မြစ်ဝကျွန်းပေါ် ရွာ တွေ မှာ တနိုင် မွေးမြူရေးလုပ်ကြတယ်။ ၀က်မွေး၊
ကြက်မွေး ၊ ဘဲမွေး။ ရွာ ကို ဧည့်သည် တွေ လာရင် ချက်စား၊ ပေါ်စားကြ၊ တချို့ က
မြို့ပေါ် ကို ရောင်းစားကြ အပိုငွေ စုဆောင်းလေ့ရှိတယ်။ မြစ်ဝကျွန်းပေါ်
ဆိုတာ မြန်မာပြည်ရဲ့ စပါးထွက် တဲ့ ဗဟိုချက်မ ဖြစ်ပါတယ်။ ဒါကြောင့် ဆန်စပါး၊
ဖွဲနု ပေါ်တယ်။ တရိစ္ဆာန်တွေ ရဲ့ အစားအစာ အတွက် လည်း အဆင်ပြေတယ်။ အရင် က
တော့ ဆန်စပါး စိုက်တဲ့နေရာ မှာ မိရိုးဖလာ ကျွဲ၊ နွားတွေ နဲ့ လယ်ထွန်ကြတယ်။
အခုတော့ ဒီလိုမဟုတ်တော့ဘူး။ ကျွဲတွေ၊ နွားတွေ ရွာ မှာ ရှားလာကြပြီး။ ကျွဲ၊ နွား နေရာ မှာ စက်တွေနဲ့ စိုက်လာကြတယ်။ နားဂစ် အပြီး ဆားငံရည် ၀င်လာတော့ လယ်တွေ၊ နုံးမြေတွေ ဟာ ပျက်စီးမှုတွေဖြစ်လာတယ်။ ဒီတော့ စပါး အထွက်တိုးအောင် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး ပိုသုံးလာကြရတော့တယ်။ ပိုးသတ်ဆေးတွေ သုံးတော့ ရွာ က ကျွဲ၊ နွားတွေ အတွက် စားကျက်ရှားလာတယ်။ သားငါး၊ ပုဇွန်တွေ ရှားလာတယ်။ လူတောင် ကျွဲပုခုံးထ အလုပ်လုပ်တာတောင် မိသားစု စားဝတ်နေရေး အတွက် အနိုင်နိုင် ၊ကျွဲနွားတွေ အတွက် ရှာဖွေကျွေးဖို့ က အခက်အခဲတွေ ဖြစ်လာလို့ နောက်ဆုံးတော့ ရောင်းစားကြရတော့တယ်။ မနှစ် က မြစ်ဝကျွန်းပေါ် ပြန်ရောက်တော့ ကျွဲ လေးကောင်ရှိတဲ့ အိမ် မှာ အခု ကျွဲတကောင် မှတောင်မတွေ့ရတော့ဘူး။
ရွာတွေ မှာ ဆန်စပါး စိုက်တဲ့ အခါ စပါးပိုးမကျအောင် ပိုးသတ်ဆေးတွေသုံး၊ အထွက် ကောင်းအောင် ဓာတ်မြေဩဇာ တွေကိုသုံးကြတယ်။ ပိုးသတ်ဆေး၊ ဓာတု ဗေဒပစ္စည်းတွေကို သုံးစွဲရတာ ကြောင့် ထွက်လာတဲ့ စပါးနဲ့ဆန် ဟာ သဘာဝအတိုင်းမဟုတ် တော့ပါဘူး။ ဓာတုဓာတ်သင့်နေ တဲ့ ဆန်တွေဖြစ်နေပါတယ်။ စပါး ကို အခွံချွတ်ရာက ရလာတဲ့ဖွဲနု ကို ကျွဲကျွေးရင် ကျွဲ အဆိပ်သင့်၊ ၀က်ကျွေးရင် ၀က်အဆိပ်သင့်ပဲ။
လူတွေ လည်း အဆိပ်သင့်နေတဲ့ ဆန်စပါး စားကြရတော့၊ ရောဂါတွေ ထူပြောလာတယ်။ မွေးလာတဲ့ ခလေးတွေ ဆိုရင် နား ထင်မှာ ဘုကြီးနဲ့ မွေးလာတာတို့၊ မျက်စိက အဆမတန်ပြူးထွက်နေ တာတို့၊ မျက်နှာက ရွဲ့စောင်းနေ တာတို့ အစရှိသဖြင့် မြစ်ဝကျွန်းပေါ် က ရွာတွေ မှာ ကျန်းမာရေး ထိခိုက်ပျက်စီးမှုတွေ ဖြစ်လာနေတယ်။
မိခင်တွေ ဟာ ဓာတုဗေဒဓာတ်သင့်နေ တဲ့ ဆန်တွေကို ရေရှည်စွဲစားသုံး လာရတာရယ်၊ ဓာတု အဆိပ်သင့် ပတ်ဝန်း ကျင်မှာ ကြီးပြင်း လာကြတာတွေရယ်၊ ကြောင့် လို့ ကောက်ချက်ချကြပါတယ်။ စပါးစိုက်ချိန် ဆို မြစ်ရေ၊ ချောင်းရေ ၊ ကန်တွေ မှာလည်း အဆိပ်သင့်လာတယ်။
မြစ်ဝကျွန်းပေါ် က တောင်သူဦးကြီးတွေ ဟာ အများအားဖြင့် ဆင်းရဲကြတယ်။ စပါးဈေးနှုန်းဟာ အမြဲတမ်းကောင်းမနေတဲ့အတွက် စပါးအထွက်မကောင်းတဲ့ နှစ်တွေမှာဆိုရင် လယ်သမားခမျာ အရှုံး နဲ့ရင်ဆိုင်ရပါတယ်။ ချေးငွေကို ပြန်မဆပ်နိုင်တော့ပါဘူး။ ငွေပြန် မဆပ်နိုင်တော့ အာဏာပိုင်များနဲ့ ထိပ်တိုက်တွေ့ရပြန်ပါတယ်။ တောင်သူလယ်သမားတွေ လယ်တွေ ဆုံးရှုံးကြတယ်။ ဒီတော့ လယ်ယာမြေတွေ မဆုံးရှုံးအောင် အထွက်တိုး အောင်စိုက်ကြရတဲ့ ပိုးသတ်ဆေး၊ ဓာတု ဗေဒပစ္စည်းတွေကို သုံးစွဲကြရလို့ လူထု ကျန်းမာရေး အတွက် ဆိုးကျိုးရလာဒ်တွေ ခံစားနေရတယ်။
ရွာလမ်းအတိုင်း သွားရင် ရွာအလယ် မှာ ဘုန်ကြီးကျောင်းရှိတယ်။ ဘုန်းကြီးကျောင်းရဲ့ သက်တမ်း က နှစ် ၁၀၀ ကျော် ပြီ။ လွန်ခဲ့ တဲ့ နှစ် ၁၀၀ ကျော် ၊ ဦးဖိုးကွန်း ဆိုသူ က ကျွန်းတိုင်ကြီးတွေ နဲ့ ဆောက်ထားခဲ့တာ။ ရွာ က လူတွေ ဆင်းရဲလာတာက တကြောင်း၊ နားဂစ် က မွှေခံရတာတွေ ကြောင့် ကျွန်းတိုင်တွေ နဲ့ ဆောက်ထားတဲ့ ရွာဦးဘုန်းကြီးကျောင်းလဲ ယဲ့ယိုင်လို့နေပြီ။
ဒီနေ့ ဘုန်ကြီးကျောင်း မှာ လူ ပြောများ၊ ရေပန်းစားပြီး ရွာသားတွေ တီးတီးတွတ်တွက်ပြောနေကြတာ က ရွာ က ကာလသားကြီး ချက်စူ ရဲ့ ၀က်မ ကြီး နဲ့ ၀က်ကလေး ငါးကောင် သေဆုံးသွားတဲ့သတင်း။ အကြောင်း က တော့ ဓာတုဓာတ်သင့်နေ တဲ့ ဖွဲနု ကို ၀က်တွေ ကို ကျွေးလိုက်မိတော့၊ ၀က်မကြီးနဲ့ ၀က်ကလေး တွေ အားလုံး သေဆုံးသွားကြတာဆိုပဲ။ ၀က် ကလေးတွေ မွေးလာ လို့ စီးပွားဖြစ်တော့မယ်၊ ကြီးပွားတော့ မယ် လို့ စိတ်ကူးတွေယဉ်ခဲ့တဲ့ ချက်စူ က တော့ သေသွားတဲ့ ၀က်ကလေးတွေ ကြည့် ပြီး ငေးငိုင်နေလေရဲ့။

No comments:
Post a Comment