Thursday, February 3, 2011

အာဏာရှင် အဆုံးသတ်ရေး လူထုဆန္ဒပြမှုကြောင့် ဂျော်ဒန်ဘုရင် အစိုးရ တဖွဲ့လုံး ထုတ်ပြစ်


-မြတ်စိုး-
၀၂.၀၁.၂၀၁၁

ဂျော်ဒန်နိုင်ငံ မြို့ကြီးများရှိ လမ်းမများမှာ အာဏာရှင်အဆုံးသတ်ရေး လူထုဆန္ဒပြပွဲများကြောင့် ဂျော်ဒန်ဘုရင်က အစိုးရတဖွဲ့လုံးကိုနုတ်ထွက်ခိုင်းလိုက်ပြီး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် အသက် ၆၃ နှစ်ရှိတဲ့ ၀န်ကြီးချုပ်ဟောင်း Marouf al-Bakhit ကို ၀န်ကြီးချုပ်အသစ် အဖြစ် ခန့်အပ်လိုက်ပါပြီ။ တိုင်းပြည်အတွင်း ရင်ဆိုင်နေရသော အစားအစာနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှု ပြဿနာ ၊ အလုပ်လက်မဲ့ပြဿနာ၊ ဆန္ဒပြသူများကို သတ်ဖြတ်ခဲ့သည့် စစ်တပ်အရာရှိများကို ရာထူးတိုးမြင့်မှုကြောင့် နိုင်ငံတကာနှင့် အတိုက်အခံနိုင်ငံရေးအဖွဲ့အစည်းများ၏ ဖိအားပေးမှုခံနေရသည့်ပြဿနာများကို အမြန်ဆုံးဖြေရှင်းဖို့ အစိုးရသစ်ကို တာဝန်ပေးအပ်လိုက်ကြောင်း ကြားသိရပါသည်။

ဂျော်ဒန်ဘုရင်က တိုင်းပြည်အတွင်းရင်ဆိုင်နေရသော စီးပွားရေးပြဿနာများကို နိုင်ငံရေးပြုပြင်ပြောင်းလဲမှု မလုပ်ပဲ၊ ဖြေရှင်းနိုင်လိမ့်မှာမဟုတ်ကြောင်း၊ အသစ်ခန့်အပ်လိုက်သည့် အစိုးရသစ်အနေဖြင့် ၊ ပြီးခဲ့သည့် အစိုးရ အဟောင်းများရဲ့ မှားယွင်းခဲ့မှုတွေကို ဆက်လက်မပြုလုပ်ဖို့ သတိပေးပြောကြားလိုက်ပါတယ်။ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်၊ လွှတ်တော်ပြု ဥပဒေများ၊ ရွေးကောက်ပွဲဥပဒေများ၊ လွတ်လပ်စွာစုရုံး စည်းဝေးခွင့်များရှိအောင် အစိုးရသစ် အနေနဲ့ ဖန်တီးပေးဖို့ နှင့် ယင်းတို့ကို ပြန်လည်သုံးသပ်ဖို့ တိုက်တွန်းထားခဲ့တယ်။

ဂျော်ဒန် အတိုက်အခံ အဖွဲ့ အစည်းတွေကတော့ ၀န်ကြီးချုပ်ဟာ ဘုရင် က တိုက်ရိုက်ခန့်အပ်ခြင်းထက်၊ ပြည်သူက တင်မြောက်ထားသည့် လွှတ်တော် ကိုယ်စလှယ်များ က တိုက်ရိုက် ရွေးချယ်ပေးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေများကို ပြောင်းလဲရမည်ဖြစ်ကြောင်း၊ တောင်းဆိုထားသည့် အချက်များကို မရရှိပါက အာဏာရှင် အဆုံးသတ်ရေး အတွက် ဆက်လက် ဆန္ဒပြမှုများကို ပြုလုပ်သွားမှာဖြစ်ကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခဲ့သည့် စစ်တပ်အရာရှိများကို ရာထူးတိုးမြင့်နေမှုအား ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြပြီး၊ တရားမျှတမှုရှိစွာ တရားဥပဒေအရ စီရင်ပေးဖို့ တောင်းဆိုနေကြကြောင်းကြားသိရပါသည်။

ဂျော်ဒန်နိုင်ငံဟာ တနှစ် ၂ဘီလီယံလိုငွေပြနေပြီး၊ ကြွေးမီ ၁၅ ဘီလီယံ ကျော် တင်ရှိနေပါတယ်။ အလုပ်လက်မဲ့ ၁၂ ရာခိုင်နှုန်း ရှိနေပြီး၊ ၂၅ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှု အောက်မှာနေနေကြရတယ်။ ပြည်သူများဟာ လောင်စာဆီနှင့် ကုန်ဈေးနှုန်းကြီးမြင့်နေမှုဒဏ်ကို ရင်ဆိုင်နေရပါတယ်။

No comments: