Friday, September 25, 2020

Memory of Students' Uprising in June 1988. ၁၉၈၈ ဂျွန်လ သပိတ်မှောက် ကျောင်းသားတဦး ----- အပိုင်း (၃ )
 

 
Photo Credit- (၁၉၈၈ ဗကသ သတင်းစာ မှ)
မြတ်စိုး နှင့် ဇော်ဇော်အောင် -( ဖုန်းမော် ၊စိုးနိုင်နှင့် တကွ ကျဆုံးသွားသော RIT ကျောင်းသားကျောင်းသူများ အတွက် ၆ လ ပြည့် အောင်းမေ့ဖွယ် အခမ်းအနား ၁၉၈၈၊ စက်တင်ဘာလ တွင် ဗကသ ကိုယ်စား လွမ်းသူပမ်းခွေချ ဂုဏ်ပြုခဲ့စဉ်။)
**************************
ရန်ကုန် ရှိ တက္ကသိုလ် ပေါင်းစုံမှ ကျောင်းသားအုပ်စု အသီးသီး၊ ရန်ကုန် တက္ကသိုလ် ကျောင်းသား ကျောင်းသူများ အားလုံး သည် ရန်ကုန်တက္ကသိုလ် အပန်းဖြေခမ်းမကို ဗဟိုပြုပြီး ဇွန်ကျောင်းသား သပိတ်ကို စတင် ဖို့ စုရုံး လှုံဆော် လာနေကြသည် ကို သတိထား မိလာသည်။
RC အပမ်းဖြေ ခန်းမ အိမ်သာတွေ ထဲ မှာ စာကပ် သွားလို့ အုပ်လိုက် သွားကြည့်ကြ၊ အားကစားရုံ နံရံတွေ မှာ စာကပ် သွားလို့ အုပ်လိုက် သွားကြည့်ကြ ၊ အနုပညာ အသင်း အနား နံရံ တွင်စာကပ်လို့ အုပ်လိုက် သွားကြည့်ကြ နဲ့ ပေါက်ကွဲတော့ မဲ့ ယမ်းစ လို ဖြစ်လာနေပြီ။
တချို့ တက္ကသိုလ် ကျောင်းဆရာများနှင့် အတူ အရပ်ဝတ် စစ်ထောက်လှမ်းရေးများသည် နံရံကပ်စာတွေ ကို မသိမသာလေး လိုက်လံ ဖယ်ရှားနေတာကို လဲ တွေ့ရတယ်။
မဆလ ခေတ် အာဏာရှင် နေ၀င်း စစ် အစိုးရ သည် ကျောင်းသား၊ ကျောင်းသူများ ကို ရန်သူလို အညိုးထားချေမှုန်းလေ့ရှိပြီး မဆန့်ကျင်နိုင်အောင် နှစ်ရှည် ထောင်သွင်းနှိပ်စက်လေ့ရှိသည်။ ထို့ကြောင့် တက္ကသိုလ် ကျောင်းသား ကျောင်းသူ များ အဖို့ မဆလ ခေတ် အာဏာရှင် နေ၀င်းအစိုးရ ကို ဆန့်ကျင်ခြင်းသည် အသက်ကို ရင်း၊ ဘ၀ ကိုရင်း ၍ လုပ်ရခြင်းဖြစ်သည်။ အနည်းဆုံးတော့ လူ့ဘ၀ အညွှန့်ချိုးခံရမည်။ ကျောင်းထုတ်ခံရမည်။ မည့်သည့် အလုပ် မျှ လုပ်ပိုင်ခွင့် မရှိ တာ ခံရမည်။ မိသားစု တွေ ဒုက္ခရောက်ကြမည်။
မဆလ ခေတ် စစ်ထောက်လှမ်းရေးများ သည်လည်း စစ်ကြောရေး၊ ထောင်တွင်း ညှင်းပမ်းနှိပ်စက် မှုများ တွင် နာမည်ကြီးသူများဖြစ်သည်။
အရပ်ဝတ် စစ်ထောက်လှမ်းရေးများသည် ကျနော် ကပ်ခဲ့ သည့် စာ ရွက်များကို လည်း ဖယ်ရှားနေတာ တွေ့ရတယ်။
ကျနော်လည်း RC အပမ်းဖြေ ခန်းမ က အနုပညာ အသင်းနား ၊ တက္ကသိုလ် စာကြည့်တိုက် နား မယောင်မလည် လုပ်နေရသည်။
ထိုစဉ် ကျနော် သည် တက္ကသိုလ် စာကြည့်တိုက် နဲ့ မျက်နှာချင်းဆိုင် RC အပမ်းဖြေ နားနေဖက် အခြမ်း က အုတ်တန်းလျားမှာ တယောက်ထဲ လူတွေ ရဲ့ လှုပ်ရှားမှုတွေ ကို စိတ်ဝင်တစား ကြည့်နေမိတယ်။
ကျနော် သည် ဘယ်အဖွဲ့ အစည်း၊ ဘယ် အုပ်စု နဲ့ မှ ပက်သက် မှု မရှိပါ။ ဘယ်တော့ စ မလဲ ဆိုတာ ကို ပဲ စိတ်ဝင်တစား စောင့်ကြည့် နေမိသည်။
*****************************
ထို အချိန် တွင် တက္ကသိုလ် စာကြည့်တိုက် ရှေ့ က သစ်ပင် ကြီး မှာ စာကပ်ပြီး ထွက် သွားတဲ့ ကျောင်းသားတွေ ကို လှစ်ခနဲတွေ့လိုက်သည်။
မေဂျာ အသီးသီးမှ ကျောင်းသားကျောင်းသူများ အားလုံးစုပြုံပြီး သွားကြည်ခဲ့ကြသည်။
ဒီ အချိန် မှာ ပဲ ကိုသာကျော်မောင်၊ ကို သင်္ကြန်၊ အပါအ၀င် ကျောင်းသားတစု သည် "တစ် နှစ် သုံး" လို့ ခေါ် ပြီး
“ကမ္ဘာမကြေဘူး” သီချင်းပြိုင်တူ အော်ဆိုလိုက်ကြတော့ ၊ တကျောင်းလုံး က သူတွေ လည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး တနေရာထဲ မှာ စုပြုံသွားကြတယ်။ ရန်ကုန်တက္ကသိုလ် အပန်းဖြေခမ်းမကို ဗဟိုပြုပြီး
“ကမ္ဘာမကြေဘူး” သီချင်း ကို အဓိပတိ လမ်းမ အရှေ့ဖက် က သံပြိုင် စဆိုလိုက် ၊ အနောက်ဖက် က သံပြိုင် စဆိုလိုက်နဲ့ အတန်ကြာအောင် ရပ်မသွားခဲ့ပဲ သီဆိုနေခဲ့ကြသည်။
ကမ္ဘာမကြေ သီချင်းဟာ လည်း အဓိပတိ လမ်းမ ကြီးကတဆင့် တကျောင်းလုံး ပဲ့တင်ထွက်သွား တော့သည်။
"နေ၀င်း စစ်အစိုးရ ကျဆုံးပါစေ။"
"သပိတ် သပိတ် မှောက်မှောက်။"
ဆိုပြီး ကျောင်းသား သပိတ် ကို စတင် လိုက်ကြပါတော့သည်။
ဒီ အချိန် မှာ ကျောင်းသားတွေထဲ မှာ မျက်ရည် ကျတဲ့ သူကျ၊ အော်ဟစ်ပေါက်ကွဲကြ နဲ့ ။
တချို့ မျက်နှာ တွေ မှာ သပိတ် တိုက်ပွဲ ကို အောင်မြင်စွာ စတင်နိုင်ခဲ့ လို့ ၀မ်းသာ ပျော်ရွှင်နေကြတဲ့ မျက်နှာ အမူအရာ တွေ ကိုလည်း တွေ့နေရသည်။
ကျနော်လည်း အသင့်ပါလာတဲ့ လက်ကိုင်ပုဝါ နဲ့ မျက်နှာ ကို ဖုံးကွယ်ပြီး ကမ္ဘာမကြေ သီချင်းကို သံပြိုင် အော်ဆိုနေမိခဲ့သည်။
******************************
ဒီ အချိန် မှာ ပဲ
"ကျမ တို့ ရဲ့ ညီ အကို မောင်နှမ ကျောင်းသားကျောင်းသူတွေ အဖမ်းခံထားရတယ်။ တချို့ ကျောင်းထုတ်ခံရတယ် ရတယ်။ ရှင်တို့ ဘာလုပ်နေကြလဲ၊ ပါဝင်ကြပါ”
အသံကြားလို့ လှည့်ကြည့်လိုက်တော့ ရန်ကုန်တက္ကသိုလ် ဓာတုဗေဒ ဘာသာ မှာ တက်ရောက်နေသည့် ခင်ဥမ္မာ ဖြစ်နေသည်။ သူမ ကို လှိုင်နယ်မြေ မှာ ကတည်း က မေဂျာတူမို့ မျက်မှန်းတန်း မိသည်။
ကျနော် က အနီးနား သွားပြီး အပိုပါလာသော မျက်နှာ ဖုံ ပုဝါ ကို ၀တ်ဖို့ ပြောတော့-
မလိုဘူးလို့ သူမ ပြန် ပြောသည်။
သူမ နောက် မှာ လည်း လူအုပ်ကြီး က ထပ်ချပ်မကွာ လိုက် ပြီး၊ တောင်း ဆိုချက် တွေ ကို အော်ဟစ်နေကြသည်။ လူအုပ်ကြီးသည် ကြီးသထက်ကြီးဘာတော့သည်။
****************************
ဖြစ်စဉ် တွေ က မြန်ဆန်လွန်းလှသည်။
တချို့ ကလည်း အဓိပတိ လမ်း ကနေ အုပ်စု လိုက် ရန်ကုန်တက္ကသိုလ် အပန်းဖြေခမ်းမ ဆီသို့ တဖွဲဖွဲ လာနေကြတာတွေ့ရသည်။
ကိုမောင်မောင်ကျော် ဦးဆောင် ပြီး ကျောင်းသူ ကျောင်းသားတွေ ဟာလည်း ဂျက်ဆင် ၊ တောင်ငူဆောင် ဖက်ကနေ စုရုံး ချီတက် လာကြတာ တွေ့ရသည်။
စားသောက်ဆိုင်တန်းများအထိေ ကြွးကြော်သံများ ဟစ်ကြွေးချီတက် လာခဲ့ကြပြီး ရန်ကုန်တက္ကသိုလ် အပန်းဖြေခမ်းမ ရှိ သပိတ်မှောက်နေကြသော ကျောင်းသားကျောင်းသူ လူအုပ်ကြီးနှင့် ပူးပေါင်းပြီး အဓိအတိ လမ်းမ တလျှောက် ချိတက် ဆန္ဒပြနေကြသည်။
ဒီ မှာ တင် ဇွန်လ ကျောင်းသားအရေးအခင်း သပိတ်ကြီး ကို အဓိပတိလမ်းမကြီးပေါ် မှာ စတင်လိုက်ပြီဆိုတာ သိလိုက်ရ သည်။
ထို အချိန် က စ လို့ ကိုမောင်မောင်ကျော် သည် ဇွန်လ အရေးအခင်းကို စတင် ဦးဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တဦး အဖြစ် လူသိများလာခဲ့သည်။
**********************************
ကျနော် နဲ့ အတူ မေဂျာပေါင်းစုံ မှသူငယ်ချင်းတချို့ တို့ သည် ဓာတုဗေဒ၊ ရူပဗေဒ၊ ရုက္ခဗေဒ၊ သတ္တဗေဒ စာသင်ခန်းမ ဆောင်တွေ ၊ လက်တွေ့ ခန်းမ ဆောင် တွေ ကို သွားပြီး ကျောင်းသူ ကျောင်းသားတွေ ကို စာသင်ခန်းထဲ က ထွက် သွားပြီး၊ သပိတ် ကို ပူးပေါင်းပါဝင် ကြဖို့ တခန်းဝင် တခန်းထွက် လိုက် စည်းရုံးနေခဲ့ကြသည်။
သတိယ လို့ ကြည့်လိုက်တော့ ကျောင်းသား၊ ကျောင်းသူတွေ က လည်း စာသင်ခန်းထဲ၊ လက်တွေ့ခန်းထဲ က နေ ထွက်လာကြပြီး၊ နောက် က အုပ်စု လိုက် ထ လိုက်လာကြတော့ အားလည်းရှိလာသည်။
ကျနော် လည်း ဘယ်လောက် ကြွေးကြော်သံတွေ အော်ပြီး ဘယ်လောက် ခံစားမှု တွေ ပေါက်ကွဲသွားသလဲ ကိုယ့်ကိုကိုယ် သတိမထားမိခဲ့ပါ။
ရုတ်တရက် အနီးနား က လူ က “ခင်းဗျား အသံတွေ ၀င်သွားပြီး၊ သောက်အုန်းမလား လို့ မေးလာမှ သတိဝင်လာသည်။
မေးလာတဲ့ သူကတော့ ခရစ်ဆိုဗာ ကိုကိုလတ် ပါ။ တက္ကသိုလ် ကျောင်းဝင်းအတွင်း တွင် သူ ကို အမြဲတွေ့ရ တက် သည်။
"ကျနော် မ သောက် တက်ဘူးလို့ ပြန်ဖြေလိုက်သည်။"
နောက်တော့ သူ့ကို KNU ထိမ်းချုပ်ထားတဲ့ ၀မ်းခ နယ်မြေ မှာ ပြန်ဆုံခွင့်ရခဲ့သေးသည်။
ထောက်လှမ်းရေးမှူး ခင်ညွှန့် နှင့် သူ၏ ထောက်လှမ်းရေး အဖွဲ့အစည်း၏ စေခိုင်းမှုကြောင့် တောခို ကျောင်းသားကျောင်းသူများ ကို ပြန်လာ ရန် မဲဆောက်မြို့ ထိလာပြီး ကျောင်းသားများ အချင်းချင်း အကြား သွေးခွဲခြင်း၊ စစ်ထောက်လှမ်းရေး ကို သတင်းပေး နေမှုကြောင့် KNU ၀မ်းခ နယ်မြေ တွင် ဖမ်းဆီး အကျဉ်းချခံခဲ့ရသည်။ ထို့နောက် သူ့ကို ပြန်လည် လွှတ်ပေးခဲ့ကြသည်။
ဆက်ရန် -မျှော်

No comments: