Tuesday, March 17, 2009

ကမ္ဘာ့စီးပွားရေး အကျပ်အတည်း နှင့် အာရှတိုက် အခြေအနေ

တရုတ်နိုင်ငံ (သို့) နဂါးတိုင်းပြည် မှ အလုပ်အကိုင် ရှာဖွေနေသူများ
ကွမ်တုန်ပြည်နယ် ( Guangdong Province) မှာတင် သန်း ၂၀ အလုပ်အကိုင်ဆုံးရှုံးခဲ့
ထိုင်း နိုင်ငံ မှာ အလုပ်သမား၂ သန်း အလုပ်အကိုင်ဆုံးရှုံး မည်

-မြတ်စိုး-

ဒီအပတ်မှာ ကမ္ဘာ့ စီးပွားရေး ဆုတ်ယုတ် ကျဆင်းမှု ( Economic Recession)၊ ကမ္ဘာ့ စီးပွားရေး ပျက်ကပ်ကြီး (Economic Depression) တွေဟာ အာရှတိုက် နိုင်ငံတွေကို ဘယ်လို အကျိုးသက်ရောက်နေသလဲ ဆိုတာ တွေ နဲ့ ပက်သက်ပြီး အချက်အလက်တွေ စုစောင်းထားသမျှ၊ ဖတ်ရှု့ လေ့လာထားသမျှ ကို တင်ပြဆွေးနွေးသွား ပါမယ်။

ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ က အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်(ILO) ၏ ခန့်မှန်းတွက်ဆချက်အရ အာရှတိုက်မှာ ၂၀၀၉ ခုနှစ်အတွင်း အလုပ်သမားဦးရေ စုစုပေါင်း ၇ သန်းမှ ၂၂ သန်းထိ အလုပ်အကိုင်တွေ ဆုံးရှုံးပြီး အလုပ်လက်မဲ့ ဖြစ်ကြလိမ့် မယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီလို အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ခြင်းကြောင့် မငြိမ်မသက်မှုတွေ၊ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေး ထားခဲ့တယ်။

၂၀၀၈ ခုနှစ်မှာ တရုတ်နိုင်ငံ ကွမ်တုန်ပြည်နယ်( Guangdong Province) တစ်နေရာ တည်းမှာတင် အလုပ်သမား စုစုပေါင်း သန်း၂၀ အလုပ်အကိုင် ဆုံးရှုံး ခဲ့ကြောင်း ထုတ်ပြန်ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ် အတွင်း အလုပ်သမားစုစုပေါင်း သန်း ၅၀ ထိ အလုပ်အကိုင်ဆုံးရှုံးမှာ ဖြစ်ပြီး၊ ဒီလိုခန့်မှန်း တွက်ဆထားတဲ့ ကိန်းဂဏန်းအရ အာရှတိုက်မှာ စုစုပေါင်း ၉၇ သန်း မှ ၁၁၃ သန်း ထိ အလုပ်အကိုင် မရှိပဲ ဖြစ်နေကြလိမ့်မယ် လို့ ခန့်မှန်းထားပါတယ်။

ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြောင့် အာရှတိုက်ရှိ အစိုးရများအနေဖြင့် အလုပ်အကိုင် ဆုံးရှုံးကြမည့် သူတို့ ပြည်သူတွေအတွက် လိုအပ်တဲ့ ငွေကြေးထောက်ပံ့မှု နဲ့ စီးပွားရေးပြန်လည်နလံထူလာအောင် ကျားကန် ပေးမည့် အရေးပေါ်အစီအစဉ်တွေကို အမြန်ဆုံး ပြင်ဆင်ထားသင့်တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ ( ILO) ၏ အာရှတိုက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ဆာချီကို ရာမာမိုတို က (Sachiko Yamamto) သက်ဆိုင်ရာ အစိုးရတွေဆီကို သတိပေးအကြောင်းကြားထားပါတယ်။

ယခုအခါ အာရှတိုက်မှာရှိတဲ့ မလေးရှား၊ တောင်ကိုရီးယား၊ ထိုင်း နိုင်ငံတွေမှာ နိုင်ငံခြားသားတွေ အလုပ် လာရောက်လုပ်ကိုင်ခွင့် ကို ရပ်ဆိုင်းထားခဲ့ကြပြီး၊ အခြားနိုင်ငံတွေလည်း ဒီနိုင်ငံတွေလို ပြုလုပ်လာနိုင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါတွေဟာ ကျနော်တို့ မြန်မာနိုင်ငံ ရဲ့ အိမ်နီးနားချင်း နိုင်ငံတွေမှာ ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြီး အပေါ် ဘယ်လိုပြင်ဆင်မှုတွေ ပြုလုပ် နေကြသလဲ၊ ဘယ်လိုရင်ဆိုင်နေကြရသလဲ ဆိုတာတွေပါပဲ။

နိုင်ငံခြားသား ခရီးသွားလာရေးလုပ်ငန်းမှာ ကမ္ဘာမှာ ထိပ်တန်းအဆင့် က နေရာယူထားပြီး၊ ခရီးသွားလာရေး လုပ်ငန်း ကနေ နိုင်ငံခြားဝင်ငွေ အများဆုံးရရှိ နေတဲ့ ထိုင်းနိုင်ငံ မှာတော့ သူတို့ ရင်ဆိုင်ခဲ့ကြရတဲ့ နိုင်ငံရေး အခြေအနေ နှင့် ကမ္ဘာ့ စီးပွားရေး ကယက်တွေကြောင့်၊ ၂၀၀၈ခုနှစ်မှာ နိုင်ငံခြားသား ၁၃.၅ သန်းသာ လာရောက်လည်ပတ် ခဲ့တယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ကြေညာခဲ့တယ်။ ၂၀၀၇ ခုနှစ် မှာ လာရောက် လည်ပတ် ခဲ့တဲ့ နိုင်ငံခြားသား ဦးရေဟာ ၁၄.၅ သန်းရှိခဲ့တာကြောင့် ယခင်နှစ်ကထက် စာရင် လာရောက်လည်ပတ်မှု သိသိသာသာ လျှော့ကျသွားခဲ့ပြီး၊ ၂၀၀၉ ခုနှစ်မှာ လာရောက်လည်ပတ် ကြမည့် နိုင်ငံခြားသားဦးရေဟာ ၆ သန်း မှ ၇ သန်း ထိတော့သာ ရှိလိမ့်မယ်လို့ ခန်းမှန်းတွက်ဆနေကြတယ်။ ဒီလို နိုင်ငံခြားသား လာရောက်လည်ပတ်မှု လျှော့ကျမှုတွေ ရှိနေတာကြောင့် ၊ နိုင်ငံခြားသား ခရီးသွားလာရေး လုပ်ငန်း ကို မှီခိုနေတဲ့ အလုပ်သမား ၁ သန်း ကျော် အလုပ်အကိုင်ဆုံးရှုံးနေပြီး၊ ထိုင်းနိုင်ငံမှာ စုစုပေါင်း အလုပ်သမား ၂ သန်း ကျော် အလုပ်အကိုင်ဆုံးရှုံးသွားနိုင်တယ်လို့ ထိုင်းအစိုးရက သတိပေးကြေညာခဲ့တယ်။

ကမ္ဘာ့စီးပွားရေး အခြေအနေ ကို လက်ရှိကိုင်တွယ်ဖြေရှင်းနေကြတဲ့ စီးပွားရေး အင်အားကြီးနိုင်ငံများ၏ အစိုးရ များရဲ့ ဘဏ္ဍာရေး၊ စီးပွားရေး ဆိုင်ရာ တာဝန်ရှိသူတွေ ကတော့ ယခုရင်ဆိုင်နေကြရတဲ့ ကမ္ဘာ့ စီးပွားရေး ဆုတ်ယုတ် ကျဆင်းမှု (Economic Recession) ဟာ U (သို့) V အညွှန်းပြ ပုံစံကဲ့သို့ အချိန်တိုတို ကျဆင်းဘို့ အဖြစ်သာ မျှော်လင့် နေကြသော်လည်း၊ အမေရိကန် စီးပွားရေး ကျွမ်းကျင်သူပညာရှင်များ အကြား မှာတော့ L အညွှန်းပြ ပုံစံ ကဲ့သို့ အချိန်ကြာရှည်စွာ ရှိနေလိမ့်အုန်းမယ်လို့ တွက်ဆ ဟောကိန်းထုတ်နေကြတယ်။ တကယ်လို့ သာ L အညွှန်းပြ ပုံစံ ကဲ့သို့ အချိန်ကြာရှည်စွာရှိနေလိမ့်အုန်းမယ် ဆိုရင် ယခုရင်ဆိုင် နေကြရတဲ့ ကမ္ဘာ့ စီးပွားရေး ဆုတ်ယုတ် ကျဆင်းမှု ( Economic Recession) ဟာ ၃၆ လ လောက်ကြာအောင် တည်ရှိနေပါလိမ့်မယ်။ U (သို့) V (သို့) L ဖြစ်ပေါ်တည်ရှိမှုဟာ သက်ဆိုင်ရာ အစိုးရများရဲ့ စီးပွားရေးကျားကန်မှု အင်အားပေါ်မှာသာ မှုတည်ပါတယ်လို့ စီးပွားရေး ကျွမ်းကျင်သူ ပညာရှင်များက သုံးသပ်ထားကြပါတယ်။

Ref:
AsiaNews.it: ILO forecasts loss of between 7 and 22 million Asian jobs in 2009
Global Travel Industry News: One million tourism employees face job loss
Market Watch: 2008's legacy may be a loss of 2 million-plus jobs



Rest of your post

No comments: