Friday, February 20, 2009

အလုပ်အကိုင် လျှော့ချနေရတဲ့ အမေရိကန်နှင့် အလုပ်လက်မဲ့ အခြေအနေ




-မြတ်စိုး-
မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဖေဖေါ်ဝါရီလ 20 2009 16:56 - မြန်မာစံတော်ချိန်

အမေရိကန်နိုင်ငံမှာ ဖေဖော်ဝါရီလအတွင်း နောက်ထပ် အလုပ်အကိုင် ဆုံးရှုံးမှု ထပ်မံ ဖြစ်ပွားခဲ့ပြန်ပါပြီ။ အလုပ်အကိုင် ဆုံးရှုံးမှုကြောင့် အစိုးရက အလုပ်လက်မဲ့တွေအတွက် ထောက်ပံ့ပေးကြရမည့် ဦးရေဟာ ၅ သန်းနီးပါး ရှိနေပြီလို့ အလုပ်သမား ၀န်ကြီးဌာနက လစဉ် ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလမှာ အလုပ်လက်မဲ့ အကျိုးခံစားခွင့် လျှောက်ထားသူ ၁၇၀,၀၀၀ တိုးလာတာကြောင့် ဖေဖော်ဝါရီလ ၇ ရက်နေ့ အပတ်မှာ စုစုပေါင်း ၄ ဒဿမ ၉ သန်းနဲ့ အမြင့်ဆုံးထိ ရောက်ရှိခဲ့တယ်လို့ ဆိုတယ်။ လွန်ခဲ့တဲ့ နှစ်ကစပြီး အလုပ်လက်မဲ့ ခံစားခွင့် လျှောက်ထားသူဟာ ၂ ဒဿမ ၇၇ သန်း ရှိခဲ့ပြီး၊ ဒီထဲက ၁ ဒဿမ ၅ သန်းဟာ မနှစ်က လွှတ်တော်က အတည်ပြုထားတဲ့ ဥပဒေအရ ဆက်လက်ပြီး အလုပ်လက်မဲ့ အကျိုးခံစားခွင့် ရှိနေတာကြောင့် ယခုဆိုလျှင် အလုပ်လက်မဲ့ ၆ ဒဿမ ၅၄ သန်းကို အစိုးရက ထောက်ပံ့ပေးနေပါတယ်။

အလုပ်လက်မဲ့ ခံစားခွင့် တပြည်နယ်နဲ့ တပြည်နယ် မတူသလို၊ ၀င်ငွေ အခွန်ဆောင်ထားခဲ့မှုတွေ၊ ၀င်ငွေပေါ် မူတည်ပြီး ခံစားမှုရှိတဲ့ အစိုးရရဲ့ ထောက်ပံ့ငွေဟာ အနည်းငယ် ကွဲပြားမှု ရှိပါတယ်။ အမေရိကန် အင်ဒီယားနား ပြည်နယ်မှာတော့ ၀င်ငွေခွန် ဆောင်ထားခဲ့တဲ့ တပတ်လျှင် နာရီပေါင်း ၄၀ လုပ်ခဲ့တဲ့ အလုပ်သမားတဦးဟာ အလုပ်အကိုင် လျှော့ချခဲ့မှုကြောင့် အလုပ်လက်မဲ့ ဖြစ်ခဲ့လျှင် အစိုးရက တပတ်မှာ ဒေါ်လာ ၃၉၀ နှုန်းနဲ့ အနည်းဆုံး ၆ လ ထောက်ပံ့ပေးပါတယ်။ ဒီထောက်ပံ့ငွေထဲက အခွန် ပြန်ဆောင်ရပါတယ်။

သတ်မှတ်ထားတဲ့ တချို့ ထောက်ပံ့မှု နည်းသူတွေကို အစားအစာ ၀ယ်ယူနိုင်တဲ့ ကူပွန်တွေကိုလည်း ထောက်ပံ့ပေးပါတယ်။ အမေရိကန်မှာ ယနေ့ ရင်ဆိုင်နေရတဲ့ စီးပွားရေးပျက်ကပ်ကြောင့် အစိုးရက ထောက်ပံ့ပေးမှု ကာလကို ၁ နှစ်မှ ၁ နှစ်ခွဲအထိ တိုးမြှင့်ပေးထားတာကြောင့် ပြည်နယ်အစိုးရတွေမှာ လိုငွေတွေ ပြနေပြီး၊ တချို့ ပြည်နယ်တွေမှာ ထောက်ပံ့ပေးရမည့်ငွေကြေး ပြတ်တောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြည်နယ်အစိုးရတွေက ပြောဆိုနေကြပါတယ်။

ပြီခဲ့တဲ့ အပတ်က ၆၂၇,၀၀၀ အလုပ်အကိုင် ဆုံးရှုံးခဲ့ပြီး၊ အဲဒီ အပတ်မတိုင်ခင်က ၆၃၁,၀၀၀ အလုပ်အကိုင် ဆုံးရှုံးခဲ့တာကြောင့် ၁၉၈၂ ခုနှစ်ကတည်းက ရက်သတ္တတပတ်မှာ အလုပ်အကိုင် ဆုံးရှုံးမှု အများဆုံးလို့ ဖော်ပြထားပါတယ်။ ဒီလို ၆၀၀,၀၀၀ ထက်မက သုံးပတ် ဆက်တိုက် အလုပ်အကိုင် ဆုံးရှုံးခဲ့မှုဟာ ၂၆ နှစ်အတွင်း ပထမဦးဆုံးအကြိမ် ဖြစ်ခဲ့ပါတယ်။ ဇန်န၀ါရီလကလည်း အလုပ်အကိုင် ၅၉၈,၀၀၀ ဆုံးရှုံးခဲ့တာကြောင့် ၁၉၇၄ ခုနှစ်ကစပြီး ဒါဟာ အမြင့်မားဆုံး ဖြစ်ခဲ့သော်လည်း၊ ဖော်ဖော်ဝါရီလမှာ ဒီ့ထက် ပိုမိုဆိုးဝါးလာလိမ့်မယ်လို့ ဖော်ပြထားပါတယ်။

မနေ့ကတော့ အမေရိကန် ကားကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ GM and Chrysler တွေက တကမ္ဘာလုံးမှာ သူတို့ရဲ့ အလုပ်သမားတွေကို လျှော့ချမယ်လို့ ကြေညာသွားပါတယ်။ ဒီကြေညာချက်ထဲမှာ GM က ၅၀,၀၀၀ နှင့် Chysler ကုမ္ပဏီက ၄၇,၀၀၀ အလုပ်အကိုင် လျှော့ချမယ်လို့ တရားဝင် ကြေညာချက် ထုတ်ပြန်ထားပြီး၊ အမေရိကန် ဗဟိုအစိုးရဆီကို ၂၁ ဒဿမ ၆ ဘီလီယံ ချေးဖို့ ထပ်တိုးတောင်းထားကြပါတယ်။ GM မော်တော်ကား ကုမ္ပဏီဟာ လုပ်ငန်းတွေ ဆက်လက်လည်ပတ်သွားနိုင်ဖို့အတွက် ၂၀၁၁ ခုနှစ်အထိ အမေရိကန် ဒေါ်လာ ဘီလီယံ ၃၀ လိုအပ်လိမ့်မှာ ဖြစ်တယ်လို့ ကုမ္ပဏီ အကြီးအကဲက ပြောဆိုခဲ့ပါတယ်။

အရင်တုန်းက အမေရိကန် ဗဟိုအစိုးရဆီက ၁၃ ဒဿမ ၄ ဘီလီယံ ချေးထားတာကြောင့် အခုဆို ၁၈ ဘီလီယံ ထပ်မံ လိုအပ်နေကြောင်းနဲ့ Chysler ကုမ္ပဏီကလည်း အရင်က ၇ ဘီလီယံ တောင်းထားတာက ၉ ဘီလီယံ ထပ်မံလိုအပ်နေကြာင်း ဖော်ပြထားပါတယ်။

အမေရိကန် ကားကုမ္ပဏီ GM ဟာ ၂၀၀၂ ခုနှစ်မှာ အလုပ်သမားပေါင်း ၁၇၇,၀၀၀ ရှိခဲ့ရာက ၂၀၀၈ ခုနှစ်မှာ ၉၃,၀၀၀ သာ ကျန်ရှိခဲ့ပါတယ်။ အလုပ်သမားတွေ၊ ရုံးဝန်ထမ်းတွေကို ဆက်လက်၍ လျှော့ချသွားနေတာကြောင့် ၂၀၀၉ ခုနှစ် အကုန်မှာ အလုပ်သမားပေါင်း ၁၀၀,၀၀၀ ကျော် အလုပ်အကိုင် ဆုံးရှုံးလိမ့်မယ်လို့ ကုမ္ပဏီ အကြီးအကဲက အတည်ပြု ပြောဆိုသွားပါတယ်။

ဒီလို မော်တော်ကား ကုမ္ပဏီတွေက အလုပ်အကိုင် လျှော့ချနေသလို၊ မော်တော်ကား ဘီးတာရာတွေ ထုတ်လုပ်နေတဲ့ Goodyear Tire& Rubber ကုမ္ပဏီကလည်း ၂၀၀၉ ခုနှစ်မှာ သူတို့ရဲ့ ရုံးအမှုထမ်း အလုပ်သမား ဦးရေ ၄၅,၀၀ ကို ထပ်မံလျှော့ချသွားမယ်လို့ ကြေညာခဲ့တယ်။ Goodyear Tire& Rubber ကုမ္ပဏီဟာ ၂၀၀၈ ခုနှစ်မှာ တကမ္ဘာလုံးမှာ လုပ်ကိုင်နေကြတဲ့ သူတို့ရဲ့ အလုပ်သမားပေါင်း ၇၅,၀၀၀ လျှော့ချခဲ့ပြီးသွားပါပြီ။

လက်ရှိ ရင်ဆိုင်နေရတဲ့ ကမ္ဘာ့စီးပွားရေး အကျပ်အတည်း ကာလအတွင်း မော်တော်ကား ထုတ်လုပ်နေတဲ့ ကုမ္ပဏီကြီးတွေဟာ နှစ်ပေါင်း ၂၇ နှစ်အတွင်း ကုန်ကျစရိတ် မြင့်မားနေမှု၊ အရှုံးပေါ်နေမှု၊ ရောင်းအား ကျဆင်းနေမှုတွေ အမြင့်မားဆုံးအဆင့်ကို ရောက်ရှိနေတာကြောင့်၊ ဒီလို ဧရာမ အလုပ်အကိုင်တွေကို လျှော့ချနေရခြင်းဖြစ်ကြောင်း မော်တော်ကား ထုတ်လုပ်နေတဲ့ ကုမ္ပဏီ အကြီးအကဲတွေက အမေရိကန် အထက်လွှတ်တော် ကြားနာစစ်ဆေးမှုမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မော်တော်ကား ကုမ္ပဏီကြီးတခုမှာ သူတို့ကို မှီခို ထောက်ပံ့နေတဲ့ မော်တော်ကားပစ္စည်း ထုတ်လုပ်တဲ့ (Suppliers) ကုမ္ပဏီပေါင်း ရာနဲ့ချီရှိကြပြီး၊ ဒီ ရာနဲ့ချီတဲ့ (Suppliers) ကုမ္ပဏီတွေမှာလည်း အလုပ်အကိုင် လျှော့ချမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာမှာကြောင့် ၂၀၀၉ ခုနှစ်မှာ ဧရာမ အလုပ်အကိုင် လျှော့ချမှုတွေ၊ အလုပ်လက်မဲ့ ဖြစ်မှုတွေဟာ အမေရိကန် အပါအ၀င် ကမ္ဘာ့ဒေသ အတော်များများမှာ ဆက်လက် ရှိနေကြမယ်လို့ စီးပွားရေး သုံးသပ်လေ့လာနေသူတွေနဲ့ စီးပွားရေးကျွမ်းကျင်သူ ပညာရှင်တွေက ခန့်မှန်းပြောဆို နေကြပါတယ်။




Rest of your post

No comments: