Sacrifice is an ongoing process, not a one-time payment.
"People don't at first follow worthy causes. They follow worthy leaders who promote worthwhile causes"
(John G Maxwell)
(John G Maxwell)
-မြတ်စိုး-
၁၁.၂၆.၂၀၁၁ တစ် လေးလုံး ကျခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာ ကမ္ဘာကြီးမှာ ထူးခြားမှုတွေရှိတယ်။ ဒီ ထူးခြားမှုတွေ မှာ အကောင်းဘက် ကို ဦးတည်တဲ့ဖြစ်ရပ်တွေရှိသလို၊ အဆိုးဘက် ကိုလည်း ဦးတည်မှုတွေ ရှိခဲ့တာကို တွေ့ခဲ့ရတယ်။ ၂၀၁၁ ခုနှစ် မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေထဲက ထူးခြားတဲ့ဖြစ်စဉ်တွေ ကို ကောက်နုတ်ဖော်ပြပါမယ်။
နိုင်ငံရေး ထူးခြားမှုဖြစ်စဉ်တွေထဲမှာတော့ အာရပ်နိုင်ငံတွေ မှာ အာဏာရှင်စနစ် အဆုံးသတ်ဖို့ အာဏာရှင် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု များ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သလို၊ ရုရှား နိုင်ငံမှာလည်း အာဏာရှင် ဖြစ်နေတဲ့ ပူတင် အစိုးရ ကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေ ရုရှားတနိုင်ငံလုံးမှာ ဖြစ်ပွားခဲ့တယ်။
စီးပွားရေး ဆိုင်ရာ ထူးခြားမှုဖြစ်စဉ်တွေမှာတော့ အစိုးရ က ငွေကြေး ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဓနရှင် ကုမ္ပဏီကြီးများ နှင့် ဘဏ်ကြီး တွေကို ငွေးကြေးထောက်ပံ့ ပေးနေမှုတွေ အပေါ် ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေ အမေရိကန် နှင့် ဥရောပနိုင်ငံတွေ ကနေတဆင့် မြောက်အမေရိက၊ တောင်အမေရိက၊ ဥရောပ၊ နှင့် အာရှ မြို့ကြီးတွေ ကနေ တကမ္ဘာလုံး ကို ကူးစက်သွားခဲ့တယ်။ နိုင်ငံတကာ မြို့တော်တွေဖြစ်ကြတဲ့ နယူးယောက်၊ တိုရွန်တို၊ အေသင်၊ လန်ဒန်၊ ပဲရစ် ၊ ဇူးရစ်၊ ဘရာဆယ်လ်၊ အမ်ဆာဒမ်၊ မဲဒရစ်၊ ဖရန့်ဖွတ်၊ စတော့ဟုမ်း၊ တဲလ်အဗီ၊ ယောင်ကောင်၊တိုကျို နဲ့ ဆိုးလ်မြို့ တွေမှာ အစိုးရတွေက ငွေကြေးဆိုင်ရာ ဓနရှင် ဘဏ် ကုမ္ပဏီကြီးတွေ ကို ငွေကြေးထောက်ပံ့ပေး ကျားကန်မှုတွေ ကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တယ်။
ဥရောပ ငွေကြေး တခုတည်းသာ သုံးစွဲနေတဲ့ နိုင်ငံပေါင်း ၁၇ နိုင်ငံ နဲ့ ဖွဲ့ စည်းထားတဲ့ ဥရောပ ဇုံ အဖွဲ့ ၀င်နိုင်ငံတွေ ဟာလည်း ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာ ပြဿနာတွေမှာ တနေ့ပြီးတနေ့ စိန်ခေါ်မှုပေါင်း များစွာနဲ့ ရင်ဆိုင်နေရတယ်။ ဂရိ၊ အီတလီ၊ စပိန် နိုင်ငံတွေ မှာ အစိုးရ က တင်ရှိနေတဲ့ ကြွေးမှီတွေ ကို ပြန်လည်မပေးဆပ် နိုင်တာ ကြောင့် အစိုးရ အပြောင်းအလဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တယ်။
သဘာဝဘေး အန္တရာယ် ဆိုင်ရာထူးခြားမှုတွေ ကတော့ ဂျပန် မှာ လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ ဆူနာမီ နှင့် ထိုင်းနိုင်ငံ ရေလွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ ပျက်ဆီးဆုံးရှုံးမှုတွေဟာ ကမ္ဘာ့ ရင်နှီးမြုပ်နှံမှု ဈေးကွက် နှင့် ရောင်းဝယ်မှုတွေ အပေါ် ထိခိုက် ဆုံးရှုံးမှုတွေရှိနေပြီး၊ ကမ္ဘာ့ စီးပွားရေး နာလန်ပြန်လည်ထူလာဖို့ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရတယ်။
အထူးခြားဆုံး ဖြစ်ရပ်တွေ ကတော့ တကမ္ဘာလုံး က ပြည်သူတွေ ဟာ အာဏာရှင် စနစ် ၊ ဘာသာရေး အစွန်းရောက်မှု၊ လူမျိုးရေး အစွန်းရောက်မှု တွေကို ကို လုံးဝ လက်မခံကြတော့ဘူးဆိုတာပါပဲ။ ဒီနေ့ တခြားဘာသာတွေကို စော်ကားခဲ့တဲ့ ဘာသာရေး အစွန်းရောက် တာလီဘန် တွေ ခွေးပြေးဝက်ပြေး ပြေးနေရတယ်။ လစ်ဗျား၊ အီဂျစ်၊ တူနီးရှား၊ ယီမင် အာဏာရှင်တွေ တဘုန်းဘုန်းလဲကျခဲ့တယ်။ ဆားဗီးယား မှာ ကရားဒစ် အပါအ၀င် ဆားဗီးယား စစ်ဗိုလ်ချုပ်တွေ ဘောစနီးယား စစ်ပွဲမှာ လူမျိုးတုန်းသတ်ဖြတ်ခဲ့တဲ့ ရာဇ၀တ်မှုနဲ့ နိုင်ငံတကာ ရာဇ၀တ်ထောင် မှာ အဖမ်းခံထားရတယ်။ ဒီဖြစ်စဉ်တွေဟာ ကမ္ဘာ့ပြည်သူတွေ အတွက်တော့ အကောင်းဘက် ကို ဦးတည်ခဲ့တယ်။
အမှန်တော့ အာရပ် ဒေသတွင်း နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်တွေဟာ တူနီးရှားနိုင်ငံက စတင်ခဲ့တယ်ဆိုတာ မမှားပါဘူး။ တူနီးရှား နိုင်ငံမှာ ၂၀၁၀ ဒီဇင်ဘာလ က အလုပ်လက်မဲ့ ဘွဲ့ရပြီးစ တက္ကသိုလ် ကျောင်းသားလေးရဲ့ သစ်သီးတွန်းလှည်းကို ဈေးရောင်းခွင့် လိုင်စင်မရှိဘူးဟုဆိုကာ ရဲမေတစ်ဦးက ပါးရိုက် မောင်းထုတ် ပြီး လှည်းကို သိမ်းခဲ့တယ်။ နောက်ပိုင်းမှာတော့ ဒီ လူငယ်တစ်ဦး သူ့ကိုယ်သူ မီးရှို့သတ်သေသွားခြင်းကို မခံမရပ်နိုင် ဖြစ်ရာက နိုင်ငံအ၀ှန်း အပြင် အာရပ်ဒေသတစ်ခုလုံး ပါ ကူးစက်သွားခဲ့တယ်။ ဒီ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုတွေ ကြောင့် အာရပ် အာဏာရှင်တွေ လည်း တစ်ဦးပြီးတစ်ဦး ပြုတ်ကျသွားခဲ့တယ်။
Government overthrown Sustained civil disorder and governmental changes Protests and governmental changes
Major protests Minor protests Protests outside the Arab world
အာရပ်နိုင်ငံတွေဖြစ်ကြတဲ့ တူနီးရှား၊ ယီမင်၊ အီဂျစ်၊ လစ်ဗျား၊ ဘာရိန်း၊ အိုမန်၊ မောရိုကို၊ အယ်ဂျီးရီးယား၊ ဆီရီးယား၊ နှင့် ဂျော်ဒန်နိုင်ငံတွေမှာ အာဏာရှင်စနစ် အဆုံးသတ်ဖို့ အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု များ ဆက်တိုက်ဆိုသလို ကူးစက် ဖြစ်ပွားခဲ့တယ်။ ဒီဖြစ်ရပ်တွေဟာ အရှေ့အလယ်ပိုင်း အာရပ်ပြည်သူများ အနေ နဲ့ အာဏာရှင်စနစ်ကို လုံးဝ မလိုလားတော့ ပါဘူး ဆိုတာ ပြသလိုက်တာပါပဲ။ အာရပ် အာဏာရှင်များရဲ့ နှစ်ပေါင်းများစွာ အာဏာအလွှဲသုံးစားလုပ်နေမှု၊ အာဏာရှင် မိသားစုများ နှင့် နီးစပ်သူများ စီးပွားရေးအရ လက်ဝါးကြီးအုပ် ကာ နိုင်ငံပိုင်ပစ္စည်းများ၊ စီးပွားရေးလုပ်ငန်းများကို အလွှဲသုံးစားလုပ်နေမှု၊ လွပ်လပ်မှုအခွင့်အရေးများကို ပိုမို ဖိနှိပ်ချုပ်ချယ်လာမှု၊ အလုပ်လက်မဲ့ များပြားမှု၊ ဆင်းရဲမွဲတေမှုတွေကြောင့် အာဏာရှင် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုဟာ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများ တွင် တနေ့တခြား ကြီးထွားလာလို့ အာရပ် အာဏာရှင်များအပြင် ကမ္ဘာမှာ ရှိကြတဲ့ အာဏာရှင်တွေ အားလုံးလည်း စိုးရိမ်တုန်လှုပ် ခဲ့ကြတယ်။
၁၉၉၇ ခုနှစ် အာရှ ကနေစတင် ဖြစ်ပွားခဲ့တဲ့ ငွေကြေးဆိုင်ရာ ပြဿနာတွေကြောင့် အာရှမှာရှိကြတဲ့ အာဏာရှင်တွေဖြစ်ကြတဲ့ ဆူဟာတို၊ မဟာသီ၊ လီကွမ်ယုတို့ ပြုတ်ကျသွားခဲ့သလို၊ ၂၀၀၇ ခုနှစ်မှာ ကမ္ဘာ့ငွေကြေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ စီပွားရေး ဂရက်ကြောင့် စတင် ဖြစ်ပွားခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး က ဆုတ်ယုတ်မှုတွေကြောင့် အာရပ် အာဏာရှင်တွေ ၂၀၁၁ မှာ တဘုန်းဘုန်းလဲကျသွားခဲ့တယ်။
၂၀၁၁ နောက်ပိုင်းမှာလည်း “ကြွက်စုတ် နဲ့ ဓညင်းသီး” လို့ ကမ္ဘာ့အစိုးရတွေ၊ ကမ္ဘာ့ ပြည်သူတွေ တင်းစားခေါ်ဆိုခဲ့ကြတဲ့ မြန်မာနိုင်ငံ နဲ့ မြောက် ကိုရီးယား နိုင်ငံတွေ မှာလည်း ထူးခြားမှုတွေရှိခဲ့တယ်။ မြောက် ကိုရီးယား အာဏာရှင် ခေါင်းဆောင်ကြီး ကင်ဂျုံအီး ကတော့ သေသွားပြီ။ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားမှာ လူလား မမြောက်သေးတဲ့ ဖခင် အာဏာရှင် ကင်ဂျုံအီး ရဲ့ သားငယ် ကင်ဂျုံအွန် က အရိုက်အရာဆက်ခံပြီး တတိယ မျိုးဆက် ဆွေမျိုးစု ခေတ်သစ် ပဒေသရာဇ် အာဏာရှင် အဖြစ် ဆက်လက်ဦးတည်နေတာမို့ မြောက်ကိုရီးယား ပြည်သူတွေ အတွက် တော့ ရင်လေးစရာပါပဲ။
မြန်မာနိုင်ငံ မှာတော့ ရာစုနှစ်ပေါင်းများစွာ အာဏာရှင်စနစ်တည်ထောင်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေဟာ နိုင်ငံရေး မှာ တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ကို ရွေးချယ်ခဲ့မှုကြောင့် အကောင်းဘက်ကို ဦးတည်နေပြီလို့ အပြုသဘော ပြောဆိုနေကြပေမဲ့၊ လက်တွေ့ကျတဲ့တိုးတက်မှုဖြစ်စဉ်တွေ ကိုတော့ တကယ်တမ်းတော့ မတွေ့ရသေးပါဘူး။
ယနေ့မြန်မာ့ နိုင်ငံရေးဖြစ်စဉ်တွေ ကို လေ့လာကြည့်ပါ။
- ၁) နိုင်ငံရေး အကျဉ်းသားတွေ ကို လွှတ်မပေးသေးဘူး၊
- ၂) လူ သန်းပေါင်း ၅၀ ကျော်နေတဲ့ တိုင်းပြည်မှာ လွတ်လပ်တဲ့ သတင်းစာ၊ရုပ်မြင်သံကြားမီဒီယာတွေ မရှိဖြစ်နေတယ်၊ အဆိုးဆုံးက အာဏာရှင်စနစ်အောက်က သတင်းစာနဲ့ ရုပ်မြင်သံကြား မီဒီယာတွေ အားလုံး ဟာ လက်ရှိ တမတ်သား အစိုးရ အောက် မှာ ပဲရှိနေတုန်းပဲ၊
- ၃) ယနေ့နိုင်ငံရေးဖြစ်စဉ်မှာ ပြည်တွင်း၊ပြည်ပ နိုင်ငံရေးအင်အားစု အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေး အခင်းအကျင်း ပုံစံ မရှိသေးဘူး။
- ၄) ဒီမိုကရေစီနည်းလမ်းကျ ရွေးချယ်ခြင်းခံရတဲ့ အစိုးရ၊ လွှတ်တော်ဆိုတာ မရှိ၊ တမတ်သားလွှတ်တော်နဲ့ တမတ်သားအစိုးရ ဟာ တမတ်သား ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်မှာသာ ဖြစ်နေတယ်။ တမတ်သား အစိုးရ အောက် မှာ တမတ်သား အခွင့်အရေးပဲရမှာဖြစ်တယ်။ လူသားတိုင်း ကို အကာအကွယ်ပေးတဲ့ လူ့အခွင့်အရေးတို့၊ ဒီမိုကရေစီရေး တို့ ကတော့ ရမှာ မဟုတ်ဘူး။
မြန်မာနိုင်ငံမှာ လက်ရှိတွေ့မြင် နေရတဲ့ နိုင်ငံရေးအခင်းအကျင်းတွေကြောင့် ဒီမိုကရေစီလမ်းကြောင်း ကို တကယ် လျှေက်လှမ်း နေတယ်ဆိုတာကတော့ မေးခွန်းတွေရှိနေကြသလို၊ ပြည်သူတွေရဲ့ ယုံကြည်မှု ကို ရရှိနိုင်ဖို့တော့ အတော်လေး ဝေးနေသေးပါတယ်။ မြန်မာ နိုင်ငံရဲ့ နိုင်ငံရေး ဖြစ်စဉ်ဟာ အကောင်းဘက် ကို ဦးတည်နေသလား၊ အဆိုးဘက် ကို ပြန်ရောက်သွားမလား ဆိုတာက တော့ အချိန် က အဆုံးအဖြတ် ပေးပါလိမ့်မယ်။