Friday, January 2, 2009

စီးပွားရေးစူနာမီ လှိုင်း ဂယက် နှင့် အတ္တ ဥခွံ ထဲက မြန်မာပြည်

စီးပွားရေး စူနာမီ လှိုင်းတံပိုးအောက်က မြန်မာပြည်

၁၉၂၉ ခုနှစ် စီးပွားရေးပျပ်ကပ်ကြီးအောက်က အမရိကန် ပြည်သူများ

"ဒီကမ္ဘာကြီးပေါ်မှာ အရာခပ်သိမ်းလိုလိုဟာ စိတ်ပျက်စရာတွေလို့ ထင်ရပေမယ့် လူတိုင်းလိုလို ဟာ သူ့ဘ၀တသက်တာမှာအဓိပ္ပါယ်ရှိတာ တစ်ခုခုတော့ လုပ်ခဲ့ကြရတာ ချည်းပါပဲ။ လူတယောက် ဟာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိအောင် တည်ထောင် ဖို့ လိုအပ်တယ်။ ဒါပေမဲ့ သူများတွေ ကို နင်းပြီးမှ ကိုယ့်တက်လှမ်းရှာတာမျိုးတော့ လုံးဝမဖြစ်စေသင့်ဘူး။"

-မြတ်စိုး-

အယင်တုန်းကတော့ နိုင်ငံရေးနယ်ပယ် မှာ ဒိုမီနီ သီအိုရီ ဟာ တော်တော်လေး ရေးပန်းစား ပြောဆိုခဲ့ကြတယ်။ ဥပမာ ရုရှားမှာ ကွန်မြူနစ် စံနစ် ပေါ်ထွန်းလာပြီးနောက်၊ အိမ်နီးချင်းနိုင်ငံ တွေဖြစ်ကြတဲ့ တရုတ်၊ မြောက်ကိုရီး ယား၊ ဗီယက်နမ်၊ လော၊ ကမ္ဘောဒီယားနိုင်ငံတွေဟာ ကွန်မြူနစ် တိုင်းပြည်အဖြစ် ကျရောက်သွားခဲ့တယ်။ ဒီ သီအိုရီဟာ နိုင်ငံရေးနယ်ပယ် သက်သက် တခုတည်းမှာ မဟုတ်တော့ဘဲ၊ ကမ္ဘာ့စီးပွားရေးနယ်ပယ်ထိ မှာတောင် သက်ရောက်မှု တွေရှိလာခဲ့ပါပြီ။ ဥပမာ ၁၉၉၇ ခုနှစ် ထိုင်းနိုင်ငံက စတင် ဖြစ်ပွားခဲ့တဲ့ ငွေးကြေး ဆိုင်ရာ အခက်အခဲ ပြသနာဟာ ဒေသတွင်း နိုင်ငံတွေဖြစ်ကြတဲ့ လော၊ ဖီလစ်ပိုင်၊ ထိုင်ဝမ်း၊ ဟောင်ကောင်၊ ကိုရီးယား၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ဘရူနိုင်း၊ ဗီယက်နမ်၊ အပါအ၀င် ဘရားဇီး၊ အာဂျင်တီး နား၊ စတဲ့ လက်တင်အမေရိက တိုင်းပြည်တွေကို လျင်မြန်စွာ ကူးစက်သွားစေခဲ့တယ်။

အာရှ ငွေကြေးအခက်အခဲပြသနာ ဖြစ်ပွားခဲ့တာဟာ အခုဆိုရင် ၁၀ နှစ် ကျော်ထဲ ရောက်ရှိ နေပါပြီ။ လောလောဆယ် ၂၀၀၈ ခုနှစ်မှာတော့ အလားတူ စီးပွားရေး ပြသာနာ ဟာ အမေရိကန်နိုင်ငံ မှာ ဒုတိယ အကြော့ စတင်ဖြစ်ပွား နေပြန်ပါပြီ။ စီးပွားရေးပညာရှင် အေလန်ဂရင်းစပန်းက တော့ လက်ရှိရင်ဆိုင် နေရတဲ့ အမေရိကန်နိုင်ငံ၏ စီးပွားရေး ပျက်ကပ်ကြီးကို စီးပွားရေး စူနာမီ လှိုင်းလုံးကြီးအဖြစ် တင်စားခေါ်ဆိုခဲ့တယ်။ ဒိုမီနီ သီအိုရီလိုဘဲ စီးပွားရေး ကပ်ဆိုးကြီး ဟာ အမေရိကန်နိုင်ငံ သာမက ဥရောပ၊အာရှ နှင့် ပိစ္စိဖိတ်ကျွန်း ဆွယ်ရှိနိုင်ငံများဆီသို့ တမဟုတ်ခြင်း ကူးစက်သွားနေပါပြီ။ ဒီ စီးပွားရေး စူနာမီ လှိုင်းလုံးကြီးဟာ လူမျိုးမရွေး၊ ဘာသာမရွေး၊ တိုင်းပြည် မရွေး ၊ ဆင်းရဲ ချမ်းသာ မရွေး ပဲ အားလုံးကို သယ်ဆောင်တိုက်စား သွားပါလိမ့်မယ်။

မြန်မာလူမျိုးတွေရဲ့ ဆိုးရွားလှတဲ့ အမျိုးသားရေး စရိုက်လက္ခဏာ ( National Character) တခုဖြစ်တဲ့ ”ကိုယ့်အိမ်နံဘေး မှာ မီးလောင် တဲ့ ကိစ္စဟာ ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး” အတ္တဥခွံ ကျဉ်းကျဉ်းလေးထဲမှာ ခေါက်ရိုးကျိုးပြီး နှစ်ပေါင်းများ စွာ နေထိုင်ခဲ့ကြတဲ့ တာဝန်မဲ့ တချို့ နိုင်ငံသားတွေ နဲ့ စစ်အုပ်စုခေါင်းဆောင် တွေက တော့ ဒီကပ်ဆိုးကြီး ဟာ ငါတို့နဲ့ မဆိုင်ဘူးလို့ သတ်မှတ် ပြောဆိုကြလိမ့်မယ်။ ဒါပေမဲ့လည်း ကမ္ဘာ့ပေါ်မှာ ပြင်းထန်စွာ ရိုက်ခတ်နေတဲ့ စူနာမီလှိုင်း လုံးကြီးကတော့ အဲဒီလူတွေ ကိုလည်း ချန်ထားခဲ့မှာတော့ မဟုတ်ပါဘူး။ သက်ညှာလိမ့်မှာ မဟုတ်ဘူးဆိုတာ ၁၉၉၇ ခုနှစ် မှာ ဖြစ်ပွား ခဲ့တဲ့ အာရှ ငွေကြေး အကျပ် အတည်း က သက်သေပြခဲ့တယ်။ အာရှ ငွေကြေး အကျပ် အတည်း လှိုင်းလုံးကြီးဟာ အင်ဒိုနီးရှား နိုင်ငံ မှာ နှစ်ပေါင်းများစွာ နိုင်ငံရေးစင်မြင့်မှာ ထိုင်ခဲ့တဲ့ ဆူဟာတို နဲ့ မလေးရှား က မဟာသီရဲ့ ထိုင်ခုံ၊ တွေကို သွက်သွက်ခါအောင် လှုပ်ခါစေခဲ့တယ်။

အခုတိုက်ခတ် လာတဲ့ ဧရာမစူနာမီ လှိုင်းလုံးကြီးဟာ တရုတ်ပြည်ရဲ့ မဟာတံတိုင်းကြီးကို တောင် ကျော်လွှား ရိုက်ခတ် လာနေ ပြီဆိုရင်တော့၊ ဇနပုတ် သာသာရှိတဲ့ နေပြည်တော် ကြပ်ပြေး လည်း၊ ဘယ်လို မှ ရှောင်လွှဲလို့ ရမှာတော့မဟုတ်ပါဘူး။ ငါနဲ့ မဆိုင်ဘူး ဆိုပြီး၊ လက်မထောင်ပြနေတဲ့ နအဖ စစ်အုပ်စုခေါင်းဆောင်တွေ သိပ်အပြော မကြီးဘို့တော့ သတိပေး ပါရစေ။

လောလောဆယ် ကမ္ဘာနဲ့အ၀န်း စီးပွားရေး စူနာမီ ကပ်ဆိုးကြီး ကြုံနေရချိန်မှာ အလုပ်အကိုင် တွေ ရပ်စဲပြီး၊ အလုပ်လက်မဲ့တွေ အများကြီးဖြစ်ကုန် နေပါပြီ။ အထူးသဖြင့် အမေရိကန်လို ကမ္ဘာ့ထိပ်သီး စီးပွားရေး အင်အားကြီးနိုင်ငံမှာတောင် စီးပွားရေး ဆုတ်ယုတ် ကျဆင်းမှု ( Economic Recession) မကတော့ဘဲ စီးပွားရေး ပျက်ကပ်ကြီး( Economic Depression) ဖြစ်နေပြီ ဆိုရင်တော့ ပိုလို့ ဆိုးကုန်တော့ မှာပါဘဲ။ စီးပွားရေးလုပ်ငန်းကြီးတွေ၊ ငွေကြေး လုပ်ငန်းကြီးတွေဟာ ဖြုတ်ခနဲ၊ ဖြုတ်ခနဲ ဒိုမီနီ သီအိုရီလို ဘုံးဘုံး လဲ ပြိုကျလာ ကုန်တော့တယ်။

အဲသလို ဒုက္ခတွေ ကြုံတွေ့ရတဲ့အချိန်မှာ မိသားစုတွေ ဘယ်လိုကြံ့ကြံ့ခံပြီး အခက်အခဲ အကျပ် အတည်း တွေကိုရင်ဆိုင်ကြမလဲ။ အမေရိကန်လူမျိုး အိမ်ထောင်ရေး နှင့် မိသားစုရေး ဌာန ပါမောက္ခ အဖြစ် ၃၉ နှစ်ကြာ တာဝန်ယူခဲ့ပြီး၊ ၁၉၈၆ ခုနှစ်မှာ နေရေးထိုင်ရေး အတိုင်ပင် ခံ ဌာနကိုတည်ထောင်ခဲ့သူ လူမှုရေးပညာရှင် ဒေါက်တာပေါလ်ဖောက်ကနာ က ၁၉၂၉ ခုနှစ် မှာဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီးမှာ ရင်ဆိုင်ဖြေရှင်းခဲ့မှုကို နှိုင်းယှဉ်ပြီး၊ မိသားစု တွေ အတွက် (Five Fs) ကို အခုလိုအကြံပေးထားတယ်။

Faith ( ယုံကြည်ပါ)။

သင်လုပ်နိုင်တယ်လို့ ယုံကြည်ပါ။ ဆိုးရွားတဲ့အချိန်ကာလတွေ ကို ကျော်လွှားလွန်မြောက်နိုင် ရမယ်ဆိုတဲ့ ယုံကြည်ချက် သင့် မှာ မရှိဘူးဆိုရင် ပိုပြီး ဆိုးဖို့သာ ရှိပါလိမ့်မယ်။

Family (မိသားစု)။

သင့်ကို အကြွင်းမဲ့ ချစ်မြတ်နိုးတဲ့ မိသားစုနဲ့ စည်းစည်းလုံးလုံး တိုင်ပင်ပါ။ တိုင်ပင် ဆွေးနွေးကြတဲ့အခါ ဘာမှန်တယ်။ ( What is right?) ဆိုတာကိုပဲ စဉ်းစားပါ။(Who is right?) ဆိုတာမျိုး ကို ထည့်မပြောကြပါနဲ့။ ဒီနည်းကို ကျင့်သုံးခြင်းဖြင့် ရန်ပွဲ မဖြစ်အောင် ရှောင်နိုင်လိမ့်မယ်။

Friends (မိတ်ဆွေများ)။

ငွေကြေးကိစ္စဘေးဖယ်ထား။ ရိုးသားဖြောင့်မတ် တယ်လို့ ခိုင်ခိုင်လုံလုံ ယုံကြည်ရတဲ့ မိတ်ဆွေတွေ၊ ယုံကြည်ချက်နဲ့ မျှော်လင့်ချက် အပြည့်အ၀ရှိတဲ့ မိတ်ဆွေတွေနဲ့ လက်တွဲပါ။

Focus ( အာရုံစိုက်ပါ)။

အေဘရာလင်ကွန်းကပြောဘူးတယ်။ လူတွေဟာ သူတို့ ရွေးချယ်ထားတဲ့ ဘ၀မှာ ပျော်ကြတာပါပဲတဲ့။ သင်လည်း သင်ကြိုက် ဘ၀ကို ရွေးချယ်ပါ။ သင့်ဆန္ဒ အလျောက် သင်ဖြစ်ချင်တာကို ဆုတ်ဖမ်းပါ။ ပြီးတော့ သင်ဖြစ်ချင်တာကို လုပ်ပါ။ သင်ကြိုက်တာ မကြိုက်တာကို ထည့်မတွက်ပါနဲ့။ လုပ်စရာရှိတာ စူးစူးစိုက်စိုက်လုပ်ပါ။

Foods (စားစရာ)။

ပုံမှန် စားသောက်ချိန်တွေမှာ စားဖို့ လုံလုံလောက်လောက် ရှိနေပါစေ။ ဒါမှ မဟုတ်ရင် ဆာလောင်မွတ်သိပ်မှု ကြောင့် သင့်စိတ် အနှောက်အယှက်ဖြစ်မယ်။ အလုပ် မလုပ် နိုင်ဘဲနေမယ်။ ဒါကြောင့် စားချိန်မှာ စား နိုင်အောင် အသင့်ရှိပါစေ။ သို့ပေမဲ့ တစ်ခုတော့ သတိထားပါ။ နေဖို့ အတွက် စားပါ။ စားဖို့ အတွက် နေတာ မဖြစ်ပါစေနဲ့။

ကျနော် တို့ ဘလော့ဂ်မှ နှစ်သစ်ကူးလက်ဆောင် အမှတ်တရ အဖြစ် ဤဆောင်ပါးကို ရေးသားလိုက်ပါသည်။ စာဖတ်သူတို့ နှစ်သစ်မှာ အခက်အခဲပေါင်းစုံမှ လွတ်မြောက်ပြီး၊ ရွှင်လန်းချမ်းမြှေ့ပါစေ။

Ref:
The Straits Times, Oct 30, 2001
မောင်ဝံသ ၏ လက်ရွေးစင် ဆောင်းပါးများ, ဇူလိုင် ၂၀၀၇




Rest of your post

No comments: