(စစ်အာဏာရှင်စနစ်ဆိုးအောက်
မှာ ရိုးရိုးသားသား ဖြတ်သန်းခဲ့ကြတဲ့၊ မြန်မာပြည်သူ တွေရဲ့ ရုန်းကန်ကျိုးစားမှု အကြောင်းပါ။
ကျော်စိုး နှင့် ငဘ တို့ရဲ့ ဘ၀ အကြောင်းတွေကို
ရုပ်ရှင်ရိုက်ဖို့ ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်ရဲ့ သား ၊ ဒါရိုက်တာ လုပ်ချင်တဲ့ သာကျော်မောင် ကို ပြောပြခဲ့ဘူးတယ်။ အခုတော့ ဒါရိုက်တာ လည်းမရှိတော့ဘူး။ ဇတ်ကောင်တွေ
လည်းမရှိကြတော့ဘူး။ ဇတ်ညွှန်းလေး နဲ့ Memorial နေ့ မှာ သတိယစွာ နဲ့ ။
။)
အပိုင်း (၁)- ကျော်စိုး နှင့် ငဘ
အပိုင်း (၁)- ကျော်စိုး နှင့် ငဘ
ဒီနေ့ နေ
ကလည်းပူ၊ အားလပ်ရက်လည်းဆိုတော့ တနေ့လုံး ခြံရှင်း၊
မြတ်ရိတ် ပြီး ပင်ပန်းလို့ အနားယူနေတုန်း၊ အိမ်ရှေ့ တံခါး က ခေါင်းလောင်းသံမည်လာတယ်။
ထကြည့်တော့ အရပ်ပုပု၊ ၀၀၊ ပြုံးနေတဲ့ မြန်မာ
တယောက်ကိုတွေ့ရတယ်။ ဒီမြို့ ကျနော် နေတာ အနှစ် ၂၀ နီးပါးရှိပြီ၊ တခါမှ သူ့ ကိုမမြင်ဘူးဘူး။
ဒါနဲ့ ဘယ်သူလဲလို့ မေးကြည့် ဖို့ပြင်နေတုန်တုန်း ၊ သူက “ ကိုဖိုးငယ်လား? ကျနော့် ကို
မှတ်မိလားလို့ “ ပြုံးပြီး တရင်းတနှီးနဲ့ မေးတယ်။
အိမ်နာမည်
ကို သိတဲ့သူ ဒီမြို့ မှာ တယောက် မှ မရှိဘူး။ အံသြတကြီးနဲ့ ပဲ၊ ဟုတ်တယ် ခင်ဗျား က ဘယ်သူ
လဲလို့ ပြန်မေးလိုက်တော့ ကျနော် ဦးလှမြင့်၊ ဒေါ်လှရှင်ရဲ့ အငယ်ဆုံးသား ပါ။ ကျနော် ကို
မှတ်မိလား? ။ ကျနော် ကျော်စိုးပါလို့ သူ့ကိုယ်သူ မိတ်ဆက်တယ်။
ယခင် က စစ်အာရှင်ခေါင်းဆောင်တွေ ကို နယ်သာလန် နိုင်ငံ
သဟိတ် တရားရုံး မှာ လူသားတွေ အပေါ် ကျူးလွန်တဲ့ ရာဇာဝတ်မှု နဲ့ တရားစွဲဆိုဖို့ ကျိုးစားခဲ့စဉ်
က ထောက်လှမ်းရေးခင်ညွှန့် အုပ်စု လွှတ်လိုက်တဲ့ သူ အိမ်ကို လာလည် ဖူးတယ်။ မြန်မာပြည်
ကို ပြန်လာ ပြီး၊ အကူအညီပေးဖို့ပါ။ နေဖို့ထိုင်ဖို့ နှင့် စားဝတ်နေရေး လိုအပ်တာတွေ
အားလုံး ပံ့ပိုးပါ့မယ်လို့ လာစည်းရုံးခဲ့ဘူးတယ်။
၁၉၈၈ ခုနှစ်
ဇွန်လ ကျောင်းသားအရေးအခင်း မှာ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့စဉ်၊ မမျှော်လင့်ပဲ စစ်ထောက်လှမ်းရေးဖြစ်နေတဲ့ ကျောင်းနေဖက် သူငယ်ချင်း
သားကြီး က ဘောင်ထရီ သင်တန်းကျောင်း မှာ သင်တန်းတက်နေစဉ်
သတိပေးတာခံခဲ့ရဘူးတယ်။
ဒီတော့ ကျော်စိုး ကိုလည်း ဝေေ၀၀ါးဝါးနဲ့ သံသယ၀င်ခဲ့တယ်။
သူနဲ့ ကိုနဲ့ မတွေ့ခဲ့ကြတာက လည်း အနှစ် ၃၀ ကျော် ဆိုတော့ ရုတ်တရက် ယုံရခက်နေတယ်။ မိသားစု
အတွင်းရေး အကြောင်းတွေပြောတော့ မှ မှတ်မိလာတယ်။ သူ က အင်ဒီယားနား နှင့် ကန်တာကီပြည်နယ် နယ်စပ် က
မြို့လေးတခုမှာနေနေတဲ့အကြောင်း၊ သူ ဒီကို ဘယ်လို ရောက်လာလည်း ဆိုတဲ့အကြောင်း ပြောပြရင်း၊ သောက်ရင်း သူနဲ့ စကားလက်ဆုံကျခဲ့ကြတယ်။
ပထမ ဦးဆုံးကျော်စိုးနဲ့
အမေရိကန်နိုင်ငံ မှာ မမျှော်လင့်ပဲ ပြန်လည်တွေ့ခဲ့ကြတာ။ အဲဒီ အချိန် က တော့ ကျော်စိုး
အိမ်တောင် မကျသေးဘူး။
***********************************************************
အပိုင်း (၂)- ကျော်စိုး နှင့် ငဘ
အပိုင်း (၂)- ကျော်စိုး နှင့် ငဘ
ကျော်စိုး
ငယ်ငယ် က ချစ်စရာကောင်းပြီး၊ ဖြူဖြူ၊ ဖွေးဖွေး၊
တုတ်တုတ်။ မိသားစု ထဲ မှာ အငယ်ဆုံး ဆိုတော့ အကို အမတွေ က အလို လိုက်ထားကြတာ။ အရမ်းနွဲ့ဆိုး ဆိုးတယ် လို့ မမ မိ က ပြောပြတာ ကြားဘူးတယ်။ ကျနော့် အမ - မမ မိ က ကျော်စိုးတို့ အိမ်မှာ ဖိနပ်ချုပ်တဲ့
အလုပ်သမ။ မမ မိ က ဆယ်တန်းစာမေးပွဲ တခါကျပြီး က တည်း က ပညာရေး ကို စိတ်နာပြီး ကျောင်းက
ထွက်။ ကျော်စိုးတို့ အိမ် မှာ ညအိပ်ညနေ ဖိနပ်ချုပ် အလုပ်လုပ် ပြီး၊ မောင်အငယ်ဆုံးဖြစ်တဲ့
ကျနော့် ကို ကျူရှင်တွေ ပို့ပြီး ကျောင်း ထားပေးခဲ့တာ။ မမ မိ က ဖိနပ်ချုပ် ပေမဲ့၊ သူ့မောင်
ကိုတော့ ပညာတက် တော့ ဖြစ်စေချင်တဲ့ ဆန္ဒရှိတယ်လေ။
ရန်ကုန် က အကောင်းဆုံး ကျူရှင်ဆရာတွေ ဖြစ်တဲ့ ဆရာ မြတ်ထိန်လင်း၊ ဆရာ SS အောင်လွင်
၊ ဆရာ ဦးကြည်လင်း ၊ အားသစ်၊ ဘောဂဗေဒ ဦးသိန်းညွန့် တို့ဆီကို ဖိနပ်ချုပ်ပြီး ကျူရှင်
ထားပေးခဲ့တယ်။ ကျူရှင် ကလည်း မြို့ထဲ မှာဆိုတော့
ကျူရှင်ခ အပြင် ၊ ကားခ ပါပေးရတယ်။ သူ ဖိနပ်ချုပ်လို့ ရတဲ့ တလ ငွေ ကျပ်
၁၅၀ လောက် က နေ ကျူရှင်ခ ၉၀ ပေးရတော့ ၊ မစားမသောက်၊ ဘတ်စကား ကားခ မကုန်ကျအောင်
ကျော်စိုး တို့ အိမ် မှာ ညအိမ် ညနေဖိနပ်ချုပ်
ပြီး၊ ကျနော် ကို ကျောင်းထားပေးခဲ့တာ။ လကုန်လို့ ကျူရှင်ခ ပေးရတော့မယ် လို့
ကြိုတောင် ရင်- မမ မိ က “နင်လည်းကျော်စိုး” အတိုင်းပဲ၊ အရမ်းဆိုးတယ်လို့ ပြောလေ့ရှိတယ်။
မောင် နှမ
တွေ များကြတော့ မိသားစု တွေထဲ မှာ အနစ်နာခံ ခဲ့ကြတဲ့ ချစ် အမ တွေ အကြောင်းတွေပါ။
လူချစ်လူခင်ပေါ်ပြီး၊
ပျော်ပျော် နေတက်တဲ့ ကျော်စိုး ကို ကျနော်တို့နေတဲ့ ဖို့ဝိန်းမြို့ မှာ သိတာ က တကောင်ကြွက် လို့ သိကြတယ်။ တကယ်တော့ ကျော်စိုး တို့ က ဆွေကြီး၊ မျိုးကြီးတွေ။
ချမ်းသာတဲ့ မိသားစု က ကြီးပြင်းလာခဲ့တာ။ ကျော်စိုး အကို ကိုခင်ချို က မြန်မာ့လက်ရွေးစင်ဘော်လုံးသမား။
ကျော်စိုး တို့မိသားစု မှာ ညီအကိုမောင်နှမ
၁၁ ယောက်ရှိသလို၊ ကျနော်တို့ မိသားစုမှာလည်း ညီအကိုမောင်နှမ ၁၀ ယောက်ရှိတယ်။
ကျော်စိုး
မိဘ တွေနဲ့ ကျနော့် မိဘတွေ က မြစ်ဝကျွန်းပေါ် တမြို့တည်းသား၊ ရပ်ဆွေရပ်မျိုး တွေ ဖြစ်ကြတယ်။
အဖေတွေ က အင်္ဂလိပ် ကိုတော်လှန်တော့လည်း အတူတူ၊ ဖက်ဆစ်ဂျပန် ကို တော်လှန်တော့လည်းအတူတူ။
လွတ်လပ်ရေး အတွက် အတူ တိုက်ပွဲဝင်ခဲ့ကြတဲ့ သူတွေ။ မိသားစု ထဲ မှာ
ကျော်စိုး က နို့ညာ၊ ကျနော်က နို့စို့
အငယ်ဆုံးသားတွေ။ ဒီလိုနဲ့ ကျနော်တို့ နှစ်ယောက် ရန်ကုန်မြို့ ဒေသ နှစ်ခု ဆီ
မှာ ကြီးပြင်းလာခဲ့ကြတယ်။ သူက တောင်ဥက္ကလာသား၊ ကျနော် က ရန်ကင်းသား။
ဒုတိယ ကမ္ဘာစစ် ကာလ မှာ ကျော် စိုး အကို တယောက် စစ်တွင်းထဲမှာပဲ ဆုံးခဲ့တယ်။
ဒုတိယ ကမ္ဘာစစ် ပြီးတော့ ကျော်စိုးတို့ မိသားစုတွေ
၊ ကျနော်တို့ မိသားစုတွေ ရန်ကုန် မှာ အခြေချခဲ့ကြတယ်။
အဖေက လွတ်လပ်ရေးပြီးတော့ သူဆန္ဒပြင်းပြ တဲ့ ပုံနှိပ်တိုက် လုပ်ငန်းနဲ့ မိသားစု ကို ရှာဖွေကျွေးမွေး
ထောက်ပံ့ခဲ့တယ်။ ၁၉၆၂ စစ်တပ် က အာဏာသိမ်းတော့ ဖေဖေ ပိုင်တဲ့ ကြေမုံတိုက်၊
မြင့်စိုးစာပေတိုက် အပါအ၀င် ပုံနှိပ်တိုက် ၃ ခု ပါ ပြည်သူပိုင်အဖြစ်သိမ်းယူခံရတဲ့ အပြင်၊
ဖေဖေ ပါ ဂတုံ၊အမာ ပင်လယ် မှာ ၁ နှစ်လောက် ပုံးနေခဲ့ရတယ်။ ဒီကာလ များ မှာတော့ ကျော်စိုးတို့ အဖေ နှင့် အမေ
က ကျနော်တို့ မိသားစု ကို အားပေး နှစ်သိမ့် ကူညီစောင့်ရှောက်ပေးခဲ့ကြတယ်။ မိသားစု နှစ်စု က အင်မတန် မှ ချစ်ခင်ရင်းနှီးကြတယ်။
အဆင်ပြေတဲ့ မိသားစု က အပြန်အလှန် ကူညီကြပြီး၊
နှစ်အိမ့် တအိမ် ထွက်သွား ၀င်လာ နေလာခဲ့ကြတယ်။
ကျော်စိုး
အဖေ က ဦးလှမြင့်၊ မိခင်ကြီး က ဒေါ်လှရှင်။ အင်မတန် မှာ ဖော်ရွေပြီး၊ စေတနာ အလွန်ကောင်းတဲ့
လူကြီးလူကောင်း တွေပါ။ ကျော်စိုး တို့ မိဘတွေ က လုပ်သားတံဆိပ် ဖိနပ် ထုတ်လုပ် ရောင်းဝယ်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ကြတယ်။ လွန်ခဲ့တဲ့ နှစ် ၃၀ လောက် က လုပ်သားတံဆိပ် နွေစီး၊
မိုးစီး ဖိနပ်တွေ က နာမည်ကြီးတံဆိပ်တွေ။ မြမာလာတို့၊ ဆင် နှစ်ကောင်တို့တောင်မပေါ်သေးဘူး။
အခု အသက် ၅၀ ကျော် တဲ့ သူတွေ လုပ်သား ဖိနပ် တံဆိပ် ကို ကောင်းကောင်း သိကြပါလိမ့်မယ်။ အခြေခံလူတန်းစားတွေရဲ့
ဘ၀တွေ ကို အင်မတန်မှ နားလည်မှု ရှိတဲ့ ကျော်စိုး အဖေ က သူရဲ့ ဖိနပ်တံဆိပ် ကိုတောင်
“လုပ်သား” တံဆိပ် လို့ နာမည်ပေးခဲ့တာ လို့
ဖေဖေ က ပြောပြဘူးတယ်။
မိဖတွေ က
တော်လှန်ရေးသမားဟောင်းကြီးတွေ၊ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သူတွေ ဆိုတော့ ရှစ်လေးလုံး ဒီမိုကရေစီ တောင်းဆိုလှုပ်ရှားမှုကြီး ကို ပြတ်ပြတ်သားသားထောက်ခံခဲ့ကြတယ်။
ကျော်စိုး အဖေ ဦးလေး ဦးလှမြင့် က တော့ ဒီပွဲ မှ မ၀င်ရင် ၊ ဘယ်ပွဲမှ ၀င်မလဲ ဆိုပြီး
သူ့ သားသမီးတွေ ကို လမ်းမပေါ်ထွက် ဆန္ဒပြ ကြဖို့ ပြောခဲ့ လို့ သမီးလတ် မမနွဲ့ တယောက် ၊ တောင်ဥက္ကလာ မြို့ နယ် က ဖိနပ်ချုပ်လုပ်သမားတွေ၊
လက်လုပ်လက်စားသူတွေ ကို ဦးဆောင်ပြီး အိမ်ထောင်ရှင်များသမဂ္ဂ ဆိုပြီး တောင်ဥက္ကလာ မြို့နယ်ကနေ
ဦးဆောင်ဆန္ဒပြခဲ့တာ။ စစ်အစိုးရ က လုပ်ကြံ ၀ါဒဖြန့်ချီတဲ့
ပါပီမ ရုပ်ရှင် မှာ တောင် မှတ်တမ်းဖြစ်ခဲ့တယ်။
ထောက်လှမ်းရေး က သွေးထိုးလှုံ့ဆော်ခဲ့တဲ့
တောင်ဥက္ကလာ ငွေကြာရံ လူသတ်ပွဲ ကြောင့် ရှစ်လေးလုံး
ကာ လ ရက်ကွက် လုံခြုံရေး မှာ ပါဝင်ခဲ့တဲ့ ကျော်စိုးတယောက်လည်း အရေးအခင်းနောက်ပိုင်း
နေရပ် ကနေ စွန့်ခွာခဲ့ရတယ်လို့ ကျော်စိုး ပြောပြဘူးတယ်။
***********************************************************
ကျော်စိုး
ရဲ့ ရုန်းကန်ခဲ့ရတဲ့ ဘ၀ အကြောင်းပြောရင် ငဘ မပါရင်တော့ ပြီးပြည့်စုံမှာ မဟုတ်ဘူး။
ငဘ နဲ့ ကျော်စိုး
က ညီအကိုလို ချစ်ခင်တဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း။
ကျော်စိုး ဘ၀ ကို ပြောင်းလဲလာအောင်လုပ်ပေးခဲ့တဲ့
သူ။
ကျော်စိုး
အမေရိကန် နိုင်ငံ ကို ရောက်လာ တာ ကလည်း ငဘရဲ့ ကျေးဇူး မကင်းဘူး။
ငဘ က ကျော်စိုးရဲ့
ကျေးဇူးရှင်လို့ ပြောရမယ်။
ဖြစ်ပုံ က
ဒီလို။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးအခင်းနောက်ပိုင်း မြန်မာ နိုင်ငံ က လူငယ် တွေ သန်းချီပြီး၊ နိုင်ငံ
ခြား ကိုထွက်ပြီး စွန့်စွန့်စားစား အလုပ်ရှာဖွေကြတယ်။ ကျော်စိုး လည်းတယောက် အပါအ၀င်ပေါ့။
အိမ်ကထွက်လာပြီး မလေးရှား ကို ရောက်လာတယ်။ ဘီဇာကုန်လို့ ထွက်ထွက်ရှောင်ရတဲ့ ဒုက္ခ က
မသေးတော့၊ Over Stay ဖြစ်တယ်။ Over Stay ဖြစ်တော့၊
နောက်ဆုံး ရှောင်ယင်းတိမ်းယင်း မလေး လ၀က ထောင်ထဲရောက်သွားတယ်။ ဒီမှာတင် ကြမ်းတမ်းတဲ့ ဘ၀ က စတော့တာပဲ။
အိမ်နဲ့ လည်း
အဆက်ပြတ်၊ မလေးရှားနိုင်ငံ၊ မြန်မာ သံရုံး က လည်း အကူအညီမပေး။ ငွေ မရှိတော့
ထောင်ထဲ မှာ နှစ်နဲ့ ချီနေပြီ။ ထွက်လို့မရဘူး။ ထောင်ထဲက ထွက်နိုင်ဖို့ မလေးရှား လ၀က တွေ က ထိုင်းငါးဖမ်း ပိုင်ရှင်တွေ ဆီကို ရောင်းစား
တာခံလိုက်ရတယ်။ ဒီမှာတင် ငဘ နဲ့ စတင် ရင်းနှီး သိကျွမ်းလာခဲ့တာ။
သူတွေလည်း
အများကြီး။ ဆင်းရဲတဲ့ တိုင်းပြည်၊ ညံ့ဖျင်းတဲ့ စစ်အစိုးရ အောက် မှာ သန်းချီတဲ့ မြန်မာ ပြည်သားတွေဟာ ကြမ်းကြမ်းတမ်းတမ်းနဲ့ ရုန်းကန်လှုပ်ရှားရင်း
၊ အမိတိုင်းပြည် ရှိ ဆင်းရဲမွဲတေ နေကြတဲ့ မိဘဆွေမျိုးတွေ ဆီ တနှစ်တနှစ် ဒေါ်လာ ဘီလီယံ
နဲ့ ချီ ပြန်ပို့ပေးခဲ့ကြတဲ့သူတွေပါ။
****************************************************************
တကယ်တော့
ငဘ နှင့် ကျော်စိုး က လည်း၊ ရောင်းစားခြင်းခံလိုက်ရတဲ့ ထိုင်းငါးဖမ်းသင်္ဘောပေါ် က ရေလုပ်သား
ဘ၀တူ တွေ။ ဘ၀ကို အပူအပင်မရှိ ဖြတ်သန်းနိုင် ခဲ့သူပါ။
ငါးဖမ်း တခါထွက်
လနဲ့ ချီကြာတယ်။ ကမ်းမမြင်၊ လမ်းမမြင် ပင်လယ်ထဲမှာ သင်္ဘောတစင်းထဲ အတူတူ ဆိုတော့၊ သူငယ်ချင်းနှစ်ယောက်
ညည အလွမ်းပြေ ယမကာလေး မော့ရင်း၊ သူ့အကြောင်းပြော၊
ကိုယ့်အကြောင်းပြောနဲ့ နှစ်တွေ အတောကြာလာတော ကောင်းတိုင်ပင်၊ ဆိုးတိုင်ပင် ညီအကို လိုဖြစ်လာတယ်။
ငါးဖမ်းသင်္ဘော
မဟာချိုင် မြို့လို ၊ တခြားမြို့ကြီးတွေဆီ ကမ်းပြန်ကပ်ရင် သူငယ်ချင်းတွေ နဲ့ အလည်သွား၊
ဈေးလေးဝယ်၊ ဆေးလေးဝယ်၊ ယမကာလေးသောက်၊ အပျော်ညကလပ် ကလေးတွေ နဲ့ အတိုးချ အချိန်ကုန်လွန်စေပေါ့။
သင်္ဘော ငါးဖမ်းထွက်ပြီဆို၊
ငဘ က သူ့ဇနီးချော အေးခိုင် အကြောင်း ဂုဏ်ယူဝံ့ကြွားစွာ ပြောပြလေ့ရှိတယ်။ ကျနော်က ရွာ
က ကွမ်းတောင်ကိုင် ကို ကံကောင်းပြီး၊ ရခဲ့တာဆိုပဲ။
*****************************************************************
ငဘ နဲ့ သူ့မိန်းမ
အေးခိုင် က ဘိတ်- ထားဝယ်ကားလမ်းပေါ်က ရွာ ငယ်လေးတရွာ
မှာ အတူတူ ကြီးပြင်းလာကြတာ။ ရွာငယ်လေးဆိုပေမဲ့ အိမ်ခြေ က ၂၀၀ လောက်ရှိတယ်။ ဘေးနားမှာ
က ညောင်စင်၊ ရန်တောင်၊ ရွှေဂူတောင် စတဲ့ ရွာကြီးတွေ က ၀ိုင်ရံထားတယ်။
ငဘ က ရွာ
မှာ တကောင်ကြွက် ၊ ငဘ မိဘတွေဆုံးပါးသွားပြီးတော့၊ ရွာ မှာ ကြုံရာ အလုပ်ကြမ်း လုပ် ပြီး
ဝမ်းစာ ရှာစားတယ်။ ငဘ က အသားမဲမဲ၊ အရပ်ရှည်ရှည်၊ ကိုယ်လုံးတောင့်တောင့်။ ရွာ လူကြီးတွေ ခိုင်းသမျှ ကူညီတယ်။ တရွာလုံး က ချစ်ကြတယ်။
ငဘ မှ ငဘ။
ပိုးလုံး
လို့ သူချစ်စနိုးခေါ်တဲ့ အေးခိုင် က၊ တောင်လေ
လာ မှ မိုး၊ သုံးပင်လိမ် မှ ကြိုး၊ ဒေါင်ဒေါင်မြည် မှ အိုး ဆိုသလို ကိုယ်လုံး ကိုယ်ထယ်
တောင့်တောင့်တင်းတင်း ပြည့်ပြည့်ဖြိုးဖြိုး။
မျှစ်စို့ကြီးလို
အရပ်အမောင်းကောင်းတဲ့ ထားဝယ်သူ။ မျက်တောင်လေး
ကော့ ပြီး၊ ဆံပင်ရှည်ရှည်၊ အသားဖြူဖြူ၊ ရွာ
က ကွမ်းတောင်ကိုင်တဲ့ သူ။
အင်မတန်မှ
ရုပ်ရည်ချောမောပြီး ငေးကြည့်ယူရတဲ့ အေးခိုင် ကို စီးပွားရေး အဆင်ပြေပြီး၊ ချမ်းသာတဲ့
အသိုင်းအသိုင်းထဲ က ကြိုက်တဲ့ သူတွေ က လည်း ရွာ မှာ က ဒု နဲ့ ဒေး။ ငဘ တို့ ကတော့ “အေးခိုင်
ကို မစဉ်းစားရဲပေါင်”လို့ ဆိုတယ်။ ရေချိုဆိပ် သွားရင် ထမိန်စိုလေး ရေရှားဝတ်ထားတဲ့
အေးခိုင် ကို ငေးကြည့်ပြီး၊ ရင်ပဲ ခုန်နေရတာ
လို့ သူ တမ်းတမ်းတတ ပြောပြရှာတယ်။
တနေ့ မှာတော့
တောင်ယာ လုပ်ကိုင်စားသောက် နေတဲ့ အေးခိုင် မိဘ နှစ်ပါး ၊မြေမြုပ် မိုင်း နင်းမိလို့ သေဆုံးသွားရှာတယ်။ ရွာက လူကြီးတွေ က တကောင်ကြွက်ဖြစ်နေတဲ့
အေးခိုင် ကို သနားပြီး အိမ်ထောင်ပြုဖို့ တိုက်တွန်းတယ်။ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲပေါ့။
ရွာက ငဘ ကို ရွေးချယ်ခဲ့တယ်။
ငဘ တို့ ရွာနီးစပ်က
တချို့ ရွာတွေ ဆို သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းတွေ ၊ ရေနက်ဆိပ်ကမ်း တည်ဆောက်မှုတွေ ကြောင့်
အတင်းအဓ္ဓမ ရွေ့ပြောင်းခြင်းခံနေရပြီ။
“ကို ဘ ရယ်
၊ ရွာ မှာ ဟိုလူခိုင်း ဒီလူခိုင်း နဲ့ တော့ ကျမတို့ ဘ၀ ကို လျောက်လို့ မရဘူး။ အလုပ်တခုတော့
ရှာဖို့လိုတယ်” လို့ အေးခိုင် က အကြံပေး တိုက်တွန်းတယ်။
ဒီတော့ ငဘ
အလုပ်ရှာထွက်ခဲ့တယ်။ ကံကောင်းတယ်လို့ ဆိုရ မလား။
ထားဝယ် ရေနက်ဆိပ်ကမ်း ဆောက်လုပ်ဖို့
တောရှင်း၊တောင်ရှင်း အလုပ်ကြမ်းလုပ်ရတဲ့ လမ်းတံတား တည်ဆောက်နေတဲ့ ကုမ္ပဏီတခု မှာ အလုပ်ရတယ်။
အလုပ်ရပြီးမကြာခင်မှာပဲ၊ အေးခိုင် လည်း ကိုယ်ဝန်ရလာတယ်။
ဒီ အချိန်ကတော့
ငဘ ရဲ့ အပျော်ဆုံးဘ၀ အချိန်တွေ ပေါ့။
*********************************************************
ဒီလိုနဲ့
အလုပ်လုပ်တဲ့ နေရာ မှာ တဲအိမ်လေးဆောက် ပြီးလို့
လင်မယား နှစ်ယောက် အတူနေထိုင်စဉ် ၂ လ အကြာ မှာ ပဲ၊ ဒေသခံ စစ်တပ် ရောက်လာပြီး၊
ငဘ ကို ပေါ်တာ ခေါ်သွားတယ်။
အေးခိုင်
ကိုယ်ဝန် ၆ လ အရင့်အမာ ရှိနေတဲ့ အချိန်။
ငဘ လည်း စစ်တပ်ခိုင်းစေတဲ့
နေရာတွေ သွားရတာ တောထဲ၊တောင်ထဲ မှာ ၆ လ ရှိနေပြီ။
တနေ့တော့ တိုက်ပွဲတွေ ဖြစ်လို့၊ ငဘ လည်း KNU နယ်မြေဖက် ထွက်ပြေးလွတ်မြောက်လာခဲ့တယ်။
ငဘ ရွာပြန်ရောက် လာတော့ အေးခိုင် က ခလေးမွေးပြီးပြီ။ သားယောက်ျားလေး က ၅ လ သား။ ရွာ
မှာ က လည်း အလုပ်က မည်မည်ရရ မရှိတော့ ၊ ပြင်သစ်နိုင်ငံ က လာတဲ့ တိုတယ် ကုမ္ပဏီ မှာ နေ့စား
အလုပ်ကြမ်း သွားလုပ်ခဲ့တယ်။ အလုပ်တောင် ကောင်းကောင်း မလုပ်ရသေးဘူး။ စစ်တပ်က ပေါ်တာ အတင်းစေခိုင်းခြင်းခံရပြန်တယ်။
၁နှစ်နီးပါး
လက်နက်ကြီးထမ်း၊ ရိက္ခာထမ်းနဲ့ တောထဲတောင်ထဲ မှာ ၁ နှစ်လောက် ကြာခဲ့တယ်။ ငဘ ကတော့ တိုက်ပွဲ များများ ဖြစ်ပါစေလို့ သာ ဆုတောင်းနေရတယ်။
ဒါမှ ကိုယ့်ထက်ငယ်တဲ့သူတွေ ကို ဆရာ၊ ဆရာခေါ်နေရတဲ့
ဘ၀၊ အဘ အဘခေါ်နေရတဲ့ဘ၀၊ အထမ်းဘ၀ ဘ၀ က လွတ်မြောက်မှာ။
တနေ့တော့
KNU က ကြားဖြတ်တိုက်လို့ ငဘ တယောက် ထွက်ပြေး လွတ်မြောက်ခဲ့ရတယ်။
ငဘ ဒီတခါ
ရွာ ကို မပြန်ချင်တော့ဘူး။ ပေါ်တာ သံသရာ က လွတ်မြောက်အောင်၊ ထိုင်းနိုင်ငံ မှာ ရရာ
အလုပ်လုပ်ပြီး၊ အေးခိုင် ကို ပြန်ခေါ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ပြန်ဖို့ ရွာလည်း မရှိတော့ဘူး။ ရွာ က လူတွေလည်း အတင်းအဓ္ဓမ
ရွေ့ပြောင်းခြင်းခံခဲ့ရလို့ ဘယ်ရောက်မှန်း ငဘ မသိတော့။
ငဘ တို့ ရွာရဲ့
ရွာနီးနားချုပ်စပ် ရွာကြီးတွေ က လူငယ်တွေ လည်း
စစ်တပ်က ပေါ်တာ ခဏခဏ အတင်းအဓမ္မ စေခိုင်းခြင်းခံနေရလို့ ရွာမှာ မရှိကြတော့ဘူး။
ထိုင်း နိုင်ငံ မှာ ရရာ အလုပ်သွားလုပ်နေကြတယ်။
ငဘ ရရာ အလုပ်လုပ်ရင်း
ထိုင်းနိုင်ငံ ရောက်လို့ ၁ နှစ် အကြာ မှာ ပဲ၊ ထိုင်းလ၀က က ဖမ်းဆီးတာ ခံလိုက်ရပြန်တယ်။
ဒီလိုနဲ့
နောက်ဆုံးတော့ ထိုင်း ငါးဖမ်းသင်္ဘော ပိုင်ရှင်တွေ ဆီ ရောင်းစား တာ ခံလိုက်ရတော့တယ်။
ဒီမှာ တင် လှေသူကြီးဖြစ်နေတဲ့ ကျော်စိုး နဲ့ စတင်ရင်းနှီးခဲ့တော့တာပါပဲ။
*************************************************************************
တနေ့ တော့
ငဘ က “ကိုကျော်စိုး…ကျနော် မဆုံးဖြတ် တက်တော့ဘူး၊
ကျနော့်  ကို အကြံဥာဏ် ပေးပါ၊ အကိုရယ်။ ကူညီပါလို့ ပြောပြီး၊ ချုံပွဲချ ငိုပါတော့တယ်။”
ကျော်စိုး
သိသလောက် ငဘ တခါမှ ငိုတာ မမြင်ဘူးဘူး။ ငါးခိုးဖမ်း
လို့ အစိုးရ စစ်သင်္ဘောတွေ လိုက်လို့ များ ပင်လယ်ရေ ထဲ ၂ နာရီ၊ ၄ နာရီလောက် ပုန်းအောင်းပြီး ငါးဖမ်း ပိုက်တွေ
စောင့်နေရရင်တောင် ငဘ မငိုဘူး။
ဒီတော့ ကျော်စိုးလည်း
အံသြတကြီးနဲ့ အပြင်က ပြန်လာတဲ့ ငဘ ကို ဘာဖြစ်လာတာလဲလို့ မေးလိုက်တယ်။ ဒီမှာ တင် ငဘ
တယောက် အန်ကြိတ်ပြီး၊ မျက်ရည်ဝဲ၀ဲ နဲ့ ပြောရှာတယ်။
“အကို သိတယ် မဟုတ်လား။ ကျနော် ပြောပြောနေတဲ့ ကျနော့်
မိန်းမ အေး
ခိုင်- ပိုးလုံး လေ။ ကျနော့် ကို
လိုက်ရှာဖို့ ရွာက ထွက်လာတာလို့ပြောတယ်။
အခု သူ့ လိင်ဖျော်ဖြေခိုင်းတဲ့
နိုက်ကလပ်တခု မှာ ကျနော့်မိန်းမ ၊ ပိုးလုံးလေးကို ကိုယ်တုံးလုံး နဲ့ တွေ့ခဲ့ရပြီ။
ကျနော် ဘာ ဆက်လုပ်ရမလဲ။”
ငဘ ရှိုက်ကြီးတငင်ငိုချပါတော့တယ်။
ကျော်စိုးက
တော့ ကိုယ်တကယ်ချစ်ရင်၊ ကိုယ့်မိန်းမ ဘာပဲဖြစ်ဖြစ် ပြန်ပေါင်း ပေါ့လို့အကြံပေးတယ်။
ဒါပေမဲ့ ဒီအကြံ
က တကယ်လက်တွေ့ မှာ ကျော်စိုးပြောသလောက် ငဘ အတွက် မလွယ်ဘူး။
လိင်ဖျော်ဖြေခိုင်းတဲ့ နိုက်ကလပ်တခု
က နေ အေးခိုင် ကို ခေါ်ထုတ်ဖို့ဆိုတာ မလွယ်ရေးချမလွယ်။
အေးခိုင်က တော့ အတူတူ မြန်မာပြည် ကို ထွက်ပြေးဖို့သာ၊
၊ ငဘ ကို ငိုယိုပြောနေတယ်။ သူတို့နှစ်ယောက်လုံး
ရွာကို မပြန်ချင်ကြတော့ဘူး။
ငဘ ကလည်း
ကျော်စိုး ကို အကူအညီပေးဖို့ပြောလာတယ်။
သူတို့ နှစ်ယောက်
ထွက်ပြေးရင် ၊ လှေသူကြီးဖြစ်တဲ့ ကျော်စိုးလည်း နေလို့မရ။ ထွက်ပြေးရတော့မှာ။ တကယ်တော့
ထွက်ပြေးမယ် ဆိုရင်တောင် ထိုင်းနိုင်ငံ မှာ လွတ်မှာ မဟုတ်ဘူး။ အသက် အန္တာရယ် ပါ စိုးရိမ်ရတဲ့
အခြေအနေ။
နောက်ဆုံးတော့
ကျော်စိုး ဆုံးဖြတ်လုပ်ပြီ။ သူတို့ ချစ်သူနှစ်ဦး လွတ်မြောက်အောင် ကျော်စိုး ကူညီပြီး၊
မလေးရှား ဖက် ကို ပြန်လာဖို့။
မလေးရှားရောက်တော့
ကျော်စိုး အဖမ်းခံရတယ်။ ကျော်စိုး မလေးရှား လ၀က မှာ လူကုန်ကူးမှု ခံရသူ ဒုက္ခသည်တယောက်ဖြစ်လာတယ်။
ဒီလိုနဲ့ ကျော်စိုး အမေရိကန် နိုင်ငံ ကို ရောက်လာ
ခဲ့တာ လို့ ကျော်စိုး တမ်းတ သတိယစွာ ပြောပြဘူးတယ်။
ငဘ က ကျနော့်ရဲ့ ကျေးဇူးရှင်တဲ့။
အေးခိုင်
က တော့ ကိုယ်ခံစွမ်းအား လျော့ကျတဲ့ ရောဂါနဲ့
လွန်ခဲ့ တဲ့ ၅ နှစ်လောက် က ကွယ်လွန်သွားခဲ့ရှာပြီ။
ငဘ ကတော့ ထိုင်းနိုင်ငံ မှာ လုပ်ကိုင်စားသောက်ယင်း ၊ ပျောက်ဆုံးသွားနေတဲ့ သားလေးတယောက် ကို ရှာဖွေနေတုန်းတဲ့။
စနစ်ဆိုးကြီး အောက် မှာ တွန်းပို့ခြင်း ခံလိုက်ရတဲ့ ကြမ်းတမ်းခဲ့တဲ့
ဘ၀တွေ မဟုတ်ပါလား။
No comments:
Post a Comment