-မြတ်စိုး-
၁၀.၀၈.၂၀၁၁
မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် က အစ စစ်တပ်က အာဏာသိမ်းယူခဲ့တာဟာ အခုဆို ၂၃ နှစ်ထဲ ကို ရောက်ရှိခဲ့ပါပြီ။ ၂၃ နှစ်အတွင်း မြန်မာပြည်ရဲ့ အခြားတဖက်မှာ တည်ရှိနေတဲ့ ကမ္ဘာကြီးမှာ သိသိသာသာ တိုးတက်ပြောင်းလဲမှုတွေ ကို တွေ့လာရတယ်။ ဘာလင်တံတိုင်း ဆိုတာလဲ မရှိတော့ဘူး။ ဆိုဗီယက်ယူနီယံ ဆိုတာ မရှိတော့ဘူး။ ယူဂိုဆလားဗီးယားကနေ တိုးတက်နေတဲ့ နိုင်ငံငယ်တွေပေါ်ထွက်လာတယ်။ တရုတ်က မဟာတံတိုင်းကြီးမှာလဲ ပညာတက်လူငယ်ခေါင်းဆောင် တွေ ကို အစားထိုးခဲ့လို့ တိုးတက်ပြောင်းလဲလာမှု တွေကို တွေ့လာရတယ်။ ဗီယက်နမ် ကွန်မြူနစ် နိုင်ငံမှာ ဈေးကွက် စီးပွားရေး စနစ် လက်တွေ့ကျကျ လက်ခံ ကျင့်သုံးလာတယ်။ အစုရှယ်ရာများကို ရောင်းဝယ်နိုင်တဲ့ Ho Chi Minh Stock Exchange (HOSE) ကြီးကို ဟိုချီမင်း မြို့တော်မှာ ဂုဏ်ယူဝံ့ကြွားစွာ တည်ထောင်ခဲ့တာ တွေ့ရတယ်။ အရှေ့တောင်အာရှက အာဏာရှင်တွေ၊ အာဖရိက က အာဏာရှင်တွေ၊ အာရပ်က အာဏာရှင်တွေ အသျှိုသျှို ပျောက်ကွယ်သွားခဲ့တယ်။ “ဓညင်းသီး နှင့် ကြွက်စုတ်” လို့ တင်စား ခေါ်ဆိုခံခဲ့ကြရတဲ့ ကွန်မြူနစ် နဲ့ ဘူစွာ အရင်းရှင် အကြားရှိ စစ်အေးတိုက်ပွဲ တွေ၊ အတွေးအခေါ် ဆိုင်ရာ ပဋိပက္ခတွေ နေရာမှာ အာဏာရှင် အောက်က လွတ်မြောက်မှု တိုက်ပွဲနဲ့ လူ့ဂုဏ်သိက္ခာ ဆိုင်ရာ တိုက်ပွဲ များက အစားထိုးလာခဲ့ကြတယ် တွေ့လာရတယ်။
အိမ်နီးချင်းနိုင်ငံ တွေမှာ လည်း လူငယ်ခေါင်းဆောင်တွေ၊ အမျိုးသမီး နိုင်ငံရေး ခေါင်းဆောင်သစ်တွေ၊ စီးပွားရေးခေါင်းဆောင်သစ်တွေ နဲ့ အစားထိုး ပြီး တိုင်းပြည်ကို ဦးဆောင်လာနေတာ တွေ့ရတယ်။ အာရှ နိုင်ငံတွေမှာ ကမ္ဘာ့အဆင့်မှီ စီပွားရေး၊ ငွေကြေးစနစ် ဆိုင်ရာ နှင့် အခြေခံ အဆောက်အအုံတွေ အခိုင်အမာ တည်ရှိလာတာ တွေ့ရတယ်။
အနှစ် ၂၀ ကျော် အတွင်း နိုင်ငံရေး၊ စီးပွားရေး တိုးတက်၊ ပြောင်းလဲမှုတွေ မရှိတာကတော့ မြန်မာနိုင်ငံ နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ ပါပဲ။ ဒီနှစ်နိုင်ငံဟာ ကမ္ဘာ့အလယ်မှာ ခေတ်သစ် ရဲ့ “ဓညင်းသီး နှင့် ကြွက်စုတ်” လို့ တင်စားခေါ်ဆိုခံ နေရတယ်။
ဒီနိုင်ငံတွေမှာ ကိုယ့်နိုင်ငံမှာ ကိုယ်နေပြီး ဧည့်စာရင်း တိုင်ရတာ၊ ထောက်ခံစာလုပ်ရင် အလှူငွေပေး ရတာ အစဉ်အလာ ရှိနေတုန်းပဲ။ ကိုယ်ထူ ကိုယ်ထ ဆိုပြီး စာသင်ခန်းတွေ၊ ကျောင်းတွေရဲ့လိုအပ်ချက် တွေဖြစ် တဲ့ အဆောက် အအုံပြုပြင်ထိန်းသိမ်းတာ၊ အသစ် ဆောက်လုပ်တာ၊ ကျောင်း ပရိဘောဂ၊ ကျောင်း အတွက် လိုအပ်တဲ့ အထွေထွေ ပစ္စည်းများ စတာ တွေအတွက်ကို ကျောင်းသား မိဘတွေဆီ အတင်းတောင်းခံ နေတာတွေ၊ စစ်ပွဲတွေမှာ ပေါ်တာ ဆိုပြီး လူတွေ ကို အတင်း အဓ္ဓမ ဖမ်းဆီး ခိုင်းစေတာတွေ၊ ဒီနှစ်နိုင်ငံမှာ ရှိနေတုန်းပဲ။
မြန်မာနိုင်ငံ ကို ကြည့်မယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေဟာ အကျဉ်းထောင်တွေထဲမှာ နှစ်ရှည် ထောင်သွင်းအကျဉ်းချထားခြင်းခံနေရတယ်။ နှစ်ပါင်း ၂၀ ကျော် အတွင်းမှာ လူဦးရေရဲ့ ၃ ပုံ ၁ ပုံ ဟာ ဆင်းရဲမွဲတေမှုအောက်မှာနေနေကြရတယ်။ လူဦးရေ ၄ သန်းကျော်ဟာ လည်း မြန်မာပြည်က ထွက်ခွာပြီး နိုင်ငံတကာ အရပ်ရပ်မှာ အလုပ်လုပ်ကိုင်နေကြရတယ်။ တိုင်းပြည်မှာ လူငယ်တွေ ထွက်ခွာသွားတဲ့ အတွက် မျိုးဆက်သစ်တွေ ပျောက်ကွယ်ခဲ့ရတယ်။ လူလတ်တန်းစား တဖြေးဖြေး ပျောက်ကွယ်လာပြီး စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးတွေ မှာ အဖက်ဖက် က ပျက်စီးယိုယွင်းမှုတွေ ရှိလာခဲ့တယ်။ နယ်ပယ် အသီးသီး၌ အရည်အသွေး ကောင်းမွန်သည့် အနာဂတ်လူငယ်ခေါင်းဆောင်များ ဆုံးရှုံးခဲ့ရတယ်။
မြန်မာပြည် မှာ တက္ကသိုလ်ကျောင်း မှာ ဆရာတွေနဲ့ ကျောင်းသားတွေဟာ မိုးထဲ၊လေထဲ၊ တောထဲမှာ ပညာသင်ကြားနေရတယ်။ မြို့တော် ရန်ကုန်က ဒဂုံမြို့သစ် က တက္ကသိုလ်ကျောင်းတွေဆို နားဂစ် တိုက်ပြီးကတည်း က အခုထိ စစ်အစိုးရ က အပျက်အစီးတွေ ကို မပြင်ဆင်ပေးနိုင်သေးဘူး။ ပညာရေးစနစ်မှာ ယခင်က အာရှ မှာ နံမည်ကြီးခဲ့ မြန်မာနိုင်ငံက တက္ကသိုလ်တွေဟာ တောလက် ကျေးရွာ တွေကိုပင် အပို့ခံခဲ့ရတယ်။ မြို့ပြ တက္ကသိုလ် ပညာရေး ကနေ ကိုယ်ထူကိုယ်ထ ကျေးလက် ပညာရေး ကို ပြောင်းလဲလာခဲ့တယ်။
စွမ်းအင် အရင်းအမြစ် ပေါ်များတဲ့ မြန်မာ နိုင်ငံမှာ ပြည်သူတွေ ဟာ ကိုယ်ထူ ကိုယ်ထစနစ်နဲ့ နိုင်ငံတော် ဓာတ်အား စနစ်ကနေ ဓာတ်အား ရယူနေရတုန်းပဲ။ ပြီးခဲ့တဲ့နေ့က ပဲ မြန်မာနိုင်ငံတွင် ကျေးလက်တောရွာ ပေါင်း ၆ သောင်းကျော် ရှိသည့်အနက် ၂ ထောင်ကျော်သာ လျှပ်စစ်မီး ပေးနိုင်သေးကြောင်း လျှပ်စစ် ၂ ဝန်ကြီး ဆိုသူ ဦးခင်မောင်စိုးက လွှတ်တော်တွင် အတည်ပြု ပြောကြားသွား ခဲ့ပြန်သေးသည်။ ဒီ အခြေအနေအရ အနှစ် ၂၀ ကျော်အတွင်း အာဏာသိမ်း အစိုးရဟာ တိုင်းပြည်အတွင်း အရေးပါတဲ့ အခြေခံအဆောက်အအုံတွေကို မတည်ဆောက်နိုင်ခဲ့ဘူး၊ ထိရောက်တဲ့ ရင်းနှီးမြုပ်နှံမှုတွေ မပြုလုပ်ခဲ့ဘူး ဆိုတာ ပေါ်လွှင်ထင်ရှားနေပါတယ်။ တနည်းအားဖြင့် စီးပွားရေးမှာ အဓိကအရေးပါတဲ့ စွမ်းအင်ဆိုင်ရာ ရင်နှီးမြုပ်နှံမှုတွေကို မပြုလုပ်ခဲ့တာပေါ်လွှင်နေတယ်။ စွမ်းအင်ဆိုင်ရာ ရင်နှီးမြုပ်နှံမှုတွေ မပြုလုပ်ပဲ၊ စစ်ခေါင်းဆောင်တွေ စက်မှုနိုင်ငံတော် အိမ်မက် မက်နေတာဟာ ဖိုးလမင်းကြီး ထမင်းဆီဆန်း ရွှေလင်ဗန်း နဲ့ ယူလာခဲ့ပါလို့ ပြောနေသလိုဖြစ်နေတယ်။
စစ်အာဏာရှင် စနစ်ဆိုးကြီးအောက်မှာ တိုးတက်ပြောင်းလဲလာခဲ့တာတွေကတော့ ချမ်းသာကြွယ်ဝမှု တွေကို ကိန်းဂဏန်းအချက်အလက်နဲ့တောင် မဖော်ပြနိုင်တဲ့ ခေတ်ပျက်သူဌေးတွေ မှိုလိုပေါ်ထွက်လာတာ တော့တွေ့ရတယ်။ ခေတ်ပျက်သူဌေးတွေကြောင့် မြန်မာပြည် က အိမ်မြေယာတွေ ဟာ နယူးယောက်၊ လန်ဒန်၊ ကယ်လီဖိုးနီးယား၊ တိုရွန်တို က အိမ်ဈေးတွေထက်တောင် အဆမတန် ကြီးမားတယ်။
ယနေ့ တော့ သိန်းစိန် အစိုးရ ဟာ အနှစ် ၂၀ ကျော်အတွင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ မရှိပဲ၊ စီးပွားရေးမှာ တိုးတက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးဆိုတာ စတင် ၀န်ခံ လာတယ်တွေ့ရတယ်။ တကယ်တော့မြန်မာပြည်ဟာ ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ အချိန်တန်နေပါပြီ။
တကယ် တိုင်းပြည်ကို တိုးတက်အောင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ချင်တယ်ဆိုရင်တော့ ပါးစပ်ကနေ ပြောလို့ ၊လုပ်လို့မရပါဘူး။ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲဖို့ မလုပ်ခင်၊ ကိုယ့်ကို ကိုယ် ပြုပြင်ပြောင်းလဲဖို့ ၊ ကိုယ့် ပတ်ဝန်းကျင်မှာ စွဲကပ်နေတဲ့ အတွေးအခေါ်ဆိုးတွေ၊ အစွန်းရောက် လူဆိုးတွေ ကို ပြောင်းလဲဖို့ လိုပါတယ် ။ တိုးတက်မှုတွေ ကို လျင်မြန်စွာ အကောင်အထည်ဖော်နိုင်တဲ့ အရည်အချင်းရှိတဲ့လူတွေ လိုတယ်။ နယ်ပယ် အသီးသီး မှာ အတက်ပညာရှင် တွေ၊ အတွေ့အကြုံရှိတဲ့ လူငယ်ခေါင်းဆောင်တွေ အများကြီးလိုတယ်။ ဒီလို အရည်အချင်းရှိတဲ့ လူတွေ ရဖို့၊ တိုင်းပြည် မှာ ပျောက်ဆုံးခဲ့ရတဲ့ လူသား အရင်းအမြစ်တွေ ကိုပြန်လည် ရရှိဖို့ လက်တွေ့ကျတဲ့ ဥပဒေတွေပြဌာန်းပေးဖို့လိုတယ်။ စစ်မှန်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ အမြန်လုပ်ဖို့လိုတယ်။
နိုင်ငံရေးအကျဉ်းသမားတွေ မလွှတ်ပေးသ၍ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မှာ တရားမျှတမှု ရှိအောင် မလုပ်နိုင်သရှေွှ့၊ တနည်းအားဖြင့် နိုင်ငံရေး မှာ လက်တွေ့ကျတဲ့ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ မရှိလာဘူး ဆိုရင် တိုင်းပြည်စီးပွားရေးဟာ တိုးတက်လာမှာ မဟုတ်သလို၊ တိုင်းပြည်ဟာ လည်း တိုးတက်လာမှာ မဟုတ်ဘူး။ တိုင်းပြည်ဟာ မတိုးတက်ဘူးဆိုရင် လူနေမှု အဆင့်အတန်းတွေလည်း မြှင့်တင်အောင် လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။
နိုင်ငံတနိုင်ငံမှာ စနစ်ကြီးကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ဆေးမြီးတိုတွေနဲ့ ကုထုံး လို့တော့ မရပါဘူး။ အခြေခံ အဆောက်အအုံ နှစ်ပေါင်းများစွာပျက်စီးခဲ့တဲ့ မြန်မာနိုင်ငံမှာ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စွမ်းအင် နယ်ပယ်တွေ ကို အရည်အသွေး မြင့်တင်ပေးဖို့ အစိုးရရဲ့ ရင်းနှီးမြုပ်နှံမှုတွေ အများကြီးလိုတယ်။ တိုင်းပြည်အတွင်း အသိပညာ၊ အတက်ပညာ အခြေခံ အားကောင်းတဲ့ Institutions တွေ တိုးတက်များပြားလာဖို့လိုတယ်။ အသိပညာ၊ နည်းပညာရပ်ဆိုင်ရာ သုတေသန လုပ်ငန်းများမှာ အစိုးရ က ရင်းနှီးမြုပ်နှံမှု မရှိပဲ ဘာပြုပြင် ပြောင်းလဲမှုတွေ ဖြစ်လာမှာတော့မဟုတ်ဘူး။ လက်တွေ့ကျတဲ့ တိုးတက်ပြောင်းလဲမှုတွေလဲ ဖြစ်လာမှာ မဟုတ်ပါဘူး။ ကွန်ဖရင့်တွေ ကျင်းပ၊ လူတွေကို ခေါ်၊ စာတမ်းကြီးတွေဖတ်၊ အကြံပေး အဖွဲ့တွေ ဖွဲ့ယုံနဲ့ မြန်မာပြည် ကို သိသိသာသာ တိုးတက်ပြောင်းလဲ ပေးနိုင်မှာ မဟုတ်ပါဘူး ဆိုတာ သိန်းစိန် ရုပ်သေးအစိုးရ သတိပြုမိဖို့လိုတယ်။
အာဏာရှင်စနစ်ဆိုးအောက်မှာ အဖက်ဖက်က ပျက်စီးယိုယွင်းသွားခဲ့ တိုင်းပြည် ပြန်လည်ထူထောင်ဖို့ အတွက် နိုင်ငံတကာ က ရင်းနှီးမြုပ်နှံမှုတွေ၊ နည်းပညာ အတက်ပညာတွေ၊ ထောက်ပံ့ကူညီမှုတွေ အများကြီးလိုတယ်။ ဒီလို ထောက်ပံ့ကူညီမှုတွေ ရရှိဖို့ အတွက် နိုင်ငံတကာ နဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့ လိုတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံရေးကောင်းဖို့အတွက် ပိတ်ဆို့ထားတဲ့ တံခါးတွေ ရိုက်ဖျက်ဖို့လိုတယ်။ အစွန်းရောက် အမြင်ဆိုးတွေ၊ အမြင် ကျဉ်းမြောင်းတဲ့ အတွေးခေါ်တွေ နဲ့ တိုင်းပြည်ကို အမှောင်ချထားမှု တွေ ကို ဖွင့်ပေးဖို့ လို နေပါပြီ။
No comments:
Post a Comment