Friday, September 25, 2020

Memory of Students' Uprising in June 1988. ၁၉၈၈ ဂျွန်လ သပိတ်မှောက် ကျောင်းသားတဦး ----- အပိုင်း (၂ )
 
 
မိုးမြင့် ( Right)- Professional Bass Guitarist and Professional Badminton Player ( မတ်လ - ဇွန် လ ရန်ကုန်တက္ကသိုလ် သပိတ်မှောက် ကျောင်းသားတဦး)
Photo Credit- Yankin Group.
***********************
ကိုမိုးမြင့် က ဗဟိုနိုင်ငံရေး သိပ္ပံကျောင်းအုပ်ကြီး ဦးချစ်လှိုင်ရဲ့ သား။ ကျန်းမာရေးမကောင်းသည့် မိခင်ကြီးကို စောင့်ရှောက် နေပြီး၊ ရိုးရိုး အေးအေး နေတက်တဲ့ သူ။
ရပ်ကွက် တီးဝိုင်း တွေ မှာ ဗေ့စ်ဂီတာ တီးခတ်တယ်။ ၊ ကြက်တောင်ရိုက် လက်ရွေးစင် သမား တဦး လည်းဖြစ်တယ်။ မတ်လ ကျောင်းသား အရေးအခင်းမှာ မှာ ထောင်ကျခဲ့တယ်။ ရှစ်လေးလုံး ကာလ မှာ ရန်ကင်း ၄ ရပ်ကွက် စာကြည့်တိုက် သပိတ်စခန်း မှာ နောက်ဆုံးတွေ့ခဲ့ရတယ်။
အခုတော့ အဖေ ကော၊ သားပါ ကွယ်လွန်သွားရှာပြီ။
ဂျူးပလက်မှာ နေထိုင်တဲ့ ကိုကျော်သက် က တော့ လီဒ်ဂီတာ တီးတဲ့သူ။ သူတို့ က ရက်ကွက်ထဲ မှာ လုသိများတဲ့ တက္ကသိုလ် ကျောင်းသား ကြီးတွေ။
သူတို့ မတ်လ မှာ ဖမ်းဆီးခံထားကြရတော့ ၊ ဘယ်တော့ လွတ် မလဲ၊ ကျောင်းထုတ်ခံရလား၊ ဘယ်လောက် ထောင်ကျမလဲ ဆိုတဲ့ မေးခွန်းတွေ နဲ့ အတူ အမြန်လွတ်မြောက်ဖို့ ရပ်ကွက် ထဲ က ကျနော်တို့ သူငယ်ချင်းတွေ ဆုတောင်းပေးခဲ့ကြတယ်။
*******************
ဒီလိုနဲ့ တက္ကသိုလ်ကျောင်းတွေ ဘယ်တော့ ပြန်ဖွင့်မလဲ၊ ပြန်ဖွင့်ရင် သပိတ်မှောက်ကြမယ်ဆိုတာတွေ လည်းကြားနေရသည်။
ဟိုတစု၊ ဒီတစု အချင်းချင်း တိုင်ပင်နေကြတာတွေ လည်း မြင်တွေ့နေရသည်။
ဒီလိုနဲ့ ဇွန်လ ဆန်း ပိုင်း။ မုန့်သုန်လေ နှင့် အတူ မိုး ရာသီ ကာ လ သို့ ၀င်လာချေပြီ။
ဇွန်လ ဆန်းမှာ ကျောင်းတွေ ကို မဆလ အစိုးရ က ပြန်ဖွင့်ပေးခဲ့ပါသည်။
***************************
မှတ်မှတ်ယယ….ဒီနေ့ သပိတ်မှောက် မည့် နေ့။
ကျနော် သပိတ်မှောက် ဆန္ဒပြဖို့ လာတာကို မည်သည့် သူငယ်ချင်း များ ကို မှ ပြောပြ မထားပါ။
ကျောင်းသားတယောက် အနေနဲ့ တရားမျှတမှု အတွက် ဆန္ဒထုတ်ဖော်ပြသ သင့်သည်ဟု သာ ခံစားမိသည်။
အဲဒီနေ့ က ကျနော် အဓိပတိလမ်းမပေါ်ကနေ RC အပန်းဖြေ ဘက်ဆီ ကို တယောက်တည်း လမ်းလျောက်လာခဲ့သည်။ ရင်ခုန်နေသလို၊ စိတ်လှုပ်ရှားမှု လွန်ကဲ နေသလိုလို ကိုယ့်ကိုကိုယ် ခံစားမိသည်။
ကျောင်းပြန်ဖွင့် တော့ နယ် က ပြန်လာ ကြမည့် သူငယ်ချင်းများ ကို လည်း တွေ့ချင်သည်။
ရုပ်ရှင်ရုံ ကို အမြဲ အဖော် အဖြစ် လိုက်ပို့ ပေးခဲ့ရသည့် လှိုင်နယ်မြေ က သူငယ်ချင်း ကောင်မလေး ကို လည်း လွမ်းမိသည်။ သူမ လည်း တတိယ နှစ် တက် ဖို့ ရန်ကုန်တက္ကသိုလ် ပင်မ ရောက် လာမှာ မို့ သူမ ကို လည်း တွေ့ချင်မိသည်။
ရင်လည်းခုန်မိသည်။ ကိုယ် က နောက်ဆုံးနှစ်ဆိုတော့ သူမ ကို ဒီနှစ် မှာ ချစ် ရေး ဆိုဖို့ စိတ်ကူးထားသည်။
ဒါမှ မဟုတ် ..ကျနော် လွယ်ထားသော လွယ်အိတ် ထဲ က ပစ္စည်းများကြောင့် လည်း ဖြစ်ကောင်း ဖြစ်လိမ့် မည်။
လွယ်အိတ်ထဲ တွင် ညက ရေးသား ထား သည့် စစ်အာဏရှင် ပြုတ်ကျ ရေး ၊ မတ်လ ကျောင်းသား အရေးအခင်း အတွင်း ဖမ်းဆီးခံ ကျောင်းသားများ ကျောင်းပြန်တက်ခွင့်ရရေး ဆိုပြီး လက်ရေးနှင့် ရေးသားထားသော စာရွက်များ ပါလာသည်။
ကျောင်းနံရံတွေ မှာ ကပ်ဖို့ စာအုပ်ကြားထဲ တွင်ရှိနေသည်။
မျက်နှာ ကို ဖုံးကွယ်ဖို့ လက်ကိုင်ပုဝါ နှစ်ခု လည်းရှိသည်။
ကျနော်သည် သပိတ်မှောက် ဖို့ အသင့်ပြင်ဆင်ထားသည်။ ဆုံဖြတ်ထားသည်။
ဒါကြောင့်လည်း ရင်ခုန်နေသလို၊ စိတ်လှုပ်ရှားမှု လွန်ကဲနေ သလိုဖြစ်နေပေလိမ့်မည်။
**********************
ရန်ကုန်တက္ကသိုလ် အပန်းးဖြေ ရှေ့ က အုတ်တံတိုင်း လေး ပေါ် မှာ ကျားကန်ထိုင်နေရင်း အနီး ပတ်ဝန်ကျင် က လှုပ်ရှားမှုတွေ ကို စူးစမ်းလေ့လာကြည့်နေခဲ့သည်။
စောင့်ကြည့် နေတာ ၂ နာရီလောက်ကြာတော့ အခြေအနေ တချို့ ကို သတိထားမိလာသည်။
အားလုံးက သပိတ်မှောက်ဖို့ တာစူနေကြပါပြီ။
စောင့်ကြည့်နေစဉ် အခန်းဖော် သူငယ်ချင်း စောဒီယံ၊ စောဖိုးလေး တို့နှင့် လည်း စကားလက်ဆုံ ကြခဲ့ သေးသည်။
ဒီနေ့ သူတို့ Lab မသွားတော့ ဘူးလို့ ပြောသည်။
ကျနော် လည်း မသွားတော့ ဘူးလို့ ပြန်ပြောမိသည်။
သူတို့ ဘာလုပ်မလဲ ဆိုတာ ကိုယ် က မမေးသလို၊ ကိုယ်ဘာလုပ်မလဲ ဆိုတာ လည်း သူတို့ မမေးခဲ့မိပါ။
နောက်တော့ သူတို့ နှစ်ဦးစလုံးကို သပိတ်မှောက် ဆန္ဒပြပွဲထဲ တွင် တက်ကြွစွာပါဝင်တာကို တွေ့လိုက်ရသည်။
အတန်းဖော် စောဖိုးလေး ကိုတော့ ကရင်ပြည်နယ် KNU နယ်မြေ တပ်မဟာ ၂ တွင် တကြိမ် ပြန်ဆုံခဲ့ကြသေးသည်။
***********************
ရန်ကုန်တက္ကသိုလ် ပင်မ ကျောင်း အတွင်း က ကင်တင် စားသောက်ဆိုင်တွေ၊ လ္ဘက်ရည်ဆိုင်တွေ၊ အဆောင်များတွင် လူ အစုလိုက် အစုလိုက် စကားပြောနေကြတာ ကိုလည်းတွေ့နေရသည်။
နာမည်ကြီး စားသောက်ဆိုင် တွေ မှာ ကျောင်းပြန်ဖွင့်ချိန်ဆိုတော့ လူအများနှင့်အတူ တိုးဝှေ့စားသောက်နေကြတာလည်းတွေ့ရသည်။
ရန်ကုန် တက္ကသိုလ် ကျောင်းသားတွေ လည်း ကျောင်းထဲ မှာ နီးစပ်ရာ အသီးသီး အုပ်စု လိုက် စုရုံးနေကြတာ ကို တွေ့ရသလို၊ ကျောင်းသားတွေရဲ့ လှုပ်ရှားမှု တွေ ကို စောင့်ကြည့်နေကြတဲ့ အရပ်ဝတ် စစ်ထောက်လှမ်းရေး တွေ၊ သတင်းပေးတွေ က လည်း တက္ကသိုလ် အားကစားရုံကြီးဘေးနား မှာ ခြေချင်းလိမ်နေကြတာ ကို ကြာလညတော့ သတိပြုမိတယ်။
ထိုအချိန်....ရန်ကုန်တက္ကသိုလ်ကြီး ဟာ ရွာချတော့ မဲ့ မိုး လို အခြေ အနေမျိုး ဖြစ်နေသည်။
ဘယ် အချိန် စ ရွာ မလဲ၊ ဘယ်နေရာ က ရွာ မလဲ၊ ဆိုတာ ကို အားလုံး က စိတ်ဝင် တစား စောင့်ကြည့်နေကြသည်။
(ဆက်ရန်- မျှော်)

No comments: