Monday, August 1, 2016

ကျနော် စွဲလမ်းခဲ့သော တိုက်ပွဲဝင် ကဗျာများ-




8888 တော်လှန်ရေး ကာ လ ကျနော် စွဲလမ်းခဲ့သော လွတ်လပ်ရေး တိုက်ပွဲဝင် ကဗျာများ ပါ။ အလွမ်းကဗျာတွေ မဟုတ်ဘူး။ အသဲကွဲ ကဗျာတွေ မဟုတ် ဘူး။ ကျနော် တို့ တတွေကို အားမာန်တွေ တက်စေ၊ တောထဲ တောင်ထဲ ဘ၀ ခရီးကြမ်းတွေ မှာ အသက်တွေ ရှင်သန်ပေးခဲ့တဲ့ တိုက်ပွဲဝင် ကဗျာတွေပါ။ ကဗျာ မူပိုင်ရှင်တွေ က တော့ သေတဲ့ သူသေ၊ အသက်ရှင်တဲ့ သူတွေ လည်း ဘယ်နေရာရောက်လို့ နေလဲ မသိ။ သူတို့တွေ ဘယ်သူလဲ?။ သူတို့ရဲ့ ခံစားချက်တွေ၊ သူတို့ရဲ့ တိုက်ပွဲ ၀င်ခဲ့မှုတွေ ကို ၈၈၈၈ နှစ်ပတ်လည် နေ့ မှာ ကဗျာချစ်သူတွေ ကို မျှဝေချင်တဲ့ ဆန္ဒ၊ သူတို့တွေ ကို ဂုဏ်ပြု အသိအမှတ်ပြုပေး စေချင်တဲ့ ဆန္ဒပါ။

"တုတ်ကောက်နဲ့ လမ်းလျှောက်နေသူများ"
ခံစားဖို့
တချို့လူများက
မီးရထားနဲ့လာကြ။
ပေးဆပ်ဖို့
တချို့ လူများက
တုတ်ကောက်နဲ့ခြေလျင်လာကြ။
ခရီးသွား
အစီအစဉ်ဇယား
ပြဌာန်းပြီးသား
စိတ်မရှည်တဲ့ လူများက
မီးရထားပေါ် က
ခုန်ချ...။
သူတို့ဟာ
ခြေလျင်သွားကြသူများကို
အားမနာ
ဘာမှ မတက်နိုင်ဘူးလေ။
အချိန်ထဲက နေရာ
လူက ဖွေရှာ
လူထဲက နေရာကိုတော့
အနှစ်သာရနဲ့
ဖြစ်လာတဲ့ဘ၀က လုယက်
သူ့ထက် ငါလွန်ဆွဲ။
တစ်ယောက်ထဲ လာပြီး
နှလုံးရောဂါ တုန်ကောက်နဲ့
လာလမ်းကို ပြန်လျှောက်တဲ့
"ဆာခါရော့ဗ်" ရဲ့ ဘဝ
ဂေါ်ဂီ မြို့လေးက
သတိရစရာ မှတ်တိုင်အဖြစ်
အတိတ်နှင်းခဲ ပျော်ကျန်ရစ်ပြီ။
နှစ်တွေလည်း ဒီလိုနဲ့ သံချေးတက်သွား
စက္ကူများကို
ပိုးဟပ်စားသလိုပ
ငါ့ အသက်အားဖဲ့ဝါးနေကြ
(ဆာခါရော့ဗ်= ဆိုဗီယက်နိုင်ငံသား ၁၉၇၅ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်)

မောင်သစ်ကြည် ( ၁၉၉၀ နိုဝင်ဘာ ဟန်သစ် မဂ္ဂဇင်း)

ခရီးမဆုံးမှီ

ခရီးဘယ်တော့ ဆုံးမလဲ
မျက်နှာမဲနဲ့ ညီးညူ
သေသူလဲသေပြီ၊ ပျောက်သူလဲ ပျောက်ပြီ
ဒီခရီးက ဘယ်တော့ ဆုံးမလဲ
မုန်တိုင်းသံ၊ မိုးကြိုးသံ
ဒီမြစ်ယံအလယ်မှာ၊ ငါတို့သာရှိတော့တယ်
ရွက်ကြိုးအပြတ်၊ လှေဝမ်း အပေါက်
တက်မ အကျိုး၊ လှေထိုးသမား ဒို့တသိုက်
မောဟိုက်ပန်းလို့ နွမ်းနေပြီ၊ ခဏတော့ ကမ်းကပ်
မတ်တက်ဖြစ်ဖြစ်၊ နားပါရစေဦး
လှေဝမ်းဖါမယ်၊ ရွက် အသစ် လဲမယ်၊ တက်ကျိုးပြင်မယ်
ဟေ့-တိတ်ကြစမ်း၊ ၀မ်းခေါင်းသံ နက်နက်နဲ့
လှေ သူကြီး က ကမ်းနှစ်ဖက် ကိုညွှန်ပြ
ကြည့်လိုက်ကြ၊ သေသေချာချာ ကြည့်ကြ
မြင်ကြရဲ့လား၊ သံခြေကျဉ်း ကိုယ်စီနဲ့ လူတွေ
ကဲ- ကမ်းကပ်ဦးမလား
မကပ်တော့ဘူး၊ ပန်းတိုင်ရောက်အောင်၊ ဒီလှေနဲ့ ဒီလူနဲ့
အောင်လံထူ လို့ သွားမယ်၊ ဒို့တတွေ မသေ သေးဘူး
ဒို့လှေ မမြုပ်သေးဘူး၊ ခရီးမဆုံ မခြင်း
ပန်းတိုင်ရောက်အောင် သွားကြစို့ရဲ့ ။          
(မောင်ဦးခိုင်)

“ညီညွတ်ရေးဆိုတာ တိုက်ပွဲ မှာ မူတည်တယ်”

ညီညွတ်ရေး၊ ညီညွတ်ရေး
ဟစ်ကြွေး နေကြ ပါကလား။
ရန်သူ့ထံ၊ လည်စင်းခံလို့
သေဖို့သာပြင်နေတဲ့ ၊ သိုးငယ်တွေလား။

မျက်လုံးပြူးကြောင်
နက်နက်မှောင်ပေါ့၊ တစ်ကောင် နှစ်ကောင်
ငါးကောင်ခြောက်ကောင်၊ ပြာလောင်ပြာယာ
တအာ အာဘဲ၊ နှုတ်သီးရဲတဲ့
ကျီးမဲတွေ လိုလား။

ဒီညီညွတ်ရေး၊ ဝေးမှ ဝေးရော
တွေးလို့မရ၊ ဘယ်လိုမှ မရ။
ညီညွတ်ရေး ဆိုတာ
ဒီချိန်ကာလ၊ ပစ္စက္ခမယ်
ထက်လှတဲ့ ဓါး၊ အသွားပေါ် က
လွန်ချိုမြတဲ့၊ သကာရည် လိုပါဘဲ။

ရန်သူဟာ ဘယ်သူလဲ
ကွဲကွဲပြားပြား၊ ခြားနား မှန်ကန်
ဝေဖန်တန် ဝေဖန်၊ တိုက်တန် တိုက်
တိုက်ရင်း စည်းရုံး၊ စည်းရုံး ရင်းတိုက်
ဟေ့- တိုက်ပွဲ မှာ ညီညွတ်ကြဖို့ဘဲ။   

(မောင်ဆွေဆက်)

ငါတို့ရဲ့ တော်လှန်ရေး

ငါတို့ရဲ့ တော်လှန်ရေး
သွေးတစက်ကျ
ကျတဲ့သွေးစက်
မြေပြင်ထက်
ကွဲအက် မီးလောင်သွားစေမည်။
တစ်သက်သေလျှင်
သေတဲ့ အသက်
ကောင်ကင်ထက်
မိုးသက် မုန်တိုင်း ထန်စေမည်။
မြေအက် မီးလောင်
မိုးမှောင် မုန်တိုင်း
ရပ်ဆိုင်း တဲ့အခါ
ဤကမ္ဘာ မှာ
ပန်းပွင့်များစွာ ဝေစေမည်
လေညှင်းသုန်သုန် ပြေစေမည်
ငြိမ်းချမ်း သာယာ နေစေမည်။
( တောကျောင်းသား)

တရားခံ

နေညိုပြီဆို
ရွှေပြည် ကိုတမ်းတ
လွမ်းရတဲ့ အဖြစ်တွေ။

နွေလည် အိမ်မက်နှိုးတ၀က် နဲ့
ငုတ်တုတ် ထိုင်ငေါ်
တွေးရတဲ့ အဖြစ်တွေ။

အိပ်ချိန် ညပိုင်း
အိမ်မက်ရိုင်းများ
အတိုင်းသားမြင်
သွေးရာဇ၀င်တွေ
ခံစားရ ဝေဒနာ
သေချာစွာတွေး
ခပ်ရေးရေးပေါ်
သြော်…စစ်တဲ့လား။   
မျိုးနိုင် (၁၀၂)

No comments: