Tuesday, October 25, 2016

Résumé

Résumé ဆိုတာ ပြင်သစ် စကားလုံး။ သူ့ရဲ့ အဓိပ္ပါယ်က နောက်ခံအကြောင်း နှင့် ကျွမ်းကျင်မှုများ လို့ ဆိုတယ်။ Résumé ကို အလုပ်လျောက်တဲ့နေရာ မှာ သုံးလေ့ရှိတယ်။ ၁၉၈၀ ပတ်ဝန်းကျင်လောက် က အမေရိကန် တက္ကသိုလ်တွေ မှာ ဘွဲ့ ရခါနီး ပညာ သင်ကြားတဲ့ ကျောင်းသားတွေကို Business Writing ဆိုတဲ့ အင်္ဂလိပ်စာ အတန်းတွေ မှာ တွင်တွင်ကျယ်ကျယ် သင်ကြားပေးလာတာကို သတိထားမိတယ်။

ကျောင်းသားတွေ အလုပ်အကိုင်လျှောက်တဲ့ အခါ ၊ အလုပ်အကိုင် ရှာဖွေ တဲ့ အခါ ဘယ်လို ရေးသင့် သလဲ ဆိုတာ သင်ကြားပေးလေ့ရှိတယ်။ နိုင်ငံတကာ နဲ့ ဆက်စပ်တဲ့ အလုပ်အကိုင် တွေ ကို ရှာဖွေရာ မှာ ပဲဖြစ်ဖြစ် ၊ ကမ္ဘာကျော် ကုမ္ပဏီတွေ မှာ အလုပ်အကိုင် လျှောက်တဲ့ အခါ မှာပဲဖြစ်ဖြစ် လျှောက်တဲ့ အလုပ်အကိုင်နဲ့ ကိုက်ညီသည့် မိမိရဲ့ Résumé တခုတော့ ရှိဖို့လိုတယ်။ ဒီလို Résumé ရေးသားတဲ့ အခါ “Honor System” ပဲ။ နောက်ခံအကြောင်း နှင့် ကျွမ်းကျင်မှုများ ကို မိမိကြိုက်သလို ရေးလို့ရတယ်။

Résumé ထဲမှာ ဘယ်လိုပဲ ထည့်ရေးရေး မှန်ကန်မှု ရှိမရှိ၊ ရိုးသားမှု ရှိမရှိက လုပ်ငန်းခွင် မှာ အဖြေပေါ်တော့တာပဲ။ နိုင်ငံတကာ မှာတော့ Trust ဆိုတဲ့ ယုံကြည်မှု က လုပ်ငန်းခွင် လူမှုဆက်ဆံရေး မှာ အဓိက အကျဆုံးပဲ။

လုပ်ငန်းခွင်ရောက်ရင် ညာလို့၊ လိမ်လို့ မရဘူး။ အစားကောင်းကောင်း မစားရင် ၊ စားကောင်းသောက်ဖွယ်တွေ အကြောင်းမသိသလို၊ မ၀တ်ဘူး မစားဘူးဆိုရင်လည်း မ၀တ်တက် မစားတက်ဘူးဆိုတဲ့ အတိုင်း၊ အလုပ် အတွေ့အကြုံ တကယ် မရှိရင်လည်း လုပ်ငန်းခွင်မှာ ရေရှည်မှာ လိမ်ညာလို့ မရအောင်ဖြစ်တော့တာပဲ။

နိုင်ငံရေး လောက မှာ လိမ်ညာ မိရင်တော့ တိုင်းပြည် ပါ ထိခိုက်နစ်နာတက်တယ်။

ကမ္ဘာ အနှံ့ ရင်းနှီးမြုပ်နှံ လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီကြီးတွေ က အလုပ်သမားတွေ ကို ရှာဖွေ ငှားရမ်းတဲ့ အခါ hands-on experience လို့ ခေါ်တဲ့ လက်တွေ့ ကျွမ်းကျင် မှု ရှိတဲ့ သူတွေ ကို ပိုမိုနှစ်သက်ကြတယ်။ ဘယ် တက္ကသိုလ်ကျောင်းကြီးတွေ က ပြီးလို့၊ ဘယ်သူနဲ့ သိလို့ ဆိုတာ ထက် သူ့ မှာ အသိအမှတ်ပြု လိုင်စင် ရှိမရှိ ၊ သူတို့ မှာ သက်ဆိုင်ရာ နယ်ပယ် မှာ လက်တွေ့ ကျွမ်းကျင် မှု ရှိမရှိ အပေါ် ပိုစဉ်းစားတယ်။
အမေရိကန် ကော်ပိုရေးရှင်းကြီးတွေ မှာ တာဝန် ထမ်းဆောင် နေကြတဲ့ CEO လို့ ခေါ်တဲ့ အကြီးအကဲ အများစု ဟာ PhD ကျောင်းဆင်းတွေ မရှိသလောက်ပဲ။ အမေရိကန် သမ္မတ တွေ ဟာ လည်း PhD ကျောင်းဆင်းတွေ မဟုတ်ကြပါဘူး။ ဒါပေမဲ့ သူတို့ တွေ မှာ တော့ သက်ဆိုင်ရာ နယ်ပယ်တွေ မှာ လက်တွေ့ ကျွမ်းကျင် မှု ရှိကြတယ်။

တကယ်တော့ ဘယ်သူ က သမ္မတ ဖြစ်ဖြစ် ၊ ဘယ်သူ က အစိုးရ ဖြစ်ဖြစ် ၊ လူထုက လက်ခံပြီး၊ လူထု ကို အကျိုးပြုလုပ်ဆောင်မဲ့ နိုင်ငံရေးသမားတွေရဲ့ ဆုံဖြတ်ချက်တွေ ကို အကောင်အထည်ဖော် လုပ်ဆောင်ပေးရမဲ့သူတွေ ကတော့ နယ်ပယ်အသီးသီး က ကျွမ်းကျင်တဲ့ ပညာရှင်များ (Technocrats) တွေသာ ဖြစ်တယ်။ ကျွမ်းကျင်တဲ့ ပညာရှင်များ ဆိုရာမှာ နယ်ပယ် အသီးသီးက အတက်ပညာ၊ နည်းပညာပိုင်းမှာ တကယ် လက်တွေ့ ကျွမ်းကျွမ်းကျင်ကျင် အတွေ့အကြုံ ရှိကြတဲ့ သူတွေကိုသာ ဆိုလိုတာဖြစ်တယ်။

အသိပညာရှိသော် လည်း လက်တွေ့ အတွေ့အကြုံမရှိတဲ့ တုံးနေတဲ့ဓားတွေလို မဖြစ်ဖို့တော့ လိုတယ်။ လက်တွေ့ အတွေ့အကြုံမရှိတဲ့ အသိပညာ ဟာ ဆား မပါတဲ့ ဟင်းလိုပဲ ဖြစ်နေ မှာပဲ။ ဖွံ့ဖြိုးတိုးတက်နေပါတယ်ဆိုတဲ့ တိုင်းပြည်တွေ မှာတော့ စီးပွားရေးလုပ်ငန်းများ နှင့် ကော်ပိုရေးရှင်းကြီးတွေထဲ မှာ တကယ်လက်တွေ့ အတွေ့အကြုံ ရှိတဲ့ သူများကို သာ အသုံးချတာ တွေ့ရတယ်။ Hands on experience လို့ခေါ်ဆိုတဲ့ ခေတ် က ပေါက်ဖွား လာတဲ့ လက်တွေ့ ကျွမ်းကျင်တဲ့ ပညာရှင်သစ်တွေ၊ ပြည်တွင်း၊ ပြည်ပ က နိုင်ငံတကာ အတွေ့အကြုံ ရှိသူတွေ နဲ့ အစားထိုး လာတာတွေ ကို တွေ့လာရတယ်။

ယနေ့ ခေတ်ကြီး မှာ လူသားတွေဟာ အစိုးရတွေထက် လူထုကို ပိုမို အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက် ပေးနိုင်ကြတယ် လို့တောင် ကမ္ဘာကြီးက အသိအမှတ်ပြု ခြင်းခံလာရတယ်။ ကမ္ဘာ့လူသားတွေ ကို အကျိုးပြုခဲ့တဲ့ မိုက်ကရိုဆော့ဗ် လုပ်ငန်းရှင်ဟောင်း ဘေးလ်ဂိတ် ( Bill Gates)တို့၊ အဲလ်ပဲ ကို တည်ထောင်ခဲ့တဲ့ စတီးဂျော့ ( Steve Jobs) ၊ စီးပွားရေးလုပ်ငန်းရှင်ကြီး ၀ါရမ်ဘူဗေး ( Warren Buffet) ၊ ဘေ့စ်ဘုတ် ကို တည်ထောင်ခဲ့တဲ့ မက်ခ် ဇူကာဘဂ်ျ (Mark Zuckerberg)၊ Oracle အိုရယ်လ်ကယ် ကုမ္ပဏီ ကို တည်ထောင်ခဲ့တဲ့ လာရီ အယ်လီစင် ( Larry Ellison) တို့ လို စီးပွားရေး နယ်ပယ်က ခေါင်းဆောင်တွေ နှင့် ကမ္ဘာမှာ လူသိများ ကျော်ကြား ခဲ့ကြတဲ့ နိုင်ငံရေးခေါင်းဆောင် အများစု ဟာ လည်း Ph.D ဘွဲ့ ရရှိခဲ့တဲ့ သူတွေတော့ မဟုတ်ကြပါဘူး။
တချို့က ကော်လိပ်ကျောင်းထွက် တွေဖြစ်ကြတယ်။ ဒါပေမဲ့ သူ့နယ်ပယ်မှာ သူ ကျွမ်းကျင်တဲ့ ပညာရှင်များ (Technocrats) တွေ၊ ခေတ် တခေတ် ကို ပြောင်းလဲပေးခဲ့သူတွေ အဖြစ် အသိအမှတ်ပြု ခံထားရသူတွေဖြစ်တယ်။ ဆိုလိုတာက ကျွမ်းကျင်တဲ့ ပညာရှင်တွေ အနေနဲ့ လူထုကို အကျိုးပြု လုပ်ဆောင်တဲ့နေရာမှာ Ph.D ဘွဲ့ ရမှ မဟုတ်ပါဘူး။ ဒေါက်တာ ဘွဲ့တံဆိပ်တွေ ရမှ မဟုတ်ဘူး။
တိုင်းပြည် တပြည် ဖွံ့ဖြိုးတိုးတက် အောင် အပြုသဘော ပြောင်းလဲမှု တွေ ကို လိုလားတယ်ဆိုရင် ခေတ်၊ စနစ် နဲ့ လူတွေ ဟာ အံဝင်ခွင်ကျ ဖြစ်ဖို့ လိုတယ်။

ကျနော် အမေရိကန် မှာ အလုပ်လုပ်နေတာ သက်တမ်း နှစ်၂၀ ကျော် ရှိပြီ။ တချို့ လုပ်ဖော် ကိုင်ဖက် အမေရိကန်လူမျိုး တွေ ဟာ အမေရိကန် တက္ကသိုလ် ကျောင်းကြီးတွေ က ဘွဲ့ ရ သူတွေ ပါ။ ဒါပေမဲ့ သူတို့ မှာ hands-on experience လို့ ခေါ်တဲ့ လက်တွေ့ ကျွမ်းကျင်မှု အားနည်း လို့ သာမန်ဝန်ထမ်းလုပ်နေရသူတွေ ဒုနဲ့ ဒေးပါ။ ဘာဖြစ်လို့ လဲဆိုတော့  ခေတ်နဲ့ အညီ ပြောင်းလဲ တိုးတက် လာနေတဲ့ နည်းပညာဆိုင်ရာ မှာ လေ့လာမှု ၊ အတွေ့အကြုံ အားနည်းနေကြလို့ ပဲ။ လုပ်ငန်းခွင် မှာ နည်းပညာ က တဟုန်ထိုး ပြောင်းလဲ လုပ်ကိုင်နေကြတာ။ သူတို့ ကြီးပြင်းခဲ့ တာ က Microsoft Window 95, တချို့ ကMS Dos။ အခု ခေတ် က Softwares ၊ Networking တွေ ခေတ်။ သူတို့ SAP ဆိုတာ မသိဘူး၊ သူတို့ Oracle applications and platforms တွေ အပေါ် နားမလည်ကြတော့ ဘူး။ တနည်းအားဖြင့် သူတို့ သိရှိတာ တွေ ဟာ လက်တွေ့ မှာ အသုံးမ၀င်တော့ ဘူး။

တချို့ က တော့ Harvard University ၊ Oxford University၊ UN မှာ လုပ်ဘူးတဲ့ သူတွေ ကို အလေးထားဆက်ဆံကြတယ်။ ဒါကို လည်း Harvard ၊ Oxford ၊ UN synonyms လို့ ခေါ်ကြတယ်။ တနည်းအားဖြင့် ဗျူရိုကရက် ဥာဉ် ရှိကြသူတွေ လို့ ဆိုတယ်။ သူတို့ ဟာ ပြုပြုင်ပြောင်းလဲမှု မှာ နှေးကွေးစွာ တုန့်ပြန်တက်ကြတယ်လို့ ဆိုတယ်။

ဘယ် တက္ကသိုလ် ကျောင်းတော် ကြီး က ပြီးပြီး၊ တကယ့် လုပ်ငန်းခွင် မှာ တော့ “ မင်းဘယ်သူဆိုတာထက်၊ မင်း ဘာ လုပ်တက်တယ်၊ ဘယ်လို အောင်မြင်မှုတွေ လုပ်ခဲ့ သလဲ ဆိုတာ ကို ပို အဓိက ကျပါတယ်။

သင်ဟာ အမေ နဲ့ သိဖို့ ၊ အဘ နဲ့ သိဖို့ ဆိုတဲ့” Living in the dream” ဆိုတာ မျိုး မဖြစ်သင့်ဘူး လို့ တိုက်တွန်းပါရစေ။

မိမိ တက်ကျွမ်းတဲ့ နယ်ပယ် မှာ တက်ကျွမ်း နားလည် အောင် ကျိုးစားပါ။ တချိန် ကြရင် သင့် ဘ၀ မှာ သင်ဟာ အောင်မြင်မှု ရရှိပါလိမ့်မယ်။

No comments: