Thursday, July 9, 2009

မြောက်ကိုရီးယား အစိုးရ နှင့် မြန်မာစစ်အုပ်စူတို့၏ ပုလင်းတူဗူးစို့လုပ်ရပ်များ

ဒေ၀ဒတ် နဲ့ပေါင်းနေတဲ့ ကင်(မ်)ဂျုံအီး

-မြတ်စိုး-
၀၆-၂၆-၂၀၀၉

မြောက်ကိုရီယား ကွန်မြူနစ် အစိုး နှင့် နအဖ စစ်အုပ်စု တို့ အကြား ဘာကြောင့် အချင်းချင်း စီးပွားရေး၊ နိုင်ငံရေး၊ သံတမန်ရေး တိုးမြှင့် ဆက်ဆံနေကြသလဲ။ အဖြေကတော့ ရှင်းပါတယ်။

ပုလင်းတူဗူးစို့ တွေဖြစ်တယ်။ ကမ္ဘာမှာ နှစ်အရှည်ဆုံး အာဏာရှင်နိုင်ငံတွေ ဖြစ်ပြီး၊ အာဏာရှင်တွေဟာ နိုင်ငံတွင်းရှိ ပြည်သူတွေအပေါ် လူအခွင့်အရေးတွေ နှင့် လွတ်လပ်မှုတွေ ကို ပိတ်ပင်တားမြစ် ဖိနှိပ်ချုပ်ချယ်ထား ကြတယ်။ နိုင်ငံကို အုပ်ချုပ်နေသူတွေ ကိုယ်တိုင် အကြမ်းဖက်မှုတွေကို ကြံစည် အားပေးထောက်ခံလှုပ်ရှား ခဲ့ကြတယ်။ မြောက်ကိုရီးယားအစိုးရ ဟာ မြန်မာနိုင်ငံ အာဇာနည်ဗိမာန်မှာ တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်အစိုးရအဖွဲ့ကို အကြမ်းဖက်မှု တိုက်ခိုက်ခဲ့တာဟာ အစိုးရတရပ်အနေနဲ့ အကြမ်းဖက်မှု ကို ကျူးလွန် လုပ်ခဲ့သော အထင်းအရှား သာဓက လုပ်ရပ်တစ်ခုဖြစ်တယ်။ ဒေသတွင်းကို အဏုမြူ လက်နက် အင်အား သုံးပြီး ဒေသတွင်း မတည်ငြိမ်မှုနှင့် ဒေသတွင်းလုံခြုံရေးကို ခြိမ်းချောက်နေတယ်။ ထို့အတူ မြန်မာနအဖ စစ်အုပ်စု ကလည်း မြန်မာပြည်သူတွေအပေါ် ကြံဖွတ်၊စွမ်းအားရှင် အကြမ်းဖက် လက်ကိုင်ဒုတ် တွေကိုအားပေး အားမြောက် ပြုပြီး မြန်မာပြည်သူတွေကို အကြမ်းဖက်မှုတွေပြူလုပ်နေတယ်။ အနှစ် ၂၀ ကာလ အတွင်း မြန်မာနိုင်ငံမှာ စစ်ဘေးဒုက္ခသည်၊ ရွေှ့ပြောင်း ဒုက္ခသည် နှင့် တိုင်းပြည်ကို စွန့်ခွာသွားသူ ၄ သန်းကျော် ဖြစ်လာခြင်းက အထင်းအရှား သာဓက လုပ်ရပ်တစ်ခုဖြစ်တယ်။ နိုင်ငံတကာ အသိုင်းအ၀န်း က အကြမ်းဖက် အစိုးရတွေ အဖြစ် အသိအမှတ်ပြုထားခြင်း ခံနေရတယ်။ အနောက်နိုင်ငံ တွေ ကလည်း စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ခြင်းခံနေရသလို၊ နိုင်ငံတကာရဲ့ ပစ်ပယ်မှုကိုလည်း ခံနေရတယ်။

ဒီလို အကြမ်းဖက်မှုတွေကို အားပေးထောက်ခံပြီးလုပ်ဆောင်နေတဲ့ အာဏာရှင်နိုင်ငံတွေ ဖြစ်နေ တာကြောင့် နှစ်နိုင်ငံစလုံး ကို နိုင်ငံတကာက ပြစ်တင်ရှု့ချခြင်းလည်း ခံနေရတယ်။ ဒါကြောင်မို့ နှစ်နိုင်ငံ ညီညွတ်မှု၊ အပြန်အလှန် အားပေး အကူအညီပေးဖို့ လိုအပ်နေတယ်။ သူခိုး သားရည်ဖော်ညှိ ကြခြင်းလည်းဖြစ်တယ်။

မြောက်ကိုရီးယား အာဏာရှင် ကင်(မ်)ဂျုံအီး မွေးနေ့ ကို တက်ရောက်ခဲ့သော သန်းရွှေနောက်လိုက် နအဖ စစ်ဗိုလ်ချုပ်တစ်ဦး

ကြောင်ခံတွင်းပျက် နှင့် ဇရက်တောင်ပံ့ကျိုး တို့ တွေ့ကြတာဖြစ်တယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်က ဆောက်လုပ်နေတဲ့ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေဟာ လျှပ်စစ်မီး လုံလောက်အောင် မပေးနိုင်ဘူး။ ဒုတိယ ကမ္ဘာစစ်ပြီး ဆောက်လုပ်ခဲ့ကြတဲ့ လှော်ကား ရေလှောင်ကန်တို့ ၊ လောပိတ စက်ရုံ၊ ဘီလူးချောင်း စက်ရုံ တို့ ဟာလည်း ခေတ်မမှီတော့တဲ့ အတွက် ပြန်လည် ပြင်ဆင်ဖို့ လိုအပ်နေတာ အချိန်အတော်ကြာနေပါပြီ။ ဒါပေမဲ့ ပြင်ဆင်နိုင်ဖို့ အခက်အခဲတွေ ဖြစ်နေကြတယ်။ တရုတ်၊ဂျာမန် အစိုးရ အကူအညီတွေနဲ့ ပြင်ဆင်ခဲ့ပါ သေးတယ်။ ဒါပေမဲ့လည်း ဒုတိယ ကမ္ဘာစစ်က ထုတ်လုပ်ခဲ့တဲ့ စက်ပစ္စည်းအပို ကိရိယာ များကိုတော့ ထပ်မံ မှာယူလို့ မရဖြစ်နေတယ်။ ဒီပစ္စည်းတွေကို ထုတ်လုပ်တဲ့နိုင်ငံတွေ ကလည်း စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ ထားလို့ မှာယူတင်သွင်းလို့ မရဖြစ်နေတယ်။ နိုင်ငံတကာ နဲ့ မြန်မာပြည်သူတွေကတော့ နိုင်ငံမှာ ပြည်သူတွေကို လျှပ်စစ်မီးတောင် လုံလောက်အောင် မပေး တဲ့ အာဏာရှင်အစိုးရလို့ ခေါ်ဝေါ် သတ်မှတ်ထားကြတယ်။ မြန်မာ့နည်း မြန်မာ့ဟန် နဲ့ တော့ ဆက်လက် လည်ပတ်နေကြပါသေးတယ်။ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တွေ စက်ချို့ယွင်းလို့ လျှပ်စစ်သာ မီးပြတ်ပေမဲ့၊ လေယာဉ်တွေ စက်ချို့ယွင်းရင်တော့ လူ့ အသက်ပါဆုံးရှုံး နေရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ တရုတ်က ဈေးနှုန်းချိုသာပြီး၊ အရည်အသွေးညံ့ဖျင်းတဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တွေကို မှိုလိုပေါက်အောင် ၀ယ်ယူတည်ဆောက် ခဲ့ကြတယ်။ ဒါပေမဲ့ ဆင် ခ တဲ့ ချွန်းခ က ဈေးကြီးနေတယ်။ အရည်အသွေးညံ့ဖျင်းမှုကြောင့် အဖိုးထက် လက်ခ က ဈေးကြီးလို့ အခက်တွေ့နေကြတယ်။ ဘယ်လိုပဲ နအဖ သတင်းစာတွေထဲမှာ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တွေ၊ ရေကာတာတွေဆောက်လုပ်နေကြောင်းဖော်ပြနေပေမဲ့ တကယ့်လက်တွေ့မှာ တော့ မြန်မာပြည် မြို့ ကြီးတွေမှာ တောင် လျှပ်စစ်မီးကို လုံလောက် အောင် မပေးနိုင် ဖြစ်နေတယ်။ မီးလုံလောက်အောင်မပေးနိုင်တဲ့ လက်တွေ့ ဖြစ်ပျက်နေတဲ့ အခြေအနေဟာ နအဖ စစ်အုပ်စု အနေနဲ့ ပြည်သူကို ညာလို့ မရအောင် လယ်ပြင်မှာ ဆင်ကြီးသွားနေသလို ကွက်ကွက်ကွင်းကွင်းကြီး ဖြစ်နေ တော့တယ်။

ဒီလိုနဲ့ ကွန်မြူနစ်နိုင်ငံတွေကို အဖေ ပဲခေါ်ရ ခေါ်ရ ၊ ပထွေးပဲခေါ်ရ ခေါ်ရ နယူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တွေကို တည်ဆောက်ဖို့ ရုရှား၊ မြောက်ကိုရီးယား၊ တရုတ် အစိုးရတွေကို ချည်းကပ်လာရတော့တယ်။ ဒီနိုင်ငံတွေကို နည်းပညာတွေ သင်ယူဖို့ လူတွေလွှတ် ယင်း၊ ဒီ လူငယ်တွေ ဟာလည်း မသိမသာနဲ့ ၂၁ ရာစုခေတ်မှာ ခေတ်သစ် ကွန်မြူနစ် ကေဒါလောင်းလေးတွေ ဖြစ်လာခြင်း ခံရလာရသလို၊ မြန်မာ စစ်တပ်ဟာ ကွန်မြူနစ် နိုင်ငံတွေရဲ့ လက်ပါးစေ လက်ကိုင်ဒုတ်ဖြစ်လာခဲ့ရတယ်။

မြောက်ကိုရီးယား အစိုးရကလည်း အကြမ်းဖက်မှု တွေ နှင့် ဒေသတွင်း မှာ အဏုမြူ လက်နက် အင်အား သုံး ခြိမ်းချောက်မှုတွေကြောင့် နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်ထားလို့ အစားရေစာ ဖူလုံမှုမရှိ၊ ငွေကြေးလိုအပ်မှုတွေရှိနေတယ်။

နိုင်ငံတော် ကို အကြမ်းဖက်ခံခဲ့ရတာ ကို လူသိရှင်ကြား တိုင်းသူပြည်သားတွေကို ၀န်ချ တောင်းပန် ခြင်းပြုလုပ်ပေးဖို့တောင် တောင်းဆိုခြင်းမပြုလုပ်တော့ပဲ၊ ရောင်းချထားတဲ့ သဘာဝ သံယာဇာတ က ၀င်ငွေတွေကို နယူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တွေ၊ နေပြည်တော် ဥမင်လှိုင်ခေါင်းတွေ ကို မြောက်ကိုရီးယား အကူအညီနဲ့ တည်ဆောက်ဖို့ ကျိုးစား လာကြတယ်။ မြောက်ကိုရီးယားက နည်းပညာ နှင့် အတက်ပညာ တွေ ကို ၀ယ်ယူခဲ့ကြတယ်။ ဒီတော့ ပြည့်တန်ဆာမ နဲ့ ၀ရမ်းပြေး၊ ကြောင်ခံတွင်း ပျက် နှင့် ဇရက်တောင်ပံ့ကျိုး တို့ တွေ့ဆုံလာခဲ့ကြရတာပါပဲ။

ဒီမှာ ပြဿနာက မြန်မာနိုင်ငံမှာ မိလ္လာ နှင့် အမှိုက် စွန့်ပစ်ရေး စံနစ် ကိုတောင် မထိမ်းသိမ်း၊ မပြင်ဆင်၊ မစောင့်ရှောက် နိုင်သေးယင် နယူကလီးယား စွန့်ပစ်ပစ္စည်းတွေကို ဘယ်မှာ စွန့်ပစ်မယ်၊ ဘယ်လောက် အကုန်အကျ သုံးစွဲမလဲ၊ ဘယ်လောက် ပြည်သူတွေရဲ့ အသက်အိုးအိမ် ကို လုံလုံခြုံခြုံ အကာအကွယ်ပေးနိုင်မလဲ ဆိုတာကတော့ မေးခွန်းတွေ အများကြီး ရှိနေပါသေး တယ်။ မြောက်ကိုရီးယား အစိုးရ ဟာ မြန်မာနိုင်ငံကို အကြမ်းဖက် တိုက်ခိုက်ခဲ့မှုကြောင့် တောင်ကိုရီးယား အစိုးရ အဖွဲ့အ၀င်များနှင့် မြန်မာပြည်သူတွေ သေဆုံးခဲ့ကြရသလို၊ လက်ရှိ မြောက်ကိုရီးယားက တည်ဆောက်နေတဲ့ နယူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ က မတော်တဆ ပေါက်ကွဲရင်တော့ မြန်မာပြည်သူ တွေ ဘယ်လောက် သေကြေအုံးမလဲဆိုတာကတော့ စောင့်ကြည့်ရပါလိမ့်မယ်။

နောက်တပတ်မှာ မြောက်ကိုရီးယား အာဏာရှင် ကင်(မ်)ဂျုံအီး ဆိုတာဘယ်လို လူစားလည်းဆိုတယ် စုဆောင်းလေ့လာ ထားသမျှ အပိုင်း ၃ ပိုင်းခွဲပြီး တင်ပြသွားပါမယ်။စောင့်မျှော်ဖတ်ရှု့ ကြပါ။



Rest of your post

No comments: