊ ဟုန်ဒူး(Hongdu)လေယာဉ်များသာ ရှိကြတာကြောင့် လေယာဉ်မှူးများကလည်း မောင်းနှင်ဖို့ အထိတ်တလန့်အဖြစ် ရောက်ရှိနေကြပြီး၊ နအဖ ခေါင်းဆောင်များလည်း သူ့တို့၏မှားယွင်းခဲ့သော ဆုံးဖြတ်ချက်များအပေါ် အမြဲဆိုသလို တစ္ဆေခြောက်ခြင်းခံနေရပါပြီ။

အနှစ်ချုပ်ဆိုရသော် ယနေ့ မြန်မာလေတပ်အတွင်း လေ့ကျင့်ပျံသန်းနေသော ဒေါ်လာ သန်းချီကုန်ကျ ခဲ့ရသည့် Chengdu Jian-7 (export versions F-7) နှင့် F-7M တိုက်လေယာဉ်များ ပျက်ကျနေမှု၊ အဖိုးတန်သော လေယာဉ်မှူးများဆုံးရှုံးနေမှုသည် တာဝန်ယူမှု မရှိသည့် နအဖ စစ်အုပ်စု ခေါင်းဆောင်များ၏ဆုံးဖြတ်ချက် မှားယွင်းခဲ့မှု များကြောင့်သာဖြစ်ပြီး၊ အမှားကို ၀န်ခံဖို့ သူရဲဘောကြောင်နေကြခြင်းသာ ဖြစ်သည်လို့ မှတ်ယူရပါတော့မည်။

ကိုးကား- Israeli military aid to Burmese regime: Jane's


Rest of your post