Friday, September 25, 2020

Memory of Students' Uprising in June 1988. ၁၉၈၈ ဂျွန်လ သပိတ်မှောက် ကျောင်းသားတဦး ----- အပိုင်း (၁) 

 

Photo- Ko Chan Aye ( ဇွန် သပိတ်မှောက် ကျောင်းသားတဦး၊ ဖို့ဝိန်းမြို့ ကို စတင် အ ခြေချ ပြီး Burmese Community ကို တည်ဆောက်ပေးခဲ့သူ။)
၁၉၈၈ ခုနှစ် ဇွန်လ ကျောင်းသားအရေးအခင်း တွင် မိမိ ပါဝင် ပက်သက် ခဲ့သည့် အတွေ့အကြုံများ ကို ရေးသားမျှဝေဖို့ အကြိမ်ကြိမ်စိတ်ကူးမိ သော်လည်း၊ ဖြစ်ပွားခဲ့သော ဖြစ်စဉ် အစ အဆုံး တစ်ခုလုံးတွင် မပါဝင် ခဲ့သဖြင့် ရေးသားဖော်ပြရန် အခက်အခဲများရှိခဲ့ပါသည်။
အခု တော့ ၁၉၈၈ ခုနှစ် ဇွန်လ အရေးအခင်း ဖြစ်ပွားခဲ့မှု သည် နှစ် ၃၀ ကျော် တိုင်ခဲ့သလို၊ ပါဝင်ပက်သက်ခဲ့ သူများမှာ လည်း တဖြေးဖြေး နည်းပါးလာနေပါပြီ။
ထိုစဉ် က အရေးအခင်းတွင် တက်ကြွစွာ ပါဝင်ခဲ့ကြသော လုပ်ဖော် ကိုင်ဖက် ကျောင်းသား၊ ကျောင်းသူ များ တချို့ ပင် ကွယ်လွန် သွားကြပြီ။ လက်ရှိ ကျန်ရှိသော လုပ်ဖော် ကိုင်ဖက် ကျောင်းသား၊ ကျောင်းသူများပင် အသက်အားဖြင့် ၅၀ ကျော် တန်း ကို ရောက်ရှိနေကြပါပြီ။ ဇွန် ကျောင်းသား အရေးအခင်းတွင် ပါဝင်ခဲ့ကြသည့် သူများ၏ နာမည်များ ကို ပင် မ မှတ်မိတော့ပါ။
ထို့ကြောင့် စာရေးသူ အနေနဲ့ ကြိုတင် ၀န်ခံပါရစေ။ တချို့ ဖြစ်ရပ် များ ကို နာမည်၊ အချိန်၊နေ့စွဲ တိတိကျကျ ပါရှိလေ့မည်မဟုတ်ပါ။ ဖြစ်စဉ် များ မှာ လည်း ပြည့်စုံလိမ့်မယ်မဟုတ်ပါ။ မိမိရေးသားသည့် အကြောင်းအရာ သည် မိမိ ပါဝင်ခဲ့ သော အတွေ့အကြုံမျှသာ ဖြစ်သည်။ လိုအပ်ချက်များရှိခဲ့ရင် ဖြည့်စွက်ပေးကြဖို့ ကိုလည်း မျှော်လင့်မိသည်။
မိမိရေးသားသည့် အကြောင်းအရာသည် သမိုင်းဝင် မွန်မြတ်လှသော ဇွန်လ အရေးအခင်းကြီး၏ သမိုင်းမဟုတ်ကြောင်း ကြိုတင်အသိပေး ပါရစေ။
သမိုင်းသုတေသီ၊ သမိုင်းဆရာ များ၊ စာရေးဆရာများကဲ့သို့လည်း ခန့်ခန့်ညားညား မရေးတက်ကြောင်းလည်း ၀န်ခံပါသည်။
သို့သော် ၁၉၈၈ ခုနှစ် ရန်ကုန်တက္ကသိုလ်တွင် ဖြစ်ပွားခဲ့သော ဇွန်လ ကျောင်းသား အရေးအခင်း တွင် တထောင့်တနေရာ က ပါဝင်ခဲ့သော မိမိ၏ အတွေ့အကြုံများကို မျှဝေခြင်းသာဖြစ်ပါသည်။
***************************************************************************
အချိန်က ၁၉၈၈ ဇွန် လ ပါ။
၁၉၈၈ ခုနှစ် ဇွန်လ ကျောင်းသားလှုပ်ရှားမှု အရေးအခင်းသည် တက္ကသိုလ် ကျောင်းသားကျောင်းသူ လှုပ်ရှားမှုများ နှင့် မိဖ ပြည်သူလူထုအားလုံး တက်ကြွစွာ ပါဝင်ခဲ့ကြ သည့် ၈၈၈၈ ရှစ်လေးလုံ အရေးတော် ပုံကြီး ကို ချိတ်ဆက်ပေးခဲ့သည့် ဖြစ်စဉ် ကျောင်းသားလှုပ်ရှားမှု ဆိုလျှင် မမှားဘူးလို့ ထင်ပါသည်။
အကြောင်းမှာ ဇွန်လ ကျောင်းသားအရေးအခင်း မတိုင်မှီ ငွေစက္ကူ အရေးအခင်း၊ မတ်လ ဖုန်းမော် အရေးအခင်း၊ အင်းလျားကန်ဘောင် တံတားနီ အရေးအခင်းတွေ စသဖြင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်တွေ ဆက်တိုက် ဖြစ်ပွားခဲ့ကြလို့ ပါ။
မတ်လ အရေးအခင်းပြီးတော့ တက္ကသိုလ် ကျောင်းတွေ ကို ပိတ်ထားခံလိုက်ရတယ်။ နယ် က လာတက်ကြတဲ့ သူငယ်ချင်းတွေ လည်း နယ်ပြန်ကြ။ ရပ်ကွက် ထဲမှာလည်း ရန်ကုန်တက္ကသိုလ် မှာ ကျောင်းအတူတူ တက်နေကြတဲ့ သူငယ်ချင်းတွေ လက်ဘက်ရည် ဆိုင် မှာ တီးတိုးတီးတိုးနဲ့ မတ်လ ဖုန်းမော် အရေးအခင်း၊ အင်းလျားကန်ဘောင် တံတားနီ အရေးအခင်းတွေ အကြောင်း စမြုံ့ပြန်နေခဲ့ကြရတဲ့ အချိန်ပေါ့။
ထိုစဉ် ..ကျနော် က ရန်ကင်းမြို့နယ်မှာ နေပြီး၊ ရန်ကုန်တက္ကသိုလ် ( ပင်မ) မှာ ဓာတုဗေဒ ဘာသာ ဖြင့် နောက်ဆုံးနှစ် ကို သင်ကြားနေတဲ့ အချိန်ပါ။
မတ်လ အရေးအခင်းပြီးတော့ ဘာတွေ ဖြစ်မလဲ၊ ဘာတွေ ပြောင်းလဲမှု တွေ ရှိလာမလဲ ဆိုတာ သိချင်လို့ ဘီဘီစီ၊ ဗွီအိုအေ တို့ ကို နေ့စဉ် နားထိုင်နေရတဲ့ အချိန်ပေါ့။
နားထောင်ပြီးရင် ရန်ကင်း ရဲစခန်းနားမှာ ဖွင့်ထားတဲ့ ငြိမ်းချမ်းရေး လက်ဘက်ရည်ဆိုင် မှာ သူငယ်ချင်းတွေ စု ပြီး ၀မ်းနည်း စွာ စကားပြောလေ့ရှိတယ်။
အင်းယားကန်ဘောင်ကိစ္စတွေ၊ ဖမ်းဆီးခံထားရတဲ့ ရုပ်ရှင် မင်းသားကြီး ဦးအောင်လွင် ရဲ့ သားသမီးတွေ အကြောင်း၊ အချုပ်ကားပေါ်မှာ မွန်းပြီးသေဆုံးရတဲ့ကိစ္စတွေ၊ လက်ရှိအဖမ်းခံနေရတဲ့ အတန်းဖော် သူငယ်ချင်းတွေ အကြောင်း၊ မတ်လ ကျောင်းသားအရေးအခင်းမှာ ဖမ်းဆီးခံနေကြရတဲ့ ရက်ကွက် ထဲ က တက္ကသိုလ်ကျောင်းသားတွေ အကြောင်းလည်းပါတယ်။
ဒီထဲ မှာ တေးဂီတ အနုပညာနဲ့ ပက်သက်ပြီး ကျနော်တို့ အားကျခဲ့တဲ့ ၊ ရန်ကင်း ၄ ရပ်ကွက် မှာ နေ ထိုင်တဲ့ ကိုမိုးမြင့်၊ ကိုကျော်သက် တို့အကြောင်းလည်းပါတယ်။
(ဆက်ရန်- မျှော်)
The protests began as a student movement and were organised largely by university students at the Rangoon Arts and Sciences University and the Rangoon Institute of Technology (RIT).


 

No comments: