Saturday, March 10, 2012

ခေတ်၊ စနစ် နဲ့ လူတွေ ဟာ အံဝင်ခွင်ကျ ဖြစ်ဖို့ လိုတယ် - အပိုင်း ( ၄)


-မြတ်စိုး-

၀၃-၁၀-၂၀၁၂

အလေ့အကျင့်ကောင်းတွေ ကို ဆည်းပူးကျင့်သုံးခြင်း၊ မလိုတာတွေ ကို ရှင်းထုတ်ခြင်း၊ အလေအလွှင့်တွေ ကိုလျော့ချခြင်း၊ လူတွေရဲ့ စွမ်းရည်တွေ ကို မြင့်တင်ပေးခြင်းဖြင့် ၀န်ဆောင်မှု အရည်အသွေး နှင့် ကုန်ထုတ်လုပ်မှု စွမ်းရည်မြင့်တင်ခြင်း၊ ကို ကုန်ထုတ်လုပ်မှု နယ်ပယ် မှာ “Lean” လုပ်တယ်လို့ ယေဘူယျ သုံးနှုန်း ခေါ်ဝေါ်ကြတယ်။ တကယ်တော့ ဖွံ့ဖြိုးတိုးတက်နေတဲ့ တိုင်းပြည်တွေမှာ “Lean” ကုန်ထုတ်လုပ်မှု ပုံစံ ကို စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနယ်ပယ်တွေ မှာ သာမက အစိုးရ အဖွဲ့အတွင်း မှာ ပါ တွင်တွင်ကျယ်ကျယ် အသုံးပြု လာတာတွေ့ရတယ်။ အစိုးရ အဖွဲ့အတွင်း Clean Government ( သန့်ရှင်းတဲ့ အစိုးရ) ဖြစ်ဖို့ က အစိုးရ အဖွဲ့အတွင်း "Lean" ကို လက်တွေ့ကျင့်သုံး လာကြတယ်။ ယနေ့ အမေရိကန်နိုင်ငံ စစ်တပ်ဟာ စစ်မြေပြင် မှာ “Lean” လုပ်တော့မယ်လို့ ကမ္ဘာ ကို အသိပေးပြီးဖြစ်တယ်။

မြန်မာနိုင်ငံမှာတော့ ခေတ်၊ စနစ် နဲ့ လူတွေ ဟာ အံဝင်ခွင်ကျ ဖြစ်ဖို့ ခေါက်ရိုးကျိုးနေတဲ့ မြန်မာနိုင်ငံရေး ယဉ်ကျေးမှု ကို " Lean" လုပ်နိုင်ဖို့ က တော့ အတော်လေး စိန်ခေါ်မှုတွေရှိနေဆဲပါ။ ထို့အတူ အစိုးရ အဖွဲ့ အတွင်း "Lean" မလုပ်ပါက "Clean Government" ဖြစ်လာ မှာတော့ မဟုတ်ပါ။

မြန်မာ့ နိုင်ငံရေး ယဉ်ကျေးမှု နှင့် ကုန်ထုတ်လုပ်မှု ပုံစံ

မြန်မာ့ နိုင်ငံရေး ယဉ်ကျေးမှု ကို ကုန်ထုတ်လုပ်မှုနည်းလမ်း ပုံစံနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် Input လို့ခေါ်တဲ့ အတွေးအခေါ် အယူအဆ က လွှမ်းမိုး နေတုန်းပဲ။ လူတယောက်ရဲ့ တန်ဘိုး၊ စွမ်းရည် ကို Input ဆိုတဲ့ အသွင်း / အ၀င် ကုန်ကြမ်း နဲ့ တိုင်းတာမှုတွေ ရှိနေကြတုန်း ကို ဆိုလိုတာပါ။ ငါက ဘာလူမျိုး၊ ငါက မဟာမျိုးမဟာနွယ် လူကြီးသားသမီး စစ်သားဖြစ်ရမယ်၊ စစ်မှုထမ်းခဲ့ရမယ် ဆိုတဲ့ ငါ က ဘယ်သူဆိုတဲ့ အတွေးအခေါ် အယူအဆ ကိုဆိုလိုတာပါ။ မြန်မာ့ နိုင်ငံရေး ယဉ်ကျေးမှု သမိုင်း ထဲက နိုင်ငံရေး ကုန်ထုတ်လုပ်မှု ပုံစံ ထဲမှာ တခါတရံ Input တွေ က အများကြီး၊ တိုးတက် တဲ့ ရလာဒ် က မရှိ၊ မလိုအပ်တဲ့ သူတွေ က များ၊ စွမ်းဆောင် နိုင်တဲ့ အရည်အချင်း က လည်း မရှိဖြစ်နေတယ်။ အရည်အချင်းစွမ်းရည် ရှိသူတွေ လူမှန်၊ နေရာ မှန်မှာ မရှိတော့ တိုင်းပြည်ဟာ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေး လာစေတယ်။ လူသားတွေရဲ့ စိတ်ဓာတ် တွေ နှင့် အလေ့အကျင့်တွေ ဟာ ခေတ် နဲ့ စနစ် နောက်မှာ ကျန်ရစ်နေပြီ ဆိုရင်တော့ တိုင်းပြည်ဟာ ဖွံ့ဖြိုးတိုးတက် လာမှာ တော့ မဟုတ်ပါ။

ဒီနေ့ ဖွံ့ဖြိုးတိုးတက် နေပါတယ်ဆိုတဲ့ တိုင်းပြည်တွေ မှာ လူသားတွေဟာ ဒီလို တွေးခေါ်ယူဆမှုမျိုးတွေ လက်မခံ ကြတော့ဘူး။ Output (သို့) Result ဆိုတဲ့ လက်တွေ့ကျတဲ့ ရလာဒ်တွေ၊ အောင်မြင်စွာ စွမ်းဆောင်ခဲ့မှု တွေ အပေါ် ယုတ္တိဗေဒနည်းလမ်းကျ၊ ကျိုးကြောင်းဆီလျော် တဲ့ Logical Concept/ Thinking / Model တိုင်းတာမှု တွေနဲ့ စဉ်းစား သုံးသပ် လာကြတာတွေ့ရတယ်။

ကုန်ထုတ်လုပ်မှုနည်းလမ်း ပုံစံ နဲ့ နှိုင်းယှဉ်ပြောရရင် ကုန်ထုတ်လုပ်မှု ကို တိုင်းတာရာမှာ ဘယ်လောက် အလေအလွှင့်နည်းပါးမှု ဖြစ်ပေါ်စေမလဲ၊ ဘယ်လောက်ထုတ်လုပ်မှု အားကောင်း လာမလဲ၊ အသက်အန္တာရယ် လုံခြုံစိတ်ချမှု တွေ ဘယ်လောက် ပေးနိုင်မလဲ၊ ဘယ်လောက် ကုန်ကျမှုသက်သာမလဲ၊ ဘယ်လောက် အကျိုးဖြစ်ထွန်းနိုင်မလဲ၊ ယခင် လုပ်ဆောင်ချက်တွေ မှာ ဘာ ရလာဒ်ကောင်းတွေ၊ အောင်မြင်မှုတွေ ရှိခဲ့သလဲ ဆိုတဲ့ ရလာဒ် Result/ Outcome တွေ အပေါ် မှာ သုံးသပ် တိုင်းတာကြတယ်။ တနည်းအားဖြင့် အောင်အောင်မြင်မြင် လုပ်ကိုင်နိုင်တဲ့ စွမ်းဆောင်မှုတွေ (Achievements) အပေါ်မှာ လူသားတွေရဲ့ တန်ဘိုး ကို တိုင်းတာ လေ့ရှိကြတယ်။ ကုန်ထုတ်လုပ်မှု အားကောင်းတဲ့ စက်ကရိယာတွေ၊ နည်းပညာတွေ ကို တီထွင်ခဲ့တာတို့၊ သန်းနဲ့ချီ အလေအလွှင့်တွေ လျော့ချခဲ့တာတို့ စတဲ့ လက်တွေ့ တိုင်းတာလို့ရတဲ့ အောင်မြင်မှု အချက်အလက် ရလာဒ်တွေကို ဆိုလိုတာပါ။

ကမ္ဘာ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ စီးပွားရေးနယ်ပယ် က ခေါင်းဆောင်တွေ ကို လည်း လူသားတွေ အပေါ် သူတို့ ဘယ်လောက် အကျိုးပြု လုပ်ဆောင်ပေးနိုင်တဲ့ အောင်မြင်မှု ရလာဒ်တွေ အပေါ် စံချိန်စံနှုန်းထား တိုင်းတာ လေ့ရှိကြတယ်။

ဥပမာ- နိုင်ငံရေးလောက မှာ နိုင်ငံ့ခေါင်းဆောင်လုပ်မဲ့သူတွေဟာ တိုင်းပြည် မှာ လူထု ကို ဘယ်လို ထမင်းကျွေးမလဲ၊ လူ့အခွင့်အရေးတွေ အကာအကွယ်ပေးဖို့ ဘယ်လောက်ထိ တင်ပြတောင်းဆိုပေးသလဲ၊ နိုင်ငံကို ဘယ်လို ဖွံ့ဖြိုးတိုးတက်အောင်လုပ်မလဲ၊ လူထုကို အလုပ်အကိုင် အခွင့်အလမ်းတွေ ဘယ်လို ဖန်တီးပေးမလဲ၊ အကျင့်ပျက်ခြစားမှုနဲ့ အဂတိလိုက်စားမှုတွေ ဘယ်လို တိုက်ဖျက်မလဲ၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေကို ဘယ်လိုဖြေရှင်းမလဲ၊ ဆင်းရဲမွဲတေနေမှုကို ဘယ်လို တိုက်ဖျက်မလဲ၊ ဆင်းရဲချမ်းသာ ကွာဟနေမှုကို ဘယ်လိုဖြေရှင်းမလဲ၊ တိုင်းပြည်အတွင်း ပညာရေး ကျန်းမာရေး အခြေအနေတွေ ဘယ်လောက်မြှင့်တင် နိုင်အောင်ကြိုးစားမလဲ ဆိုတာတွေကို နေ့စဉ် ကိန်းဂဏန်း အချက်အလက်တွေနဲ့ အပြန်အလှန်ဆွေးနွေး ပြောဆိုဖို့ လိုအပ်သလို၊ ပြည်သူတွေ က လည်း ခေါင်းဆောင်လုပ်တဲ့ သူတွေ ရဲ့ လုပ်ကိုင်နိုင်တဲ့ စွမ်းရည်၊ လုပ်ခဲ့တဲ့ အောင်မြင်မှု ရလာဒ်တွေ အပေါ် တိုင်းတာကြ ရမှာဖြစ်တယ်။ လုပ်ကိုင်နိုင်တဲ့ စွမ်းရည်ရှိသူတွေ ကိုလည်း လုပ်ပိုင်ခွင့်တွေ ရရှိအောင် လူထု ကလည်း မှန်မှန်ကန်ကန် ရွေးချယ် ပေးဖို့လိုတယ်။

ခေတ် ခေတ် နဲ့ တခေတ်၊ စနစ် တခု ကနေ အခြား စနစ် တခု ကို ပြောင်းလဲတဲ့ အသွင်ကူးပြောင်းရေး ကာလ တွေ မှာ လည်း လူသားအားလုံးဟာ သူနေရာ က နေ သူ၊ သူတက်နိုင်တဲ့ အရည်းအချင်း လိုက် တာဝန်တွေ ကို ထမ်းဆောင်ယင်း ပါဝင် ကပြ ကြရတယ်။ ဥပမာ- Activists လို့ခေါ်ဆိုတဲ့ လူထု အတွက် အခွင့်အရေးတွေ ကို တက်ကြွစွာ လှုပ်ရှားနေတဲ့သူ (သို့) လူထုကို လှုံ့ဆော် ပညာပေးတဲ့သူ ၊ Politicians လို့ခေါ်ဆိုတဲ့ နိုင်ငံရေးသမား (သို့) ဥပဒေ ရေးဆွဲတဲ့သူ၊ Technocrats လို့ခေါ်ဆိုတဲ့ နိုင်ငံရေးသမားတွေ၊ ဥပဒေပြုသူတွေရဲ့ ဆုံးဖြတ်ချက်တွေ ကို အကောင်အထည်ဖော်ဆောင်ပေးနိုင်တဲ့ တက်ကျွမ်းတဲ့ ပညာရှင် လိုမျိုး သူ့နေရာ နဲ့ သူ မှာ အသီးသီး ပါဝင်ကပြကြတာကို ဆိုလိုတာပါ။

ဒီနေရာမှာ လူထု အတွက် အခွင့်အရေးတွေ ကို တက်ကြွစွာ လှုပ်ရှားနေတဲ့သူ ( သို့) လူထုကို လှုံ့ဆော် ပညာပေးတဲ့သူ (Activists) နှင့် နိုင်ငံရေးသမား (သို့) ဥပဒေ ရေးဆွဲတဲ့သူ ( Politicians) ကွာခြားတာကတော့ နိုင်ငံရေးသမားတွေဟာ ဆုံးဖြတ်ချ တွေ ကို ချမှတ်ရတယ်။ ဆုံးဖြတ်ချက်တွေ အပေါ် တာဝန်ယူမှု ရှိရတယ်။ ဆုံးဖြတ်ချက် မှားရင် သူပြိုင်တဲ့ မဲဆန္ဒမှာ သူ့ကို ထောက်ခံတဲ့ မဲ ရမှာ မဟုတ်ဘူး ဆိုတာပဲ။ နိုင်ငံရေးသမားတွေ ဆုံးဖြတ်ချက်မှားရင် တော့ သူ့အပေါ် ပြန်လည် သက်ရောက်မဲ့ အကျိုးက ပိုမိုကြီးမားစွာခံစားရ ပါလိမ့်မယ်။

နိုင်ငံရေး သမား ဘ၀ ကို တက်လှမ်းမယ်ဆိုရင်တော့ ဆုံးဖြတ်ချက်တွေ ချနိုင်တဲ့ အရည်အချင်း၊ တာဝန်ယူမှု ရှိတဲ့ စိတ်ဓာတ် တွေ ရှိဖို့ လိုအပ်သလို၊ ဒီလို အရည်အချင်းရှိရှိ၊ မှန်ကန် တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ ပံ့ပိုး ကူညီ အကြံအဥာဏ် ပေးနိုင်မဲ့ ပညာရှင်တွေ အနားမှာရှိဖို့ လိုအပ်တယ်။ တက်သိတက်ကျွမ်း တဲ့ ပညာရှင်တွေ အနားမှာ ရှိဖို့ က လည်း နိုင်ငံရေးသမားတိုင်း မှာ စွဲဆောင်စည်းရုံးနိုင်တဲ့ အရည်အချင်း ရှိဖို့ လိုပါတယ်။

လေးနက်မှု မရှိပဲ အရာတိုင်း ကို ငါသိပါတယ်ဆိုတာ မျိုး မဖြစ်သင့်ဘူး။ ဒီလို စိတ်ဓာတ်မျိုးတွေ ရှိရင်လည်း နိုင်ငံရေးသမားတွေဟာ ကျဆုံးမှုတွေ နဲ့ သာ ရင်ဆိုင်ရပါလိမ့်မယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ခေတ်က ဆိုက်ကားသမား တင်းပြည့်ပါတီဝင်ဖြစ်လို့ တရားသူကြီးတက်လုပ်ကြ တော့ စနစ်တခုလုံး၊ ခေတ်တခုလုံး မှာ ပြည်သူလူထုတွေ ဘယ်လို ခံစားခဲ့ရတယ်ဆိုတဲ့ ဖြစ်ရပ်ဆိုးတွေအပေါ် မှာ သင်ခန်းစာယူကြဖို့ လိုပါလိမ့်မယ်။

လူထုက လက်ခံတဲ့၊ လူထု ကို အကျိုးပြုလုပ်ဆောင်မဲ့ နိုင်ငံရေးသမားတွေရဲ့ ဆုံဖြတ်ချက်တွေ ကို အကောင်အထည်ဖော် လုပ်ဆောင်ပေးရမဲ့သူတွေ ကတော့ နယ်ပယ်အသီးသီး က ကျွမ်းကျင်တဲ့ ပညာရှင်များ (Technocrats) တွေသာ ဖြစ်တယ်။ ကျွမ်းကျင်တဲ့ ပညာရှင်များ ဆိုရာမှာ နယ်ပယ် အသီးသီးက အတက်ပညာ၊ နည်းပညာပိုင်းမှာ တကယ် လက်တွေ့ ကျွမ်းကျွမ်းကျင်ကျင် အတွေ့အကြုံ ရှိကြတဲ့ သူတွေကိုသာ ဆိုလိုတာဖြစ်တယ်။ အသိပညာရှိသော် လည်း လက်တွေ့ အတွေ့အကြုံမရှိတဲ့ တုံးနေတဲ့ဓားတွေလို မဖြစ်ဖို့တော့ လိုတယ်။ လက်တွေ့ အတွေ့အကြုံမရှိတဲ့ အသိပညာ ဟာ ဆား မပါတဲ့ ဟင်းလိုပဲ ဖြစ်နေ မှာပဲ။ ဖွံ့ဖြိုးတိုးတက်နေပါတယ်ဆိုတဲ့ တိုင်းပြည်တွေ မှာတော့ စီးပွားရေးလုပ်ငန်းများ နှင့် ကော်ပိုရေးရှင်းကြီးတွေထဲ မှာ တကယ်လက်တွေ့ အတွေ့အကြုံ ရှိတဲ့ သူများကို သာ အသုံးချတာ တွေ့ရတယ်။ Hands on experience လို့ခေါ်ဆိုတဲ့ ခေတ် က ပေါက်ဖွား လာတဲ့ လက်တွေ့ ကျွမ်းကျင်တဲ့ ပညာရှင်သစ်တွေ၊ ပြည်တွင်း၊ ပြည်ပ က နိုင်ငံတကာ အတွေ့အကြုံ ရှိသူတွေ နဲ့ အစားထိုး လာတာတွေ ကို တွေ့လာရတယ်။

ယနေ့ ခေတ်ကြီး မှာ လူသားတွေဟာ အစိုးရတွေထက် လူထုကို ပိုမို အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက် ပေးနိုင်ကြတယ် လို့တောင် ကမ္ဘာကြီးက အသိအမှတ်ပြု ခြင်းခံလာရတယ်။ ကမ္ဘာ့လူသားတွေ ကို အကျိုးပြုခဲ့တဲ့ မိုက်ကရိုဆော့ဗ် လုပ်ငန်းရှင်ဟောင်း ဘေးလ်ဂိတ် ( Bill Gates)တို့၊ အဲလ်ပဲ ကို တည်ထောင်ခဲ့တဲ့ စတီးဂျော့ ( Steve Jobs) ၊ စီးပွားရေးလုပ်ငန်းရှင်ကြီး ၀ါရမ်ဘူဗေး ( Warren Buffet) ၊ ဘေ့စ်ဘုတ် ကို တည်ထောင်ခဲ့တဲ့ မက်ခ် ဇူကာဘဂ်ျ (Mark Zuckerberg)၊ Oracle အိုရယ်လ်ကယ် ကုမ္ပဏီ ကို တည်ထောင်ခဲ့တဲ့ လာရီ အယ်လီစင် ( Larry Ellison) တို့ လို စီးပွားရေး နယ်ပယ်က ခေါင်းဆောင်တွေ နှင့် ကမ္ဘာမှာ လူသိများ ကျော်ကြား ခဲ့ကြတဲ့ နိုင်ငံရေးခေါင်းဆောင် အများစု ဟာ လည်း Ph.D ဘွဲ့ ရရှိခဲ့တဲ့ သူတွေတော့ မဟုတ်ကြပါဘူး။ တချို့က ကော်လိပ်ကျောင်းထွက် တွေဖြစ်ကြတယ်။ ဒါပေမဲ့ သူ့နယ်ပယ်မှာ သူ ကျွမ်းကျင်တဲ့ ပညာရှင်များ (Technocrats) တွေ၊ ခေတ် တခေတ် ကို ပြောင်းလဲပေးခဲ့သူတွေ အဖြစ် အသိအမှတ်ပြု ခံထားရသူတွေဖြစ်တယ်။ ဆိုလိုတာက ကျွမ်းကျင်တဲ့ ပညာရှင်တွေ အနေနဲ့ လူထုကို အကျိုးပြု လုပ်ဆောင်တဲ့နေရာမှာ Ph.D ဘွဲ့ ရမှ မဟုတ်ပါဘူး။

တနည်း အားဖြင့် ဘယ် ကို ဦးတည်သွားမယ်ဆိုတာ က တက်ကြွစွာ လှုပ်ရှားနေတဲ့သူ (သို့) လူထုကို လှုံ့ဆော် ပညာပေးတဲ့သူ (Activists)၊ တွေ နဲ့ နိုင်ငံရေးသမား (သို့) ဥပဒေ ရေးဆွဲတဲ့သူ ( Politicians) တွေရဲ့ အလုပ်။ ဦးတည်ချက်တွေ ကို ဘယ်လိုသွားရင် အကောင်းဆုံး ဖြစ်မလဲ ဆိုတာက ကျွမ်းကျင်တဲ့ ပညာရှင်တွေ (Technocrats) ရဲ့ အလုပ်ဖြစ်တယ်။ စနစ်ပြောင်း၊ ခေတ်ပြောင်း အသွင်ကူးပြောင်းရေးကာလတွေမှာ ကိုယ်လုပ်ရမဲ့ အလုပ် ကို ကိုယ်မလုပ်ပဲ၊ သူများ လုပ်ရမဲ့ အလုပ်ကို ၀င်ရောက် ကပြနေရင်တော့ ခေတ်၊ စနစ်၊ နှင့် လူတွေ အံဝင်ခွင်ကျ မဖြစ်ပဲ၊ ပဋိပက္ခတွေ ကြီးထွားလာနိုင်တယ်။

မြန်မာ့ နိုင်ငံရေးယဉ်ကျေးမှု မှာ လူတွေဟာ အရည်အချင်းမရှိ၊ စွမ်းဆောင်နိုင်မှုမရှိပဲ နေရာအမျိုးမျိုး မှာ ပါဝင်ကပြချင်ကြတဲ့ ပါလေရာ အကျင့်ဆိုး ဓလေ့ထုံးစံ စဉ်လာက မိရိုးဖလာ လို ကြီးဆိုး နေခဲ့တာ ရာစုနှစ်များစွာရှိနေခဲ့ပြီး၊ လုပ်နိုင်အောင် အရည်အချင်း မတည်ဆောက်သလို၊ လုပ်သင့်တာ မ လုပ်ပဲ အရာတိုင်းကို ငါသိပါတယ်ဆိုတဲ့ ပါလေရာ အတ္တစိတ်တွေ က ရိုးရာယဉ်ကျေးမှုလို ဖြစ်ခဲ့တယ်။ ခေတ်သစ် ကို ဦးတည် ခြေလှမ်းချင်ကြတဲ့ သူတွေဟာ ဒီလို နိမ့်ကျတဲ့ စိတ်ဓာတ်တွေ ကို ပြင်ဆင်ဖို့လိုနေတယ်။ ကိုယ့် အရည်အချင်း နဲ့ ကိုယ် ဘယ်နေရာ က နေ က ပြသင့် ရင် အကောင်းဆုံးလဲဆိုတာ ပြန်လည်ဆန်းစစ် ဖို့တော့လိုပါ လိမ့်မယ်။

တကယ်တော့ မြန်မာ နိုင်ငံရေးလောက မှာ အသုံးမ၀င်တော့တဲ့ ခေတ်ဟောင်းက နိုင်ငံရေးယဉ်ကျေးမှု အတွေးအခေါ် အမြင် အမွေဆိုးတွေ နှင့် မြန်မာ့ နိုင်ငံရေး ယဉ်ကျေးမှု ထဲက ကုန်ထုတ်လုပ်မှု ပုံစံ ဟောင်းတွေ ကို မြေမြုပ် သဂြိုဟ်ဖို့ လိုအပ်နေပါပြီ။ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်လာဖို့ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက် အယူအဆတွေ၊ သူရဲကောင်း မြတ်နိုးတဲ့၊ ကယ်တင်ရှင်ကို မျှော်လင့်တဲ့ အလေ့အကျင့်ဆိုးတွေ ကို စွန့်လွှတ်သင့်နေကြပြီ။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာဖို့ လက်တွေ့ကျတဲ့ အတွေးအခေါ်သစ်တွေ၊ အလေ့အကျင့် ကောင်းတွေ နဲ့ ပြန်လည်တည်ဆောက်ဖို့လိုပါတယ်။

နိုင်ငံတနိုင်ငံမှာ ခေတ် နဲ့ စနစ် နဲ့ ဟာ ကွာဟမှုတွေ ဆက်လက် ရှိနေမယ်ဆိုရင် လူထုအတွင်း ပဋိပက္ခတွေ ကြီးမား နက်ရှိုင်းလာမှာဖြစ်သလို၊ ခေတ်၊ စနစ် နဲ့ လူတွေဟာ အံဝင်ခွင်ကျ မဖြစ် ဘူးဆိုရင်လည်း တိုင်းပြည်ဟာ ဆက်လက် စုန်းစုန်းမြုပ်နေအုန်းမယ်၊ အဖြစ်ဆိုးတွေ နဲ့ ဆက်လက်ရင်ဆိုင်နေရပါလိမ့်မယ်။

1 comment:

phung bella said...

hi beautiful blog. We have a big classified site in Myanmar. Please visit us back at: http://ads.com.mm/?cid=4fd60e51e4b0fa6db841e336&utm_campaign=ads_mm_lb_blog_phung&utm_source=ads_lb_blog&utm_medium=lb_blog