Thursday, November 19, 2009

ယွမ်ငွေနှင့် တရုတ်-အမေရိကန် ကုန်သွယ်မှု ပြဿနာ

-မြတ်စိုး-
၁၁.၁၇.၂၀၀၉
မဇ္ဈိမ

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်လို့ ခေါ်ဆိုတဲ့ နယ်ခြားမဲ့ ကမ္ဘာ့ကုန်သွယ်မှုနဲ့ စီးပွားရေးဆိုင်ရာ ကူးလူးဆက်ဆံရေး ကွန်ယက်စနစ် ခေတ်ကြီးအတွင်းမှာ နိုင်ငံတွေရဲ့ ငွေကြေးဆိုင်ရာ မူဝါဒတွေဟာ ကမ္ဘာ့စီးပွားရေးကို ဘယ်လို လာရောက်ထိခိုက်နိုင်လာမလဲဆိုတဲ့ အတွေးအမြင်ကို စီးပွားရေးပညာရှင် အတော်များများက ရေးသားခဲ့ပါတယ်။

ဒီဆောင်ပါးမှာတော့ နယ်ခြားမဲ့ ကမ္ဘာ့ကုန်သွယ်မှုနဲ့ စီးပွားရေးဆိုင်ရာ ကူးလူးဆက်ဆံရေး ကွန်ယက်စနစ်အတွင်း ဖြစ်ပေါ်နေတဲ့ ဒေါ်လာနဲ့ ယွမ်ငွေ အတက်အကျကြောင့် ကမ္ဘာ့စီးပွားရေးကို ဘယ်လို ထိခိုက်သွားနေလဲဆိုတဲ့ အမေရိကန် စီးပွားရေး ပညာရှင် နှစ်ဦးရဲ့ သုံးသပ်ချက်တွေကို တင်ပြသွားပါမယ်။

၂၀၀၈ ခုနှစ်မှာ စီးပွားရေး နိုဘယ်ဆုရရှိခဲ့တဲ့ အမေရိကန် နိုင်ငံသား ပေါခရူမန် (Paul Krugman) နဲ့ အမေရိကန် အစိုးရမှာ စီးပွားရေးနဲ့ ကုန်သွယ်မှုဆိုင်ရာ အကြီးအကဲဟောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ပါမောက္ခ ပီတာမောရီစီ (Peter Morici) တို့က တရုတ်ငွေကြေး ယွမ်ကို တန်ဖိုးလျှော့ချအောင် ကြိုးစားနေတဲ့ တရုတ်အစိုးရရဲ့ ငွေကြေးဆိုင်ရာ ထိန်းချုပ်မှု မူဝါဒဟာ ကမ္ဘာ့ကုန်သွယ်ရေးမှာ အခက်အခဲတွေ၊ စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးမှုတွေကို ဖြစ်ပေါ်လာစေနိုင်ကြောင်း သတင်းစာတွေထဲမှာ သတိပေး ရေးသားလိုက်ပါတယ်။

၂၀၀၇ ခုနှစ် ဒီဇင်ဘာလက စတင်ပြီး ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ဘာလင်၊ တိုကျို၊ ဘန်ကောက်၊ နယူးဒေလီ စတဲ့ ကမ္ဘာ့ငွေကြေးဈေးကွက်တွေမှာ ငွေကြေးနှုန်း ပြန်လည်တိုးမြှင့်ခဲ့ပြီး၊ ဒေါ်လာငွေဈေးနှုန်း ကျဆင်းသွားခဲ့ပါတယ်။ ဒေါ်လာဈေးနှုန်း ကျဆင်းခဲ့မှုကြောင့် ရေနံစိမ်းဈေးနှုန်းတွေ မြင့်တက်ခဲ့ပေမယ့်၊ တရုတ်အစိုးရကတော့ ယွမ်ငွေ တန်ဖိုးကို ဆက်လက်လျှော့ချ ထိန်းချုပ်နေတာကြောင့် ကမ္ဘာ့ငွေကြေး ဈေးကွက်စံနစ်ထက် ကိုယ်ကျိုးကာကွယ်ရေး ငွေကြေးဆိုင်ရာ မူဝါဒကို ကျင့်သုံးနေတယ်လို့ ကမ္ဘာ့စီးပွားရေး ပညာရှင်တွေက ထောက်ပြခဲ့ကြတယ်။

Source:Bloomberg

တရုတ်နဲ့ ကုန်သွယ်နေတဲ့ နိုင်ငံတွေမှာ တရုတ် ယွမ်ငွေကြောင့် ကုန်သွယ်မှုတွေမှာ လိုငွေပြလာခဲ့ပါတယ်။ နိုင်ငံခြား တိုင်းပြည်တွေကနေ ကုန်ပစ္စည်းတွေဟာ တရုတ်နိုင်ငံဆီကို တင်ပို့ရောင်းချမှု လျော့နည်းလာစေပြီး၊ တရုတ်နဲ့ ကုန်သွယ်နေတဲ့ နိုင်ငံတွေမှာ ကုန်ပစ္စည်းထုတ်လုပ်မှု သိသာစွာ လျော့ကျလာစေခဲ့တယ်လို့ ထောက်ပြကြပါတယ်။ တရုတ်နဲ့ ကုန်သွယ်တဲ့ နိုင်ငံတွေမှာ ကုန်ထုတ်လုပ်မှု လျော့ကျလာခဲ့ခြင်း၊ အလုပ်လက်မဲ့ တိုးမြင့်လာခြင်း၊ ဝယ်လိုအား ကျဆင်းလာခြင်း စတာတွေကြောင့် ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူလာနိုင်ဖို့ အတော်ကြာနေလိမ့်ဦးမယ်လို့ ပညာရှင်နှစ်ဦးက ဟောကိန်းထုတ် ပြောဆိုခဲ့ကြပါတယ်။

အပြန်အလှန် အကျိုးသက်ရောက်မှုအရ တရုတ်အစိုးရရဲ့ ငွေကြေးတန်ဖိုး လျှော့ချမှု မူဝါဒဟာ တရုတ်နိုင်ငံရဲ့ ထုတ်ကုန်တင်ပို့မှု (Exports) ကို လျော့ကျလာစေနိုင်တာကြောင့် တရုတ်နိုင်ငံရဲ့ စီးပွားရေးကို ပြန်လည်ပြီး ထိခိုက်လာစေမှာဖြစ်ကြောင်းနဲ့ ဒီအချက်ကို တရုတ်အစိုးရအနေနဲ့ အလေးအနက် စဉ်စားသင့်ကြောင်း သတိပေး ရေးသားခဲ့ကြပါတယ်။ တကမ္ဘာလုံး စီးပွားရေးကို အန္တရာယ် ကျရောက်စေနိုင်တဲ့ ငွေတန်ဖိုးလျှော့ချတဲ့ ငွေကြေးဆိုင်ရာ ထိန်းချုပ်မှု မူဝါဒကို စီးပွားရေးပုံစံအရ ကစားမှုမျိုး တရုတ်အစိုးရအနေနဲ့ မပြုလုပ်သင့်ကြောင်း အကြံပေးခဲ့ကြပါတယ်။

လက်ရှိ တရုတ် ယွမ်ငွေတန်ဖိုး လျှော့ချတဲ့ စီးပွားရေးငွေကြေးဆိုင်ရာ မူဝါဒကြောင့် အမေရိကန် အပါအဝင် ဥရောပနိုင်ငံတွေ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ စီးပွားရေးကုန်သွယ်မှုမှာ တရုတ်နိုင်ငံက ပိုငွေ (Surplus) ပြသနေပေမယ့်၊ ဒီနိုင်ငံတွေမှာတော့ ကုန်သွယ်မှု လိုငွေ (Deficit) တွေ ပြသနေကြောင်းနဲ့ နိုင်ငံခြား သွင်းကုန်ပစ္စည်းတွေ တရုတ်နိုင်ငံမှာ ရောင်းချတဲ့အခါ တန်ဖိုးကြီးလာစေမှုကြောင့် တင်သွင်းရောင်းချမှု လျော့နည်းလာစေခဲ့ကြောင်း ပညာရှင်နှစ်ဦးက ထောက်ပြပါတယ်။

၂၀၀၀ -၂၀၀၉ စီးပွားရေး ဆိုင်ရာ အညွှန်းပြ ကိန်းဂဏန်း အချက်အလက်များ

မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ အမေရိကန်-တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရေး စာရင်း အစီရင်ခံချက်အရ အမေရိကန်နဲ့ တရုတ်ကုန်သွယ်မှုမှာ ၂ဝဝဝ ခုနှစ်တုန်းက တရုတ်နိုင်ငံဟာ ပိုငွေ (Surplus) ၂၈ ဘီလီယံ ရှိခဲ့ပြီး၊ အမေရိကန်ကတော့ ၄၂၂ ဘီလီယံ လိုငွေ (Deficit) ပြခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၀၉ ခုနှစ်မှာ တရုတ်က ပိုငွေ (Surplus) ၂၆၇ ဘီလီယံနဲ့ အမေရိကန်က လိုငွေ ၈၅၃ ဘီလီယံ (Deficit) ပြခဲ့ကြောင်း ဖော်ပြထားပါတယ်။

၂၀၀၀ ခုနှစ်မှာ တရုတ်အစိုးရ လက်ထဲမှာ အရန်ထားရှိတဲ့ နိုင်ငံခြားငွေကြေး ပမာဏဟာ ၁၆၆ ဘီလီယံ ရှိခဲ့ပြီး၊ အမေရိကန် အစိုးရမှာတော့ ၃၁ ဘီလီယံပဲ ရှိခဲ့တယ်။ ၂၀၀၉ ခုနှစ်မှာ တရုတ်အစိုးရ လက်ထဲမှာ နိုင်ငံခြား အရန်ငွေကြေး ၂.၂၇၃ ထွီလီယံအထိ တိုးမြင့်လာပြီး၊ အမေရိကန်အစိုးရ လက်ထဲမှာတော့ နိုင်ငံခြား အရန်ငွေကြေးဟာ ၂၀၀၉ ခုနှစ် အောက်တိုဘာလမှာ ၄၇ ဘီလီယံပဲ ရှိခဲ့ပါတယ်။

တရုတ်အစိုးရရဲ့ အရန်ထားရှိတဲ့ နိုင်ငံခြားငွေကြေးရဲ့ အများစုဟာ အမေရိကန် အစိုးရက အာမခံထားရှိပြီး ချေးယူထားတဲ့ ငွေချေးလတ်မှတ်တွေ ဖြစ်ပါတယ်။ အမေရိကန်က တရုတ်နိုင်ငံဆီကို ပြန်ဆပ်ဖို့ အကြွေး ဘီလီယံ ၈ဝဝ ကျော် ရှိနေတယ်။ အမေရိကန်က တနှစ်ကို ဘီလီယံ ၅၀ အတိုးငွေကို ပြန်ဆပ်မယ်လို့လည်း ကတိပြုထားခဲ့ပါတယ်။ ဒါပေမဲ့လည်း အမေရိကန် ရင်ဆိုင်နေရတဲ့ စီးပွားရေး ပြဿနာတွေ၊ ဘဏ္ဍာရေး လိုငွေပြသနေမှုကြောင့် တရုတ်အစိုးရက သူတို့ချေးငွေတွေကို ပြန်ရရှိဖို့ စိုးရိမ်မကင်း ဖြစ်နေပါတယ်။

၂၀၀၀ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု (GDP) ဟာ ၁.၂ ထွီလီယံရှိခဲ့ပြီး၊ အမေရိကန်ရဲ့ ကုန်ထုတ်လုပ်မှုဟာ ၉.၈ ထွီလီယံရှိခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ တရုတ်နိုင်ငံ ကုန်ထုတ်လုပ်မှု (GDP) ဟာ ၄.၃ ထွီလီယံနဲ့ အမေရိကန်နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုဟာ ၁၄.၂ ထွီလီယံ ရှိခဲ့ကြောင်း ကုန်သွယ်မှုဆိုင်ရာ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံမှာ ဘီလီယံနာ ချမ်းသာသူဦးရေဟာ ၈ ဦးကနေ ၂၀၀၉ ခုနှစ်မှာ ၇၉ ဦးအထိ တိုးလာခဲ့ပေမယ့်၊ အမေရိကန်မှာတော့ ဘီလီယံနာ ၂၉၈ ဦး ရှိရာကနေ ၃၅၉ ဦးပဲ ရှိခဲ့လို့ ဘီလီယံနာ ချမ်းသာသူဦးရေဟာ အမေရိကန်မှာ ၂၀ ရာခိုင်နှုန်းသာ တိုးတက်ခဲ့တာ တွေ့ခဲ့ရပါတယ်။ ၂၀၀၀ ခုနှစ်မှာ ကမ္ဘာ့ကုမ္ပဏီကြီးပေါင်း ၅၀၀ မှာ တရုတ်နိုင်ငံမှ ကုမ္ပဏီကြီး ၈ ခု၊ အမေရိကန် ကုမ္ပဏီပေါင်း ၁၈၀ အမည်စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၀၉ ခုနှစ်မှာတော့ တရုတ်ကုမ္ပဏီကြီး ၃၇ ခု၊ အမေရိကန် ကုမ္ပဏီကြီး ၁၄၀ စာရင်းထဲ ဖော်ပြခြင်း ခံခဲ့ရတယ်။

ငွေကြေးထိမ်းချုပ်မှုကြောင့် ဖြစ်ပေါ်လာမည့် ကုန်သွယ်မှု ဆိုင်ရာ ပြဿနာများ

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (I.M.F) ၊ အာရှနိုင်ငံတွေ အပါအဝင် နိုင်ငံတကာ အစိုးရတွေက လက်ရှိ ရင်ဆိုင်နေရတဲ့ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကနေ ပြန်လည်နာလန်ထူလာအောင်နဲ့ ဒေသတွင်း ကုန်သွယ်မှု ဖွံ့ဖြိုးလာစေဖို့ တရုတ်ယွမ်ငွေကို တန်ဖိုးမြှင့်ပေးဖို့ ဖိအားပေးနေပေမယ့်၊ တရုတ်အစိုးရကတော့ သူ့နိုင်ငံအတွင်း စီးပွားရေး ဦးမော့လာတဲ့အထိ ဆက်လက်တင်းခံဖို့ ရှိနေပါတယ်။ ဒီလိုသာ တင်းခံဦးမယ်ဆိုရင် နိုင်ငံတကာ ကုန်သွယ်မှုမှာ အဟန့်အတား၊ တားဆီးပိတ်ပင်မှုတွေကို ရင်ဆိုင်လာရနိုင်ပါတယ်။

ချမှတ်လာမယ့် ကိုယ်ကျိုးကာကွယ်ရေး စီးပွားရေး မူဝါဒတွေကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် စီးပွားရေး တိုးတက်မှုတွေ နှေးကွေးလာနိုင်ပါတယ်။ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံငယ်တွေအတွက် စီးပွားရေး၊ နိုင်ငံရေး ပြဿနာတွေနဲ့ ရင်ဆိုင်လာရလိမ့်မယ်လို့ ကမ္ဘာ့စီးပွားရေး ပညာရှင်တွေက သုံးသပ်ထားကြပါတယ်။ ဒါပေမဲ့ ကုန်သွယ်မှုမှာ ငွေဈေးနှုန်း ကိုက်ညီအောင် မထားရှိနိုင်၊ မဖြေရှင်းနိုင်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေး ပိတ်ဆို့မှုခံရလို့ ၂၀၀၅ -၂၀၀၈ ခုနှစ်ကာလမှာ တရုတ်အစိုးရက ယွမ်းငွေတန်ဖိုးကို ၁၇ ရာခိုင်နှုန်း တိုးမြှင့်ပေးခဲ့ဖူးပါတယ်။

ယွမ်ငွေနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု တစေ့တစောင်း

ပမာဏ အလွန်ကြီးမားတဲ့ အမေရိကန်-တရုတ် ကုန်သွယ်မှုမှာ ယွမ်ငွေကြေးတန်ဖိုး အတက်အကျက နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ ကမ္ဘာ့စီးပွားရေး ကုန်သွယ်မှုတွေကိုပါ အဟန့်အတား၊ အတားအဆီးတွေ၊ ပြဿနာတွေကို ဖြစ်ပေါ်လာစေနိုင်သလို နယ်ခြားမဲ့ ကမ္ဘာ့ကုန်သွယ်မှုနဲ့ စီးပွားရေးဆိုင်ရာ ကူးလူးဆက်ဆံရေး ကွန်ယက်စနစ်မှာ ဒီယွမ်ငွေတန်ဖိုး အတက်အကျဟာလည်း အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ တရုတ်-မြန်မာ စီးပွားရေးနဲ့ ကုန်သွယ်မှုတွေကိုပါ သက်ရောက်နေပါတယ်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုမှာ တရုတ်ငွေဈေးကို ပြောရမယ်ဆိုရင်တော့ ဈေးနှုန်းဟာ နေ့စဉ်နဲ့အမျှ အပြောင်းအလဲ ရှိနေတတ်ပါတယ်။ နေ့စဉ်ဆိုတဲ့ နေရာမှတောင် တရက်ထဲမှာတင် အချိန်မရွေး ပြောင်းလဲနေတတ်ပါတယ်။ အိုလံပစ်လို ပွဲတော်တွေ၊ နှစ်သစ်ကူးပိတ်ရက်တွေမှာ ငွေဈေးအတက်အကျ အမြဲရှိတတ်ပါတယ်။ ဒီလိုအချိန်အခါတွေမှာ တရုတ်ထုတ်ကုန်တွေကို နိုင်ငံခြားကို တင်ပို့လေ့ရှိခြင်း၊ နိုင်ငံခြားသွင်းကုန်တွေကို တရုတ်ပြည်ဆီ မဝင်နိုင်အောင် ဟန့်တာမှုမျိုး ပြုလေ့ရှိပါတယ်။ ဆိုလိုတာက ငွေကြေး အတက်အကျနဲ့ ကုန်သွယ်မှုကို ထိန်းချုပ်စေခြင်းပါ။

၂၀၀၈ ခုနှစ် တရုတ်အစိုးရက တရားဝင် ထုတ်ပြန်တဲ့ ကုန်သွယ်မှု စာရင်းဇယားအရ တရုတ်-မြန်မာ ကုန်သွယ်မှု ပမာဏဟာ စုစုပေါင်း ၂.၆၂၆ ဘီလီယံရှိခဲ့ပြီး၊ တရုတ်ဘက်က တင်ပို့ကုန် ပမာဏကတော့ ၁.၉၇၈ ဘီလီယံတောင် ရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ တရုတ်ရဲ့ ကုန်ပစ္စည်းတွေသာ မြန်မာနိုင်ငံဈေးကွက်မှာ ရောင်းချနိုင်ခဲ့ပြီး၊ ယွမ်ငွေတန်ဖိုးကြောင့် မြန်မာနိုင်ငံက တင်ပို့ကုန် နည်းပါးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ငွေကြေးစနစ် ခိုင်မာမှု မရှိခြင်း၊ ပို့ကုန် အရည်အသွေး မြင့်မားမှု မရှိသရွေ့လည်း တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုမှာ အများကြီး ကွာဟာမှု ရှိနေပါလိမ့်မယ်။ ဒါ့အပြင် တရုတ်အစိုးရ၏ ယွမ်ငွေတန်ဖိုး ထိန်းချုပ်နေမှုကြောင့်လည်း နှစ်နိုင်ငံ ကုန်သွယ်မှုမှာ လိုငွေပြနေမှု နှစ်အတန်ကြာ ရှိနေခဲ့ပါတယ်။ တရုတ်နိုင်ငံအစိုးရဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်သွယ်မှု ပြုရာမှာလည်း ငွေကြေးတန်ဖိုး အတက်အကျကို လိုသလို ထိန်းချုပ်ပြီး ကိုယ်ကျိုးစီးပွားကြည့်ကာ ကုန်သွယ်မှု ပြုလေ့ရှိပါတယ်။

လက်တွေ့ကျကျ၊ အမြော်အမြင်ရှိရှိ အဖြေရှာခြင်း မရှိ၊ အကျိုးတူ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မရှိ၊ ထင်သာမြင်သာတဲ့ ခိုင်မာတဲ့ ငွေကြေးစနစ် မရှိ၊ ပွင့်လင်းလွတ်လပ်မှု ရှိတဲ့ နိုငံရေး၊ စီးပွားရေးစနစ် မရှိသရွေ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုမှာလည်း မြန်မာနိုင်ငံဘက်က ဆက်ပြီး လိုငွေပြနေပါလိမ့်မယ်။

(ဆောင်းပါးရှင် မြတ်စိုးသည် ၂၀၀၆ ခုနှစ်တွင် အမေရိကန်နိုင်ငံ အင်ဒီယားနားတက္ကသိုလ်မှ စီးပွားရေး စီမံခန့်ခွဲအုပ်ချုပ်မှု ဘာသာရပ်ဖြင့် မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။)

(ကိုးကား)

- ပေါခရူမန်၊ “World Out of Balance” ၊ နယူးယောက်တိုင်းမ်စ်၊ နိုင်ဝင်ဘာ ၁၅. ၂၀၀၉။
- ပါမောက္ခ ပီတာမောရီစီ၊ “China’s yuan, not the dollar, is too cheap”၊ ရိုက်တာ၊ နိုဝင်ဘာ ၁၅ .၂၀၀၉။
- အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ (I.M.F) အစီရင်ခံစာ။








Rest of your post

No comments: