Saturday, March 10, 2012

ခေတ်၊ စနစ် နဲ့ လူတွေ ဟာ အံဝင်ခွင်ကျ ဖြစ်ဖို့ လိုတယ် - အပိုင်း ( ၃)

Changes require actions on the ground, not on the media or speeches.
The central requirement for the improvement of governance and institutional quality in Burma is the removal of the military from its central position of power.

-မြတ်စိုး-
၀၃.၀၄.၂၀၁၂
လောင်း၊ နောင်၊ ဆင်၊ စဥ့်၊ မောင်မောင် နှင့်
ဘိုး၊ ဘ၊ သာယာ ပြည်မြန်မာ၊
ပုဂံ၊ မင်းတုန်း၊ သီပေါ ဆုံး။

ဒီ စာသားလေး ကို ကျနော်တို့ အထက်တန်း ကျောင်းသားဘ၀ က အလွတ် ကျက်ခဲ့ရတယ်။ သမိုင်းဆရာမ က မင်းဆက် ၁၁ ဆက် နန်းစံ အုပ်ချုပ်ခဲ့တဲ့ ကုန်းဘောင်ခေတ် ဆွေစဉ်မျိုးဆက် မင်းဆက်တွေ အကြောင်း ကို မှတ်မိ အောင် သင်ကြားပေးခဲ့တာ ပါ။ ကုန်ဘောင်ခေတ် ပဒေသရာဇ်စနစ် ကို မြန်မာပြည်သူတွေ နှစ်ပေါင်း ၁၃၃ နှစ်ကျော် ဖြတ်သန်းခဲ့ရတယ်။ ဒီနောက် နှစ်ပေါင်း ၁၂၁ နှစ်ကျော် ကိုလိုနီခေတ် မှာ မြန်မာပြည်သူတွေ တိုင်းတပါးကျွန်ဖြစ်ခဲ့ရပြန်တယ်။ ကိုလိုနီခေတ် ဆိုတာဟာ ဗြိတိသျှတို့ မြန်မာနိုင်ငံကို စစ်သုံးကြိမ်ဖြင့် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြန်မာနိုင်ငံကို အုပ်ချုပ်သောခေတ် ဆိုလိုတာပါ။ ပထမ အင်္ဂလိပ် - မြန်မာစစ် ဟာ ၁၈၂၄-ခုနှစ်၊ မတ်လတွင် စတင်ဖြစ်ပွားခဲ့တယ်။ ၁၈၂၆-ခု၊ ဖေဖော်ဝါရီလ (၂၄)ရက်တွင် ရန္တပိုစာချုပ် ချုပ်ဆိုကာ ရခိုင်နှင့် တနင်္သာရီတို့ကို ဗြိတိသျှတို့ထံ ပေးလိုက်ရတယ်။ အဲဒီနောက် ကိုလိုနီခေတ် က နေ လွတ်လပ်ရေးရပြီးနောက် ပါလီမာန်ဒီမိုကရေစီ စနစ်ကို တက်လှမ်းနိုင်ခဲ့ပေမဲ့ စစ်ကျွန် ဘ၀ ကို မြန်မာပြည်သူတွေ အနှစ် ၅၀ ကြာ ယနေ့ထိ ထပ်မံ ခါးသီးစွာ ရင်ဆိုင်ခဲ့ကြရပြန်တယ်။

ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ်၊ စစ်အာဏာရှင်ခေတ် ဆိုပြီး နှစ်ပေါင်း ရာနဲ့ ချီ စွာ ခေတ်တွေသာ ပြောင်းလဲခဲ့တယ်။ မြန်မာပြည်သူတွေဟာ အာဏာရှင် စနစ်အောက်မှာ နေနေရတုန်းပဲ။ မြန်မာ့ နိုင်ငံရေး ယဉ်ကျေးမှု သမိုင်းကို ပြန်လည်သုံးသပ်ကြည့် မယ်ဆိုလျှင် အာဏာရှင်တွေကြောင့် မြန်မာပြည်သူတွေ ဟာ ပိတ်ဆို့ ထားတဲ့ မွန်းကျပ်နေတဲ့ လူ့အဖွဲ့အစည်း အောက် မှာ နှစ်ပေါင်းရာနဲ့ ချီ အကြောက်အလန့် တရားတွေ၊ ရောင့်ရင်း တင်းတိမ်မှုတွေ၊ အားကိုးချင်တဲ့ စိတ်တွေနဲ့ အတူ ပုံစံတကျ ခေါက်ရိုးကျိုးသွား ခဲ့ကြတာတွေ့ရတယ်။

ဒီ ခေါက်ရိုးကျိုးနေတဲ့ ပုံစံ က နေ အမွေဆိုး တခု ထပ်ရခဲ့ရပြန်တယ်။ အဲဒါကတော့ အာဏာရှင်တွေ ကို ဆန့်ကျင် တိုက်ပွဲဝင်ရင်း မြန်မာပြည်သူတွေဟာ သူရဲကောင်း မြတ်နိုးတဲ့၊ ကယ်တင်ရှင်ကို မျှော်လင့်တဲ့ စိတ်နှင့် အကျင့် စရိုက် တနည်းအားဖြင့် သူရဲကောင်း ကိုးကွယ်တဲ့ ၀ါဒ တွေဟာ မြန်မာ့နိုင်ငံရေး သမိုင်းမှာ ဓလေ့ထုံတမ်းစဉ်လာ လို ဖြစ်လာခဲ့တာတွေ့ရတယ်။ မြန်မာ့ရာဇ၀င် မှာ သူရဲကောင်းတွေ ခေတ်အဆက်ဆက်မှာ ပေါ်ထွက်လာခဲ့ပေမဲ့ ၊ သူရဲကောင်း ကိုးကွယ်ခဲ့တဲ့ လူသားတွေရဲ့ စိတ်တွေကြောင့်၊ အာဏာရှင်တွေ လက်အောက် က မလွတ်မြောက်နိုင်ကြသေးတာလည်း အချက်တချက်ဖြစ်နေတယ်။ သူရဲကောင်းတွေ ကွယ်ပျောက်သွားတော့ ပုံစံခွက်ထဲ ပြန်ရောက်သွားခဲ့ကြတာ သမိုင်းအစဉ်အလာကြီး လိုဖြစ်နေတယ်။ ဒီလို သူရဲကောင်း မြတ်နိုးတဲ့၊ ကယ်တင်ရှင်မျှော်လင့်တဲ့ အတွေးအခေါ်၊အယူအဆ၊ အကျင့်စရိုက်တွေ၊ ပြည်သူလူထု စိတ် ထဲမှာ ဆက်လက် ကိန်းအောင်းနေသ၍လည်း မြန်မာပြည်သူတွေ ဟာ အနာဂတ်မှာ ဆုံးရှုံးမှုတွေ နဲ့ ဆက်လက် ရင်ဆိုင်နေရအုန်းမှာ ပဲ။ တနည်းအားဖြင့် မြန်မာနိုင်ငံမှာ ခေတ် နဲ့ စနစ် နဲ့ လူတွေဟာ အံဝင်ခွင်မကြဖြစ်နေတယ်။

တကယ်တော့ တော့ ယနေ့ ကမ္ဘာကြီးဟာ ကျယ်ပြောသော ပထ၀ီဒေသကြီး တခုဖြစ်သလို ထွေပြား နက်ရှိုင်းတဲ့ လူမှုစီးပွား ရေး နယ်ပယ်ကြီး တခုလည်းဖြစ်နေတယ်။ စနစ်တွေဟာ လည်းခေတ်နဲ့ အညီပြောင်းလဲလာသလို လူသားတွေရဲ့ တွေးခေါ်မှု၊ အလေ့အကျင့်တွေဟာ လည်း ကမ္ဘာကြီးမှာ တိုးတက်ပြောင်းလဲနေတာတွေ့လာရတယ်။ ယနေ့ခေတ် မှာ ကျယ်ပြော နက်ရှိုင်းတဲ့ ပြဿနာတွေ ကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ က ဘယ် သူရဲကောင်း၊ ဖန်တီးရှင် တဦးထဲက မှ ဖြေရှင်းနိုင်မှာ မဟုတ်သလို၊ တစ်ဦးတစ်ယောက်တည်း တော်နေ တက်နေရုံ ဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်လာ မှာ မဟုတ်ဘူးဆိုတာ ကမ္ဘာ မှာ လူသားအားလုံး က လက်ခံထားကြတယ်။ ပြည်သူပြည်သား များ တစ်ဦးချင်းအလိုက် အလေ့အကျင့်ကောင်းတွေ၊ စွမ်းရည်တွေ တိုးတက်မြင့်မားလာပါမှ တိုင်းပြည် တိုးတက်ကြီးပွားလာမှာ ဖြစ်ပါတယ်။

တိုင်းပြည် တပြည် ရဲ့ ဖွံ့ဖြိုးတိုးတက် မှု အဓိက လိုအပ်ချက် က ဘာလဲ?

လူသားတွေရဲ့ တစ်ဦးချင်းဆီ စွမ်းရည် မြင့်တင်ဖို့ ၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်တက်ဖို့ အတွက် ဘာတွေ လုပ်သင့်သလဲလို့ မေးခွန်းတွေရှိကြမှာ ဖြစ်သလို၊ လူတိုင်း စိတ်ဝင်စားမှုတွေရှိကြမှာတော့ အမှန်ပါပဲ။ ကမ္ဘာ့ ကုလသဂ္ဂ ဖွံ့ဖြိုးမှု အဖွဲ့ကြီက တော့ နိုင်ငံတနိုင်ငံမှာ ရှိတဲ့ လူသားတွေရဲ့ တစ်ဦးချင်းဆီ စွမ်းရည် ကို အောက်ပါ ကိန်းဂဏ္ဍန်း အချက် တွေ နဲ့ တွက်ချက် တိုင်းတာကြတယ်။




1. Life Expectancy Index (LEI)
2. Education Index (EI)
2.1 Mean Years of Schooling Index (MYSI) [3]
2.2 Expected Years of Schooling Index (EYSI) [4]
3. Income Index (II)

အခြေခံအားဖြင့်တော့ လူသားတွေရဲ့ ရှင်သန်မှု၊ ကျန်းမာရေး၊ ပညာရေး၊ တဦးချင်း ၀င်ငွေ နှင့် သုံးငွေ အင်အား စတဲ့ အချက်တွေ အပေါ် မှာ ဆုံးဖြတ် တိုင်းထွာလေ့ရှိကြတယ်။ တနည်းအားဖြင့် အခြေခံ အဆောက်အအုံ တွေဖြစ်ကြတဲ့ ပညာရေး၊ကျန်းမာရေး နှင့် ဆင်းရဲ မွဲတေမှု အပေါ် မှာ တိုးတက်မှု ရှိမရှိ လေ့လာမှုပြုကြတယ်။ စီးပွားရေး ပညာရှင်တွေ ကတော့ နိုင်ငံတနိုင်ငံမှာ လူတစ်ဦးချင်းစီရဲ့ စွမ်းရည် တွေ မြင့်မားဖို့ နှင့် တိုင်းပြည်တပြည် ဖွံ့ဖြိုးတိုးတက်ဖို့ အစိုးရတိုင်းဟာ-

၁) ပညာရေး နှင့် ကျန်းမာရေး မှာ ရင်းနှီးမြုပ်နှံမှု၊
၂) စွမ်းအင် ဆိုင်ရာ မှာ ရင်းနှီးမြုပ်နှံမှု၊
၃) လမ်းပန်းဆက်သွယ်သွယ်ရေးမှာ ရင်းနှီးမြုပ်နှံမှု တွေ မရှိမဖြစ် လိုအပ်တယ်လို့ထောက်ပြကြတယ်။

နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ ဟာ ဒီ အဓိက ကျတဲ့ နယ်ပယ်တွေ မှာ နိုင်ငံ ကို အုပ်ချုပ်နေကြတဲ့ အစိုးရ တွေ ဘယ်လောက် ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်နေသလဲ ဆိုတဲ့ ကိန်းဂဏ္ဍန်းတွေ ပေါ်မှာ သာမူတည်တယ်။ ဥပမာ- ခေတ်မှီတဲ့ စာသင်ခန်းတွေ တည်ဆောက်ဖို့ က စွမ်းအင်လိုသလို၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပိုင်းမှာ လည်း လူတစ်ဦးချင်းစီရဲ့ ပညာရေးစွမ်းရည်၊ လျှပ်စစ် စွမ်းအင် နှင့် လမ်းပန်းဆက်သွယ်သွယ်ရေး ကောင်းမွန်မှု ဟာ မရှိမဖြစ်လိုအပ်တယ်။

မြန်မာနိုင်ငံ သမိုင်းတလျှောက် ဒီနယ်ပယ် သုံးခုစလုံးမှာ ရင်းနှီးမြုပ်နှံမှုတွေ ဟာ အားနည်းမှု
တွေရှိနေတယ်။ ဒါကြောင့်မို့ လည်း လူတစ်ဦးချင်းစီရဲ့ စွမ်းရည်တွေဟာ တဖြေးဖြေး နိမ့်ကျလာခဲ့တယ်။ လက်ရှိ မြန်မာ့ ပညာရေး သမိုင်း ဟာ ဘုန်ကြီးကျောင်းပညာရေး၊ ဖယောင်းတိုင်ပညာရေး ကနေ မလွတ်မြောက် နိုင်ကြသေးဘူး။ တက္ကသိုလ်ကျောင်း မှာ ဆရာတွေနဲ့ ကျောင်းသားတွေဟာ မိုးထဲ၊လေထဲ၊ တောထဲမှာ ပညာသင်ကြားနေရတယ်။ ဒဂုံမြို့သစ် က တက္ကသိုလ်ကျောင်းတွေဆို နားဂစ် တိုက်ပြီးကတည်း က အခုထိ စစ်အစိုးရ က အပျက်အစီးတွေ ကို မပြင်ဆင်ပေးနိုင်သေးဘူး။ ပညာရေးစနစ်မှာ ယခင်က အာရှ မှာ နံမည်ကြီးခဲ့ မြန်မာနိုင်ငံက တက္ကသိုလ်တွေဟာ တောလက် ကျေးရွာ တွေကိုပင် အပို့ခံခဲ့ရတယ်။ မြို့ပြ တက္ကသိုလ် ပညာရေး ကနေ ကိုယ်ထူကိုယ်ထ ကျေးလက် ပညာရေး ကို ပြောင်းလဲလာခဲ့တယ်။ အထက်တန်းကျောင်းတွေ မှာ ရှိတဲ့ သိပ္ပံဓာတ်ခွဲခန်းတွေဟာ ဖုံတက်နေခဲ့ တာ ၁၉၆၂ ခုနှစ် နောက်ပိုင်းကတည်းက ပါ။ ခေတ်မှီတဲ့ စာသင်ခန်းတွေ မရှိသ၍ ခေတ်မှီတဲ့ ပညာရေးကို ဆည်းပူး လေ့လာဖို့ က တော့ အလှမ်းဝေးနေအုန်းမှာပါ။

စွမ်းအင် အရင်းအမြစ် ပေါ်များတဲ့ မြန်မာ နိုင်ငံမှာ ပြည်သူတွေ ဟာ ကိုယ်ထူ ကိုယ်ထစနစ်နဲ့ နိုင်ငံတော် ဓာတ်အား စနစ်ကနေ ဓာတ်အား ရယူနေရတုန်းပဲ။ မြန်မာနိုင်ငံ မှာ ကျေးလက်တောရွာ ပေါင်း ၆ သောင်းကျော် ရှိသည့်အနက် ၂ ထောင်ကျော်သာ လျှပ်စစ်မီး ပေးနိုင်သေးတယ်။ လျှပ်စစ်ရရှိနိုင်ဖို့ လျှပ်စစ်ဖြန့်ဖြူးပေးတဲ့ မြေအောက်၊ မြေပေါ် လျှပ်စစ်လိုင်းတွေ တည်ဆောက်မှု အပေါ် မှာ လည်း ရင်းနှီးမြုပ်နှံမှု မရှိတော့ ကျေးလက်တောရွာတွေမှာ ဖယောင်တိုင်းပညာရေး ပဲဖြစ်နေပါလိမ့်မယ်။ လျှပ်စစ်စွမ်းအင်ဖြန့်ဖြူးမှု အပေါ် ရင်းနှီးမြုပ်နှံမှု မရှိသ၍ လည်း စက်မှု နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မှာ အဟန့် အတားတွေဖြစ်နေ ပါလိမ့်မယ်။

လက်ရှိ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှု ဆိုင်ရာ မှာ အဓိ က ကျတာကတော့ လမ်းပန်းဆက်သွယ်ရေးပါ။ နိုင်ငံရဲ့ အရှေ့ ၊ အနောက် ၊ တောင်၊ မြောက် နေရာတိုင်းကို အချိန်တိုအတွင်း သွားလာနိုင်မဲ့ လမ်းမကြီးတွေ၊ Logistic လို့ခေါ်ဆိုတဲ့ ကုန်စည်ဖြန့်ဖြူးနိုင်တဲ့ လမ်းကြောင်းတွေ ရှိရမှာ ဖြစ်သလို၊ စီးပွားရေး ဆိုင်ရာ သတင်း အချက်အလက်မှန်တွေ ကို အလျင်အမြန်ရရှိဖို့ က ကောင်းမွန်တဲ့ ဆက်သွယ်ရေး စနစ်ရှိဖို့လိုပါတယ်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်နေတဲ့ အာရှနိုင်ငံတွေဖြစ်ကြတဲ့ တရုတ်၊ စင်္ကာပူ၊ မလေးရှား၊ တောင်ကိုရီးယား၊ ထိုင်းနိုင်ငံတွေရဲ့ ဆက် သွယ်ရေး ကို လေ့လာကြည့်နိုင်ပါတယ်။ ဒီနိုင်ငံတွေ မှာ အစိုးရတွေက ဆက်သွယ်ရေး စနစ်ကောင်းမွန်မှု အတွက် ဒေါ်လာ ဘီလီယံနဲ့ ချီ သုံးစွဲခဲ့ကြတယ်။ နည်းပညာနှင့် ဆက်သွယ်ရေးစနစ် ကောင်းမွန်လာမှုကြောင့် ပြည်သူတွေရဲ့ ပညာရေးကဏ္ဍဟာလည်း မြင့်မားလာခဲ့တယ်။

တရုတ်နိုင်ငံ မှာ မိုဘိုင်းဖုန်း ၀န်ဆောင်မှု သုံးစွဲသူ အရေအတွက်သည် ၉၈၇ ဒသမ ၆ သန်း သုံးစွဲနေကြပြီး၊ တောင်ကိုရီးယားနိုင်ငံ၊ စင်္ကာပူ၊ မလေးရှား နှင့် ထိုင်းနိုင်ငံ မှာ မိုဘိုင်းဖုန်း ပိုင်ဆိုင်မှုဟာ လူဦးရေထက် ပိုမို များပြားလာခဲ့ပြီး စီးပွားရေး လုပ်ငန်းတွေ အတွက် မိုဘိုင်းဖုန်းမျိုးစုံကိုင်သူ ပိုမို တိုးတက်လာတာကိုတွေ့ရတယ်။

တောင်ကိုရီးယားနိုင်ငံ၏ မိုဘိုင်းဖုန်း ၀န်ဆောင်မှု သုံးစွဲသူ အရေအတွက်သည် သန်း ၅၀ ကျော် ရှိခဲ့ပြီး လူဦးရေ ၄၈ ဒသမ ၈ သန်း ထက် ပိုမိုများပြားလာသလို၊ ထိုင်းနိုင်ငံမှာ မိုဘိုင်းဖုန်း ၀န်ဆောင်မှု သုံးစွဲသူ အရေအတွက်ဟာ ၆၉ သန်း ကျော်ရှိခဲ့ပြီး လူဦးရေ ၆၅ သန်း ထက် ပိုမိုများပြားနေတာတွေ့ရတယ်။
စင်္ကာပူ နိုင်ငံမှာ မိုဘိုင်းဖုန်း ၀န်ဆောင်မှု သုံးစွဲသူ အရေအတွက်ဟာ ၇ ဒသမ ၂ သန်း ကျော်ရှိခဲ့ပြီး လူဦးရေ ၅ သန်း ထက် ပိုမိုများပြားနေတာတွေ့ရတယ်။ မလေးရှား မှာ မိုဘိုင်းဖုန်း ၀န်ဆောင်မှု သုံးစွဲသူ အရေအတွက်ဟာ ၃၀ ဒသမ ၃ သန်း ရှိပြီး လူဦးရေ ၂၈ သန်းထက် ပိုမိုများပြားနေတာတွေ့ရတယ်။ ဒီနိုင်ငံတွေ မှာ ကျေးလက်တောရွာ၊ ကလေး လူကြီး မကျန် လူတန်းစားမရွေး မိုဘိုင်းဖုန်း ၀န်ဆောင်မှု ကို လွယ်လွယ်ကူကူ ဈေးနှုန်းချိုသာစွာဖြင့် အသုံးပြုနေကြတဲ့ အချိန် မှာ မြန်မာနိုင်ငံ မှာ မိုဘိုင်ဖုန်း ၂ သန်း ကျော် နဲ့ ဆက် လက် တိုးချဲ့ ဖို့ ပြင်ဆင်နေတုန်းပါ။

အာရှ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတချို့ မှာ မိုဘိုင်းဖုန်း သုံးစွဲခဲ့မှုဟာ ၁၉၈၄ ခုနှစ်မှာ စတင်ခဲ့ပေမဲ့ ၁၉၉၀ နောက်ပိုင်းမှာ မိုဘိုင်းဖုန်း ၀န်ဆောင်မှု သုံးစွဲသူ အရေအတွက်ဟာ ပိုမိုများပြားလာခဲ့တာတွေ့ရတယ်။ မြန်မာနိုင်ငံ မှာ ဆက်သွယ်ရေးဝန်ဆောင်ခ နဲ့ မိုဘိုင်းဖုန်း ဈေးနှုန်းတွေ ကြောင့် မြန်မာပြည်သူ အားလုံး သုံးစွဲနိုင်ကြမလားဆိုတာက တော့ မေးခွန်းထုတ်စရာပါ။ တိုးတက်နေတဲ့ ခေတ်မှာ ဆက်သွယ်ရေး ကောင်းမွန်မှုမရှိခြင်းဟာ ပညာရေး နှင့် စီးပွားရေး ကဏ္ဍတွေ ရဲ့ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေး၊ ထိခိုက်တာ က တော့ ငြင်းမရတဲ့ အချက်ဖြစ်နေတယ်။

1 comment:

phung bella said...

hi beautiful blog. We have a big classified site in Myanmar. Please visit us back at: http://ads.com.mm/?cid=4fd60e51e4b0fa6db841e336&utm_campaign=ads_mm_lb_blog_phung&utm_source=ads_lb_blog&utm_medium=lb_blog