Friday, October 23, 2009

အမေရိကန် စီးပွားရေး တစေ့တစောင်း



ဆောင်းပါး
မြတ်စိုး
သောကြာနေ့၊ အောက်တိုဘာလ 23 ရက် 2009 ခုနှစ် 12 နာရီ 40 မိနစ်

၂၀၀၇ ခုနှစ် နှောင်းပိုင်းကစပြီး အမေရိကန်နိုင်ငံမှာ ရင်ဆိုင်နေခဲ့ရတဲ့ စီးပွားရေးဆုတ်ယုတ်မှုနှင့် အလုပ်အကိုင်များ လျှော့ချမှု ပြဿနာများကြောင့် အစိုးရက အလုပ်လက်မဲ့ ဖြစ်ခဲ့ရသူတွေကို အပတ်စဉ် ငွေကြေးထောက်ပံ့မှုများကို ပြုလုပ်ခဲ့ကြတယ်။ အမေရိကန်စီးပွားရေး ပြန်လည်နာလန်ထူလာမှု မရှိသေးတာကြောင့် ဒီငွေကြေးထောက်ပံ့မှု ကာလကိုလည်း ဆက်လက်တိုးမြှင့်ခဲ့တာ အခုဆိုရင် ၂ နှစ်နီးပါးကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

လောလောဆယ် အလုပ်လက်မဲ့ ဖြစ်နေသူတွေဟာ တလပြီးတလ၊ တရက်ပြီးတရက် ငွေကြေးထောက်ပံ့မှုတွေကို ရပ်ဆိုင်းခြင်းခံနေရပြီး၊ အောက်တိုဘာလ တလတည်းမှာပင် တနေ့လျှင် လူဦးရေ ၇ဝဝဝ နှုန်းနဲ့ အလုပ်လက်မဲ့ ဖြစ်နေသူ ၂ဝဝ,ဝဝဝ ကျော် အစိုးရက ထောက်ပံ့မှု ငွေကြေးများ ရပ်ဆိုင်းခြင်း ခံနေရပြီလို့ အမေရိကန် သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြနေကြပါတယ်။

အလုပ်လက်မဲ့ ဖြစ်နေသူတွေကို ဆက်လက်ထောက်ပံ့ဖို့ အမေရိကန်လွှတ်တော်မှာ အချေအတင် ဆွေးနွေးမှု တွေကိုလည်း ပြုလုပ်နေကြတယ်။ အဓိကအချက်ကတော့ အလုပ်လက်မဲ့ကြောင့် ပြန်လည်နာလန်ထူလာခါစ အခြေအနေဖြစ်သော အိမ်ယာဈေးကွက်နှင့် ဘဏ္ဍာရေး၊ ငွေကြေးဆိုင်ရာ လုပ်ငန်းများကို ပြင်းထန်စွာ ထိခိုက် လာစေနိုင်တာကြောင့် ဖြစ်တယ်။ အလုပ်လက်မဲ့ ပြဿနာကြောင့် ပြီးခဲ့တဲ့ ၃ လ အတောအတွင်း အိမ်ပေါင်း ၂၅ဝ,ဝဝဝ ကျော် ဘဏ်တွေကို ပြန်အပ်ခဲ့ပြီး၊ အိမ်အလုံး ၂ဝဝ မှာ တလုံးနှုန်း ဘဏ်တွေဆီ ပြန်လည်အပ်နှံဖို့ ရှိနေတယ်လို့ အိမ်ယာရောင်းဝယ်မှုကို ငွေချေးဌားနေတဲ့ ဘဏ်တွေနှင့် အိမ်ယာတွေကို ပြန်လည်အပ်နှံနေမှုကို သုတေသန ပြုလုပ်နေတဲ့ လူမှုရေးအဖွဲ့အစည်း (Neighbor Works America) က ပြင်းထန်စွာ သတိပေးပြောဆိုနေကြတယ်။

အိမ်ယာဈေးကွက်နှင့် ဘဏ္ဍာရေး အကျပ်အတည်းများကြောင့် ဖြစ်ပေါ်လာမယ့် ဂယက်ဟာ အခြားကဏ္ဍများကို ရိုက်ခတ်စေခြင်းဖြင့် စီးပွားရေး ပြန်လည်နာလန်ထူနိုင်စေမှုကို ပိုမိုရှည်ကြာလာစေလိမ့်မယ်လို့ စီးပွားရေး ပညာရှင်တွေကလည်း သုံးသပ်နေကြတယ်။

လက်ရှိအမေရိကန်မှာ ရင်ဆိုင်နေရတဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသူတွေဟာ အလုပ်အကိုင်သစ် ထပ်မံရှာဖွေဖို့ အခက်အခဲဖြစ်နေသလို၊ ဆက်လက်ရပ်တည်ဖို့ အခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေရတယ်။ အလုပ်အကိုင် ၇.၂ သန်းကျော်ဟာ ၂ဝဝ၇ ခုနှစ် ဒီဇင်ဘာလမှာ စတင်ဖြစ်ပွားခဲ့တဲ့ စီးပွားရေး ဆုတ်ယုတ်မှုကတည်းက လုံးဝ ဆုံးရှုံးသွားခဲ့တယ်လို့ လစဉ် ထုတ်ပြန်တဲ့ အလုပ်သမားရေးရာဌာနရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၀၇ ခုနှစ် ဒီဇင်ဘာလမှာ အမေရိကန်ရဲ့ အလုပ်လက်မဲ့ ဦးရေဟာ ၇.၆ သန်းရှိရာက ၂၀၀၉ ခုနှစ် စက်တင်ဘာလမှာ ၁၅. ၁ သန်းကျော်ထိ တိုးမြင့်လာခဲ့ပြီး၊ အလုပ်လက်မဲ့ နှုန်းထားဟာ ၉.၈ ရာခိုင်နှုန်းကို ရောက်ရှိသွားခဲ့တယ်။ အမေရိကန် စီးပွားရေးပညာရှင်တွေရဲ့ သုံးသပ်မှုအရ အလုပ်လက်မဲ့ဦးရေဟာ ၂၀၁၀ မှာ ၁၀ ရာခိုင်နှုန်းကျော်ကို ရောက်ရှိလာလိမ့်မယ်လို့ ဟောကိန်းထုတ်ထားကြတယ်။ မီချီကန်ပြည်နယ် (Michigan) ဟာ အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့နှုန်း အမြင့်ဆုံး ပြည်နယ်ဖြစ်ပြီး၊ အလုပ်လက်မဲ့ နှုန်းထား ၁၅.၃ ရာခိုင်နှုန်းရှိပါတယ်။ နီဗားဒါးပြည်နယ် (Nevada) က ၁၃.၃ ရာခိုင်နှုန်း၊ ရို့ဒ် အိုင်းလန်း (Rhode Island) က ၁၃.၀ ရာခိုင်နှုန်း၊ ကယ်လီဖိုးနီးယားပြည်နယ် (California) က ၁၂.၂ ရာခိုင်နှုန်း၊ တောင် ကိုင်ရိုလိုင်းနားပြည်နယ် (South Carolina) မှာ ၁၁.၆ ရာခိုင်နှုန်း၊ မြောက် ကိုင်ရိုလိုင်းနားပြည်နယ် (North Carolina) မှာ ၁၀.၈ ရာခိုင်နှုန်း၊ အော်ရဂွန်ပြည်နယ် (Oregon) မှာ ၁၁.၅ ရာခိုင်နှုန်း၊ ဖလော်ရီဒါပြည်နယ် (Florida) က ၁၁ ရာခိုင်နှုန်း၊ ကန်တပ်ကီပြည်နယ် (Kentucky) မှာ ၁ဝ.၉ ရာခိုင်နှုန်း အသီးသီးရှိနေကြပြီး၊ ဒီပြည်နယ်တွေမှာ အလုပ်လက်မဲ့နှုန်း ဆက်လက်တိုးဖို့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ စီးပွားရေးပညာရှင်များနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက ခန့်မှန်းပြောဆိုနေကြတယ်။


ပြည်နယ်လိုက် အလုပ်လက်မဲ့နှုန်းထား အညွှန်းပြမြေပုံ (ပုံ-အမေရိကန် အလုပ်သမားဝန်ကြီးဌာန)

အမေရိကန်မှာ အလုပ်လုပ်ကိုင်နိုင်သူ ဦးရေဟာ ၁၅၄.၀၀၆ သန်းကျော်ရှိပြီး၊ လက်ရှိ အလုပ်လုပ်နေသူ ဦးရေဟာ ၁၃၈.၈၆၄ သန်းကျော်ရှိကြောင်း ယင်းလစဉ် ထုတ်ပြန်တဲ့ အမေရိကန် အလုပ်သမားရေးရာဌာနရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။ တကယ်လို့သာ အချိန်ပိုင်း လုပ်ခဲ့ရတဲ့သူတွေ၊ အလုပ်အကိုင်သစ် ရှာဖွေမှုရပ်တန့် လိုက်သူတွေကိုပါ ထည့်သွင်းကြမယ်ဆိုရင် အမေရိကန်မှာ စုစုပေါင်း အလုပ်လက်မဲ့ဦးရေ ၁၇ ရာခိုင်နှုန်း ရှိမှာဖြစ်ပြီး၊ ဒါဟာ ၁၉၉၄ ခုနှစ်ကတည်းက အဆိုးဝါးဆုံး အခြေအနေပဲလို့လည်း ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ လထဲမှာတင် အလုပ်လက်မဲ့ ဖြစ်နေကြတဲ့ လူဦးရေ ၅ဝဝ,ဝဝဝ ကျော် အလုပ်အကိုင်တွေ ရှားပါးနေမှုကြောင့် အလုပ်အကိုင်သစ် ရှာဖွေမှုတွေ ရပ်တန့်လိုက်ကြတယ်လို့ ဖော်ပြထားတယ်။

အလုပ်သမားရေးရာဌာနရဲ့ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတွင် ဖော်ပြထားသော အချက်အလက် ကိန်းဂဏန်းများအရ လက်ရှိ အမေရိကန် စီးပွားရေးအခြေအနေဟာ ၁၉၃ဝ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်မှု ကာလကထက် ပိုပြီး ဆိုးဝါးနေတဲ့ လက္ခဏာ ပြသနေတယ်လို့ ဆိုပါတယ်။ ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှာ ပြည့်ခဲ့တဲ့ နှစ်ပတ်လည် ငွေစာရင်းရှင်းတမ်း ထုတ်ပြန်ကြေညာချက် အရ အမေရိကန်အစိုးရ၏ ခန်မှန်းခြေ ရသုံးငွေစာရင်း (Budget) မှာ အမေရိကန်ဒေါ်လာ ၁.၄၂ ထွီလီယံ လိုငွေ ( Deficit) ပြခဲ့ပြီး၊ ဒီလိုငွေပြနေမှုဟာ ၂၀၀၇ ခုနှစ်ကထက် ၃ ဆ နီးပါးကိုရောက်ရှိလာခဲ့တယ်လို့ဆိုတယ်။ နောက် လာမဲ့ ဆယ်စုနှစ် (Coming Decade) မှာ လိုငွေပြမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၉.၁ ထွီလီယံ ကို ရောက်ရှိလိမ့်မယ်လို့ အမေရိကန်အစိုးရ ဘဏ္ဍာရေး ၀န်ကြီးဌာန က ခန့်မှန့်တွက်ချက် ထားတယ်။


အမေရိကန်အစိုးရ၏ ခန်မှန်းခြေ ရသုံးငွေစာရင်း

ဒီလိုရင်ဆိုင်နေရတဲ့ အခြေအနေတွေကြောင့် ငွေဘီလီယံ ရာနဲ့ချီ သုံးစွဲနေပြီး၊ အလုပ်အကိုင် ၃.၅ သန်း ဖန်တီးပေးမယ့် အမေရိကန်သမ္မတ အိုဘားမားရဲ့ စီးပွားရေးကျားကန်ပေးနေတဲ့ အစီအစဉ်အပေါ် အတိုက်အခံ လွှတ်တော်အမတ်တွေနဲ့ သူ့ကို ဆန့်ကျင်သူတွေက မေးခွန်းထုတ်နေကြတယ်။ ပြစ်တင်ဝေဖန်နေကြတယ်။ သမ္မတ အိုဘားမားကတော့ နှစ်နဲ့ချီ ဖြစ်ပေါ်လာခဲ့တဲ့ ငွေကြေးဆိုင်ရာ မူဝါဒ မှားယွင်းမှုတွေ၊ စစ်ပွဲ နှစ်ပွဲနဲ့ ရင်ဆိုင်နေရတဲ့ တိုင်းပြည်ရဲ့ ပြဿနာတွေကို တနှစ်ထဲ၊ တပြိုင်ထဲ ကုသဖို့ မဖြစ်နိုင်ပါဘူး။ ဒီပြဿနာတွေဟာ ကျနော် သမ္မတအဖြစ် တာဝန်မယူခင်ကတည်းက ရင်ဆိုင်နေရတာပါလို့ ပြန်လည်ချေပပြောဆိုခဲ့တယ်။

အမေရိကန် စီးပွားရေးရဲ့ ၇ဝ ရာခိုင်နှုန်းဟာ လူထု စားသုံးသူတွေရဲ့ ငွေကြေးသုံးစွဲမှုပမာဏပေါ်မှာ မူတည်ပါတယ်။ ဒါပေမဲ့ လူထု စားသုံးသူတွေဟာ အလုပ်အကိုင်လျှော့ချမှုတွေ၊ ဝင်ငွေလျှော့ကျမှုတွေနှင့် မြင့်မားနေတဲ့ အလုပ်လက်မဲ့ ပြဿနာတွေကြောင့် သုံးစွဲမှု (Consumer spending) တွေကို အားနည်းလာစေနေကြောင်း အစီရင်ခံစာထဲမှာ သတိပေးဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ အပတ်က စတော့ရှယ်ရာဈေးကွက်မှာ ဒေါင်းဂျုံး အညွှန်းပြကိန်းဟာ ၁၀,၀၀၀ ကျော်ထိ ရောက်ရှိခဲ့ပြီး၊ အမေရိကန် ဗဟိုဘဏ်က ဘဏ်တိုးနှုန်းများကိုလည်း ဆက်လက် နှိမ့်ချထားခြင်းဖြင့် ငွေကြေးဈေးကွက်အတွင်း ချေးငွေများ ဆက်လက်ထည့်သွင်းပေးခြင်းကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ လောလောဆယ် ဘဏ်အတိုးနှုန်းဟာ သုံညရာခိုင်နှုန်းနီးပါးထိသာ ရှိပြီး၊ ငွေကြေးဖောင်းပွမှုကို ရှောင်ရှားနိုင်လိမ့်မယ်လို့ အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌ ဘာနန်ကီးက လွှတ်တော်အတွင်း ကြားနာစစ်ဆေးမှုမှာ သူ့ရဲ့ ထင်မြင်ယူဆချက်ကို ထုတ်ဖော်ပြောဆိုခဲ့တယ်။

စီးပွားရေးပညာရှင်များက အမေရိကန်မှာ ရင်ဆိုင်နေရတဲ့ စီးပွားရေး ဆုတ်ယုတ်မှု (Economic Recession) ဟာ ရပ်တန့်သွားခဲ့ပြီး၊ ပြန်လည်နာလန်ထူဖို့ကတော့ အချိန်အတော်ကြာဦးမယ်လို့ သုံးသပ်ပြောဆိုနေကြပေမယ့်၊ ဒီလို စီးပွားရေးဆုတ်ယုတ်မှု (Economic Recession) ကာလ ပြီးဆုံးသွားပြီ ဆိုတာကိုတော့ အစိုးရက တရားဝင် အတည်ပြုဖို့ လအနည်းငယ် လိုလိမ့်ဦးမယ်လို့ ရုပ်မြင်သံကြား သတင်းမီဒီယာတွေမှာ ဆွေးနွေးပြောဆိုနေကြတယ်။


(ဆောင်းပါးရှင် မြတ်စိုးသည် ၂ဝဝ၆ ခုနှစ်တွင် အမေရိကန်နိုင်ငံ အင်ဒီယားနားတက္ကသိုလ်မှ စီးပွားရေး စီမံခန့်ခွဲအုပ်ချုပ်မှု ဘာသာရပ်ဖြင့် မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။)


Summary

Rest of your post

No comments: