Saturday, February 18, 2012

ခေတ်၊ စနစ် နဲ့ လူတွေ ဟာ အံဝင်ခွင်ကျ ဖြစ်ဖို့ လိုတယ် - အပိုင်း (၁)

Changes require actions from the ground, not from media or speeches.
The central requirement for the improvement of governance and institutional quality in Burma is the removal of the military from its central position of power. Burma’s new constitution (2008) ensures that the military cannot be excised from the legislative process, and therefore little can be expected from the document on this front.
( Asian Society: Current Realities and Future Possibilities in Burma)
-မြတ်စိုး-

မြန်မာနိုင်ငံ ရှိ စက်ရုံ အလုပ်ရုံတွေ မှာ လုပ်ငန်းခွင် အတွင်း မီးလောင်မှု၊ ပေါက်ကွဲမှုတွေ ကြောင့် သေကြေ ပျက်ဆီးဆုံးရှုံးမှုတွေ ကို သတင်းတွေထဲမှာ မကြာခဏ ဆိုသလို ဖတ်ရှု့ ကြရပါလိမ့်မယ်။ တချို့ဖြစ်စဉ်တွေ မှာ အလုပ်သမားတွေရဲ့ ပေါ့ဆမှု၊ အုပ်ချုပ်စီမံခန့်ခွဲမှုဆိုင်ရာမှာ ညံ့ဖျင်းမှု၊ အလုပ်သမားတွေအပေါ် လုပ်ငန်းခွင် ဆိုင်ရာ လေ့ကျင့်သင်ကြား ပညာပေးမှု တွေမှာ အားနည်းမှု၊ စက်မှုဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေ မှာ ကျင့်သုံးနေတဲ့ လုပ်ငန်းခွင်ဆိုင်ရာ အလေ့အကျင့်ကောင်း တွေ ကို အတုယူခြင်း တွေမှာ အားနည်းခဲ့မှု စတဲ့ ရလာဒ်ဆိုးတွေလို့ သုံးသပ်ရင် မှားလိမ့်မယ်လို့ မထင်ပါဘူး။ ယေဘူယျ အားဖြင့် စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အသိပညာ အားနည်းမှုတွေ၊ စီမံခန့်ခွဲ အုပ်ချုပ်သူတွေရဲ့ ကြိုတင်ပြင်ဆင်မှု ဆိုင်ရာတွေ မှာ အားနည်းမှု တွေကြောင့် ပိုမို ဆုံးရှုံးမှုတွေ၊ အဖြစ်ဆိုးတွေ နဲ့ ကြုံတွေ့ ခံစားခဲ့ရတာ တွေ့ရတယ်။ ဒီဖြစ်ရပ်ဆိုးတွေဟာ ခေတ်နဲ့ မဆီလျှော်တော့တဲ့ လုပ်ငန်းခွင်ဆိုင်ရာ လူသားတွေရဲ့ လုပ်ထုံးလုပ်နည်း အလေ့အကျင့်ဆိုး တွေကြောင့် ဆိုလည်း မမှား ပါဘူး။
မြန်မာနိုင်ငံ ရှိ စီးပွားရေး လုပ်ငန်းရှင်များ၊ လုပ်ငန်းခွင်အတွင်း စီမံခန့်ခွဲ အုပ်ချုပ်သူများ အနေနဲ့ တခြားသော စက်မှုဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေ မှာ ဒီလို ဖြစ်ရပ်ဆိုးတွေ နည်းပါးလာအောင် ဘယ်လို လုပ်ဆောင် နေကြသလဲဆိုတာ လေ့လာဆည်းပူးပြီး ကောင်းမွန်တဲ့ အလေ့အကျင့်တွေ ကို အတုယူ လုပ်ဆောင်ဖို့ လိုပါလိမ့်မယ်။


မြန်မာနိုင်ငံ မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက် စေချင်ရင်၊ ကမ္ဘာ့အဆင့်မှီ ကုန်ထုတ်လုပ်မှု အရည်အသွေးတွေ မြင့်မားလာစေချင်တယ် ဆိုရင် လုပ်ငန်းခွင် အတွင်း အလေ့အကျင့် နည်းလမ်း ကောင်း တွေ ကို တော့ အခြေခံကျကျ ကျင့်သုံးဖို့လိုပါလိမ့်မယ်။ ခေတ်မှီ ဖွံ့ဖြိုးတဲ့ နိုင်ငံတနိုင်ငံဖြစ်လာစေဖို့ လည်း လုပ်ငန်းခွင်၊ စီးပွားရေးနယ်ပယ် တွင် သာမက နိုင်ငံရေး၊ လူမှုရေး နယ်ပယ် အသီးသီးတွေ မှာ ပါ နိုင်ငံတကာ က အလေ့အကျင့် နည်းလမ်းကောင်း တွေ ကို အတုယူ ကျင့်သုံးဖို့ လိုပါတယ်။ တနည်းအားဖြင့် မြန်မာနိုင်ငံမှာ ခေတ်၊ စနစ် နဲ့ လူတွေဟာ အံဝင်ခွင်ကျ ဖြစ်လာစေဖို့ ကမ္ဘာ့အဆင့်မှီ အလေ့အကျင့်ကောင်းတွေ၊ လက်တွေ့ကျတဲ့ အတွေးအခေါ်တွေ တည်ဆောက်ဖို့ လိုပါတယ်။

ယနေ့ စက်မှုဖွံ့ဖြိုးတိုးတက်နေပါတယ် ဆိုတဲ့ နိုင်ငံများရှိ စက်ရုံ၊ အလုပ်ရုံလောက ၊ စီးပွားရေး လုပ်ငန်း ပိုင်း ဆိုင်ရာတွေ မှာ ရေပန်းစား အသုံးဝင် နေတဲ့ 5 S အလေ့အကျင့် ပုံစံ ကို နည်းလမ်း ပုံစံ ကောင်း တခု အဖြစ် ဥပမာပေး ပြီး ဝေမျှပေးချင်ပါတယ်။ ဒီနောက်မှာတော့ မြန်မာ့ နိုင်ငံရေး ယဉ်ကျေးမှု နှင့် ကုန်ထုတ်လုပ်မှု နည်းလမ်းပုံစံ ကို နှိုင်းယှဉ်ပြီး ဘယ်လို ဆက်နွယ်မှုတွေ ရှိသလဲဆိုတာ သုံးသပ်တင်ပြသွားပါမယ်။

ကမ္ဘာ့အဆင့်အတန်း မှီ ဖို့ဆိုရင် ကမ္ဘာမှာ ကျင့်သုံးနေတဲ့ အလေ့အကျင့် ကောင်း တွေ ကို အတုယူပါ

ယနေ့ 5 S ကို စက်မှုဖွံ့ဖြိုးတဲ့ နိုင်ငံများရှိ စက်ရုံ၊ အလုပ်ရုံကြီးတွေမှာ သာမက စီးပွားရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်၊ အစိုးရ ဌာနကြီးတွေ၊ လူမှု့ရေးနယ်ပယ်တွေ မှာ ပါ တွင်ကျယ်စွာ လေ့ကျင့် သင်ကြား အသုံးချလာတာတွေ ကို တွေ့လာရတယ်။ 5 S ကို စက်မှုဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံတွေမှာ လုပ်ငန်းခွင်အတွင်း အဓိကကျတဲ့ အလေ့အကျင့် နည်းလမ်းပုံစံ တခု အဖြစ် လည်း လက်ခံ ထားကြတယ်။

အမေရိကန် နိုင်ငံရှိ တိုယိုတာ၊ ဟွန်ဒါ ၊ ဂျီအမ်၊ ဖို့ဒ်၊ ခရိုက်စလာ စတဲ့ မော်တော်ကား ထုတ်လုပ်တဲ့ စက်ရုံအလုပ်ရုံတွေ ၊ သံမဏိ စက်ရုံကြီးတွေ၊ ကော်ပိုရေးရှင်း ကြီးတွေ မှာ 5 S ဆိုင်းဘုတ်ကြီးတွေကို လူမြင်တဲ့ နေရာတွေ မှာ ချိတ်ဆွဲထားကြတာ တွေ့ကြရပါလိမ့်မယ်။ မော်တော်ကား ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေ မှာ ကိုယ်ပိုင် ကုန်ထုတ်လုပ်မှုဆိုင်ရာ နည်းပညာတွေ ကိုယ်စီရှိကြတယ်။ ဥပမာ- တိုယိုတာမှာ TPS ဆိုတဲ့ Toyota Production System တိုယိုတာ ကုန်ထုတ်လုပ်မှု နည်းလမ်းပုံစံ ဆိုတာမျိုးပေါ့။ ၁၉၉၀ ခုနှစ် မှာ လူသိများလာတဲ့ စက်ရုံလုပ်ငန်း နှင့် စီးပွားရေးနယ်ပယ် တွေမှာ ခေတ်စားလာတဲ့ ကုန်ထုတ်လုပ်မှု နည်းလမ်းပုံစံ “Lean” ဆိုတာလည်း TPS ဆိုတဲ့ Toyota Production System တိုယိုတာ ကုန်ထုတ်လုပ်မှု နည်းလမ်းပုံစံ ကို အခြေခံထားတာ ဖြစ်တယ်။ “Lean” ကုန်ထုတ်လုပ်မှု နည်းလမ်း ပုံစံ ကို မဟာ အင်အားကြီး နိုင်ငံ ဖြစ် တဲ့ အမေရိကန်နိုင်ငံရဲ့ စစ်တပ် မှာတောင် လက်တွေ့ ကျင့်သုံးနေကြတာပါ။ 5 S ဟာ “Lean” ကုန်ထုတ်လုပ်မှု ပုံစံရဲ့ အစိတ်အပိုင်း တခု လည်းဖြစ်တယ်။ ကုမ္ပဏီတွေ မှာ ကိုယ်ပိုင် ကုန်ထုတ်လုပ်မှုဆိုင်ရာ နည်းပညာတွေ ဘယ်လိုပဲ ရှိကြစေကာမှု၊ 5 S ကို အခြေခံကျတဲ့ နည်းလမ်းပုံစံ တပုံစံတည်း အဖြစ် ကုမ္ပဏီတိုင်း၊ နယ်ပယ် အသီးသီး မှာ လက်ခံ ကျင့်သုံးလာခဲ့ကြတယ်။

ဆိုလိုတာက လူထုကို အကျိုးပြုစေမဲ့ အလေ့အကျင့် ကောင်းတွေ ဘယ်နိုင်ငံ၊ ဘယ်သူ့ဆီ က လာ လာ လက်ခံကျင့်သုံးဖို့ လိုတဲ့ စိတ်မွေးမြူ ကြရပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ ခေတ် တခေတ် နဲ့ တ ခေတ် မှာ လူသားတွေရဲ့ လိုအပ်ချက်၊ လုပ်ဆောင်ချက်တွေ ဟာ အသွင်မတူကြသလို၊ ဒီ လိုအပ်ချက်တွေ၊ လုပ်ဆောင်မှုတွေ ကို ဖြည့်ဆည်းပေးရာမှာ လူသားတွေရဲု့လုပ်ထုံးလုပ်နည်း အလေ့အကျင့်တွေဟာလည်း ခေတ်သစ်၊ စနစ် သစ် နဲ့ အညီ တိုးတက် ပြောင်းလဲလာမှုတွေ ရှိလာရမယ် ဆိုတဲ့ အချက်ပါ။

5 S ရဲ့ သမိုင်းကြောင်း

5 S နည်းလမ်း ပုံစံ ကျင့်သုံးမှု ကို ဂျပန် နိုင်ငံက စတင်ခဲ့တယ်။ ဂျပန်ဟာ ဒုတိယ ကမ္ဘာစစ်ပြီးနောက် တိုင်းပြည် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မှာ ဂျပန်နည်း ဂျပန် ဟန်တွေနဲ့ လုပ်ဆောင်ခဲ့တယ်။ တချို့ ဂျပန်နည်း၊ ဂျပန် ဟန်တွေကို ကမ္ဘာ့ က အသိအမှတ်ပြုခြင်း ခံခဲ့ရတယ်။ ဒီလို လုပ်ငန်းခွင် ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်လာအောင် ကျိုးပမ်းလုပ်ဆောင်မှုတွေထဲမှာ 5 S ဟာ လူသိများလာတဲ့ နည်းလမ်းပုံစံ တခုဖြစ်လာခဲ့တယ်။ နောက်ပိုင်းမှာတော့ စက်မှုဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေ တိုင်းမှာ ဒီနည်းလမ်းကို အခြေခံ သဖွယ် တွင်ကျယ်စွာ လက်တွေ့ အသုံးချလာတာတွေ့ရတယ်။
ဂျပန်လို မှုရင်း 5 S ကို Seiri, Seiton, Seiso, Seiketsu and Shitsuke အဖြစ် ရည်ညွှန်းထားတယ်။ အင်္ဂလိပ် လို ဘာသာပြန်ဆိုမှု ပြုရာမှာတော့ -
၁) Sort
၂) Set in Order
၃) Shine
၎) Standardize
၅) Substain
လို့ ရည်ညွှန်းခဲ့ကြတယ်။ တချို့ စက်မှုနိုင်ငံတွေက မှုရင်းပုံစံ ကို ပြန်လည်မွမ်းမံပြီး၊ နောက်ထပ် 3 S Safety၊ Security၊ Satisfaction အဆင့် ကို ထပ်ထည့်ခဲ့ကြပြန်တယ်။ 5 S နည်းလမ်း ကို စတင် လက်တွေ့ ကျင့်သုံး တဲ့ ကုမ္ပဏီ တိုင်း မှာတော့ လက်တွေ့ကျင့်သုံးမှု ကို အဆင့် သုံးဆင့်ခွဲပြီး လုပ်ဆောင် လေ့ရှိတယ်။ Sort, Set in Order, Shine ကို ပထမ အဆင့် အနေဖြင့် လုပ်ဆောင်တယ်။ ပထမ အဆင့် ဟာ အလေ့အကျင့် ဖြစ်လာပြီဆိုရင် ဒုတိယ အဆင့် Standardize နဲ့ Substain ဖြစ်လာဖို့ လုပ်ဆောင်ကြတယ်။ တတိယ အဆင့်မှာတော့ လုပ်ငန်းခွင် အတွင်း 5 S အလေ့အကျင့် ကို ပိုမိုကောင်းမွန်အောင် စစ်ဆေးရေး၊ ပြန်လည်သုံးသပ်ရေး အဖြစ် အဆင့်ဆင့်လုပ်ဆောင်ကြတယ်။
လုပ်ငန်းခွင်မှာ မြန်မာ လို 5 S ကို လိုလိုနှင့် တိုတို အနက်အဓိပ္ပါယ်ပြန်ရရင်တော့ -

၁) အသုံး မလိုတဲ့ အရာတိုင်း ကို ရှင်းထုတ်ပါ။
၂) အသုံးပြုနေတဲ့ အရာတိုင်းဟာ လည်း စနစ်တကျပုံစံ အတိုင်းရှိပါစေ၊
၃) သန့်ရှင်း ပြောင်လက် နေပါစေ၊
၎) လုပ်ပုံ ကိုင်ပုံတွေဟာ တပုံစံ ထဲရှိရမယ်။
၅) ဒီ နည်းလမ်း ကို အလေ့အကျင့် (သို့) ဓလေ့ထုံးစံ လို ကျင့်သုံးပါ လို့ အနက်အဓိပ္ပွယ် ရပါတယ်။

5 S အကျိုးသက်ရောက်မှု (သို့) လုပ်ငန်းခွင် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အလေ့အကျင့် နည်းလမ်းကောင်း

5 S က ဘာတွေ အကျိုးဖြစ်ထွန်းစေသလဲလို့ သိချင်သူတွေလည်းရှိပါလိမ့်မယ်။ အကျိုးဖြစ်ထွန်းစေတာ တွေကတော့ Scrap၊ Waste လို့ဆိုတဲ့ အလေအလွှင့်ဖြစ်မှု နည်းပါးလာစေမယ်။ ကုန်ထုတ်လုပ်မှု အားကောင်းလာမယ်၊ လုပ်ငန်းခွင် အတွင်း ထိခိုက်ဆုံးရှုံးမှုနည်းပါးစေမယ်၊ အချိန် ပိုထွတ်လာမယ်၊ လုပ်ငန်းခွင် ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ နည်းပါးလာစေမဲ့ ရလာဒ်ကောင်းတွေ အဖြစ် အကျိုးခံစားမှုတွေ ရှိလာ ပါလိမ့်မယ်။ လုပ်ငန်းခွင် ဆိုင်ရာ အသုံးအနှုန်း အားဖြင့် Quality ( ကုန်ထုတ်လုပ်မှု အရည်အသွေး)၊ Productivity ( ကုန်ထုတ်လုပ်မှုစွမ်းအား)၊ Delivery (၀န်ဆောင်မှု အရည်အသွေး)၊ နှင့် Morale လို့ခေါ်တဲ့ (စိတ်ဓာတ်) ပိုင်းဆိုင်ရာတွေ မှာ မြင့်မား ဖွံ့ဖြိုးတိုးတက်လာစေနိုင်တယ်။
အမေရိကန်နိုင်ငံ အတွင်း မော်တော်ကာထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေ မှာတော့ လူအားလုံးမြင်နိုင်တဲ့ နေရာတွေမှာ 5 S ရဲ့ အကျိုးတွေ ကို အခုလိုဖွင့်ဆိုရေးသားထားလေ့ရှိတယ်။

Benefits from 5 S

  • Lead Time Reduction
  • Productivity Increase
  • WIP Reduction
  • Quality Improvement
  • Space Utilization
တကယ်တော့ 5S ရဲ့ နည်းလမ်းပုံစံဟာ ကုန်ထုတ်လုပ်နေကြတဲ့ စက်ရုံ၊ အလုပ်ရုံတွေ အတွက် သာ အကျိုးရှိတာမဟုတ်ပါဘူး။ နယ်ပယ်အသီးသီးမှာ ပါ 5 S ရဲ့ အခြေခံကျတဲ့ တွေးခေါ်ယူဆနည်းလမ်းပုံစံ ဟာ အသုံးချလို့ရပါတယ်။ ယနေ့ ကမ္ဘာ့နိုင်ငံရေးလောက မှာ တောင် 5 S လို အခြေခံကျတဲ့ ကုန်ထုတ်လုပ်မှု နည်းလမ်း တွေ ကို ကျင့်သုံးလာတာတွေ့ရတယ်။ နိုင်ငံရေး နှင့် ကုန်ထုတ်လုပ်မှုနည်းလမ်းပုံစံ ဘာဆိုင်သလဲလို့ မေးလာမည့် သူတွေလည်း ရှိကြမှာပါပဲ။

No comments: