
(သုံးသပ်ချက်)
ပီတာအောင်/ ၂၃ ဇူလိုင် ၂၀၀၈
နာဂစ်မုန်တိုင်းကြောင့် မြန်မာနိုင်ငံ၌ အမေရိကန်ဒေါ်လာ (၄) ဘီလီယံကျော်ဖိုး ပျက်ဆီးဆုံးရှုံး သွားခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် (၃) နှစ်စာအတွက် ဒေါ်လာ (၁) ဘီလီယံ (ဒေါ်လာ သန်းတထောင်) ကျော် အကူငွေ လိုအပ်ကြောင်း မြန်မာ၊ အာဆီယံနှင့် ကုလ သမဂ္ဂ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ ပူးတွဲအကဲဖြတ်ချက် အစီရင်ခံစာ (PONJA) ၌ ရေးထားသည်။
ဒေါ်လာငွေ သန်းလေးထောင် ဆုံးရှုံးရသည်ကို ဒေါ်လာ သန်းတထောင် လိုအပ်သည်ဟု အစီရင် ခံစာက ချပြသည်ကို မြန်မာစစ်အစိုးရ ကြိုက်မကြိုက် မသိရသော်လည်း ပြီးခဲ့သည့်မေလ နိုင်ငံ တကာအလှူငွေ ကတိက၀တ်ပြုသည့် အစည်းအဝေးပွဲ၌ စစ်အစိုးရက ပြောကြားထားသည့် ဒေါ်လာ ငွေပမာဏ (၁၁) ဘီလီယံထက်စာလျှင် စစ်အစိုးရလိုအပ်ချက်နှင့် များစွာကွာဟနေသည်က အမှန်ပင် ဖြစ်သည်။
လက်တွေ့အခြေအနေကိုကြည့်လျင် စစ်အစိုးရလိုအပ်သည့် ဒေါ်လာသန်း (၁,၀၀၀) ရရှိရန် မဆို ထားနှင့် ကုလသမဂ္ဂက တကြော်ကြော် အော်ဟစ်တောင်းခံနေသည့် ဒေါ်လာသန်း (၄၈၀) ကျော် ရရှိရန်ပင် မလွယ်သည့်ကိန်း ဖြစ်နေသည်။
တကယ်တမ်း ရရှိသည့်ငွေမှာ ဒေါ်လာသန်း (၁၈၀) ကျော်သာ ရရှိသေးသည်။ အဘယ်ကြောင့် အလှူရှင်နိုင်ငံများက အလှူငွေထည့်ဝင်ကြရန် လက်တွန့်နေကြသနည်းဟု မေးလျှင် မြန်မာပြည် သူလူထုကို စေတနာမရှိ၍ မဟုတ်ဘဲ စစ်အစိုးရကို အယုံကြည်မရှိ၍ဟု ဖြေမည့်သူက အများစု ဖြစ်သည်။
ကယ်ဆယ်ရေး အကူအညီပေးသူများကို စစ်အစိုးရက လွတ်လပ်စွာ သွားလာကယ်ဆယ်ခွင့် ပေး မထားဘဲ ချုပ်ချယ်ကန့်သတ်ချက်ထားမှု၊ မြန်မာနိုင်ငံ၏ အမျိုးမျိုး အဖုံဖုံဖြစ်နေသည့် ငွေကြေး လဲလှယ်ရေးစနစ်နှင့် အတိတ်က လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများကလည်း အလှူရှင် များကို အလှူငွေထည့်ဝင်ရန် လက်တွန့်စေသည့် အကြောင်းတရားများဖြစ်၏။
၁၉၉၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ် လေဘေးအကူအတွက် အရေးပေါ် အကူအညီ (၁.၈) ဘီလီယံ နိုင်ငံတကာကို တောင်းခံရာတွင် ဒေါ်လာသန်းအနည်းငယ်သာ ထည့်ဝင်ကြသော်လည်း ၁၉၉၁ ပင်လယ်ကွေ့ စစ်ပွဲအတွက် အမေရိကန် ကုန်ကျသည့် (၆၁) ဘီလီယံ ကျော် စစ်အသုံးစရိတ်ကိုမူ ကမ္ဘာ့နိုင်ငံများက ဘီလီယံနှင့် ချီ၍ ထည့်ဝင်ကြသည့် သာဓကလည်း ရှိနေပြန်သည်။
ယနေ့ မြန်မာ့နာဂစ်ဘေးအတွက် နိုင်ငံတကာက လုံးဝလျစ်လျူရှုထားသည်တော့မဟုတ်။ ဂျပန်က (၂၁) သန်း၊ သြစတြေးလျက ဒေါ်လာ (၂၉) သန်း အကူထပ်ပေးဦးမည်ဟု ကတိပေးထားပြီး အမေရိကန်နှင့် ဥရောပနိုင်ငံများကလည်း အထိုက်လျောက် ထည့်ဝင်ကူညီကြသည်။ မြန်မာ့ အိမ်နီးချင်း အာဆီယံနိုင်ငံ (၉) နိုင်ငံမှ ကူညီသည့်ငွေမှာမူ အားလုံးပေါင်းမှ ဒေါ်လာ (၁၀) သန်းပင် မပြည့်ဘဲ (၈) သန်းကျော်ကျော်သာရှိသည်။
သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ ချပြထားသည့် ဆုံးရှုံးမှုပမာဏ ဒေါ်လာသန်း (၄,၀၀၀) အနက် ရုပ်ဝထ္တု အဆောက်အဦနှင့် ပစ္စည်းပစ္စယပိုင်းဆိုင်ရာ ပျက်စီးမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ သန်း (၁,၇၅၄) ဖိုးဖြစ်ပြီး အပျက်အစီးကြောင့် ကုန်ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုအပိုင်းမှ ဆုံးရှုံးသည့် ပမာဏမှာ ဒေါ်လာသန်း (၂,၂၆၈) မှ (၂,၃၈၀) သန်းထိ ဖြစ်သည်။
ပြန်လည်တည်ဆောက်ရေး လိုငွေ ဒေါ်လာသန်း (၁,၀၀၀) ကျော်အနက် ကျန်းမာရေးကဏ္ဍ အတွက် (၃၄) သန်း၊ ပညာရေးကဏ္ဍ၌ (၁၈၃) သန်း၊ လူနေမှုဘ၀များ ပြန်လည်ထူထောင်ရန် (၁၁၈) သန်း၊ ဘာသာရေး အဆောက်အဦများအတွက် (၁၆၂) သန်း၊ အိုးအိမ်အတွက် (၃၆၂)သန်း၊ လမ်းပန်းဆက်သွယ်ရေး အတွက် (၅၉) သန်းနှင့် စိုက်ပျိုးရေးအတွက် (၅၁) သန်း စသဖြင့် လိုအပ်နေသည်။
ငွေလဲနှုန်းကို တွက်ချက်ရာ၌ ပြီးခဲ့သည့် မေလ မုန်တိုင်းအလှူငွေ ကတိက၀တ်ပြုသည့် နိုင်ငံတကာ အစည်းအဝေး၌ မြန်စစ်အစိုးရ အသုံးပြုခဲ့သည့် အမေရိကန် (၁) ဒေါ်လာလျှင် မြန်မာကျပ်ငွေ (၁,၁၀၀) ကိုပင် သုံးပွင့်ဆိုင်ဗဟိုအဖွဲ့က အသုံးပြုထားသည်။
ထိုသို့ ပြန်လည်ထူထောင်ရေးအတွက် ငွေအမြောက်အမြားလိုအပ်နေချိန်တွင် နာဂစ်ကြောင့် တိုင်းပြည်၏ ငွေဖောင်းပွမှုမှာ (၄၀) ရာနှုန်းထိတက်သွားနိုင်ပြီး ၂၀၀၈ ခုနှစ် ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) ၏ (၂.၇) ရာခိုင်နှုန်းဆုံးရှုံးမည်ဟု သုံးပွင့်ဆိုင်ဗဟိုအဖွဲ့က ခန့်မှန်းသဖြင့် မြန်မာ့စီးပွားရေးအခြေအနေမှာ လည်း ရတက်မအေးစရာဖြစ်သည်။
သို့သော် ယမန်နှစ်က မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စွမ်းအင်ကဏ္ဍ တခုတည်းမှ ဒေါ်လာ သန်း (၄၇၄) ရရှိထားသည်။ ပြီးခဲ့သည့် ၂၀၀၇-၀၈ ဘဏ္ဍာနှစ်တွင် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှုမှ အမေရိကန်ဒေါ်လာ (၂.၆) ဘီလီယံ မြန်မာနိုင်ငံက ၀င်ငွေ ရရှိထားသည်။
ထိုဝင်ငွေ၏ ရာခိုင်နှုန်း မည်ရွေ့မည်မျှကို နာဂစ်မုန်တိုင်းဒဏ်ခံရသည့် ပြည်သူများနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် အသုံးပြုမည်ဟု မသိရှိရသော်လည်း စစ်အသုံးစရိတ်နှင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရေးအတွက် ပြင်ဆင်သည့် လုပ်ငန်းများတွင် အသုံးပြု ဖွယ်ရှိသည်ဟု ယူဆရသည်။
တကယ်တမ်းဆိုလျှင် တိုင်းပြည်၏ ၀င်ငွေက ဤရွေ့ဤမျှရှိသည်။ အရန်ငွေအင်အားက မည်မျှရှိ သည်။ နာဂစ်ဘေးအကူ လိုအပ်သည့်ငွေ မည်မျှရှိသည်။ အစိုးရကဖြင့် မည်မျှတတ်နိုင်သည်။ လိုနေသည့် ငွေပမာဏမှာ အဘယ်မျှရှိသည်ဟု စစ်အစိုးရဘက်က ပွင့်ပွင့်လင်းလင်း ပြည်သူကို ချပြထိုက်၏။ သို့သော် တစုံတရာ ရှင်းပြခြင်း မရှိခဲ့ပေ။
ပြည်သူလူထုက ချစ်ခင်လေးစားသည့် အစိုးရတရပ်ဆိုလျှင် လိုအပ်နေသည့်ငွေကို လူထုက
ထည့်ဝင်ကြမည်မှာ ယုံမှားသံသယဖြစ်စရာမရှိ။ လူတဦး (၁) ဒေါ်လာ ထည့်ဝင်လျှင်ပင် လူဦးရေ သန်း (၅၀) ကျော်ရှိသည့် မြန်မာနိုင်ငံ၌ ဒေါ်လာသန်း (၅၀) ကျော် ရနိုင်သည်။ ပျမ်းမျှ တယောက် (၁၀) ဒေါ်လာထည့်နိုင်လျှင် သန်း (၅၀၀) ကျော်ထိ ရရှိနိုင်သည်။ နိုင်ငံတကာ အကူနှင့်ပေါင်းပါက ယခုပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် လိုအပ်နေသည့် ငွေပမာဏ ရနိုင်ချေရှိသည်။
သို့ရာတွင် မြန်မာစစ်အစိုးရကို တိုင်းသူပြည်သားကလည်း အယုံအကြည်မရှိ၊ ငွေသာလာပါ လူ မလာပါနှင့် ဆိုထားသဖြင့် နိုင်ငံတကာကလည်း အယုံအကြည်ကင်းမဲ့ပြီး ရက်ရက်ရောရော အလှူငွေ ထည့်သင့်သလောက် မထည့်ကြသဖြင့် ကြားက နာဂစ်မုန်တိုင်းဘေးသင့် ပြည်သူ ငထွားတို့ခမျာ ခါးနာကြရမည့်ကိန်းသာ ဆိုက်မည့်ကိန်း ဖြစ်နေသည်။ ။
Rest of your post
No comments:
Post a Comment