Thursday, July 9, 2009

ဟွန်ဒူရပ်စ် နိုင်ငံရေးတစေ့တစောင်း " Honduras: Coup or No Coup?"

သက်တမ်းတိုးဖို့ ကျိုးစားယင်း ရာထူးမှ ဖယ်ရှားခံရပြီး တိုင်ပြည်က နှင်ထုတ်ခြင်းခံခဲ့ရတဲ့ ဟွန်ဒူရပ်စ် သမ္မတ ဟိုဆေး ဇီလာရာ
The 2009 Honduran political crisis is an ongoing constitutional crisis.

Today's Quote:
"If the leader can't navigate the people through rough waters, he is liable to sink the ship"

-မြတ်စိုး-
၀၇-၀၃-၂၀၀၉

လူဦးရေ ၇ သန်းကျော်နေထိုင်တဲ့ လက်တင်အမေရိက နိုင်ငံတနိုင်ငံဖြစ်တဲ့ ဟွန်ဒူရပ်စ် မှာ ဇွန်လ ၂၈ ရက်နေ့ တနင်္ဂနွေနေ့ တုန်းက စစ်တပ်က အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီး အာဏာရ သမ္မတ ဟိုဆေး ဇီလာရာ ကို ဖြုတ်ချခဲ့တယ်လို့ သတင်းမီဒီယာတွေ မှာ ဖတ်ရှု့ ခဲ့ရပါတယ်။ ဟွန်ဒူရပ်စ် စစ်တပ်က သမ္မတ နန်းတော် နှစ်ခုကို ၀င်ရောက်ပြီး၊ သမ္မတ ဟိုဆေး ဇီလာရာ( Jose Manuel Zelaya) ကို စစ်လေယာဉ် နဲ့ ကော်စတာရီ ကာနိုင်ငံ ဆန်ဟိုဆေး မြို့ (San José, Costa Rica. ) ကို တင်ဆောင်ပြီး တိုင်းပြည်က နှင်ထုတ်ကာ သမ္မတ ရာထူးကနေ ဖြုတ်ချခဲ့တယ်လို့ဆိုတယ်။ သမ္မတ ဟိုဆေး ဇီလာရာ ကို စစ်တပ်က ဖမ်းဆီးပြီး ရာထူးကနေ ဖြုတ်ချခဲ့ခြင်းဟာ သမ္မတ သက်တမ်းတိုးမြှင့်ဖို့ လူထုဆန္ဒခံယူဖို့ မဲပေးရန် တစ်နာရီ အလိုမှာ ဖြစ်ပွားခဲ့တယ်။

သူ့ကို ဖြုတ်ချပြီး ယာယီကြားဖြတ်အစိုးရ သမ္မသစ် ရောဘတ်တို မီရှဲလက်တီး က သမ္မတ ရာထူး တာဝန်ကို ရယူခဲ့တယ်လို့ ဆိုတယ်။ လက်ရှိ ကြားဖြတ်အစိုးရ သမ္မတသစ် ရောဘတ်တို မီရှဲလက်တီး က စစ်တပ်က အာဏာသိမ်းယူ ခဲ့ခြင်း မဟုတ်ကြောင်း၊ သမ္မတဟောင်း ဟိုဆေး ဇီလာရာ ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ခဲ့တာကြောင့် ဟွန်ဒူရပ်စ် အဆင့်မြင့် တရားရုံး ( Supreme Court) ကနေ စစ်တပ်ကို အမိန့်ညွှန်ကြားပြီး ရာထူးမှ ဖြုတ်ချခဲ့တာသာဖြစ်ကြောင်း နှင့် သမ္မတဟောင်း ဟိုဆေး ဇီလာရာ ဟာ ဗင်နီဇွဲလားသမ္မတ ဟူဂို ရှားဗက် ( Hugo Chavez) လို ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ချိုးဖောက်ပြီး သမ္မတ အာဏာ သက်တမ်း ဆက်လက်တိုးချဲ့ ဖို့ ကျိုးစားခဲ့တာကြောင့် အခုလို ရာထူးကနေ ဖြုတ်ချခဲ့ရခြင်း ဖြစ်ကြောင်း သတင်းမီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုသွားခဲ့တယ်။ သူရဲ့ စွပ်စွဲပြောဆို ဖြေရှင်းချက်အရ -

၁) သမ္မတဟောင်း ဟိုဆေး ဇီလာရာ ဟာ ဟွန်ဒူရပ်စ် အဆင့်မြင့် တရားရုံး ( Supreme Court) ရဲ့ ဆုံးဖြတ်ချက်ကို လျစ်လျူရှု့ ပြီး၊ ဗင်နီဇွဲလားသမ္မတ ဟူဂို ရှားဗက် ( Hugo Chavez) လို သမ္မတ သက်တမ်းတိုးချဲ့ဖို့ လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့တယ်။

၂) လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာမှုမရှိခဲ့ဘူး။

၃) သူ့ကို ပူးပေါင်းဆောင်ရွက်မှုမရှိခဲ့တဲ့ စစ်တပ်ခေါင်းဆောင်ကို ရာထူးကနေ ဖယ်ရှားပြစ် ခဲ့တယ်။

ဒီလုပ်ရပ်တွေကြောင့် သူ့ကို သမ္မတ ရာထူးကနေ ဖယ်ရှားခဲ့ရတာလို့ဆိုတယ်။ ဒီနေရာမှာ မေးခွန်းထုတ်စရာက အာဏာသိမ်းမည့် အစား သမ္မတ ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ချိုးဖောက်မှုနဲ့ ဥပဒေနည်းလမ်း အရ တရားစွဲဆိုမှု (Impeachment) လုပ်ပြီး ဘာကြောင့် တရားဥပဒေဘောင်က မဖြေရှင်းသလဲဆိုတာကတော့ မေးခွန်း ထုတ်စရာဖြစ်နေတယ်။ ကြားဖြတ်အစိုးရ ကတော့ အာဏာသိမ်းတာမဟုတ်ဘူး၊ ဥပဒေချိုးဖောက်မှုကြောင့် ရာထူးကဖယ်ရှားပြစ်တာလို့တော့ဆိုပါတယ်။

ဟွန်ဒူရပ်စ် ကြားဖြတ်အစိုးရ သမ္မသစ် ရောဘတ်တို မီရှဲလက်တီး

ဟွန်ဒူရပ်စ် မှာ သမ္မတသစ် ရွေးကောက်ပွဲကို ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂၉ ရက် နေ့မှာ ကျင်းပပေးရမှာ ဖြစ်ပြီး၊ သမ္မတ ဟိုဆေး ဇီလာရာ သမ္မတ သက်တမ်းဟာ ၂၀၁၀ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက် နေ့မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ အာဏာရှင် မပေါ်ထွန်းအောင် ဟွန်ဒူရပ်စ် နိုင်ငံမှာ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ သမ္မတ ဟာ သက်တမ်းတစ်ကြိမ်သာ ထာဝန်ထမ်းဆောင်ခွင့်ပြုထား တယ်။ လက်ရှိ ကြားဖြတ်အစိုးရ သမ္မတသစ် ရောဘတ်တို မီရှဲလက်တီး ဟာ ရာထူးက ဖြုတ်ချခြင်း ခံခဲ့ရတဲ့ သမ္မတ ဟိုဆေး ဇီလာရာ ပါတီက ဖြစ်ပြီး၊ ဟွန်ဒူရပ်စ် လွှတ်တော်ကလည်း ထောက်ခံ အတည်ပြုခဲ့တယ်။ ကြားဖြတ်အစိုးရ က သမ္မတရွေးကောက်ပွဲကို မူလ အစီအစဉ်အတိုင်း ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂၉ ရက် မှာ ကျင်းပပေးမယ်လို့ ဂတိပြုခဲ့တယ်။

အမေရိကန် နှင့် ဗင်နီဇွဲလား၊ ကျူးဘား၊ ဘိုလစ်ဗီးယား အပါအ၀င် တောင်အမေရိကတိုက်ရှိ လက်ဝဲနိုင်ငံတွေက စစ်တပ်မှ လက်ရှိ သမ္မတ ကို ရာထူးမှ ဖြုတ်ချခဲ့ခြင်းအပေါ် ပြင်းထန်စွာကန့်ကွက်ထားပြီး၊ ဗင်နီဇွဲလား သမ္မတ ဟူဂို ရှားဗက် ( Hugo Chavez) က သံတမန်ရေးအရ ဖြေးရှင်းနိုင်မှုမရှိလျှင် စစ်ရေးအရ ၀င်ရောက်စွက်ဖက်ရ လိမ့်မယ်လို့ ပြောဆိုခဲ့ပြီး၊ ဗင်နီဇွဲလား စစ်တပ်ကို တပ်လှန့် ထားခဲ့တယ်။ ဟွန်ဒူရပ်စ် စစ်တပ်က သူတို့နိုင်ငံရဲ့ အရေးကို ၀င်ရောက်စွက်ဖက်ခဲ့တဲ့ ဗင်နီဇွဲလား နှင့် ကျူးဘားသံရုံးတွေကိုယာယီ ပိတ်ပြစ်ခဲ့တယ်။ ဟွန်ဒူရပ်စ် စစ်တပ် ဟာ ဗင်နီဇွဲလား နှင့် ကျူးဘား သံရုံးတာဝန်ခံ တွေကို မချေမငံ နှင့် အကြမ်းဖက် ဆက်ဆံ ခဲ့တယ်လို့ ဗင်နီဇွဲလား သမ္မတ ဟူဂို ရှားဗက် ( Hugo Chavez) က စွပ်စွဲခဲ့တယ်။

ဟွန်ဒူရပ်စ် ယာယီကြားဖြတ် အိမ်စောင့် အစိုးရ သမ္မသစ် ရောဘတ်တိုမီရှဲလက်တီး က နိုင်ငံခြားစစ်တပ်မှ ၀င်ရောက် စွက်ဖက်ပြီး၊ စစ်ရေးအရ ကျူးကျော်မှသာ သူ့အစိုးရ ကို ဖြုတ်ချ နိုင်မှာဖြစ်ပြီး၊ ဟွန်ဒူရပ်စ် စစ်တပ်ကလည်း အသင့်ရင်ဆိုင် သွားမယ် လို့ ထုတ်ဖော် ပြောဆို ခဲ့တယ်။ အမေရိကန်သမ္မတ အိုဗားမား ကတော့ ဒီမိုကရက်တစ်နည်းလမ်းနဲ့ရွေးချယ်ခဲ့တဲ့ သမ္မတ ကို ဥပဒေ နည်းလမ်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းကြဖို့ တိုက်တွန်းထားတယ်။ အမေရိကန်ရဲ့ အထောက်အပံ့အကူအညီတွေကိုလည်း ယာယီရပ်ဆိုင်းခဲ့တယ်။ ဟွန်ဒူရပ်စ် အာဏာသိမ်း စစ်တပ် ခေါင်းဆောင်တွေဟာ အမေရိကန်မှာ စစ်ပညာသင်ကြားခဲ့ကြပြီး၊ အမေရိကန် အစိုးရ နှင့် နီးစပ် ပူးပေါင်း လုပ်ဆောင်ခဲ့ကြသူများ ဖြစ်ကြတယ်။ အမေရိကန် အတိုက်အခံ ရီဘာပလစ်ကင်ပါတီ ခေါင်းဆောင် တွေက အမေရိကန်သမ္မတ အိုဗားမားဟာ အီရန်နိုင်ငံရေးအကြောင်းကို သိရှိပေမဲ့၊ ဟွန်ဒူရပ်စ် မှာ ဖြစ်ပျက် နေတာတွေကို နားမလည်ပါဘူးလို့ ပြင်းပြင်းထန်ထန်ဝေဖန်သွားပြီး၊ လက်တင်အမေရိက မှာ ဗင်နီဇွဲလားလို အာဏာရှင်ထပ်မံမပေါ်ပေါက်ဖို့ ထောက်ပြ တိုက်တွန်းထားကြတယ်။ ဟွန်ဒူရပ်စ် အရေးဟာ သမ္မတ အိုဗားမား ကို အမေရိကန် နိုင်ငံခြားရေးပေါ်လစီနဲ့ပက်သက်ပြီး အရည်အချင်း စမ်းသပ်စစ်ဆေးခြင်းတစ်ခုဖြစ်နိုင်တယ်လို့ နိုင်ငံရေး ကျွမ်းကျင်သူတွေ က သတင်းမီဒီယာတွေမှာ ထင်မြင်ချက်ပေးနေကြတယ်။

ဟွန်ဒူးရပ်နိုင်ငံ မှာ ဗင်နီဇွဲလား သမ္မတ ဟူဂို ရှားဗက် ( Hugo Chavez) လို အာဏာရှင်စံနစ် ပြန်လည် အသက်သွင်းမှာ ကို လုံးဝလက်မခံ နိုင်ဘူးလို့ သမ္မတ ဟိုဆေး ဇီလာရာ ကို ဖြုတ်ချခဲ့တဲ့ လက်ရှိ ဟွန်ဒူးရပ်ယာယီ ကြားဖြတ် အစိုးရ သမ္မသစ် ရောဘတ်တို မီရှဲလက်တီး က စပိန် ဘာသာနဲ့ ထုတ်လွှင့် နေတဲ့ ရုပ်မြင်သံကြား သတင်းဌာနတစ်ခုနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ထုတ်ဖော်ပြောဆို သွားခဲ့ တယ်။ တပြိုင်နက်မှာ ပဲ သမ္မတ ဟိုဆေး ဇီလာရာ ပြန်လာရင် ဖမ်းဆီးဖို့ ဟွန်ဒူးရပ် တရားရုံးချုပ်က ၀ရမ်းထုတ်ထားခဲ့တယ်။

နိုင်ငံတကာ အစိုးရတွေကတော့ စစ်တပ်က ဦးဆောင်ပြီး အာဏာသိမ်းခဲ့မှုပုံစံမျိုးကို လုံးဝလက်မခံကြတော့ဘူး။ OAS (Organization of American States) လို့ခေါ်တဲ့ လက်တင်အမေရိက နိုင်ငံများ အဖွဲ့အစည်းမှ အထွေထွေအတွင်းရေမှူး Jose Miguel Insulza ဦးဆောင်တဲ့ ခေါင်းဆောင်များ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာဖို့ ဟွန်ဒူးရပ်နိုင်ငံ ကို သောကြာနေ့ မှာ ထွက်ခွာသွားကြပါလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် အာဏာရပြီး၊ အချိန်တန်လျှင် အာဏာက နုတ်ထွက် မပေးချင်ကြ ပဲ၊ အာဏာကို ထာဝရ ဖက်တွယ်လိုချင်ကြတဲ့ အာဏာရှင်တွေ ကြောင့် တိုင်းပြည် နှင့် ပြည်သူ ထိခိုက် နစ်နာခဲ့တာဟာ ဟွန်ဒူးရပ်နိုင်ငံ ရဲ့ နိုင်ငံရေး အခြေအနေက သက်သေပြနေပါ တော့တယ်။ ဟွန်ဒူးရပ်နိုင်ငံ မှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာ ကို မြန်မာပြည် အနာဂတ် နိုင်ငံရေး ခေါင်းဆောင်များ လေ့လာပြီး သင်ခန်းစာ ယူသင့်ပါတယ်လို့ တင်ပြယင်း။

Rest of your post

No comments: