Saturday, March 27, 2010

အသွင်ကူးပြောင်းရေးကာလ ယူကရိန်းနိုင်ငံကြုံတွေ့ခဲ့ရသော စိန်ခေါ်မှုများ


ယူကရိန်းနိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ Yulia V. Tymoshenko ယူလီယာ တီမို ရှင်းကို

-မြတ်စိုး(မဇ္ဈိမ)-
၀၃.၂၂.၂၀၁၀


အသက် ၄၅ နှစ်မှာ ယူကရိန်းနိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ Yulia V. Tymoshenko ယူလီယာ တီမို ရှင်းကိုဟာ ပါလီမန်မှာ အယုံအကြည်မရှိ အဆိုကို မဲခွဲဆုံးဖြတ်ရာမှာ ရှုံးနိမ့်ပြီး နုတ်ထွက်သွားခဲ့ရပါတယ်။ သူမဟာ ၂ဝဝ၄ ခုနှစ် ယူကရိန်းနိုင်ငံတဝှန်း ဖြစ်ပွားခဲ့တဲ့ အဝါရောင် တော်လှန်ရေး (Orange Revolution) အစိုးရဆန့်ကျင်ရေး ဆက်တိုက်ဆန္ဒပြ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ လူထုခေါင်းဆောင် ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်သွားခဲ့ပေမယ့် ယူကရိန်း နိုင်ငံရေးလောကကတော့ ထွက်သွားမှာ မဟုတ်ဘူးလို့ သူမက ပြောဆိုခဲ့တယ်။

သူမဟာ ပြီးခဲ့တဲ့လမှာ ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ ပြိုင်ဘက် Viktor F. Yanukovich ရနုကိုးဗစ်ခ်ျကို ၃.၅ ရာခိုင်နှုန်း ကွာခြားမှု မဲအနည်းငယ်နဲ့ ရှုံးနိမ့်သွားခဲ့တာကြောင့် ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခြင်း ခံခဲ့ရတယ်။ ရွေးကောက်ပွဲရလဒ်ဟာ တရားမျှတမှု မရှိဘူးလို့ ဥပဒေကြောင်းအရ တိုင်ကြားခဲ့ပေမယ့် ဒီအမှုမှာ သူဟာ မျှတတဲ့ ဆုံးဖြတ်ချက်ကို မရရှိခဲ့ပါဘူးလို့ သတင်းစာ ရှင်းလင်းပွဲတခုမှာ ပြစ်တင်ဝေဖန် ပြောဆိုသွားခဲ့တယ်။ အခုတော့ ပါလီမန်မှာ မဲခွဲဆုံးဖြတ်ခဲ့လို့ သူဟာ ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်သွားပြီး၊ ပါလီမန်မှာ အတိုက်အခံပါတီ ခေါင်းဆောင်အဖြစ် ဆက်လက် တာဝန်ယူသွားမယ်လို့ ကြေညာခဲ့ပါတယ်။

သူမဟာ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်စဉ်အတွင်း အဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ လုပ်ဖော်ကိုင်ဘက် ယူကရိန်းသမ္မတ Viktor A. Yushchenko ဗစ်တာယူချင်းကိုနဲ့ ဆက်ဆံရေးတင်မားမှုတွေရှိခဲ့ပြီး၊ သမ္မတ ရွေးကောက်ပွဲ ယှဉ်ပြိုင်မှုမှာလည်း အစိုးရအဖွဲ့အတွင်း အတူလုပ်ဆောင်ခဲ့တဲ့ သမ္မတ ဗစ်တာယူချင်းကိုက သူ့ကို ထောက်ခံမှု မပေးခဲ့ပါဘူး။ ယူကရိန်းနိုင်ငံမှာ အဝါရောင်တော်လှန်ရေးပြီးနောက် ၂ဝဝ၅ ခုနှစ်မှာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲတဲ့ ဗစ်တာယူချင်ကိုဟာ လုပ်ဖော်ကိုင်ဘက် အချင်းချင်းကို တိုက်ခိုက်ခဲ့မှုတွေ၊ တိုင်းပြည် စီးပွားရေး အကျပ်အတည်းတွေကို ဖြေရှင်းနိုင်မှု မရှိတာတွေကြောင့် ရွေးကောက်ပွဲမှာ လူထုထောက်ခံမှု မရရှိခဲ့တော့ဘူးလို့ သိရတယ်။

အစိုးရအဖွဲ့အတွင်း သမ္မတ ဗစ်တာယူချင်ကိုနဲ့ ဝန်ကြီးချုပ် ယူလီယာ တီမိုရှင်းကိုတို့ဟာ ဒီမိုကရေစီရေးအတွက် တက်တက်ကြွကြွ ဦးဆောင်ခဲ့ကြပြီး၊ ယူကရိန်းကို မြောက်အတ္တလန်တိတ် (NATO) အဖွဲ့ထဲ ဝင်ရောက်နိုင်ဖို့ ကြိုးစားခဲ့သူတွေလည်း ဖြစ်ပါတယ်။ အစိုးရအဖွဲ့အတွင်း သမ္မတနဲ့ ဝန်ကြီးချုပ်အကြား လူသိရှင်ကြား အခြေအတင် စွပ်စွဲမှုတွေ၊ ဝေဖန်မှုတွေကြောင့် ဝန်ကြီးချုပ် ယူလီယာ တီမိုရှင်းကို သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားခဲ့ရခြင်း ဖြစ်တယ်လို့ ယူကရိန်း နိုင်ငံရေးကို လေ့လာနေသူတွေက ပြောဆိုခဲ့ကြတယ်။ ပြီးခဲ့တဲ့ အပတ်က ရွေးချယ်ခံခဲ့ရတဲ့ သမ္မတသစ် Viktor F. Yanukovich ရနုကိုးဗစ်ခ်ျကတော့ ရုရှားအစိုးရနဲ့ နီးစပ်သူအဖြစ် လူသိများ ထင်ရှားခဲ့ပြီး၊ အရင် အစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ်ဟောင်းတဦးလည်း ဖြစ်ပါတယ်။
အယုံအကြည်မရှိ အဆို အနိုင်ရသွားပြီးနောက် ၀န်ကြီးချုပ် ယူလီယာ တီမို ရှင်းကို ပါလီမာန်မှ ထွက်ခွာသွားပုံ

ဒါပေမဲ့လည်း ယူကရိန်းမှာ ဒီမိုကရေစီရေးအတွက် တက်တက်ကြွကြွ ဦးဆောင်ပါဝင်ခဲ့ပြီး ထင်ပေါ်ကျော်ကြား အောင်မြင်မှုတွေ ရရှိခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်တဦးလည်းဖြစ်၊ ပညာရှင်တဦးလည်း ဖြစ်ခဲ့တဲ့ ပထမဦးဆုံး ယူကရိန်း အမျိုးသမီးဝန်ကြီးချုပ် ယူလီယာ တီမိုရှင်းကို သမ္မတရွေးကောက်ပွဲမှာ ဘာကြောင့် ရှုံးနိမ့်ခဲ့ရတာလဲ ဆိုတာကိုတော့ နိုင်ငံတကာ နိုင်ငံရေး လေ့လာအကဲခတ်သူတွေအတွက် စိတ်ဝင်တစားရှိခဲ့သလို၊ အမျိုးမျိုး ထင်မြင်ချက်တွေကို ပေးခဲ့ကြတယ်။

နိုင်ငံရေး အကဲခတ်တချို့က သူမရဲ့ အစိုးရအတွင်း Change Insurgents လို့ ခေါ်ဆိုတဲ့ ပြုပြင်ပြောင်းလဲရေးကို လက်မခံတဲ့ သဘောထားတင်းမာသူတွေ၊ ရုရှားနဲ့ နီးစပ်လိုသူ နိုင်ငံရေးသမားတွေ၊ အရင် အစိုးရလက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ စစ်တပ်အကြီးအကဲတွေရဲ့ ဖီဆန်နေမှုတွေကြောင့် တိုင်းပြည်ရဲ့ စီးပွားရေးကို ပြန်လည်ဦးမော့လာအောင် သူမဟာ မစွမ်းဆောင်နိုင်ခဲ့ဘူးလို့ ထောက်ပြပြောဆိုကြတယ်။ နိုင်ငံရေး လေ့လာအကဲခတ်သူ တချို့ကတော့ နှစ်အတော်ကြာ အကျင့်ပျက်ချစားခဲ့တဲ့ အရင် အစိုးရတွေရဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲ အုပ်ချုပ်မှုတွေကြောင့် ချောက်ထဲကျပြီး ပျက်စီးယိုယွင်းနေတဲ့ စီးပွားရေးကို ပြန်လည်ကောင်းမွန်အောင် သူမ မပြောနဲ့၊ ဘုရားသခင်တောင် ကယ်တင်လို့ရမှာ မဟုတ်ဘူးလို့ ထောက်ပြကြတယ်။

ဥရောပနဲ့ အာရှအရေး သုတေသနပြု လေ့လာနေသူတချို့ကတော့ ယူကရိန်းနိုင်ငံဟာ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေး ကာလကို ဖြတ်သန်းနေတာမို့ စိမ်ခေါ်မှုပေါင်းစုံနဲ့ ရင်ဆိုင်နေရတယ်လို့ သုံးသပ်ထားပါတယ်။ ဒီလို Transition Period လို့ ခေါ်ဆိုတဲ့ အသွင်ကူးပြောင်းရေးကာလ (သို့) Economic Depression လို့ ခေါ်ဆိုတဲ့ စီးပွားရေး ဆုတ်ယုတ်မှုနဲ့ စီးပွားရေးပျက်ကပ် အကျိုးဆက်တွေကို ရင်ဆိုင်နေရတဲ့ ကာလ (သို့) classical Retreat လို့ ခေါ်ဆိုတဲ့ အကောင်းဆုံး ဆုတ်ခွာသွားတဲ့ ကာလတွေမှာ အစိုးရသစ်အတွင်း တိုင်းပြည် စီမံခန့်ခွဲ အုပ်ချုပ်မှုတွေမှာ နိုင်ငံရေးသမားတွေအစား ကျွမ်းကျင်သူ နည်းပညာရှင်တွေ၊ အတက်ပညာရှင်တွေကိုသာ ရွေးချယ်ခန့်အပ်ဖို့ လိုအပ်တယ်လို့ အကြံပြုပြောဆိုခဲ့တယ်။

တရုတ်၊ အမေရိကန်၊ ဂျပန်၊ အိန္ဒိယ၊ ထိုင်း၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ အရှေ့ဥရောပနိုင်ငံတွေ အသွင်ကူးပြောင်းရေး ကာလမှာ နိုင်ငံရေးသမားတွေအစား အတွေ့အကြုံ အရည်အချင်းရှိကြပြီး၊ မျိုးချစ်စိတ်ရှိကြတဲ့ တတ်သိပညာရှင်တွေ၊ အင်ဂျင်နီယာတွေ၊ သိပ္ပံပညာရှင်တွေက တိုင်းပြည် စီမံခန့်ခွဲအုပ်ချုပ်မှုကို အောင်အောင်မြင်မြင် ဦးဆောင်မှု ပေးခဲ့ကြတဲ့ သာဓကများစွာ ရှိခဲ့တယ်လို့ ထောက်ပြဆွေးနွေးခဲ့ကြတယ်။ ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံး တိုင်းပြည်ကြီး တရုတ်နိုင်ငံကို အဓိက ဦးဆောင်သွားတဲ့ ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို ဦးဆောင်ကော်မတီဝင် လူကျော်လူမော် ၉ ယောက်စလုံးဟာ အင်ဂျင်နီယာနဲ့ သိပ္ပံဘွဲ့ရတွေ ဖြစ်ကြတယ်ဆိုတာ ဥပမာပေး တင်ပြခဲ့ကြတယ်။

လူဦးရေ ၄၆ သန်းကျော်ရှိတဲ့ ယူကရိန်းဟာ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးနောက် ၁၉၉၁ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့မှာ လွတ်လပ်ရေး ရခဲ့ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် တက်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ သဘောထား ပြင်းထန်ပြီး ရုရှားက ကျောထောက်နောက်ခံ အားပေးထားတဲ့ စစ်ခေါင်းဆောင်တွေ၊ ရုရှားအစိုးရရဲ့ စွမ်းအင်ထောက်ပံ့မှုဆိုင်ရာ ခြိမ်းခြောက်မှုတွေကြောင့် နိုင်ငံရေး၊ စီပွားရေး အကျပ်အတည်း ပြဿနာတွေနဲ့ ဆက်တိုက်ဆိုသလို ရင်ဆိုင်နေခဲ့ရတယ်။ ယူကရိန်းဟာ ရုရှားကနေ တင်ပို့ရောင်းချတဲ့ သဘာဝဓာတ်ငွေ့ပေါ် မှီခိုနေရပြီး၊ ရုရှားအစိုးရက ဆောင်းတွင်းကာလတွေမှာ သဘာဝဓာတ်ငွေ့ တင်ပို့မှုတွေကို ရပ်ဆိုင်းပစ်ခြင်း၊ ဈေးနှုန်းကြီးမြင့်စွာ ရောင်းချခြင်းတွေနဲ့ ယူကရိန်း နိုင်ငံရေး မတည်ငြိမ်အောင် ဝင်ရောက်စွက်ဖက်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။ အထူးသဖြင့် ရုရှားအစိုးရက ယူကရိန်းကို ဥရောပနိုင်ငံတွေနဲ့ ဆက်ဆံရေး နီးစပ်သွားမှာကို စိုးရိမ်မှုတွေရှိလို့ ဖြစ်ပါတယ်။

ဆိုဗီယက် ပြည်ထောင်စုက ခွဲထွက်ခဲ့တုန်းက ယူကရိန်းမှာ တိုက်ရေယာဉ် စစ်သင်္ဘောအစင်း ၃၅ဝ၊ တိုက်လေယာဉ် အစင်း ၁၅ဝဝ နဲ့ IBM (Intercontinental Ballistic Missiles) နဲ့ ပစ်ခတ်နိုင်တဲ့ မဟာဗျူဟာမြောက် နျူကလီးယားထိပ်ဖူး ၁၂၇၂ ခု ပိုင်ဆိုင်ထားတာကြောင့် ဥရောပတိုက်မှာ ရုရှားနိုင်ငံပြီးရင် ဒုတိယ စစ်အင်အားကြီး နိုင်ငံတနိုင်ငံအဖြစ် ရပ်တည်ခဲ့တယ်။ တတိယ အများဆုံး နျူကလီးလက်နက် ပိုင်ဆိုင်ခဲ့တဲ့ ယူကရိန်းနိုင်ငံဟာ ၁၉၉၂ ခုနှစ်မှာ Strategic Arms Reduction Treaty (START) လို့ ခေါ်ဆိုတဲ့ မဟာဗျူဟာမြောက် နျူကလီးယားလက်နက်တွေ လျှော့ချရေး သဘောတူစာချုပ်အရ နျူကလီးယား လက်နက်တွေကို ရုရှားနိုင်ငံကို ပြန်ပေးခဲ့ရပြီး၊ ၁၉၉၆ ခုနှစ်မှာ နျူကလီးယားလက်နက်မဲ့ နိုင်ငံအဖြစ် ကြေညာခဲ့တယ်။

ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသွားပြီးနောက် ယူကရိန်းစစ်တပ်မှာ စစ်သားအင်အား ၇၈ဝ,ဝဝဝ ကျော် ရှိခဲ့ပေမယ့် ၂ဝ၁ဝ ခုနှစ်မှာ နိုင်ငံတကာ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေမှာတောင် တာဝန်ထမ်းဆောင်နိုင်မယ့် အရည်အချင်း ပြည့်ဝတဲ့ စစ်တပ်အင်အား ၃ဝဝ,ဝဝဝ အထိ အရေအတွက် လျှော့ချခဲ့တယ်။ ခေတ်မမီတဲ့၊ အရည်အသွေး ညံ့တဲ့ စစ်လက်နက်ပစ္စည်းတွေကို ဖျက်ဆီးခြင်း၊ စားစရာကုန်ပစ္စည်းတွေနဲ့ လှဲလှယ်ခဲ့ခြင်း၊ လက်ဆောင်ပေးခြင်း၊ တတိယနိုင်ငံတွေကို တင်ပို့ရောင်းချခဲ့ခြင်းတွေ ရှိခဲ့တယ်။ ဒီ တင်ပို့ရောင်းချခဲ့တဲ့ နိုင်ငံတွေမှာ မြန်မာနိုင်ငံလည်း တနိုင်ငံအဖြစ် ပါရှိခဲ့တယ်။ ယူကရိန်းပိုင် လက်နက်ကုမ္ပဏီဟာ ရန်ကုန်မြို့ နတ်မောက်လမ်းရှိ Royal Nikko ဟိုတယ် ၉ ထပ်မှာ ရုံးခန်းဖွင့်ခဲ့ပြီး၊ မြန်မာနိုင်ငံအတွက် စစ်လက်နက် ရောင်းဝယ်ရေး လုပ်ငန်းကို လုပ်ဆောင်ခဲ့တယ်။ မြန်မာနိုင်ငံက သံချပ်ကာကား ၁ဝဝဝ ကျော် တည်ဆောက်ရေး အပါအဝင်၊ လေကြောင်းကာကွယ်ရေးဆိုင်ရာ နည်းပညာ၊ ဝေဟင်ပစ်ဒုံးကျည်လက်နက်တွေ၊ စစ်ရဟတ်ယာဉ်တွေ၊ တီ ၇၂ တင့်ကားတွေကို တင်ပို့ရောင်းချခဲ့ကြောင်း စစ်ဘက် ထောက်လှမ်းရေး သတင်းတွေအရ သိခဲ့ရတယ်။

ယူကရိန်းဟာ စစ်အေးခေတ်ကာလအပြီး ဆိုဗီယက် ပြည်ထောင်စုက ခွဲထွက်လာကာ မကောင်းဆိုးဝါးခေတ်က ချန်ထားရစ်ခဲ့တဲ့ အကြွင်းအကျန်တွေကို ခါးသီးစွာ ခံစားရင်း ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်မှုကြီးက ဖြစ်ပေါ်လာတဲ့ စီးပွားရေးဆိုင်ရာ ပြဿနာတွေကိုလည်း ထပ်မံ ရင်ဆိုင်ဖြေရှင်းနေရပြန်တယ်။

ဆိုဗီယက် ပြည်ထောင်စုကနေ ခွဲထွက်လာပြီးနောက် လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးခဲ့ပေမယ့် စီးပွားရေးဆုတ်ယုတ်မှု (Economic Recession) ၈ နှစ်ကျော်ကြာ ဆက်တိုက်ခံစားခဲ့ရတာကြောင့် ကုန်ထုတ်လုပ်မှု စွမ်းအား ၂ဝ ရာခိုင်နှုန်းကျော်ထိ ကျဆင်းသွားခဲ့တယ်။ ဒီမိုကရေစီနည်းလမ်းကျ ရွေးချယ်တင်မြောက်ခြင်း ခံခဲ့ရတဲ့ ယူကရိန်း အစိုးရသစ်ဟာ ခေတ်ပျက်ကာလအတွင်း ချစားခဲ့မှုတွေ၊ ဆင်းရဲမွဲတေခဲ့မှုတွေ၊ ငွေကြေးဖောင်းပွခဲ့မှုတွေ၊ အခြေခံအဆောက်အအုံတွေ ပျက်စီးယိုယွင်းခဲ့မှုတွေကို ကြမ်းကြမ်းတမ်းတမ်း အံတုရင်ဆိုင်ခဲ့ရတယ်။


ပူတင် နှင့် ယူလီယာ တီမို ရှင်းကို စွမ်းအင်ဆိုင်ရာ ဆွေးနွေးပွဲ


ကမ္ဘာ့စီးပွားရေးကပ်ဆိုးနဲ့ ပြည်တွင်း စီးပွားရေးအကျပ်အတည်း အခြေအနေဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို စတင်တက်လှမ်းနေတဲ့ ယူကရိန်းနိုင်ငံရဲ့ နိုင်ငံရေးကို မတည်မငြိမ် ဖြစ်လာစေခဲ့ပြီး ရုရှားက ကျောထောက်နောက်ခံ အားပေးထားတဲ့ နိုင်ငံရေးသမားတွေ ပြန်လည်အားကောင်းလာစေခဲ့တယ်။ ဒါပေမဲ့လည်း ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်သွားခဲ့ရတဲ့ ယူလီယာ တီမိုရှင်းကိုဟာ အရည်အချင်းပြည့်ဝပြီး ငယ်ရွယ်ကာ နိုင်ငံရေး ယုံကြည်ချက် ခိုင်မာမှု ရှိတာကြောင့် ယူကရိန်းကို ပြန်လည်ဦးဆောင်မှု ပေးနိုင်လိမ့်မယ်လို့ နိုင်ငံရေး ကျွမ်းကျင်သူတွေက ခန့်မှန်းသုံးသပ်ပြောဆိုနေကြသလို၊ ယူကရိန်းပြည်သူတွေ ကလည်း ယုံကြည်အားကိုးမှုတွေ ရှိနေကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခေတ်ဆိုးကြီးရဲ့ အကြွင်းအကျန်တွေကို သူမ ဘယ်လို အံတုရင်ဆိုင် ဖြေရှင်းခဲ့ရသလဲ ဆိုတာကတော့ အသွင်ကူးပြောင်းရေး ကာလကို ဖြတ်သန်းနေတဲ့ နိုင်ငံတွေက အထူး စိတ်ဝင်တစား စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။