Saturday, November 26, 2011

စစ်တပ် က နိုင်ငံရေး ပြန်ပေးဆွဲမှု အီဂျစ် လူထု လက်မခံ

“Failure and Loser”
If you always talk about the past, and you stay in the past, you failure will become.
If you don’t accomplish what is something people expect you to do, you will become a looser.

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော် ရှိ မြို့တော်ရဲ့ဗဟိုချက်နေရာ တဟီရာ (Tahrir) ရင်ပြင် မှာ လက်ရှိ တိုင်းပြည် အာဏာ ထိမ်းချုပ်ထားတဲ့ စစ်ကောင်စီ ကို ဆန့်ကျင်တဲ့ လူထု ဆန္ဒပြ ပွဲကြီး ကို သီတင်းတပတ် ကြာ ဆက်လက် ကျင်းပ နေကြပါတယ်။ ပြီးခဲ့တဲ့ အပတ် လူထု ဆန္ဒပြပွဲ မှာ လုံခြုံရေးတပ်ဖွဲ့နဲ့ ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒပြသူတွေ အကြား နေ့စဉ် ဆက်တိုက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့မှုကြောင့် တနိုင်ငံလုံးမှာ သေဆုံးရသူ ၄၀ ကျော် ရှိခဲ့ပြီး၊ ဆန္ဒပြပွဲ ဟာ အခြားမြို့တော်တွေ ကို ကူးစက် သွားခဲ့တယ်။ ဆန္ဒပြပွဲကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၂ ယောက် နဲ့ ဆန္ဒပြသူ ၁၇၀၀ ယောက် ဒဏ်ရာတွေ ပြင်းထန်စွာရခဲ့ကြတယ်လို့ အီဂျစ် စစ်တပ် က အတည်ပြု ပြောဆိုခဲ့တယ်။

ပြီးခဲ့တဲ့ ရက်တွေက က လူထု ဆန္ဒပြပွဲတွေကြောင့် ကြားဖြတ် အစိုးရ ကို တာဝန်ယူထားတဲ့ ၀န်ကြီးအဖွဲ့တွေ နုတ်ထွက်စာ တင်ထားခဲ့ကြောင်း ၀န်ကြီးချုပ်ရုံး က တာဝန်ရှိသူ က အတည်ပြုပြောဆိုခဲ့ သလို၊ စစ်တပ်ခေါင်းဆောင်များရဲ့ ပြောခွင့် ဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး Amr Imam က နုတ်ထွက်စာ ကို လက်ခံရရှိခဲ့ကြောင်း အတည်ပြုပြောဆိုခဲ့တယ်။ တရားရေးဝန်ကြီး Mohamed Abdelaziz al-Juindy က တော့ ကိုင်ရို အဓိကရုဏ်း ဟာ သူ့မှာ တာဝန်ရှိတဲ့ အတွက် နုတ်ထွက်ခွင့်ပြုဖို့ တောင်းဆိုခဲ့တယ်။

အသစ် ခန့်အပ်ခြင်းခံလိုက်ရတဲ့ ၀န်ကြီးချုပ် ဂန်ဇူရီ ဟာ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဟူစိန် တန်တာဝီ (Hussein Tantawi) နဲ့ တွေ့ဆုံပြီး၊ အမျိုးသား ကြားဖြတ်အစိုးရကို ဦးဆောင်သွားဖို့ သဘောတူခဲ့တယ် လို့ အစောပိုင်းက အစိုးရပိုင် Al Ahram သတင်းစာမှာ ဖော်ပြထားပါတယ်။ လောလောဆယ် ၀န်ကြီးချုပ် ဂန်ဇူရီ က သူ့ကို အချိန်ပေးဖို့ ဆန္ဒပြသူတွေကို ပန်ကြားလိုက်ပေမဲ့ ၊ သူဟာ ရာထူးက ဖြုတ်ချခြင်း ခံလိုက်ရတဲ့ အာဏာရှင်ဟောင်းမူဘာရက် အစိုးရ ရဲ့ ၀န်ကြီးချုပ် တာဝန်ထမ်းဆောင် ခဲ့တာကြောင့် အတိုက်အခံ နှင့် ပြည်သူတွေ က လုံဝယုံကြည်မှု မရှိကြပါဘူး။

ကိုင်ရိုမှာ ဆန္ဒပြနေကြတဲ့ ဒီမိုကရေစီ အရေးတောင်းဆိုသူတွေ ကတော့ လက်ရှိ စစ်ခေါင်းဆောင်းတွေ ဟာ အီဂျစ် နိုင်ငံရေး မှာ နိုင်ငံရေး ကလိ ကကျစ် ကျမှုတွေ ကို ပြုလုပ်နေပြီး၊ နိုင်ငံ ကို စစ်တပ်က ကျောထောက်နောက်ခံပေးတဲ့ တဲ့ အာဏာရှင် စနစ်ကို ပြန်လည် ဖော်ဆောင်ဖို့ ကျိုးစားနေကြတယ်။ အီဂျစ်အုပ်ချုပ်ရေး ကို ယာယီတာဝန် ယူထားတဲ့ စစ်ကောင်စီဟာ ရိုးသားမှု မရှိဘူးလို့ စွပ်စွဲပြောဆို ခဲ့ကြတယ်။ လက်ရှိအုပ်ချုပ်နေတဲ့ စစ်ဘက်အကြီးအကဲတွေ ရာထူး က နုတ်ထွက် ပေးပြီး၊ အရပ်သား ကြားဖြတ် အစိုးရလက်ထဲကို အမြန်ဆုံး အာဏာလွှဲပေးဖို့ ကို ဒီမိုကရေစီလိုလားသူ ဆန္ဒပြသူတွေက တောင်းဆိုနေကြတယ်။ တကယ်လို့ လက်ရှိတာဝန်ယူထားတဲ့ စစ်ကောင်စီမှာ ပါဝင်တဲ့ စစ်ခေါင်ဆောင်တွေ ရာထူးက မနုတ်ထွက်ကြဘူးဆိုရင် ဆက်လက် ဆန္ဒပြ မှုတွေ နိုင်ငံ အ၀ှန်း လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့ကြတယ်။

နိုင်ငံတော်ဖွဲ့စည်းပုံသစ်ထဲက တချို့ စစ်ဘက်ဆိုင်ရာ ကိစ္စရပ်တွေ၊ စစ်တပ် အသုံးစရိတ်တွေ ကို အရပ်သား အစိုးရ က ကိုင်တွယ်ခွင့် မရအောင် ဆောင်ရွက်ဖို့ကြိုးပမ်းတဲ့အပေါ်မှာ အခုလက်ရှိ စစ်ကောင်စီကို အီဂျစ်ပြည်သူများက အတော်လေး ဒေါသဖြစ်ခဲ့ကြတာပါ။

လွန်ခဲ့တဲ့ ၁၀ လ က အီဂျစ် အာဏာရှင် ဟောင်း ဟူစိန်မူဘာရက် ရာထူး မှ နုတ်ထွက် အနားယူသွားပြီးနောက် အီဂျစ်နိုင်ငံ ကို စစ်တပ် က အာဏာလွှဲပြောင်း ရယူခဲ့ကြတယ်။ ဒီ နောက် မှာ တော့ အီဂျစ် အာဏာရ စစ်အုပ်စု ခေါင်းဆောင်များ ဟာ တိုင်းပြည် အတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ကို အမြန်ဆုံး လုပ်ဆောင်ပေးမယ်လို့ ဂတိပြုခဲ့ကြတယ်။ လက်ရှိ အာဏာ ထိန်းချုပ်ထားတဲ့ စစ်ခေါင်းဆောင်တွေဟာ အာဏာရှင်ဟောင်း မူဘာရက် နှင့် သားတွေ ကို အကျင့်ပျက်ချစားမှု၊ လာဘ်ပေးလာဘ်ယူမှု အပါအ၀င် အာဏာ အလွှဲသုံးစားလုပ်ခဲ့မှုတွေ နဲ့ တရားဥပဒေ အရ အရေးယူ စုံစမ်းစစ်ဆေးမှုတွေ ကို ပြုလုပ်နေခဲ့ သလို ၊ အထွေထွေ ရွေးကောက်ပွဲ ကို နိုဝင်ဘာလ ၂၈ ရက်နေ့ မှာ ကျင်းပ ပေးမယ်လို့ ဂတိပြုခဲ့တယ်။ ဒါပေမဲ့ လည်း အီဂျစ် သမ္မသစ်ရွေးကောက်ပွဲ ဟာ ၁ နှစ် နီးပါးခန့် ကြာမယ်လို့ ပြောဆိုခဲ့တယ်။ ရွေးကောက်ပွဲတွေ အပြီး အရွေးချယ်ခံရတဲ့ အရပ်သား အစိုးရ ကို စစ်တပ် က အာဏာလွှဲပြောင်းပေးမယ်လို့ လည်း ဂတိပြုခဲ့ကြတယ်။

ဒါပေမဲ့လည်း အီဂျစ်ပြည်သူတွေ က လက်ရှိစစ်ကောင်စီ ခေါင်းဆောင်ပိုင်းတွေရဲ့ လုပ်ရပ်တွေ အပေါ် လုံးဝ အယုံအကြည်မရှိ ဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့တယ်။ လက်ရှိ စစ်တပ် ခေါင်းဆောင်ပိုင်းတွေ အပေါ် အာဏာရှင်ဟောင်း မူဘာရက် ဟာ ဆက်လက်ညွှန်ကြားမှုတွေ၊ အမိန့်ပေးမှုတွေ ကို ဆက်လက်ရှိနေတုန်းပဲလို့ စွပ်စွဲခဲ့ကြတယ်။ ဒါအပြင် စစ်အုပ်စုခေါင်းဆောင်တွေ အလိုကျ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် နှင့် စစ်တပ် သုံးစွဲမဲ့ ဘဏ္ဍာရေး ဆိုင်ရာ မူဝါဒတွေ အပေါ် လုံးဝဆန့်ကျင်တယ်၊ လုံးဝ လက်မခံ နိုင်ဘူး။ လက်ရှိ အာဏာ ရယူထားတဲ့ စစ်ကောင်စီ က စစ်ဘက်ဆိုင်ရာနဲ့ ပက်သက်တဲ့ ဘဏ္ဍာရေး သုံးစွဲမှုတွေ အပေါ် မှာ အရပ်သားအစိုးရ သစ်က ကိုင်တွယ် ဆုံဖြတ် စစ်ဆေးခွင့် မရအောင် ဆောင်ရွက်ဖို့ကြိုးပမ်းနေတဲ့အပေါ်မှာ အစိုးရ ကို ဆန့်ကျင် ဆန္ဒပြသူများ က တော်တော် လည်း ဒေါသထွက်နေကြတယ်။ ထို့အတူ စစ်တပ် က နိုင်ငံရေး မှာ ဆက်လက်ပြီး ၀င်ရောက်ပက်သက်နေမှု အပေါ် ဒီမိုကရေစီလိုလားသူ ဆန္ဒပြသူများက ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချခဲ့ကြတယ်။

ဒါဟာ အနာဂတ်မှာ စစ်တပ် က တိုင်းပြည် နှင့် ပြည်သူ ကို ပြန်ပေးဆွဲ ခြိမ်းချောက်မှု လို့ ဆန္ဒပြနေသူ လူထုကြီးက စွပ်စွဲ ထောက်ပြ ပြောဆိုခဲ့ကြတယ်။

အီဂျစ် အာဏာရှင်ဟောင်း ဟိုစနီ မူဘာရက်ပြုတ်ကျပြီးကတည်းက လက်ရှိစစ်ကောင်စီက အီဂျစ်အုပ်ချုပ်ရေး ကို ယာယီတာဝန်ယူထားခဲ့တယ်။ တကယ်လို့ သာ အီဂျစ် တိုင်းပြည် အုပ်ချုပ်ရေး ကို တာဝန်ယူထားတဲ့ လက်ရှိ စစ်ကောင်စီ ဟာ ရိုးသားမှု၊ ပွင့်လင်းမှု၊ ထင်သာမြင်သာရှိတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ ဒီမိုကရေစီ အခွင့်အရေး အတွက် တိုးတက်မှု တွေ ကို အချိန်အကန့်အသတ်နဲ့ လျင်မြန်စွာ မဖော်ဆောင်နိုင်ဘူးဆိုရင်တော့ အီဂျစ်နိုင်ငံ မှာ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဆက်လက်ရှိနေအုန်းမှာဖြစ်ပြီး၊ အီဂျစ် စစ်ကောင်စီ ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေအပေါ် နိုင်ငံတကာ ရဲ့ ထောက်ခံ အားပေးမှုတွေ လျော့နည်းလာကာ၊ အီဂျစ်ပြည်သူများ စီးပွားရေး အခွင့်အလမ်းများ လက်လွှတ် ဆုံးရှုံးမှုနဲ့ ရင်ဆိုင် ကြရပါလိမ့်မယ်။

လက်ရှိ အီဂျစ် စစ်ကောင်စီ အုပ်ချုပ်ရေး အဖွဲ့ နှင့် အီဂျစ်နိုင်ငံ မှာ ဒီမိုကရေစီ လိုလားသူတွေ အကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခ တွေ ဟာ ယနေ့ မြန်မာ စစ်အစိုးရ နှင့် ဒီမိုကရေစီ လိုလားသူတွေ အကြား ရင်ဆိုင်နေကြတဲ့ ပြဿနာများ၊ အခြေအနေတွေ နဲ့ တပုံစံထဲဖြစ်နေတယ်။ ဒါပေမဲ့ အီဂျစ် စစ်ကောင်စီ နှင့် မြန်မာ စစ်ကောင်စီတို့ တိုင်းပြည်အကျိုးပေါ် လုပ်ဆောင်မှုတွေမှာ မတူညီတာတွေ ရှိနေတယ်။

မတူညီတဲ့ အချက်တွေ က အီဂျစ် စစ်ကောင်စီ ဟာ သူတို့အမှားတွေအတွက် လူထု ကို နိုင်ငံတကာ ရှေ့မှောက်မှာ ဂုဏ်သိက္ခာ ရှိရှိ ၀န်ချ တောင်းပန်းခဲ့တယ်။ နိုင်ငံရေး အကျဉ်းသားတွေကို ဂုဏ်သိက္ခာရှိရှိလွှတ်ပေးပြီ၊ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရဖို့ ဂတိပြုတယ်။ အီဂျစ် စစ်တပ်မှာ တာဝန် ထမ်းဆောင်နေကြတဲ့ ဗိုလ်ချုပ်ကြီးတွေဟာ West Point လို နိုင်ငံတကာအဆင့်မှီ စစ်တက္ကသိုလ်တွေ မှာ ပညာသင်ကြားဘူး ခဲ့တဲ့သူတွေဖြစ်ကြပြီး၊ နိုင်ငံတကာ ဆက်ဆံရေး မှာ အတွေ့အကြုံ ရှိကြသူတွေဖြစ်တယ်။ အီဂျစ် စစ်ကောင်စီဟာ နိုင်ငံတကာရှေ့မှောက်မှာ ဂုဏ်သိက္ခာရှိရှိ နိုင်ငံတော် ဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲတွေ ကို ၂ နှစ် အတွင်း ပြုလုပ်ဖို့ ဂတိပေးခဲ့တယ်။

မြန်မာနိုင်ငံ မှာတော့ အနှစ် ၂၀ ကျော် သွားခဲ့တာတောင် အခုထိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေ နဲ့ ရွေးကောက်ပွဲ ပြဿနာတွေ ဟာ လုံးချာ လည်နေတုန်းပဲ။ အီဂျစ် စစ်ကောင်စီ ဟာ အသွင် ကူးပြောင်းရေး ကာလ မှာ လွှတ်တော် အတွင်း အချိုးကျ မပါဝင်ပေမဲ့၊ မြန်မာ နိုင်ငံမှာတော့ စစ်တပ်ဟာ လွှတ်တော် မှာ ဘယ်လောက်ထိကြာရှည်စွာ တမတ်သားလွှတ်တော် ကို သူရဲဘောင်ကြောင် စွာ ဖက်တွယ် နေကြ အုန်းမလဲဆိုတာ ကတော့ သီဟသူရ ၊ သူရ အပါအ၀င် ဆုတံဆိပ်တွေ ရရှိထားကြတဲ့ မြန်မာစစ်ဗိုလ်ချုပ်ြကီး ဆိုသူတွေ အားလုံး က ဖြေဆိုရမဲ့ မေးခွန်းတွေ ဖြစ်နေတယ်။

No comments: