Saturday, March 10, 2012

ခေတ်၊ စနစ် နဲ့ လူတွေ ဟာ အံဝင်ခွင်ကျ ဖြစ်ဖို့ လိုတယ် - အပိုင်း (၂)



Changes require actions on the ground, not on media or speeches.
The central requirement for the improvement of governance and institutional quality in Burma is the removal of the military from its central position of power.
-မြတ်စိုး-
၀၂.၂၅.၂၀၁၂

အစိုးရ နယ်ပယ် မှာ 5 S ကို ဘယ်လို ကျင့်သုံးမလဲ-

ယနေ့ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ အစိုးရ တိုင်း အဓိက ရင်ဆိုင်ဖြေရှင်း နေရတာဟာ တိုင်းပြည် ဘဏ္ဍာရေး လိုငွေပြမှုပြဿနာပါ။ ဘဏ္ဍာရေး လိုငွေပြမှု ပြဿနာကို ဖြေရှင်းကြရင်း နိုင်ငံခေါင်းဆောင်တွေ တော်တော်များများနုတ်ထွက် ခဲ့ကြရတယ်။ ဂျပန် နိုင်ငံ မှာ တိုင်းပြည် စီးပွားရေး၊ ဘဏ္ဍာရေးပြဿနာ တွေကို ဖြေရှင်းရင်း ၀န်ကြီးချုပ် လေးဦး နှစ် အတွင်း နုတ်ထွက်သွားခဲ့ရတယ်။ အီတလီ၊ ဂရိ ဥရော တချို့ နိုင်ငံတွေ မှာလည်း ငွေကြေးပြဿနာ နှင့် ဘဏ္ဍာရေးပြဿနာတွေ ကို ဖြေရှင်းရင်း ၀န်ကြီးချုပ်တွေ နုတ်ထွက်ခဲ့ကြရတယ်။ ဒီလို နုတ်ထွက်ခဲ့ရတဲ့ အခြေခံ အကြောင်းအရင်းကတော့ အစိုးရ အတွင်း အလေအလွှင့်ပြဿနာ တွေ ကို မှန်မှန် ကန်ကန် တာဝန်ယူ ကိုင်တွယ် မဖြေရှင်းနိုင်ခဲ့ခြင်း၊ မဖယ်ရှားနိုင်ခဲ့ခြင်း ဆိုရင်လည်း မမှားပါဘူး။

နိုင်ငံ တနိုင်ငံ မှာ ဖွံ့ဖြိုးတိုးတက်မှုမရှိဘူး၊ တိုင်းပြည် မှာ ဘဏ္ဍာရေး လိုငွေပြနေပြီဆိုရင်၊ ကုန်ထုတ်လုပ်မှု နယ်ပယ် မှာ စဉ်းစား သလိုပဲ အလေအအလွှင့် (သို့) သုံးမရ အရှုံးပေါ်နေတဲ့ စီမံကိန်းတွေ၊ ၀န်ကြီးဌာနတွေ ကို လျော့ချဖို့ ကို အစိုးရ တိုင်း ပထမ အဆင့်အနေနဲ့ စဉ်းစားရမှာဖြစ်တယ်။ ဒါဟာ နိုင်ငံတကာ အစိုးရ တိုင်း က လက်တွေ့ ကျင့်သုံး လုပ်ဆောင် နေကြတာလည်းဖြစ်တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ မှာ တော့ ကမ္ဘာ့နိုင်ငံ အစိုးရတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်။ တိုင်းပြည် မှာ ဘဏ္ဍာရေး လိုငွေပြနေပေမဲ့ အစိုးရ ၀န်ကြီးဌာနတွေ ကို တော့ တိုးချဲ့ ဖွဲ့စည်းလာတာကိုတွေ့ရတယ်။ ၀န်ထမ်းလ စာ တိုးမြင့်ပေးဖို့တော့ တမတ်သား လွှတ်တော်မှာ ပယ်ချခံရပေမဲ့၊ နေရာ အတွက် ၀န်ကြီးဌာနတွေ တိုးချဲ့ခဲ့မှု ကို တော့ တမတ်သား လွှတ်တော် က အတည်ပြုခဲ့တယ်။ မြန်မာနိုင်ငံ မှာ မလိုအပ်တဲ့ ၀န်ကြီးဌာနတွေ ကို ပြပါဆိုရင်တော့ -

ဥပမာ အားဖြင့် - ပြန်ကြားရေးဝန်ကြီးဌာန၊ မီးရထားဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာန တွေဟာ မြန်မာစစ်အစိုးရ ခေတ် အဆက်ဆက် တိုင်းမှာ အလေအလွှင့် ဖြစ်နေတဲ့ ၀န်ကြီးဌာနတွေပါ။ မလိုအပ်ပဲ ဖွဲ့စည်းထားတဲ့ ၀န်ကြီးဌာန တွေဖြစ်နေတယ်။

လူဦးရေ သန်း ၃၁၀ ကျော်ရှိတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံ အစိုးရ မှာတောင် ပြန်ကြားရေး ၀န်ကြီးဌာန ဆိုတာမရှိဘူး၊ အစိုးရ ရဲ့ ပြောခွင့်ဆိုခွင့်ရှိသူတွေ အဖြစ်နဲ့ သာ အသုံးပြုတာ ကိုတွေ့ရတယ်။ ထို့အတူ လူဦးရေ တစ် ဘီလီယံကျော် ရှိတဲ့ တရုတ်အစိုးရ မှာ ပြန်ကြားရေးဝန်ကြီးဌာန မထားရှိဘူး။ အစိုးရ ရဲ့ ပြောခွင့်ဆိုခွင့်ရှိသူတွေ နဲ့ သာ ပြောင်းလဲ အသုံးပြုလာတာ ကိုတွေ့ရတယ်။

မြန်မာ စစ်အာဏာရှင်စနစ်အောက်မှာ ပြန်ကြားရေးဝန်ကြီးဌာဟာ အစိုးရ ၀န်ကြီးဌာန အဖွဲ့အတွင်း နှင့် ပြည်သူ တွေအကြား ရန်တိုက် ပေးနေတဲ့ ၀န်ကြီးဌာနဖြစ်နေ သလို Information Age လို့ခေါ်ဆိုတဲ့ သတင်းခေတ် မှာ ငွေကြေး သန်းနဲ့ချီ အလေအလွှင့် ဖြစ်နေတဲ့ ၀န်ကြီးဌာနတစ်ခုလည်း ဖြစ်နေတယ်။ ဒီမိုကရေစီ စနစ်အောက်မှာ ဘယ်နိုင်ငံ မှ အစိုးရပိုင် မီဒီယာ၊သတင်းစာတွေ မရှိသင့်တော့ပါ။

ထို့အတူ မြန်မာနိုင်ငံ မှာ မြေအောက်၊လွန်းပျံ ရထား တွေ မရှိသလို၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာနလည်း ရှိနေတာကြောင့် မီးရထားဝန်ကြီးဌာနဆိုတာ တကယ်တော့ မလိုအပ်ပါ။ လက်ရှိ မီးရထား ၀န်ကြီးဌာန မှာ မြေအောက်ရထား၊ လွန်းပျံရထားတွေ တိုးတက်လာတာ မတွေ့ရပေမဲ့ မီးရထားဝန်ကြီးဟာ လွန်းပျံ နိုင်ငံရေး ဆွေးနွေးမှုတွေ ကို သာလုပ်ဆောင်နေတာကြောင့် လွန်ပျံဝန်ကြီးဌာန ဆိုရင်တောင် ပိုအဓိပ္ပါယ်ရှိ ပါလိမ့်မယ်။ အခုတော့ မီးရထား ၀န်ကြီး က နေ လုပ်စရာ အလုပ်မရှိတဲ့ အလုပ်လက်မဲ့ ၀န်ကြီး လိုဖြစ်နေတယ်။ ဘာသာရေး အစွန်းရောက်နေတဲ့ နိုင်ငံတွေ က လွဲပြီး ခေတ်မီ တိုးတက် တဲ့ ဘယ်နိုင်ငံ အစိုးရတိုင်း မှာ သာသနာရေး ၀န်ကြီးဌာ ဆိုတာမရှိပါ။

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ပြုလုပ်နေပါတယ်ဆိုပေမဲ့ မြန်မာနိုင်ငံ မှာ ကျေးလက်တောရွာ၊ မြို့နယ်၊ ပြည်နယ် တိုင်းတွေ က အစ၊ လွှတ်တော်၊အစိုးရ အဆုံး နေရာ အတော်များများ မှာ စစ်တပ် က အာဏာ ကို ဆက်လက် ထိမ်းချုပ်ထားဆဲပါ။ လက်ရှိ စစ်အစိုးရ အောက် မှာ ၀န်ကြီးဌာန ၃၄ ဌာန မှာ အရပ်သား ဦးသာ ပါဝင်တာ ကိုတွေ့ရတယ်။ ခေတ် က ပြောင်းလဲလာတယ်၊ စနစ်ကိုပြောင်းလဲလိုပေမဲ့ တိုင်းပြည် အုပ်ချုပ်နေသူတွေ ရဲ့ လုပ်ထုံးလုပ်နည်း အလေ့အကျင့်ဆိုး က တော့ မပြောင်းလဲချင်ကြဘူးဖြစ်နေတယ်။

အစိုးရ ရဲ့ ပေါ်လစီတွေ၊မူဝါဒတွေ၊ သဘောထားတွေ ပြောင်းလဲနေပါပြီဆိုတာ ဘယ်လိုပဲ မီဒီယာ၊မိန့်ခွန်းတွေ ကနေ ပြောပြော၊ အောက်ခြေ မှာ ဘာမှ တိုးတက်ပြောင်းလဲမှုတွေ မလုပ်ပြနိုင်သ၍ တိုင်းပြည် ဘဏ္ဍာ ကို အလွှဲသုံးစား လုပ်နေသ၍ ပြည်သူရဲ့ ယုံကြည် အားကိုးမှု ကို ရရှိမှာ မဟုတ်ပါဘူး။ စီးပွားရေး နယ်ပယ်မှာလည်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ၀င်အောင် ဘယ်လိုပဲ မက်လုံးတွေ ပေးပေး၊ အခြေခံကျတဲ့ပြုပြင်ပြောင်းလဲမှုတွေ မရှိသေးဘူးဆိုရင်တော့ ဘယ် နိုင်ငံခြားသား စီးပွားရှင် က မှ လာရောက် ရေရှည် ရင်းနှီးမြုနှံကြမှာ မဟုတ်ပါ။ လိုင်စင်ရောင်စား၊ သံယာဇာတ တူးဖော် ရောင်းချ တဲ့ ပွဲစား စီပွားရေးပုံစံနဲ့ တော့ တိုင်းပြည် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှာ တော့ မဟုတ် သလို၊ ဟိုလူ့မျက်နှာချိုသွေးရ၊ ဒီလူ့ မျက်နှာချို သွေးရတဲ့ ပြည့်တန်ဆာ စီးပွားရေး ပုံစံ ပဲဖြစ်နေလိမ့်မယ်။ ရေရှည် စီးပွားရေး အခွင့်အလမ်းတွေ ၀င်လာအောင် အခြေအနေတွေ ကို ဖန်တီးတည်ဆောက် ပေးဖို့လိုပါတယ်။

တနည်းအားဖြင့် အလေအအလွှင့်ဖြစ်နေမှုတွေကို ဖယ်ရှားခြင်း၊ အောက်ခြေ က နေ ပြုပြင်ပြောင်းလဲမှုတွေ ကို စတင် လုပ်ဆောင်ခြင်းဟာ 5 S ကုန်ထုတ်လုပ်မှု ပုံစံရဲ့ အခြေခံကျတဲ့ နည်းလမ်းတွေပါ။ တကယ်တော့ 5 S ရဲ့ နည်းလမ်းပုံစံဟာ ကုန်ထုတ်လုပ်နေကြတဲ့ စက်ရုံ၊ အလုပ်ရုံတွေ အတွက် သာ အကျိုးရှိတာ မဟုတ်ပါဘူး။ စီးပွားရေး၊ နိုင်ငံရေး နယ်ပယ်အသီးသီးမှာ ပါ 5 S ရဲ့ အခြေခံကျတဲ့ တွေးခေါ်ယူဆ နည်းလမ်းပုံစံ ဟာ အသုံးချလို့ရပါတယ်။ အစိုးရ တိုင်းဟာ ဘဏ္ဍာရေး လိုငွေပြမှုတွေ ကို ဖြစ်ပေါ်လာစေတဲ့ အလေအလွှင့်တွေ ကို ဖော်ထုတ် ဖယ်ရှားရန်လိုအပ်တယ်။ ဒီလို ဖယ်ရှားဖို့ 5 Sကုန်ထုတ်လုပ်မှု ပုံစံရဲ့ အခြေခံကျတဲ့ နည်းလမ်းတွေ ကို လက်တွေ့ကျကျ အကောင်အထည် ဖော်သင့်တယ်။

No comments: