Wednesday, September 23, 2009

အနာဂတ်ကြယ်ပွင့်လေးများ အပိုင်း (၃)

"Support children who have fled Burma over the border into Thailand"

-မြတ်စိုး-
မဇ္ဈိမသတင်း
၀၉.၂၁.၂၀၀၉ တနင်္လာနေ့၊

မဲဆောက် ပညာရေး


အနာဂတ်ကြယ်ပွင့်လေးများ အပိုင်း (၃) - ထိုင်းနိုင်ငံ မဲဆောက်မြို့ ရွှေ့ပြောင်းနေထိုင်သူများ၏ ပညာရေး ဆောင်းပါးမှာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ မြောက်ပိုင်း နယ်စပ်မြို့ မဲဆောက်ဆီ ရွှေ့ပြောင်းနေထိုင်လာသူ မြန်မာနိုင်ငံသားတွေ ရဲ့ ပညာရေးအတွက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း တွေနဲ့ ဆက်စပ်တဲ့ အကြောင်းအရာ တွေကို တင်ပြသွားပါမယ်။

၁၉၉၅ ခုနှစ်က မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ဆီ ရွှေ့ပြောင်းနေထိုင်လာသူတွေနဲ့ ထိုင်းနိုင်ငံသား အဖြစ် သက်သေအထောက်အထား မရှိသူတွေအတွက် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း ၂ ကျောင်းပဲ ရှိခဲ့ ပါတယ်။ အဲဒီတုန်းက ကျောင်းသား ကျောင်းသူရော၊ ဆရာ ဆရာမတွေပါ ထိုင်းရဲတွေရဲ့ မကြာခဏ ဖမ်းဆီးမှု တွေ၊ ခြိမ်းခြောက်မှုတွေ ရှိခဲ့တာပါ။ မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေကို ပညာသင်ကြားပို့ချ ပေးရေး မှာ ပြဿနာပေါင်းစုံ၊ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။

ဒါပေမဲ့ ၁၉၉၇ ခုနှစ်မှာ ထိုင်းနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အကြီးအကျယ် ပြင်ဆင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံအတွင်း ပညာရေးဆိုင်ရာ ဥပဒေတွေဟာလည်း အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။ တိုးတက်ကောင်းမွန် လာအောင် ပြုပြင်ခဲ့တဲ့ ထိုင်းနိုင်ငံ ပညာရေးစနစ်မှာ “National Education Act : An Education Reform Act for Future Development of the Thai People” အရ ပညာရေးဆိုင်ရာ စည်းမျဉ်း၊ ဥပဒေသစ်တွေကို ထုတ်ပြန်ခဲ့သလို၊ ပညာရေးကို နိုင်ငံတနိုင်ငံရဲ့ အဓိက မဏ္ဍိုင်အဖြစ် အလေးအနက် အားပေးမှုတွေ ပြုလုပ်လာခဲ့တာ တွေ့ရပါတယ်။ ၁၉၉၇ ခုနှစ်မှာ ပြင်ဆင်ခဲ့တဲ့ ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအသစ်မှာ ပညာရေးနဲ့ ပတ်သက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသစ်တခုကိုလည်း အတည်ပြုပြဋ္ဌာန်းခဲ့တာ ထူးဆန်းစွာ တွေ့ခဲ့ရပါတယ်။ အဲဒီ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသစ်အရ ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြမယ့် သူတွေဟာ အနည်းဆုံး အဆင့်မြင့် ပညာဘွဲ့ရရှိသူ ဖြစ်ရမယ်လို့ ပြဋ္ဌာန်းထားတာပါ။

အဲဒီ ဥပဒေသစ်ကို ထိုင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ အခုလို ထည့်သွင်းဖော်ပြထားပါတယ်။ “The proportional representation party list system was aimed at deterring vote-buying, strengthening the party system, and increasing the quality of candidates. MPs were required to have a bachelor's degree. In order to prevent last-minute party switching, MPs were required to be registered members of political parties at least 90 days before the election date. An independent Election Commission was established. Votes for House elections were counted at a central site in each province rather than at each polling station. This reform made it more difficult for village canvassers to evaluate the effectiveness of vote-buying.”

ဒီရွေးကောက်ပွဲဆိုင်ရာ ဥပဒေသစ်ဟာ “ဆိုက်ကားသမား၊ တရားသူကြီး မလုပ်သင့်” ဆိုတဲ့ အချက်ကို ဆိုလိုထားတာကြောင့် တကယ်ပဲ ဖြစ်သင့်တဲ့ အချက်၊ နမူနာယူသင့်တဲ့ အချက်လို့ ကျနော် ထင်တယ်။ အဲဒီ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေသစ်နဲ့အတူ ထိုင်းပညာရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြမယ့် အဆင့်မြင့် ပညာဘွဲ့ မရသေးတဲ့ သူတွေအတွက် အထူး စာသင်ကျောင်းတွေ၊ အဆင့်မြင့် တက္ကသိုလ် ပညာရေးအတွက် ညနေကျောင်းတွေကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ ပညာရေးနဲ့ နိုင်ငံရဲ့ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အဓိကထား တည်ဆောက်သွားနိုင်ဖို့ ရည်ရွယ်ခဲ့တာပါ။

ဥပဒေသစ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ထည့်သွင်းပြဋ္ဌာန်းခဲ့ရာမှာ ပညာရှင်တွေနဲ့ နိုင်ငံရေးပါတီတွေအကြား ကနဦးမှာ အခြေအတင် ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့်လည်း နောက်ဆုံးမှာ ထိုင်းပြည်သူတွေရဲ့ ထောက်ခံမှု အပြည့်အဝ ရခဲ့ပါတယ်။ နိုင်ငံတကာ လွှတ်တော်အမတ်တွေနဲ့ အစဉ်အမြဲ ထိတွေ့ဆက်ဆံနေကြတဲ့ ထိုင်းလွှတ်တော်အမတ်တွေကလည်း သဘောတူထောက်ခံခဲ့ကြသလို၊ ထိုင်းနိုင်ငံအတွင်း ပညာရေး ပြဿနာတွေ၊ အခက်အခဲတွေကို ထိုင်းပါလီမန်မှာ အလေးအနက်ထား ဆွေးနွေးလာခဲ့ကြတယ်။

၁၉၉၇ ခုနှစ် နောက်ပိုင်းမှာ ထိုင်းအစိုးရနဲ့ ထိုင်းဘုရင်တို့ရဲ့ ထိုင်းပညာရေးကို အားပေးလုပ်ဆောင်ခဲ့မှုကြောင့် ထိုင်းနိုင်ငံအတွင်း နေထိုင်ကြတဲ့ ဘယ်လိုကလေးငယ်မဆို ပညာသင်ကြားခွင့် ရှိလာစေခဲ့ပါတယ်။ ဒီအချက်ဟာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံထဲကို ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ပညာရေးကို လမ်းကြောင်းပွင့်လာစေခဲ့တယ်။ ဒါ့အပြင် မဲဆောက်မြို့ မြန်မာနိုင်ငံသား ပညာရေးတာဝန်ခံတွေ၊ စေတနာအလျောက် လာရောက်ထမ်းဆောင် ပေးနေကြတဲ့ ကျောင်းဆရာ ဆရာမတွေရဲ့ အစဉ်တစိုက် ကြိုးပမ်းခဲ့မှုတွေကြောင့် ၁၉၉၇ ခုနှစ်မှာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်း နေထိုင်သူတွေအတွက် စာသင်ကျောင်း ၉ ကျောင်း ဖြစ်လာခဲ့တယ်။

မြန်မာနိုင်ငံ နအဖ စစ်အုပ်စုရဲ့ အုပ်ချုပ်မှုသက်တမ်း ရှည်လာလေ၊ ဆင်းရဲမွဲတေမှုအောက်မှာ နေထိုင်နေကြရတဲ့ မြန်မာနိုင်ငံသား ဦးရေတွေ တိုးလာလေမို့၊ ထိုင်းနိုင်ငံထဲကို ရွှေ့ပြောင်းလာရောက်လုပ်ကိုင်သူ မြန်မာနိုင်ငံသား ဦးရေဟာလည်း တနေ့တခြား တိုးလာခဲ့တယ်။ လက်ရှိ ထိုင်းနိုင်ငံထဲမှာ နိုင်ငံရေးဒုက္ခသည်တွေ သိန်းချီ ရှိနေသလို၊ စီးပွားရေးအရ ရွှေ့ပြောင်းအလုပ်လုပ်ကြသူတွေလည်း ၄ သန်းလောက် ရှိနေပါတယ်။ ဒီလိုပါပဲ၊ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် စာသင်ကျောင်းတွေဟာလည်း တနှစ်ထက်တနှစ် ပိုများလာပါတယ်။

၂၀၀၅ ခုနှစ်နောက်ပိုင်း ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် စာသင်ကျောင်း ၆၇ ကျောင်း ရှိနေပါပြီ။ လက်ရှိ ပညာသင်ကြားနေသူ ကျောင်းသူ ကျောင်းသား ၁ဝ,ဝဝဝ ကျော်ရှိပြီး၊ ဆရာ ဆရာမ ၅ဝဝ ကျော်က ပညာသင်ကြား ပို့ချပေးနေကြပါတယ်။ မဲဆောက်မြို့ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး လေ့လာသုတေသနလုပ်နေတဲ့ ထိုင်းပညာရေးဌာနနဲ့ အစိုးရမဟုတ်တဲ့ ပညာရေး အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာအရ ထိုင်းနိုင်ငံ မဲဆောက်မြို့နဲ့ တပ်ခ်ခရိုင် အနီးတဝိုက်မှာ မြန်မာရွှေ့ပြောင်း နေထိုင်သူ ကလေးငယ် ၂ဝ,ဝဝဝ ကျော်ဟာ ကျောင်းမတက်နိုင်သေးကြောင်းနဲ့ ကလေးငယ်ပေါင်း ၄ဝဝဝ ကျော်ကတော့ မဲဆောက် ထိုင်းစာသင်ကျောင်းတွေမှာ ပညာသင်ကြားနေကြောင်း သိရပါတယ်။

လာမယ့်နှစ် အနည်းငယ်မှာတော့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီးရှိ အုံးဖျံဒေသ အနီးတဝိုက်မှာ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေ အဆင့်မြင့် ပညာသင်ကြားနိုင်ဖို့ ထိုင်းဘုရင်မိသားစုနဲ့ ထိုင်းပညာရေးဌာနတို့ ပူးပေါင်းပြီး တက္ကသိုလ်ကျောင်းတခုကို ကမကထ ကူညီဖွင့်လှစ်ပေးမယ်လို့ ဝမ်းသာစရာသတင်း ကြားခဲ့ရတယ်။ တကယ် ဒီသတင်းအတိုင်း ဖြစ်လာခဲ့မယ်ဆိုရင် အုံးဖျံဒေသ အနီးတဝိုက် ကီလိုမီတာ ၂ဝဝ အဝန်းရှိ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေ အဆင့်မြင့်ပညာကို လာရောက်ဆည်းပူးခွင့် ရရှိနိုင်မယ်လို့ ဆိုပါတယ်။

တနှစ်ပြီးတနှစ် မဲဆောက်မြို့ မြန်မာရွှေ့ပြောင်းနေထိုင်သူဦးရေ တိုးတက်များပြားလာနေသလို၊ ကလေးငယ်တွေ ရဲ့ အနာဂတ် ပညာရေးနဲ့ ပတ်သက်ပြီး အခက်အခဲတွေလည်း ပိုမိုရင်ဆိုင်ကြရပါလိမ့်မယ်။ နောင် ၅ နှစ်တာ ကာလအတွင်း အဓိက ရင်ဆိုင်ရမယ့် အခက်အခဲတွေကတော့ -

  • (၁) ကျောင်းတွေ ဆက်လက်ဖွင့်လှစ်နိုင်ဖို့၊ ဆက်လက်ရပ်တည်ဖို့ ငွေကြေးဆိုင်ရာ အခက်အခဲတွေ ရှိတယ်။ (Funding For Existing Schools and Building New Schools)
  • (၂) စာသင်ကျောင်းပုံစံနဲ့ ကိုက်ညီရမယ့် အဆင့်မီ ပညာရေးဆိုင်ရာ လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ လိုအပ်မှု အခက်အခဲတွေ ရှိတယ်။ ဆိုလိုတာက အထက်တန်းပညာကို သင်ကြားတတ်မြောက်ခဲ့သူဟာ ထိုင်း (သို့) နိုင်ငံတကာ တက္ကသိုလ်ကျောင်းတွေကို ဝင်ခွင့်ရနိုင်ဖို့ GED စာမေးပွဲအဆင့်ကို ဖြေဆိုနိုင်ရမယ့်သူ ဖြစ်သင့်တယ်။ (Aid For School Facilities)
  • (၃) များပြားလာတဲ့ စာသင်ကျောင်းတွေမှာ တူညီတဲ့ သင်ရိုးညွှန်းတမ်းတခု ဖြစ်ပေါ်လာရေးမှာလည်း အခက်အခဲတွေ ရှိနေတယ်။ (Have Same Curriculum)
  • (၄) အဆင့်မြင့်ပညာကို ဆက်လက်သင်ကြားခွင့် ရရှိနိုင်ရေးတွေမှာလည်း အခက်အခဲတွေ ရှိတယ်။ (Difficulties of Further Higher Studies)
  • (၅) ကျောင်းပြီးနောက် အလုပ်အကိုင် ရှာဖွေမှုမှာလည်း အခက်အခဲတွေ ရှိတယ်။ (Careers Job Search/ Job after Graduation)


ဘယ်လိုပဲဖြစ်ဖြစ် ဒီအခက်အခဲ၊ အကျပ်အတည်းမျိုးစုံကို မဲဆောက်မြို့ မြန်မာပညာရေး တာဝန်ခံတွေအနေနဲ့ ရင်ဆိုင်ဖြေရှင်းပြီး ကျော်ဖြတ်သွားနိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ အနာဂတ်မှာ တိုင်းပြည်ခေါင်းဆောင်တွေ ဖြစ်လာကြမယ့် ကလေးငယ်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ဟာ နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်တာမို့ ပြည်ပရောက် မြန်မာနိုင်ငံသား အားလုံးကလည်း မိမိတို့ တတ်နိုင်သလောက် ဝိုင်းဝန်းပံ့ပိုးပေးကြပါစို့။



ဤဆောင်းပါးတွင် ပါဝင်သော အချက်အလက်များ ကို ၀ိုင်းဝန်းစုဆောင်း ပေးခဲ့ကြပြီး၊ ပညာကို သဒ္ဓါကြည်ဖြူစွာ ပေးလှူ၍ စေတနာဖြင့် သင်ကြားပို့ချ တာဝန်ထမ်းဆောင် ပေး နေကြသည့် မဲဆောက်မြို့ မြန်မာရွှေ့ပြောင်း နေထိုင်သူများ၏ ပညာရေး တာဝန်ခံ ကိုမင်းမင်း နှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာရွှေ့ပြောင်း နေထိုင်သူများ၏ ပညာရေး တာဝန်ခံ ဂျိုးဇတ်ဆာရာနီတို့ ကို အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း။




Rest of your post

No comments: