Friday, October 28, 2016

မြစ်ဝ ကျွန်း ပေါ် လူနေမှု အပိုင်း (၃) - Employment in Delta Region


ဒီတခေါက် မြစ်ဝကျွန်းပေါ် ရွာတွေ သွားလည်တော့ ရွာမှာ လူစုံ၊တက်စုံ မတွေ့ရတော့ဘူး။ ဘယ်သူက တော့ ရန်ကုန်မှာ အိမ်ကူတို့၊ လိုင်သာယာ စက်ရုံးကြီးတွေ မှာ အလုပ်သမား အဖြစ်တို့။ တချို့ ရွာသားတွေ ဆို ဘယ်သူကတော့ ထိုင်းနိုင်ငံမှာ ၊ ဘယ်သူကတော့ မလေးရှားနိုင်ငံ၊ ဘယ်သူကတော့ စင်္ကာပူ နိုင်ငံတွေ မှာ အလုပ်သွားလုပ်ကြတယ်ဆိုပဲ။ အဘူဒါဘီ နှင့် အရှေ့ အလယ်ပိုင်းနိုင်ငံ တွေ တောင် ပါသေးတယ်။ တချို့ ဆို ရွာက ထွက်သွားပြီး က တည်း က ပြန်ရောက်မလာကြတော့တဲ့ သူတွေ အကြောင်းလည်း ကြားရတယ်။ ရွာတွေ မှာ ကျောင်းဆရာ၊ ဆရာမ တွေတောင် ရှားလာနေတယ်။ရွာ မှာ က ကလေးတွေရယ်၊ ဘုန်းကြီးတွေရယ်၊ သက်ကြီးရွယ်အိုတွေ ပဲ တွေ့ရတယ်။ 

ရွာသူတွေ တောင် တွေ့ရ ခဲတယ်။ ဒလ-ဗျာပုံ-ဘိုကလေး လမ်းမကြီးတွေ မှာ ခေါင်းပေါ်ရွဲ့ ကျောက်သယ်၊ မြေတူး လုပ်နေကြတာ က လမ်းဘေး တဖက် တချပ် ရွာတွေ က အမျိုးသမီးတွေ။ ဘ၀ ကို အံတု ရုန်းကန် နေကြတယ်။ နေ့စဉ်တက်နေတဲ့ ကုန်ဈေးနှုန်းတွေ ကြောင့် ရွာ မှာ စပါးစိုက်၊ တောင်သူ လုပ်ယုံနဲ့ မိသားစု စားဝတ်နေရေး ကို မဖြေရှင်းနိုင်ကြတော့ ဘူး။ ရရာ အလုပ်ကို ၀င်လုပ်နေကြရတယ်။ တချို့ဆို ခန္ဓာကိုယ်ရင်းပြီး အလုပ် လုပ်စားနေရတဲ့ ဘ၀တွေ။ အလုပ်အကိုင် ဆိုတာ အတိအကျမရှိဘူး။ ရာသီပေါ် အလုပ်တွေ က များတယ်။

တချို့ က မြို့ ပြ မှာ အဆင်ပြေမယ်ဆိုပြီး လယ်တွေ၊ ယာတွေ ရောင်းပြီး သွားကြတယ်။ အလုပ်မရှိတော့ ပြန်စရာ အိမ်မရှိ မြို့ပြ မှာ ကျူးကျော်ဘ၀ ရောက်သွားကြတယ်။ ဆင်းရဲနွမ်းပါးမှုက နက်သထက်နက်လာ နေပါတယ်။ ဆင်းရဲနွမ်းပါးမှုနဲ့ လူလုံးမလှဖြစ်ရတာက တိုက်ရိုက်ဆက်စပ်နေတယ်ဆိုတာ အထူး ပြောစရာမလိုတော့ပါ။

ဒီနေရာ မှာ အတွေးတခုဝင်လာတယ်။ ထိုင်းနိုင်ငံ မှာ စူနာမီ သဘာဝဘေးအန္တာရယ် ကျရောက်ပြီး၊ ဖူးခတ် မြို့ကြီး ဟာ တဟုန်ထိုး တိုးတက်လာတယ်။ မြန်မာ ပြည် မှာ နာဂစ်ဝင်ပြီးတော့ မြစ်ဝကျွန်းပေါ် ဟာ ဒုံရင်း က ဒုံရင်းပဲ။ ပိုပြီးဆိုးရွား လာတာတောင် တွေ့ရတယ်။

မြန်မာပြည် မှာ အခွန်ကောက်ခံ တဲ့ တိုးဂိတ် အဆောက်အအုံတွေ ဟာ တနှစ်တနှစ် ကြီးလာပေမဲ့၊ ခေါင်းပေါ်ရွဲ့ ကျောက်သယ်၊ မြေတူး လုပ်နေကြတဲ့ အမျိုးသမီးတွေရဲ့ ဘ၀ က ဒုံရင်း က ဒုံရင်းပဲ။ လမ်းတွေ က ပိုဆိုးလာသလို၊ အမှိုက်တွေ က လည်း ပိုများလာတာတွေ့ ရတယ်။ ခေါင်းပေါ် ရွဲ့ ကျောက်သယ်၊ မြေတူး လမ်းတွေ ခင်းပေး၊ ကြမ်းတမ်းစွာလုပ်ကိုင်ခဲ့ကြတဲ့ ဒီအမျိုးသမီးတွေ ကြောင့် မြစ်ဝကျွန်းပေါ် မှာ လမ်းမကြီးတွေ ဖြစ်လာခဲ့တာ။

လမ်းမကြီးတွေ ဖောက်လုပ်တော့၊ သူတို့ မှာ ဘ၀ လုံခြုံမှု မရရှိခဲ့ဘူး၊ အာမခံချက်တွေ မရရှိခဲ့ဘူး။ သူတို့ မှာ အလုပ်သမားနဲ့ တူတဲ့ ယူနီဖောင်းဝတ်စုံလေးတောင် မရှိရှာဘူး။

သူတို့ကို ကျေးဇူးတင်ရမဲ့ အစား၊ တိုးဂိတ်တွေ ပိုင်၊ ကျွန်လို ဆက်ဆံခဲ့ကြပြီး ကိုယ့် အကျိုးစီးပွားတခုတည်းကို သာ ကြည့်ခဲ့ကြတဲ့ ခရိုနီတွေ ကို တချို့ နိုင်ငံရေးခေါင်းဆောင်တွေနှင့် အစိုးရဆက်တိုင်း က အရေးပေးဆက်ဆံပြီး၊ ကျေးဇူးတင်နေကြလို့ ၀မ်းနည်းမိတယ်။
အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးနေလို့ မြစ်ဝကျွန်းပေါ် မှာ ဘုန်းကြီးတွေ ပေါလာတယ်။ အမျိုးသမီးတွေရဲ့ ဘ၀ ပိုနိမ့်ကျလာတယ်။ ထုတ်လုပ်မှု စွမ်းအားလျော့ကျသွားတယ်။ ကျူးကျော်တွေ ပိုများလာတယ်။ အလုပ်အကိုင် ဟာ မြစ်ဝကျွန်းပေါ်ဒေသရဲ့ မှာ အဓိက ဖြေရှင်းရမည့် ပြဿနာ ဖြစ်လာပါလိမ့်မယ်။

အခုတင်ပြနေတာက မြစ်ဝ ကျွန်းပေါ်က ပြည်သူတွေရင်ဆိုင် နေရတဲ့ အခြေအနေဖြစ်ပါတယ်။ ကျန်တဲ့ပြည်နယ်တွေ၊ တိုင်း ဒေသကြီးတွေမှာ ဖြစ်ပျက်နေတာ တွေ မပါသေးပါဘူး။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် မြန်မာ နိုင်ငံသားတွေ ဘယ်လောက် ရုန်းကန်နေရသလဲဆိုတာကို ခန့်မှန်းကြည့်လို့ရပါတယ်။

No comments: