"The greatest test of respect comes when a leader creates major change in an organization"
(John C. Maxwell)
(John C. Maxwell)
ဆောင်းပါး-(မဇ္ဈိမ)
မြတ်စိုး
၁၁.၂၆.၂၀၀၉
အာဖဂန်နစ္စတန်နိုင်ငံမှာ ထပ်မံ ရွေးချယ်ခံရတဲ့ သမ္မတဟာမစ် ခါဇိုင်းဟာ အစိုးရ ဒုတိယသက်တမ်းကို ထမ်းဆောင်ဖို့ ကျမ်းသစ္စာ ကျိမ်ဆိုခဲ့ပါတယ်။ သမ္မတ ခါဇိုင်းက အာဖဂန်ရဲ့ သမိုင်းမှာ ကဏ္ဍသစ် ဖွင့်လှစ်ရေး၊ အဂတိလိုက်စားမှု ပပျောက်ရေး၊ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုစနစ် ထွန်းကားအောင် ဆောင်ရွက်ရေးနှင့် အာဖဂန် လုံခြုံရေးကို တာဝန်ယူရာမှာ တိုးတက်ကောင်းမွန်အောင် ပြုလုပ်မယ်လို့ ကတိပြုခဲ့တယ်။
အာဖဂန် သမ္မတ ကျမ်းသစ္စာ ကျိမ်ဆိုပွဲကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ တက်ရောက်ခဲ့တယ်။ အမေရိကန်နဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးတွေကတော့ သမ္မတ ခါဇိုင်း အစိုးရအနေနဲ့ အပြောထက် လက်တွေ့ကျကျ လုပ်ဆောင်ဖို့သာ လိုပါတယ်။ သမ္မတ ခါဇိုင်း အစိုးရအနေနဲ့ အပြောနဲ့လက်တွေ့ ကိုက်ညီအောင် မပြုလုပ်ဘူးဆိုရင် အကူအညီတွေဟာ ရပ်ဆိုင်းသွားနိုင်တယ်လို့ သတိပေး ပြောဆိုခဲ့ကြတယ်။ တကယ်လို့သာ သမ္မတ ဟာမစ်ခါဇိုင်းဟာ အာဖဂန်မှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု ပြဿနာတွေကို မှန်မှန်ကန်ကန်နဲ့ အမြန်ဆုံး မဖြေရှင်းပေးနိုင်ရင် ပြည်သူတွေက သူ့အစိုးရအပေါ် ထောက်ခံမှုနဲ့ ယုံကြည်စိတ်ချမှုတွေ ရရှိမှာ မဟုတ်တဲ့အပြင်၊ နိုင်ငံတကာရဲ့ ထောက်ခံမှုလည်း ရရှိနိုင်မှာ မဟုတ်ပါဘူး။ အကူအညီ ထောက်ပံ့နေတဲ့ နိုင်ငံတွေရှိ အတိုက်အခံ ပါတီတွေက အစိုးရတွေကို ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရတယ်။
သမ္မတခါဇိုင်း အရင်ဆုံး အလျင်အမြန် ဖြေရှင်းရမှာက အစိုးရအဖွဲ့အတွင်း အဂတိလိုက်စားမှုကို အရေးယူ ဆောင်ရွက်ပေးရဖို့ ဖြစ်တယ်။ တနည်းအားဖြင့် အစိုးရကို သန့်စင်ရေးပင် ဖြစ်တယ်။ အတိုက်အခံပါတီ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ အာဖဂန်နိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ကူညီနေတဲ့ နိုင်ငံအစိုးရတွေက ခါဇိုင်း အစိုးရ အဖွဲ့ဝင်တွေမှာ အကျင့်ပျက် အဂတိလိုက်စားမှုတွေ ရှိခဲ့တာကြောင့်၊ ဒီလို အကျင့်ပျက် အဂတိလိုက်စားမှုတွေကို စုံစမ်းဖော်ထုတ် စစ်ဆေးအရေးယူမှုတွေကို ပြုလုပ်နိုင်အောင် လွတ်လပ်ပြီး ပြည်သူက ကြည်ညိုလေးစားတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မတီတရပ်ကို ဖွဲ့စည်းဖို့ အဆိုပြုခဲ့တယ်။
အစိုးရဝန်ကြီးတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေဟာ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ရှင်းရှင်းလင်းလင်းနဲ့ ထင်သာမြင်သာရှိဖို့ တရားဝင် ဖော်ပြပေးရမယ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မတီကို ပိုင်ဆိုင်မှုတွေကို မှတ်တမ်းတင် သတင်းပို့ရမယ်။ ဒီကော်မတီက အချိန်မရွေး စုံစမ်းစစ်ဆေးခွင့်နဲ့ အရေးယူခွင့် ရှိရမယ်လို့ အဆိုပြုတောင်းဆိုခဲ့ကြတယ်။ သမ္မတ ခါဇိုင်း အစိုးရအတွင်း အကျင့်ပျက် အဂတိလိုက်စားမှု ရှိသူတွေထဲမှာ တချိန်က တာလီဘန် ဘာသာရေး အစွန်းရောက် အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြတဲ့ အတိုက်အခံ ခေါင်းဆောင်တွေလည်း ပါဝင်ကြတယ်။
ပြီးခဲ့တဲ့ အပတ် အင်္ဂါနေ့က ဂျာမဏီမှာ ရုံးစိုက်တည်ထောင်ထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ Transparency International က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဆိုမားလီးယား နိုင်ငံပြီးရင် အာဖဂန် နိုင်ငံဟာ အဂတိလိုက်စားမှု အဆိုးဆုံးနိုင်ငံ ဖြစ်တယ်။ ၂ဝဝ၉ ခုနှစ်အတွက် ထုတ်ဝေတဲ့ အဆိုပါ အစီရင်ခံစာဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၈ဝ ကို စာရင်းပြုစုထားခြင်းဖြစ်ပြီး အဂတိလိုက်စားမှု အဆိုးဆုံးနိုင်ငံတွေအဖြစ် နံပါတ် ၁၈ဝ မှာ ဆိုမာလီ၊ အာဖဂန်နစ္စတန်က ၁၇၉၊ မြန်မာ ၁၇၈၊ ဆူဒန်နဲ့ အီရတ်နိုင်ငံက ၁၇၆ အဆင့်အဖြစ် ကမ္ဘာပေါ်ရှိ အကျင့်ပျက် ခြစားမှု အများဆုံး နိုင်ငံများဖြစ်ကြောင်း အစီရင်ခံစာထဲမှာ ဖော်ပြပါရှိတယ်။
ဆိုမာလီ၊ အာဖဂန်၊ ဇင်ဘာဘွေ၊ မြန်မာနဲ့ အီရတ် နိုင်ငံတွေဟာ အဘက်ဘက်က ကျရှုံးနေတဲ့ နိုင်ငံတွေ (Failed States)၊ အဂတိလိုက်စားမှု အဆိုးဆုံးနိုင်ငံတွေ၊ အကြမ်းဖက်မှု အများဆုံးနိုင်ငံတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အများဆုံး နိုင်ငံတွေ စတဲ့ နာမည်ပျက်စာရင်းထဲမှာ ကျရောက်နေတဲ့ နိုင်ငံတွေအဖြစ် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက သတ်မှတ်ထားပါတယ်။
အဂတိလိုက်စားမှုဟာ နိုင်ငံတိုင်းမှာ ဖြစ်လေ့ဖြစ်ထ ရှိတယ်။ ဆင်းရဲတဲ့ နိုင်ငံဖြစ်ဖြစ်၊ ချမ်းသာတဲ့ နိုင်ငံဖြစ်ဖြစ် အနည်းနဲ့ အများဆိုသလို ရှိနေတတ်တာပါ။ အထူးသဖြင့် စစ်ပွဲတွေရှိနေတဲ့ နိုင်ငံ၊ ငြိမ်းချမ်းရေး တည်ငြိမ်မှုမရှိတဲ့ နိုင်ငံ၊ ထင်သာမြင်သာမှုမရှိတဲ့ ဥပဒေတွေ ပြဋ္ဌာန်းပြီး အာဏာကို အလွှဲသုံးစားလုပ်နေတဲ့ တိုင်းပြည်တွေမှာတော့ အဂတိလိုက်စားမှုကို တိုက်ဖျက်ဖို့ ခက်ခဲတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ Transparency International က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်။
ဆိုမာလီ၊ အာဖဂန်၊ မြန်မာနဲ့ အီရတ် နိုင်ငံတွေမှာ လာဘ်ပေးလာဘ်ယူမှုဟာ အစိုးရဌာနနဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေအကြား ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာအဖြစ် တည်ရှိနေသလို၊ အာဏာအလွှဲသုံးစား ပြုလုပ်နေမှု၊ ထင်သာမြင်သာမရှိတဲ့ ဥပဒေတွေကြောင့် အဂတိ လိုက်စားမှုကို တိုက်ဖျက်ဖို့ ခက်ခဲတယ်။ အစိုးရတွေအတွင်း အဂတိလိုက်စားမှုတွေကြောင့် ဒီနိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးလာစေနိုင်ကြောင်း Transparency International က သုံးသပ်ထားပါတယ်။
သမ္မတ ခါဇိုင်း အစိုးရအနေနဲ့ အာဖဂန်နိုင်ငံ အသွင်ကူးပြောင်းရေးကာလမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ပွဲတွေ၊ အာဏာလွန်ဆွဲမှုတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ ပြင်ဆင်မှု အားနည်းတာတွေ၊ အစိုးရမဟုတ်တဲ့ လူမှုထောက်ပံ့ အကူအညီပေးရေး အဖွဲ့တွေနဲ့ အစိုးရဝန်ကြီးဌာနတွေအတွင်း ထင်သာမြင်သာတဲ့ တာဝန်ယူမှု (Transparency and Accountability) မရှိတာတွေ၊ နည်းပါးနေတဲ့ လူ့စွမ်းအား အရင်းအမြစ် (Lack of Human Capacity) တွေကြောင့် အဂတိလိုက်စားမှုကို တိုက်ဖျက်ဖို့နဲ့ အသွင်ကူးပြောင်းရေး ကာလကို အောင်မြင်စွာ ဖြတ်သန်းနိုင်ဖို့ စိန်ခေါ်မှုများစွာနဲ့ ဆက်လက်ရင်ဆိုင်ကြရလိမ့်မယ်လို့ သုံးသပ်ထားကြတယ်။
တကယ်တော့ ဒီစိမ်ခေါ်မှုတွေကို အသွင်ကူးပြောင်းရေး ကာလကို ဖြတ်သန်းနေတဲ့ နိုင်ငံတိုင်းမှာ ရင်ဆိုင်ကြရမှာပါ။ ကာလရှည်ကြာစွာ အမြစ်တည်နေတဲ့ နာတာရှည် အကျပ်အတည်း၊ ပြဿနာတွေကို အဖွဲ့အစည်း တဖွဲ့တည်း၊ ပါတီတပါတီတည်း၊ အစိုးရတရပ်တည်းက ဖြေရှင်းနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ သမ္မတ ခါဇိုင်းကတော့ ဒီစိမ်ခေါ်မှုတွေကို စုပေါင်းဖြေရှင်းနိုင်ဖို့ သူ့ရဲ့ အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းဖိတ်ခေါ်ထားတယ်။ ဒါဟာ တိုင်းပြည်ကို မှန်ကန်တဲ့ လမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းဖို့ မှန်မှန်ကန်ကန် ဆုံးဖြတ်ခဲ့တဲ့ နိုင်ငံရေးမူဝါဒ ဖြစ်တယ်။
နိုင်ငံရေးဆိုတာက ဒေသနယ်ပယ်ကို အကြောင်းပြု၍လည်းကောင်း၊ ပတ်ဝန်းကျင်ကို အကြောင်းပြု၍လည်းကောင်း နိုင်ငံရေးဆုံးဖြတ်ချက်တွေ ချမှတ်လေ့ရှိကြတယ်။ ပထဝီနိုင်ငံရေး၊ ဒေသတွင်းနိုင်ငံရေး အခြေအနေတွေဟာ နိုင်ငံခြားရေးမူဝါဒမှာ အရေးပါတဲ့ အခြေခံအကြောင်းအရင်း ဖြစ်သလို၊ နိုင်ငံရေးဆုံးဖြတ်ချက်၊ နိုင်ငံရေးမူဝါဒ ချမှတ်ရာမှာလည်း ပကတိအရှိတရားအပေါ် အခြေခံရမယ့် လမ်းညွှန်ချက်တွေ ဖြစ်လာပါတယ်။
အာဖဂန်နိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်မှုတွေ၊ နိုင်ငံခြားသားမုန်းတီးမှုတွေ၊ အဂိတလိုက်စားမှုတွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် တိုင်းပြည်ဟာ စိမ်ခေါ်မှုပေါင်း များစွာနဲ့ ရင်ဆိုင်နေရပြီး၊ နိုင်ငံတကာမှာ အဆိုးရွားဆုံး အဆင့်ကို ရောက်ရှိနေတယ်။ အာဖဂန်ဟာ ဒေသတွင်းနိုင်ငံ တနိုင်ငံဖြစ်တာကြောင့် ဒေသတွင်းနိုင်ငံရေး အခြေအနေတွေဟာ နိုင်ငံခြားရေး မူဝါဒမှာ အရေးပါတဲ့ အခြေခံအကြောင်းအရင်း ဖြစ်သလို၊ နိုင်ငံရေးဆုံးဖြတ်ချက် ချမှတ်ရာမှာလည်း လေ့လာပြီး သင်ခန်းစာယူသင့်တယ်။
ပုဂ္ဂိုလ်အစွဲ ဓလေ့လွှမ်းမိုးမှုတွေ၊ လူမျိုးရေးအစွဲကြီးမှုတွေ၊ စစ်ခေါင်းဆောင်တွေမှာ နိုင်ငံခြားသားတွေကို မုန်းတီးမှုတွေ၊ အာဏာအလွှဲသုံးစားလုပ်မှုတွေ ရှိနေတဲ့ မြန်မာနိုင်ငံရှိ နိုင်ငံရေး ယဉ်ကျေးမှုမှာလည်း လက်ရှိ ရင်ဆိုင်နေရတဲ့ နာတာရှည် ပြဿနာတွေကို အဖွဲ့အစည်း တဖွဲ့တည်း၊ ပါတီတပါတီတည်း၊ အစိုးရတရပ်တည်းက ဖြေရှင်းနိုင်ဖို့က မဖြစ်နိုင်ပါဘူး။ ဒီလို လမ်းမှားရောက်နေတဲ့၊ တယူသန် အယူအဆ လွှမ်းမိုးနေတဲ့၊ ပြဿနာတွေ၊ အကျပ်အတည်းတွေ၊ စိမ်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာ့နိုင်ငံရေးကို စုပေါင်းတွေ့ဆုံဆွေးနွေးပြီး လက်တွေ့ကျကျ အဖြေရှာကြမှသာ တိုင်းပြည်ဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
Rest of your post
No comments:
Post a Comment