Sunday, December 11, 2011

ကမ္ဘာ့ကြွေးမြီ ပြဿနာ နှင့် မြန်မာ့ စီးပွားရေး အပေါ် သုံးသပ်ချက်

"The only war I support is the war on poverty"

-မြတ်စိုး-
၁၂.၁၁.၂၀၁၁

ဥရောပ ဇုံ အဖွဲ့ ၀င် ၁၇ နိုင်ငံ ရဲ့ လူဦးရေ - ၃၁၇ သန်း
ဥရောပ ဇုံ အဖွဲ့ ၀င် နိုင်ငံတွေရဲ့ ကုန်ထုတ်လုပ်မှု GDP - ယူယို ငွေ ၈.၄ ထွီလီယံ
ဥရောပ ဇုံ အဖွဲ့ ၀င် နိုင်ငံတွေ ရဲ့ အကြွေး - ယူယို ငွေ ၉.၃ ထွီလီယံ (၂၀၁၀)

ဥရောပ ဇုံ အဖွဲ့ ၀င် နိုင်ငံတွေရဲ့ ကြွေးမြီ နှင့် ပြဿနာများ

အစိုးရတွေ မှာ အကြွေး မြင့်မားလာခြင်း၊ ( Rising government debt level)၊
ကုန်သွယ်မှု မှာ လိုငွေပြမှု ( Trade imbalances)၊
ယုံကြည်မှု ကင်းမဲ့ခြင်း( Loss of confidence)၊
ငွေချေး လို့ မရတဲ့ အခက်အခဲ (Rating agency view)၊
ဥရောပ ဇုံ အဖွဲ့ ရဲ့ စီးပွားရေးဆိုင်ရာ မှုဝါဒ၊ ဘဏ္ဍာရေး၊ ငွေကြေး သုံးစွဲမှု ဆိုင်ရာ မူဝါဒတွေ မှာ သဘောတူညီချက်တွေမရှိခြင်း၊ထိမ်းချုပ်မှုတွေမရှိခြင်း နှင့် အားနည်းမှုတွေရှိနေခြင်း ( Lack of infrastructure in regulatory and supervisory policy frameworks, structural policies, and financial principles )၊
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လျော့ကျခြင်း (Lack of growth)၊
ဥရောပ ဇုံ အဖွဲ့ မှ ခွဲထွက်ခြင်း (Speculation of the breakup of the Eurozone)



ဥရောပ ငွေကြေး တခုတည်းသာ သုံးစွဲနေတဲ့ နိုင်ငံပေါင်း ၁၇ နိုင်ငံ နဲ့ ဖွဲ့ စည်းထားတဲ့ ဥရောပ ဇုံ အဖွဲ့ ၀င်နိုင်ငံတွေ ဟာ ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာ ပြဿနာတွေမှာ တနေ့ပြီးတနေ့ စိန်ခေါ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရတယ်။ ဂရိ၊ အီတလီ၊ စပိန် နိုင်ငံတွေ မှာ အစိုးရ က တင်ရှိနေတဲ့ ကြွေးမှီတွေ ကို ပြန်လည်မပေးဆပ် နိုင်တာ ကြောင့် အစိုးရ အပြောင်းအလဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တယ်။ ဓနရှင် ဘဏ်ကြီးတွေ က လည်း ယင်းနိုင်ငံ အစိုးရတွေဟာ အတိုးနှုန်း မပေးဆပ်နိုင်တာကြောင့် ငွေချေးမှုတွေ ကို ရပ်ဆိုင်းခဲ့ကြတယ်။ ပေါ်တူကီ၊ အိုင်ယာလန်၊ ဘယ်လ်ဂျီယံ၊ ပြင်သစ် နှင့် အင်္ဂလန် နိုင်ငံတွေ မှာ လည်း အစိုးရ ငွေကြေးသုံးစွဲမှု နှင့် ယူယိုဇုံရဲ့ ကြွေးမြီ ပြဿနာများ ကြောင့် ဒိုမေနီ အကျိုးသက်ရောက် ကာ နိုင်ငံရေး ပြဿနာများ၊ တင်းမာမှုများ ရှိလာလိမ့်မယ်လို့ ကမ္ဘာ့စီးပွားရေး ပညာရှင်များ က သုံးသပ်ခန့်မှန်းမှုတွေ ရှိနေတယ်။

ဟားဗတ်တက္ကသိုလ် က စီးပွားရေး ပညာရှင် ကက်နက်ရူ့အော့ဗ် ကတော့ အမေရိကန်နိုင်ငံမှာ ရှိတဲ့ ရီဘာပလက်ကင်နဲ့ ဒီမိုကရက်တစ် ပါတီ နှစ်ပါတီ ဟာ အစိုးရက ငွေကြေးသုံးစွဲမှု ပြဿနာတွေ အပေါ် သဘောထားကွဲလွှဲမှုတွေရှိနေတာကြောင့် နိုင်ငံပေါင်း ၁၇ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ ဥရောပဇုံ အဖွဲ့ ဟာ ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာ ပြဿနာတွေ ကို အဖြေရှာဖို့ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင် နေရအုန်း မယ်လို့ပြောဆိုခဲ့တယ်။ ဒီ ၁၇ နိုင်ငံမှာ နိုင်ငံတနိုင်စီရဲ့ အစိုးရတွေရဲ့ ငွေကြေးသုံးစွဲမှုတွေ ဟာ မတူညီကြသလို၊ ကြွေးမြီ ပမာဏတွေ ကလည်း မတူညီကြဘူး။ အခွန်ကောက်ခံရေး စံနစ်ကလည်း တနိုင်ငံနဲ့ တနိုင်ငံ မတူညီကြဘူး။ လူတဦးချင်းစီရဲ့ ၀င်ငွေ ကလည်း မတူညီကြဘူး။ အခြေခံကျတဲ့ ဒီပြဿနာတွေ မှာ ဆက်လက် သဘောကွဲလွှဲမှုတွေ ရှိနေကြမယ်ဆိုရင် ဥရောပ သမဂ္ဂအဖွဲ့ အနာဂတ် ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိလိမ့်မယ်လို့ သူ က ထောက်ပြ ဟောကိန်း ထုတ်လိုက်တယ်။

ဥရောပ ဇုံ အဖွဲ့ ကို စတင် တည်ထောင်ခဲ့စဉ်က နိုင်ငံ တနိုင်ငံချင်းစီ မှာ ကျင့်သုံးနေတဲ့ ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာစနစ်တွေ၊ အစိုးရ တခုစီ ရဲ့ ငွေကြေးသုံးစွဲမှု၊ ငွေကြေးဈေးကွက် ၊ တစ်ဦးချင်း ၀င်ငွေ နဲ့ အခွန်ဥပဒေတွေ ကို လေးလေးနက်နက်ထည့်သွင်းစဉ်းစားခြင်းမရှိပဲ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံ အဖြစ် လက်ခံမှုပြုခဲ့ခြင်းဟာ ယနေ့ရင်ဆိုင်နေရတဲ့ ဥရောပ ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာ ပြဿနာတွေရဲ့ အခြေခံ မှားယွင်းခဲ့မှုတွေ ပဲလို့ သူက ထောက်ပြခဲ့တယ်။ တနည်းအားဖြင့် ဥရောပမှာ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပေါင်းစပ်မှု မပြည့်စုံသေးဘဲ ယူရိုဇုံ ( ဥရောပ) ငွေကြေးစနစ် ကို ထူထောင်ခဲ့ခြင်းရဲ့ ဥရောပ အဖွဲ့ကြီးရဲ့ အဓိက မှားယွင်းမှု အချက် ပါလို့ ကမ္ဘာ့စီးပွားရေးပညာရှင်များ က ဝေဖန် သုံးသပ်ထားကြတယ်။ ဒါဟာ အရှေ့တောင် အာရှ အသင်း အာဆီယံအဖွဲ့ကြီး အတွက် တော့ သင်ခန်းစာ ယူသင့်တဲ့ အချက်ဖြစ်လာပါလိမ့်မယ်။



အမေရိကန် ကြွေးမြီ ပြဿနာ

အမေရိကန် လူဦးရေ - သန်း ၃၁၀
အမေရိကန် ကုန်ထုတ်လုပ်မှု GDP - ယူယို ငွေ ၁၁.၂ ထွီလီယံ
အမေရိကန် ကြွေးမြီ -ဒေါ်လာ ၁၅.၀၃ ထွီလီယံ ( ၂၀၁၁)

အမေရိကန်ရဲ့ပထမဦးဆုံး သမ္မတ ဂျော့ဝါရှင်တန်ကတော့ အစိုးရ မှာ ကြွေးမီတင်ရှိနေတယ်ဆိုရင်၊ ပြန်လည်ပေးဆပ်ဖို့ ၀င်ငွေရှိဖို့လိုတယ်။ ပြန်လည်ပေးဆပ်နိုင်တဲ့ဝင်ငွေရှိဖို့ အခွန်တိုးကောက်ဖို့ အကြောင်း ဖြစ်လာရတယ်။ အခွန်တိုးကောက်ဖို့ နိုင်ငံရေး သမားများ အကြား သဘောထားကွဲလွှဲမှုတွေ ရှိနေမှာပဲလို့ ပြောဆိုခဲ့ဘူးတယ်။

လူဦးရေ သန်း ၃၁၂ နီးပါးရောက်ရှိ နေပြီဖြစ်တဲ့ အမေရိကန်နိုင်ငံ မှာ အသက် ၆၅ ကျော်လို့ အလုပ်လုပ်ကိုင်မှု မှ အနားယူသွားခဲ့သူများ နှင့် အကြောင်းအမျိုးမျိုးကြောင့် အလုပ်လုပ်ကိုင်မှုမှ အနားယူသွားခဲ့သူဦးရေစုစုပေါင်း ဟာ ၅၄ သန်းရှိပါတယ်။ ကျန်ရှိတဲ့ ၂၅၈ သန်းထဲမှာ ကျောင်းပညာသင်ကြားနေသူဦးရေ ဟာ ၈၅ သန်းရှိတာကြောင့် အလုပ်လုပ်ကိုင်နိုင်သူဦးရေ ဟာ ၁၇၃ သန်းသာ ကျန်ရှိတယ်။

၂၈ သန်း ဟာ ဗဟိုအစိုးရ ဌာနတွေမှာလုပ်ကိုင်နေကြပြီး၊ စစ်မှုထမ်းနေသူ ဦးရေ ၄ သန်း နှင့် ၂၄. ၈ သန်းဟာ ပြည်နယ် ဌာန ဆိုင်ရာများမှာ အလုပ်လုပ်ကိုင်နေကြတယ်။အချိန်တိုင်း မှာ ဆေးရုံများမှာ ကုသနေသူ ၂၄ သန်း၊ အကျဉ်းကျနေသူ ၁၅.၂ သန်း ရှိတာကြောင့် စုစုပေါင်း ရရှိမည့် ၀င်ငွေခွန်ဟာ အလုပ်လုပ် ကိုင်မှုမှ အနားယူသွားခဲ့ သူ ၅၄ သန်းကို ငွေကြေး ထောက်ပံ့ အကူအညီပေးရာမှာ အခက်အခဲဖြစ်လာသလို၊ ဘတ်ဂျက်မှာ လိုငွေပြ လာရတော့တယ်။

အနားယူသွားတဲ့ လူဦးရေ ၅၄ သန်းကျော် ကို ငွေကြေးထောက်ပံ့ဖို့ ကျန်တဲ့ ၇၇ သန်း က တ၀န်ယူဖြေရှင်းပေးနေရတယ်။



အမေရိကန်နိုင်ငံ အစိုးရ က တင်ရှိနေတဲ့ ကြွေးမြီ ပြဿနာ ကို ကိုင်တွယ်ဖြေရှင်းရာမှာ အလုပ်လုပ်ကိုင်နေသူ ၇၇ သန်း ရဲ့ ၀င်ငွေခွန် ကို တိုးမြင့်ကောက်ခံမှု၊ အစိုးရ ၏ ကျန်းမာရေး ထောက်ပံ့မှုများကို ဖြတ်တောက်ခြင်း၊ အစိုးရ ရဲ့ သုံးစွဲမှုတွေ က လျော့ချခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးမှု ၊ ငွေကြေးပေါ်လစီ (Monetary Policy) နှင့် အစိုးရသုံးငွေ ဘတ်ဂျက် (Fiscal Policy) ဆိုင်ရာ ပြဿနာများ စသည့် အချက်များကို အချေအတင် စဉ်းစား ဆွေးနွေးလာရတော့တယ်။

ဂျပန် စီးပွားရေး နှင့် ကြွေးမြီ ပြဿနာ

ဂျပန် လူဦးရေ သန်း ၁၂၈ သန်း
ဂျပန် ကုန်ထုတ်လုပ်မှု GDP ယူယို ငွေ ၃.၅ ထွီလီယံ
ဂျပန် အစိုးရ ရဲ့ ကြွေးမြီ - ဒေါ်လာ ၈ ထွီလီယံ

အာရှတိုက် မှာတော့ စီးပွားရေး အားကောင်းတဲ့ ဂျပန် နိုင်ငံဟာ က ဆူနာမီ၊ နျူကလီးယားယိုစိမ့်မှု ပြဿနာ တို့ ကြောင့် စီးပွားရေး နာလန်ထူ လာဖို့ နှစ်အတောကြာ စိမ်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ကြရလိမ့်မယ်လို့ ခန့်မှန်းနေကြတယ်။ ၂၀၀၇ ခုနှစ် ကမ္ဘာ့စီးပွားရေး ကပ်ဆိုက်ချိန်က စပြီး၊ ဂျပန် အစိုးရ အဆက်ဆက် တိုင်းဟာ စီးပွားရေး ပြန်လည် ဦးမော့လာဖို့ နည်းလမ်းပေါင်းစုံ နဲ့ အဖြေရှာခဲ့ကြတယ်။ ဂျပန် ဗဟိုဘဏ်ဟာ စီးပွားရေး အားကောင်းလာစေဖို့ အတိုးနှုန်း ကို သုည ရာခိုင်နှုန်းအထိ လျော့ချခဲ့ကြတယ်။ စီးပွားရေး ပြန်လည်ကောင်းမွန်အောင် နည်းလမ်းပေါင်းစုံနဲ့ အဖြေရှာတာ မအောင်မြင်ကြလို့ ဂျပန် ၀န်ကြီးချုပ် လေးဦး ၅ နှစ် အတွင်း နုတ်ထွက်ခဲ့ကြတယ်။ ၂၀၀၇ ခုနှစ် က နေ ၂၀၁၁ ခုနှစ် အထိ ၅ နှစ် အတော် အတွင်း ဂျပန်ဝန်ကြီးချုပ် ၅ ယောက် ပြောင်းလဲ ခဲ့ပြီးပါပြီ။

ဒါကြောင့်မို့ ကမ္ဘာ့နိုင်ငံရေး ကို လေ့လာ သုံးသပ်နေသူတွေကတော့ ၂၀၀၇ ခုနှစ် က စတင်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြီးကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးမှာ Japanization ဖြစ်လာလိမ့်မယ်လို့ သုံးသပ်နေကြတယ်။ ဆိုလိုတာက ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဂျပန် အစိုးရတွေလို စီးပွားရေး နာလန်ထူလာအောင် တိုက်ပွဲဝင်ရင်း အစိုးရ အပြောင်းအလဲ တွေ ရှိလာလိမ့်မယ်လို့ သုံးသပ်ထားကြတယ်။ အမေရိကန် နိုင်ငံ မှာလည်း အိုဘားမား ဟာ နောက်ထပ် သက်တမ်း အတွက် အလားအလာ နည်းလာ နေပြီ လို့ သုံးသပ်ထားကြတယ်။ အာရပ်မှာတော့ အဏာရှင်တွေ တဘုန်းဘုန်းလဲကျခဲ့ကြတယ်။

မြန်မာ့စီးပွားရေး

ယနေ့ ကမ္ဘာ့နိုင်ငံ အသီးသီးရှိ အစိုးရတွေ ဟာ ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြီးကာလအတွင်း စီးပွားရေး ပြန်လည် နာလန်ထူလာဖို့ နည်းမျိုးစုံ အဖြေရှာနေကြစဉ် မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး အနာဂတ် အခြေအနေ ကို မြန်မာပြည်သူများ က စိတ်ဝင်တစားရှိနေကြမှာတော့ အမှန်ပါပဲ။

လက်ရှိ မြန်မာ့စီးပွားရေး အခြေအနေက လက်တွေ့မှာ ပြန်လည်နာလန်ထူထောင်တဲ့ အဆင့်မှာ မရှိသေးပါဘူး။ ဆိုလိုတာ က နဂိုကတည်း က မြန်မာ့ စီးပွားရေး အဆောက်အအုံဟာ နိုင်ငံတကာ အဆင့် မှာ မရှိခဲ့သေးတာကြောင့် ဘာကို ပြန်လည် နာလန်ထူလာအောင် ကျိုးစားရမှာလည်းဆိုတာ မေးခွန်းထုတ်စရာရှိနေတယ်။ တနည်းအားဖြင့် မြန်မာ့ စီးပွားရေးဟာ Economic survival အဆင့်မှာ သာရှိသေးတယ်။ Economic Recovery အဆင့် မရှိသေးဘူလို့ ဆိုလိုတာပါ။

ဘာကြောင့်လည်းဆိုတော့ မြန်မာနိုင်ငံ မှာ စီးပွားရေး နှင့် ငွေကြေးဆိုင်ရာ မူဝါများ ဟာ ထင်သာမြင်သာ မရှိခဲ့သလို၊ မြန်မာနိုင်ငံ ဗဟိုဘဏ်က ငွေကြေးပေါ်လစီ (Monetary Policy) နှင့် အစိုးရသုံးငွေ ဘတ်ဂျက် (Fiscal Policy) တွေပေါ်မှာ လည်း တာဝန်ယူမှု နှင့် ယုံကြည်မှု ပိုင်းတွေ မှာ အားနည်းမှုတွေ ရှိနေခဲ့တယ်။ တနည်းအားဖြင့် မြန်မာ ဗဟိုဘဏ်က ငွေကြေးပေါ်လစီ (Monetary Policy) ပိုင်း မှာ သီးခြားရပ်တည်မှု နှင့် လွတ်လပ်စွာ ဆုံးဖြတ်မှု အခွင့်အဏာ မရှိဖြစ်နေဆဲပါ။ ဗဟိုဘဏ် ဟာ နိုင်ငံရဲ့ ငွေစက္ကူကို ရိုက်ထုတ်ရတဲ့ တာဝန်ရှိတာ ကြောင့် တိုင်းပြည်အတွင်းမှာ လည်ပတ်နေတဲ့ ငွေသား ပမာဏ (Liquidity) ကို ဗဟိုဘဏ်က ထိန်းချုပ်ရပါတယ်။ ဗဟိုဘဏ် မှာ လွတ်လပ်စွာ ဆုံးဖြတ်မှု အခွင့်အဏာ ရှိဖို့လိုတယ်။ စီးပွားရေး၊ ဘဏ္ဍာရေး နှင့် ငွေကြေးဆိုင်ရာ သတင်းအချက်အလက်များ တိကျမှန်ကန်မှု ရရှိဖို့လိုတယ်။

တနည်းအားဖြင့် စီးပွားရေး အဆောက်အအုံ ဆိုင်ရာ လွတ်လပ် တဲ့ Institution များ နည်းပါးမှုရှိနေခြင်း ၊ ငွေကြေး နှင့် ဘဏ္ဍာရေးဆိုင်ရာ မှာ ခေတ်နှောက်ကျနေခြင်း၊ လက်တွေ့မကျတဲ့ ငွေလဲနှုန်းနဲ့ တွက်ထားတဲ့ အစိုးရ ဘတ်ဂျက်၊ ပြည်တွင်းထုတ်ကုန် (GDP)၊ နိုင်ငံခြားတင်ပို့မှုထွက်ကုန်၊ သွင်းကုန်စာရင်းဇယားတွေဟာ မှန်ကန်တိကျမှု မရှိတာတွေကြောင့် မှန်ကန်တဲ့ ငွေကြေးပေါ်လစီ (Monetary Policy) နှင့် အစိုးရသုံးငွေ ဘတ်ဂျက် (Fiscal Policy) တွေ ကို ချမှတ်နိုင်မှာ မဟုတ်ဘူး။ လာရောက်ရင်နှီးမြုပ်နှံသူများ ရဲ့ ယုံကြည်မှု ကို ရရှိနိုင်မှာ မဟုတ်သေးပါဘူး။ တနည်းအားဖြင့် မြန်မာ့ စီးပွားရေးစနစ် မှာ စီးပွားရေး အခြေခံ အဆောက်အအုံတွေဟာ နိုင်ငံတကာ အဆင့်မရှိသေးတာကြောင့် ကမ္ဘာ့စီးပွားရေး အခြေအနေ နဲ့ နှိုင်းယှဉ်ပြောဆိုလို့မရဖြစ်နေတယ်။ အချက်အလက်ပိုင်း ဆိုင်ရာတွေ မှာ မှန်မှန်ကန်ကန် ရရှိဖို့ အလွန်မှ ခက်ခဲပါတယ်။

နိုင်ငံအသီးသီးဟာ ကမ္ဘာ့စီးပွားရေးဆုတ်ယုတ်မှု ကြောင့် နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ကို အလျင်အမြန် ပြင်ဆင်မှုတွေပြုလုပ်ဆောင်ရွက်နေကြသလို၊ မြန်မာနိုင်ငံမှာ လည်း ထင်သာမြင်သာရှိတဲ့ နိုင်ငံရေး နှင့် စီးပွားရေးဆိုင်ရာ ပြုပြုင်ပြောင်းလဲတိုးတက်လာမှုတွေ အချိန်မှီ မလုပ်ဆောင်နိုင်ရင်တော့ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ စီးပွားရေး ဆိုင်ရာ ပြဿနာများ ကို ဆက်လက် ရင်ဆိုင်ကြရပါလိမ့်မယ်။

လက်ရှိ အိမ်နီးချင်းနိုင်ငံ နှင့် အာရှ နိုင်ငံတွေ မှာ ရင်ဆိုင်ခဲ့ရတဲ့ သဘာဝဘေးအန္တာရာယ်ကြောင့် စီးပွားရေး နှင့် ကုတ်ထုတ်လုပ်မှု ကျဆင်းနေမှု ဟာ မြန်မာနိုင်ငံ မှ နိုင်ငံခြား တင်ပို့မှု ကို အားကောင်းလာစေဖို့ အခွင့် အလမ်းတွေရှိနေပေမဲ့ ၊ မြန်မာနိုင်ငံရဲ့ ထွက်ကုန်တွေဟာ ဈေးကွက်မှာ အရည်အသွေးညံ့ဖျင်းမှု၊ နည်းပညာပိုင်းဆိုင်ရာ အားနည်းမှု၊ ငွေကြေးစနစ် ခိုင်မာမှုမရှိခြင်း တွေ ကြောင့် နိုင်ငံတကာ ဈေးကွက် မှာ အားသာမှုရအောင်လုပ်ဖို့ အခက်အခဲများရှိနေပါလိမ့်မယ်။

ဥပမာ အားဖြင့် ကမ္ဘာ့ကုန်သွယ်ရေး နှင့် ဈေးကွက်တွေ မှာ ကမ္ဘာ့ငွေကြေးတွေ ထိုးကျမှုတွေ ရှိနေပြီး အိမ်ယာဈေးတွေ ထိုးကျခဲ့တယ်။ မြန်မာနိုင်ငံ မှာတော့ ငွေလဲလှယ်မှုတွေ ထိုးကျခဲ့ပေမဲ့ အိမ်ယာဈေး၊ ကုန်းဈေးနှုန်း တွေ ဟာ တိုးမြင့်နေတာ ကို ကြည့်ခြင်းဖြင့် မြန်မာ့စီးပွားရေး ဟာ ကမ္ဘာ့စီးပွားရေး ပုံစံနဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်နေတယ်ဆိုတာ တွေ့ရတယ်။

နိုင်ငံတကာ ဘဏ္ဍာရေး နှင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်မှု၊ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံ သူတွေရဲ့ ယုံကြည်စိတ်ချမှု၊ မရှိသ၍ မြန်မာ့စီးပွားရေးဟာ နိုင်ငံတကာ စီးပွားရေး အဆင့် အနေအထား ကို ရောက်ရှိဖို့ အလှမ်းကွာဝေးနေမှာဖြစ်ကြောင်း လေ့လာ သုံးသပ်တင်ပြယင်း။

(ဆောင်းပါးရှင် ကိုမြတ်စိုး ရေးသားခဲ့တဲ့ " Economic crisis as a force for change" ဆောင်းပါးကို ဤနေရာမှာ ဖတ်ရှု့နိုင်ပါသည်။ )

No comments: