Wednesday, May 13, 2009

ထိုင်းအစိုးရ စီးပွားရေး ကျားကန်ပေးပုံက



မြတ်စိုး
ကြာသပတေးနေ့၊ မေလ 07 2009 14:15 - မြန်မာစံတော်ချိန်

ထိုင်းအစိုးရ ဘဏ္ဍာရေးဝန်ကြီး ကွန်ချတီကာဗာနစ်ခ်ျ - Korn Chatikavanij က ဘတ်ငွေ ၁ ဒဿမ ၄၃ တြီလီယံ သုံးစွဲဖို့ ပြင်ဆင်နေတဲ့ ဒုတိယအဆင့် စီးပွားရေး ကျားကန်ပေးမှု အစီအစဉ်ကို ထိုင်းဝန်ကြီးများအဖွဲ့က အတည်ပြုလိုက်ပြီဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။

ထိုင်းအစိုးရရဲ့ ပထမအဆင့် စီးပွားရေးကျားကန်ပေးခဲ့မှု အစီအစဉ်တုန်းကတော့ ထိုင်းပါလီမာန်က အမေရိကန် ဒေါ်လာ ၃ ဒဿမ ၃၅ ဘီလီယံ (၁၁၆ ဒဿမ ၇ ဘီလီယံ ဘတ်) ကိုသာ သုံးစွဲဖို့ အတည်ပြု ပေးခဲ့တယ်။ ပထမအဆင့် စနစ်တကျ သုံးစွဲခဲ့တဲ့ အစီအစဉ်တွေမှာ လစာနည်းသူတွေကို ဘတ်ငွေ ၂ဝဝဝ (အမေရိကန် ၅၈ ဒေါ်လာ) ထောက်ပံ့ရေး၊ အခမဲ့ ရေနှင့် လျှပ်စစ် သုံးစွဲနိုင်မှု၊ အခမဲ့ ရထားနှင့် ဘတ်စ်ကားများ စီးနင်းနိုင်စေမှု၊ အခမဲ့ ၁၅ နှစ် ပညာရေး သင်ကြားနိုင်စေမှုနှင့် ငွေကြေး ထောက်ပံ့ပေးမှုတွေ ပါဝင်ပါတယ်။ အစိုးရတရပ်က သူတို့ပြည်သူတွေရဲ့ အခက်အခဲ၊ အကျပ်အတည်းတွေကို စနစ်တကျ တာဝန်သိသိ လုပ်ဆောင်ခဲ့တဲ့ သုံးစွဲမှု အစီအစဉ်တွေပါ။

မေလ ၆ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားဖော်ပြထားတဲ့ ငွေကြေး ၁ ဒဿမ ၄၃ တြီလီယံ ထပ်ပြီး သုံးစွဲမယ့် ထိုင်းအစိုးရရဲ့ ဒုတိယအဆင့် စီးပွားရေး ကျားကန်ပေးမှု အစီအစဉ်မှာ အစိုးရအဖွဲ့က ရေးဆွဲထားတဲ့ အထူးစီမံကိန်းတွေကို အကောင်အထည်ဖော်ရေးအတွက် သုံးစွဲသွားမှာဖြစ်ပြီး လူဦးရေ ၂ သန်းကျော်ကို အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ဒါ့အပြင် ထိုင်း စီးပွားရေးလုပ်ငန်းတွေ၊ နိုင်ငံတကာရှိ စီးပွားရေးပြိုင်ဘက်တွေကို ရေရှည်မှာ အသာစီး ရနိုင်ရေးအတွက် (long-term competitive advantages) အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ အစီအစဉ်တွေ ပါဝင်ကြောင်း ထိုင်းအစိုးရ ဘဏ္ဍာရေးဝန်ကြီး ကွန် ချတီကာဗာနစ်ခ်ျ (Korn Chatikavanij) က ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဝန်ကြီး ကွန်ရဲ့ ပြောဆိုချက်အရ အစကနဦးက ၁ ဒဿမ ၅၆ တြီလီဘတ် သုံးစွဲဖို့ ခန့်မှန်းလျာထားခဲ့ပြီး၊ ထိုင်းနိုင်ငံရဲ့ ဒုတိယအဆင့် စီးပွားရေး ကျားကန်မယ့် အစီအစဉ်ကို ၂ဝဝ၈ ခုနှစ်ကနေ ၂ဝ၁၂ ခုနှစ်ထိ သတ်မှတ်ထားခဲ့တယ်လို့ ဆိုပါတယ်။ ဒီ ငွေအလုံးအရင်း သုံးစွဲမှုအစီအစဉ်ကို ထိုင်းပါလီမာန် လွှတ်တော်အမတ်တွေရဲ့ ခွင့်ပြုချက်ရ ရချင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ငွေချေးငှားဖို့ ရှာဖွေစီစဉ်သွားမှာဖြစ်ပြီး၊ စီးပွားရေး ပြန်လည်နာလန်ထူလာရန်အတွက် အမြန်ဆုံး သုံးစွဲသွားမယ်လို့ ဆိုပါတယ်။

တိုင်းပြည်အတွင်း ငွေလည်ပတ်မှု (Sufficient Liquidity) အဆင်ပြေ ချောမောနေတာကြောင့် လျာထားတဲ့ ဘဏ္ဍာရေးဆိုင်ရာ ခွဲဝေသုံးစွဲမှု (budget allocation) နဲ့ ချေးငွေတွေကို တိုင်းပြည်အတွင်းမှာပဲ အဓိက ငွေလည်ပတ်နိုင်အောင် သုံးစွဲသွားမယ်လို့ ပြောဆိုသွားပါတယ်။ လောလောဆယ် ထိုင်းအစိုးရရဲ့ ဘဏ္ဍာရေး အခြေအနေဟာ အားကောင်းမှု ရှိနေပြီး၊ ပြည်သူတွေရဲ့ ကြွေးမြီ (Public Debt) တင်ရှိတာဟာ မြင့်မားမှု မရှိဘူးလို့ ထုတ်ဖော်ပြောဆိုသွားပါတယ်။ ဆိုလိုတာက ဘဏ်တွေမှာ ထုတ်ချေးနိုင်တဲ့ ငွေကြေး အရင်းအနှီးတွေ၊ အစိုးရက အာမခံပေးနိုင်မှုတွေ အားကောင်းနေသေးတယ် ဆိုတာကို အတည်ပြု ပြောဆိုသွားတာပါ။

ငွေအလုံးအရင်း ခွဲဝေသုံးစွဲပြီး စီးပွားရေး ကျားကန်ပေးမယ့် အစီအစဉ်ကြောင့် တိုင်းပြည်က တင်ရှိမယ့် ကြွေးမြီဟာ တိုင်းပြည်ကုန်ထုန်လုပ်မှုရဲ့ ၄ဝ ရာခိုင်နှုန်းကနေ ၆ဝ ရာခိုင်နှုန်းအထိ ၂ဝ၁၃ ခုနှစ်မှာ တိုးမြှင့်သွားနိုင်ပေမယ့်၊ ဒီလိုသုံးစွဲမှုကြောင့် ထိုင်း ဆင်းရဲသား ပြည်သူလူထုတွေ၊ အလုပ်သမားတွေ၊ ထိုင်း စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ စီပွားရေး ပြန်လည်နာလန်ထူလာနိုင်မယ့် အခွင့်အလမ်းတွေ ရရှိကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလို ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံသုံးစွဲမှုကြောင့် တိုင်းပြည်ရဲ့ ကြွေးမြီဟာ ၂ဝ၁၄ ခုနှစ်ကစပြီး ပြန်လည်ကျဆင်းသွားမှာဖြစ်ပြီး၊ ၂ဝ၁၈ ခုနှစ်မှာ ၄၇ ရာခိုင်နှုန်းသာ ကျန်ရှိလိမ့်မယ်လို့ ခန့်မှန်းတွက်ဆကြောင်း ဖော်ပြထားပါတယ်။

အစိုးရအဖွဲ့က ဘဏ္ဍာရေး သုံးစွဲမှုတွေကို ဖြတ်တောက်လျှော့ချခဲ့တာကြောင့်၊ တချို့ စီမံကိန်းတွေကို သက်ရောက်မှု ရှိလိမ့်မယ်ဖြစ်ပြီး၊ ဘယ် စီမံကိန်းတွေကို သုံးစွဲမှု လျှော့ချမလဲ ဆိုတာကိုတော့ တာဝန်ရှိတဲ့ သက်ဆိုင်ရာ ဘဏ္ဍာရေးကော်မတီက ပြန်လည်သုံးသပ်ပြီး ဆုံးဖြတ်သွားမယ်လို့ ဆိုတယ်။ ဘဏ္ဍာရေး သုံးစွဲမှုတွေကို ဖြတ်တောက်လျှော့ချခဲ့တဲ့ စီမံကိန်းတွေထဲမှာ စစ်တပ်အသုံးစရိတ်တွေ လျှော့ချမှုတွေလည်း ပါရှိကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် စူသစ်သောင်ဆုဘန်း - Suthep Thaugsuban က အစိုးရရဲ့ လက်ရှိ ခန့်မှန်းတွက်ဆထားတဲ့ ကိန်းဂဏန်းတွေအရ အစိုးရရဲ့ ဝင်ငွေဟာ ဘတ်ငွေ ၂ဝဝ ဘီလီယံကျော် လျော့ကျနေတာကြောင့် စစ်တပ်ရဲ့ အသုံးစရိတ်တွေ လျှော့ချမှု အမှန်တကယ် လိုအပ်နေတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ထိုင်း ကာကွယ်ရေး စစ်ဦးစီးချုပ် အနုပေါင် ပိုဂျင်ဒါ - Anupong Paojinda က စစ်တပ်အသုံးစရိတ်တွေကို လျှော့ချဖို့ ဆုံးဖြတ်ခဲ့တဲ့ အစိုးရအဖွဲ့ရဲ့ ဘဏ္ဍာရေးခွဲဝေသုံးစွဲမှု အစီအစဉ်ကို သဘောတူ ထောက်ခံခဲ့ပြီး၊ အစိုးရအဖွဲ့ ဆုံးဖြတ်ချက်အတိုင်း စစ်လက်နက် ဝယ်ယူမှု၊ တခြား စစ်တပ်သုံးစွဲမှု အစီအစဉ်တွေကို ဖြတ်တောက်ခြင်း၊ ရပ်ဆိုင်းခြင်းတွေ ပြုလုပ်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။ အသေးစိတ် အစီအစဉ်နဲ့ ကိန်းဂဏန်း အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိသလို၊ အစိုးရအဖွဲ့ကလည်း ဆုံးဖြတ်ချက် အတိအကျ မချရသေးပါဘူး။

ထိုင်း ကာကွယ်ရေး စစ်ဦးစီးချုပ် အနုပေါင် ပိုဂျင်ဒါ - Anupong Paojinda က စစ်တပ် အသုံးစရိတ်ကို ဦးစားပေး ဆွေးနွေးနေရေးထက် လက်ရှိ တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ အကျပ်အတည်း ပြဿနာတွေကို ဦးစားပေး ဖြေရှင်းဖို့က ပိုပြီး အရေးကြီးပါတယ်၊ တိုင်းပြည်ရဲ့ တခြား အရေးကြီးတဲ့ အကျပ်အတည်းတွေကို ဦးစားပေး ဖြေရှင်းကြပါလို့ ထုတ်ဖော်ပြောဆိုသွားကြောင်း တင်ပြလိုက်ရပါတယ်။



Rest of your post

No comments: