Friday, September 25, 2020

Memory of Students' Uprising in June 1988. ၁၉၈၈ ဂျွန်လ သပိတ်မှောက် ကျောင်းသားတဦး ----- အပိုင်း (၄ )
 
Photo- မီနီသင်းကျော် ( ၁၉၈၈ မတ်လ - ဇွန် လ ရန်ကုန်တက္ကသိုလ် သပိတ်မှောက် ကျောင်းသူတဦး။)
ရန်ကုန် တက္ကသိုလ်၊ စီးပွားရေး တက္ကသိုလ်၊ စက်မှု တက္ကသိုလ် ၊ ဆေးတက္ကသိုလ် အပါအ၀င် တက္ကသိုလ် ပေါင်းစုံ မှ ကျောင်း သားကျောင်းသူများ ၊ ဆရာ၊ ဆရာ မ များ၊ အထက်တန်း ကျောင်းသားများ၊ စက်ရုံ အလုပ်သမားများ ၊ ၇၄ ကျောင်းသား ကျောင်းသူများ ၊ ကျောင်းပြီးသွားသူ ကျောင်းသားဟောင်းများ၊ နာမည်ကျော် အဆိုတော်များနှင့် အနုပညာရှင်များ အင်တိုက် အားတိုက် ပူးပေါင်း ပါဝင်လာကြတာကို တွေ့လာ ရသည်။
 
ဒီလိုနဲ့ သပိတ်မှောက်နေကြသည့် အင်အား သည် သပိတ်စင် အနီးတွင် များသထက် များလာသည်။ ကျနော် သည် သပိတ်မှောက် တရားဟော စင် အပေါ် နှင့် စင် အနီးအနားမှာ အမြဲ ရှိနေ သဖြင့် သပိတ် မှောက် ကျောင်းသားတ ဦး အဖြစ် လူသိ များလာ သည်။ လူတွေ က တရားဟော ခွင့်ပေးဖို့ ကျနော့် ထံ လာတောင်းနေသူတွေလဲရှိသည်။ ကျနော့်ထံ အလှူငွေ လာထည့် ကြသူ တွေ လည်း ရှိသည်။
စီပွားရေး တက္ကသိုလ် ဆရာ၊ ဆရာ မ များ က ဆိုပြီး ကျနော့် ကို ငွေ ၅၀၀ လှူလာသည်။ ကျနော် မယူပါရစေနဲ့။ သပိတ် ဘဏ္ဍာရေး အဖွဲ့ ကို ဖွဲ့ ပေးပါမယ်။ ၊ ဒီအဖွဲ့ ကို လှူပါလို့ပြောလိုက်ရသည်။ နောက် တော့ သပိတ် ဘဏ္ဍာရေး အဖွဲ့ ကို ငွေ လာလှူ ထဲ့ဝင်နေကြတာတွေ တွေ့ရသည်။
ပြင်ပ မှ အလှူငွေထည့် သူများ ၊ အလှူရှင်များ ကလည်း တဖြေးဖြေးများ လာသလို မိဘ ပြည်သူတွေရဲ့ ထောက်ခံ မှု ရရှိနေပြီဆိုတာ ကို လည်း သတိထားမိလာသည်။
 
ထို့ကြောင့် ကျနော် နှင့် သပိတ် မှောက် ကျောင်းသား ခေါင်းဆောင် တချို့ သည် သပိတ် စင် အနီး တွင် သပိတ် ဘဏ္ဍာရေး အဖွဲ့ ကို ဘာ သာရပ် ပေါင်းစုံ မှ ကျောင်းသူ များနှင့် ဖွဲ့ပေး ပြီး အလှူ ငွေ ကို လက်ခံ စေခဲ့သည်။ သပိတ် ဘဏ္ဍာရေး အဖွဲ့ တွင် ရန်ကုန် တက္ကသိုလ် ကို လာရောက် တက်ရောက်နေကြ သည့် နယ် မှ ကျောင်းသူများလည်း ပါရှိသည် ကို နောင် မှ သိရသည်။
 
သူမတို့ ၏ နာမည် များ ကို မမှတ်မိတော့ပါ။ ရှစ်လေးလုံးကာလ ၊ ပဲခူးတိုင်း အရှေ့ခြမ်း သို့ ကိုကိုကြီး၊ ကိုဝင်မိုး၊ ကို ဇော်ဇော်အောင် တို့ နဲ့ အတူ သွားရောက်ခဲ့သည့် စည်းရုံးရေး ခရီးစဉ် တွင် ဇွန်လ သပိတ် ဘဏ္ဍာရေး အဖွဲ၌ ကောက်ခံခဲ့ကြသည့် တက္ကသိုလ် ကျောင်းသူ တချို့ ကို တောင်ငူမြို့ သပိတ်စခန်း ၌ ပြန်လည်ဆုံတွေ့ခဲ့ကြရသည်။
 
အလှူငွေတွေ ကို ဘယ်သူတွေ လာယူသွားခဲ့ကြောင်း သူတို့ ပြောပြမှ သိရသည်။
အင်မတန် မှ လေးစားဂုဏ်ယူရသည့် နယ်မှ တက္ကသိုလ် ကျောင်းသူတွေ ပါ။ ရှစ်လေးလုံး အရေးအခင်း ကာလ တွင် နယ်မြို့ သပိတ် စခန်းများ မှာ ဆက်လက် ဦးဆောင်ပါဝင်နေကြတာသိရတော့ ၀မ်းသာဂုဏ်ယူ မိသည်။
 
ထိုစဉ် က သူမ တို့ နှင့် တွေ့ဆုံခြင်းသည် နောက်ဆုံး အကြိမ် ဖြစ်လိမ့် မည်ဟု မထင်ထားခဲ့ပါ။ သူမ တို့ သည် ၁၉၈၈ ခုနှစ် စစ်တပ် က အာဏာသိမ်းပြီးနောက် တောခိုသွားကြပြီး၊ တောထဲ တွင် ငှက်ဖျားရောဂါ နှင့် သေဆုံးသွားကြသည်ဟု နောင် ကျ မှ မိသားစု ၀င်များထံ မှ သိရသည်။
*************************
သပိတ် ကို ဆွဲဆောင်ဖို့ ၊ အားကောင်းဖို့ က အမျိုးသမီး တွေ စင်ပေါ် မှာ တက် တရား ဟာ ပေးရင် ကောင်းမှာ ပဲလို့ စဉ်းစားနေတုန်း၊ ဖြူဖြူ သေးသွယ်ပြီး၊ ရုပ်ရည် နုပျို သည့် တက္ကသိုလ် ကျောင်းသူ တယောက် သွက်သွက် လက်လက် နဲ့ စင်ပေါ်တက်လာသည်။
ဇွန်လ တွင် ပထမဦးဆုံး အမျိုးသမီး ကျောင်းသူတယောက် စင်ပေါ်တက် တရားဟော တာမို့ အားလုံးက လည်း စိတ်ဝင်စားနေကြသည်။
ပိရိသတ် ကို သူမ က မိတ်ဆက်လိုက်သည်။
"ကျမ နာမည် က မီနီ သင်းကျော် ပါ။ သမိုင်း ဘာသာရပ် နောက်ဆုံး နှစ် က ပါ။"
သပိတ်မှောက်သူတွေ အားလုံး စိတ်ဝင်စားသွားကြသည်။ မျက်လုံးတွေ သူမထံရောက်သွားကြသည်။ သူမ ဘာ ပြောမလဲ နားထောင်နေကြ သည်။ ထူးခြားနေသည် က သူမ သည် မျက်နှာဖုံး မ၀တ်ထားပါ။ သူမ အသံ သည် ကြည်လင်ပြီး၊ အ ပြောကောင်းသည်။ ကြောက်ရွံ့မှု မပြ။
"နွားကွဲရင် ကျားဆွဲခံရမယ်။ ကျမ တို့ အားလုံး ညီညီညွတ်ညွတ်နဲ့ ၀ိုင်းဝန်းစုစည်း ပြီး စစ်အာဏာရှင် ကို တော် လှန်ကြဖို့၊ သပိတ်မှာ အားလုံ ပူးပေါင်းပါဝင်ကြဖို့ " တိုက်တွန်း သွားတယ်။
ကျောင်းသားကျောင်းသူများ၊ ၀ိုင်ရံနေကြသူများ၊ သပိတ်မှောက်နေ သူများ က လက်ခုတ်သံ တ ဖြောင်းဖြောင်းဖြင့် အားပေးခဲ့ကြသည်။ မီနီသင်းကျော် သည် ၁၉၈၈ ဇွန်လ ရန်ကုန် တက္ကသိုလ် ကျောင်းသား သပိတ် တွင် စင်ပေါ်တရားဟော်ခဲ့ သော ပထမဦးဆုံး အမျိုးသမီးကျောင်းသူ တဦးဖြစ်သည်။
***************
သပိတ်သည် ကြာလာ သည် နှင့် အမျှ တချို့ သည် စင်ပေါ်တက်ပြီး ပြောချင်သည်များ ကို သာ ပြောနေသဖြင့် ဘာတက်ပြောချင် သလဲ ဆိုတာ ကို စင်အောက်တွင် စီစစ်မေးမြန်းရသေး သည်။ " မင်း အသံ ကျယ်တယ်။ စွဲဆောင် မှု ရှိတယ်။ မင်း..တက်ပြောပါ" ဆိုပြီး ပြောခဲ့သည်ဟု သပိတ်မှောက် ကျောင်းသားတဦးဖြစ်သည့် ငြိမ်းချမ်း မှ ကျနော့် ကို နောင်တွင် အမှတ်တယ ပြောဆိုခဲ့ဘူး သည်။
ပထမ နေ့ သပိတ် ကို ခေါင်းဆောင် ကြီးကြပ်နေသူများထဲတွင် ကျနော် မှတ်မိသူများမှာ ကို သင်္ကြန်၊ ကို ကျော်မင်း၊ ကို ဇော်မင်း၊ ကိုမျိုးကြီး၊ ကို စိုးရ ၊ကို စိုးခ၊ ကို စိုးသိန်း၊ ကို ကြည်ဝင်း ( ခ) ကိုချမ်းအေး၊ မ မီနီသင်း ကျော်၊ မရီရီဝင်း၊ မခင်မေမေအေး၊ ကိုဝင်းကြည် ၊ မသက် တို့ဖြစ်သည်။ ကျန် သည့် သူများ ကို နာမည် မသိ သလို၊ တချို့ ကို မမှတ်မိတော့ပါ။ တချို့ကွယ်လွန်သွားကြပါပြီ။
*******************
ထိုစဉ် အထက်တန်း ကျောင်းသား၊ ကျောင်းသူများ သည် သပိတ်စင် အနီးတွင် ခွပ်ဒေါင်း လက်စည်း အနီများဖြင့် ၀ိုင်းရံနေကြသည် ကိုလည်း သတိထားမိသည်။
သူတို့ သည် တက်ကြွပြီး၊ စိတ်လှုပ်ရှားနေကြသည်။
"ကျနော် တို့ အသေခံ တိုက်ပွဲ ၀င်မည် လို့ ပြောနေကြသည်။ ကျနော် တို့ ဘာလုပ်ရမလဲ လို့ သူတို့ က မေးနေသည်။"
သူတို့ အသက်များ သည် ၁၅-၁၇ ကြား လောက်သာရှိမည် ဟု ခန့်မှန်းရသည်။"
ကျနော် တို့ တွေ အခြေအနေ ကို ရိပ်စားမိလာ၍ မီနီ သင်းကျော်ရယ်၊ ကိုကြည်ဝင်း (ခေါ်) ကို ချမ်းအေးရယ် ၊ကျနော် ရယ် သပိတ်ကို လာရောက် ပူးပေါင်းသည့် အထက်တန်းကျောင်းသားလေးများ ကို ပထ၀ီ စာသင်ခန်း တခု သို့ ခေါ်ယူပြီး အားပေး နှစ်သိမ့်ခဲ့ရတယ်။
တက္ကသိုလ် က အကိုကြီးတွေ အဖမ်းခံရ၊ ထောင်ကျခံရတဲ့ အချိန် မှာ အထက်တန်း ကျောင်းသားများ ရဲ့ လှုပ်ရှားမှု တွေ ကို ဂုဏ်ယူပါကြောင်း၊ ဆက် လက် တိုက်ပွဲ ၀င်ဖို့ ကို လည်း အားပေးစကားပြောကြားခဲ့တာ သတိရ မိသည်။
ဇွန် လ ( ၂၁) ရက် မြေနီကုန်း ဆန္ဒပြပွဲ အရေးအခင်းတွင် ဇွန် လ ရန်ကုန်တက္ကသိုလ် သပိတ် ကို လာရောက် ၀ိုင်းရံ အားပေးခဲ့ကြသည့် ခွပ်ဒေါင်း လက်စည်းနီ ၀တ်ထားကြသည့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများ အများအပြား ကို တွေ့ခဲ့ရသည်။
သူတို့တွေ အလံကိုင်ချီတက်သွားကြတာကို တွေ့ရသည်။ သူတို့ တွေ အသက်ဘေး က ကင်းလွတ်ပါစေ ဟု ဆုတောင်းပေးခဲ့သည်။
ထိုမြေနီကုန်း ချီတက် ဆန္ဒပြပွဲတွင် ရန်ကုန်တက္ကသိုလ် မှ ကိုဘကျော် အပါအဝင် တက္ကသိုလ် ကျောင်းသားများ က တချို့ ကို ဘေးလွတ်ရာသို့ ခေါ်ဆောင်သွားခဲ့ကြကြောင်း သိခဲ့ရလို့ ၀မ်းသာမိသည်။
ဆက်ရန်- မျှော်။

No comments: