Memory of Students' Uprising in June 1988. ၁၉၈၈ ဂျွန်လ သပိတ်မှောက် ကျောင်းသားတဦး ----- အပိုင်း (၅ )
Photo- ကိုနေမျိုး-R.I.T ( ၁၉၈၈ မတ်လ - ဇွန် လ ရန်ကုန်တက္ကသိုလ် သပိတ်မှောက် ကျောင်းသားတဦး။ ABSDF စစ်ကြောင်းမှူး။)
သပိတ် မှောက်နေကြတာ ၂ နာရီ လောက် ရှိလာပြီ။ တယောက်ပြီးတယောက် စင်ပေါ်တက် တရားဟောနေကြပေမဲ့ သပိတ် တောင်းဆိုချက်တွေ ကို မထုတ်ပြန်နိုင်သေးပါ။ မဖြန့်ဝေနိုင်သေးပါ။
သပိတ်မှောက် ကျောင်း သားကျောင်းသူတွေရဲ့ တောင်းဆိုချက် ကို ရန်ကုန်တက္ကသိုလ် ပေါမောက္ခချုပ် ဒေါက်တာချစ်ဆွေ ဆီသို့ ပေးပို့ ဖို့ ကို လည်း သပိတ်မှောက် ကျောင်းသားတွေ၊ ဆရာ ဆရာမ တွေ က အကြံပြု ကြသည်။
စီးပွားရေး တက္ကသိုလ် က ဆရာ၊ ဆရာမ များ က သူ့ တို့ ဌာန မှာ လက်နှိပ်စက်ရှိတယ်။ မိတ္တူကူးစက် တွေရှိတယ်။ အသုံးပြုနိုင်တယ်လို့ ကမ်းလှမ်းလာသည်။
ဒီလို နဲ့ ကျနော်၊ မီနီသင်းကျော်၊ ကိုကြည်ဝင်း အပါအ၀င် ကျောင်းသားတချို့ စီးပွားရေးတက္ကသိုလ် ဌာန ထဲ တောင်းဆိုချက်တွေ ကို လက်နှိပ်စက် နှင့် စာရိုက် ဖို့၊ ကော်ပီ ထုတ်ဝေဖို့ လိုက်သွားခဲ့ကြသည်။
သို့သော် ကျနော် တို့ လက်နှိပ်စက် မရိုက်တက်၍ အခက်တွေ့နေသည်။ ဌာန မှ ၀န်ထမ်းများ ကလည်း တရားခံ ဖြစ်မှာ စိုးရိမ် ပူပန်နေပုံရသည်။
အချိန် သည် ကြာလာသည် နှင့် အမျှ စိုးရိမ်ကြောက်ရွံ့မှု ဖြစ်လာသည်။
စစ်ကြောရေး၊ ရေကြည်အိုင်နှင့် အကျဉ်းထောင်ထဲ မှာ ဓာတ်ပုံများကို ပြပြပြီး နှိပ်စက်ခံရတာကို ကြားဘူးသည်။
ကြာကြာနေရင် မမြင် မသိတဲ့ နေရာ က နေ စစ်ထောက်လှမ်းရေး ရဲ့ ဓာတ်ပုံ ရိုက်ခံလိုက်ရ မှာ ကို လည်း ကျနော် ကြောက်လာသည်။ ကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားမှာကိုလည်း စိုးရိမ်လာသည်။
လက်နှိပ်စက် ဖြင့် စာ မရိုက်တော့ပဲ၊ လက်ရေး နဲ့ ရေးထားသည့် ဇွန် လ ကျောင်းသား သပိတ် ပထမဆုံး နေ့ က တောင်းဆိုချက် ကြွေးကြော်သံ များ ကို ပဲ ကော်ပီ ကူးလာခဲ့ကြသည်။
ဇွန် လ ကျောင်းသား သပိတ် ပထမဆုံး နေ့ က တောင်းဆိုချက် များ ကတော့-
၁) ဖမ်းဆီးကျောင်းသားများ အမြန်ဆုံးပြန်လွတ်ပေးရေး၊
၂) ဖမ်းဆီးကျောင်းသားများ ကျောင်းပြန်တက်ခွင့်ရရှိရေး၊
၃) မတ်လ အရေးအခင်း တွင် သေဆုံးသွားသူများ အတွက် တရားမျှတ သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းပေးရေး၊
၎) တာဝန်ရှိသူများ နုတ်ထွက်ပေးရေးနဲ့ ကျောင်းသားသမဂ္ဂများ တရားဝင် ဖွဲ့စည်းခွင့်ရရှိရေးတို့ပဲ ဖြစ်ပါတယ်။
*************************
စင်ပေါ် မှာ တယောက်ပြီးတယောက် တရားဟောနေကြ ရင်း ညနေပိုင်းကို ရောက်လာကြပြီ။
ကျနော်တို့သည် ဒီသပိတ်ကြီး ကို ဒီည ဘယ်လို အောင်မြင်စွာ အဆုံးသတ်ကြ မလဲ ဆိုတာ စဉ်းစားလာရပြီ။
တရားဟောစင် အနား မှာ အမြဲရှိနေကြတဲ့ သူများနဲ့ ဆွေးနွေးပြီး၊ မနက်ဖြန် အားလုံး ပြန်လာပြီး သပိတ်မှောက်ကြဖို့ ဆုံးဖြတ် ခဲ့ကြသည်။ တောင်းဆိုချက်တွေ မရ မချင်း နေ့စဉ် သပိတ်မှောက်ဖို့ ဆုံးဖြတ်လိုက်ကြသည်။
ညနေပိုင်း လူစုခွဲကြပြီး ကိုယ့်အိမ်ကိုပြန်ကြရတော့ မဲ့ အချိန်ရောက်လာပြီ။
မမီနီ သင်းကျော် က ကျနော်နဲ့ အတူ ရန်ကင်း သို့ လိုက်မယ်လို့ ဆိုလာသည်။
ကျနော် နှင့် မမီနီသင်းကျော် သည် အိမ်ပြန် နေကြသော လူအုပ်ကြီးကို တိုးဝှေ့ပြီး၊ အဓိပတိလမ်းမ ကြီး က ဆင့် ရန်ကင်းပြန်မည့် ဘတ်စကား မှတ်တိုင်သို့ ခြေဦးနင်ခဲ့သည်။
ထိုစဉ် လူအုပ်ကြီးထဲ မှ တယောက် က ကျနော် ၏ အိမ်နာမည် ကို လှမ်းခေါ်လိုက် သည့် အသံ ကြားလိုက်ရသည်။
ပြီးတော့ အကျီင်္ အဖြူ လက်ရှည် ကို ကမ်းပေးသည်။
"မင်း အကျီင်္ က ထင်းနေတာပဲ။"
ဒီ အကျီင်္ အဖြူ ၀တ်သွား ဆိုပြီး လှမ်းပေးသည်။
ကျနော် သည် ကိုယ့်ကိုကိုယ် ဘာဝတ်ထားသည် ကို ပင် မမှတ်မိတော့။
ကျိမ်းသေတာ ကတော့ လူကိုမှတ်မိရန် လွယ်ကူသည့် ပလေကပ် နှင့် ကြောင်ကြောင်ကြားကြား အကွက် အကျီင်္ ပင်ဖြစ်မည်။
သူဆိုလိုသည် မှာ ကျောင်းသား အများစု သည် အဖြူရောင် အကျီင်္ အများဆုံး ၀တ်ဆင်ထားကြသဖြင့်စစ် ထောက်လှမ်းရေး များ ချက်ချင်း ရုတ်တရက် ခွဲ၍မရအောင် ဖြစ်သည်။
ကျနော်သည် ရုတ်တရက်တော့ အံအားသင့် သွားသည်။
ထို သူ သည် ကျနော် ၏ အကိုရင်း ဖြစ် သည်။
အကို ရင်း ကိုအောင် မိုး သည် ရူပဗေဒ ဘာသာရပ်ဖြင့် ကျောင်းပြီးသွားသည် မှာ ၃ နှစ် ရှိပြီ။ သူ သည် ရန်ကင်းမှ ၇၄ ကျောင်းသားဟောင်းများ ဖြစ်ကြသော ကိုဇော်ငြိမ်းလတ် တို့ နှင့် အတူ သပိတ် ကို လာရောက် ၀ိုင်းရံနေသူ တဦး အဖြစ် မမျှော်လင့်ပဲ တွေ့လိုက်ရသည်။
ကျနော့် အကို သည် သူဝတ်ထားသည့် အင်္ကျီ အဖြူ ကို ချွတ်ပေးပြီး၊ လဲ ၀တ်ဆင်သွားဖို့ အပြေးလာပြီး ပေးသွားခြင်းဖြစ်သည်။
ကျနော် သည် ကျနော့် အကို ကမ်းပေးသော အကျီင်္အဖြူ ကို လှမ်းယူလိုက်သည်။
ဖြစ်စဉ်များ က လျင်မြန်လွန်းလှသည်။ လူအုပ်ကြီး ထဲ မှ နောက် တယောက် ကပြေးလာပြီး ကချင်ပုဆိုး တထည် ကို လာပေးသည်။ မှတ်မှတ်ယယ ကချင်ပုဆိုး သည် ခေါက်ရက်သား အသစ် လေး ဖြစ်သည်။
သူသည် ကျနော့် ရှေ့မှာပင် လွယ်အိတ်ထဲ က ထုတ်၍ ပေးလိုက်ခြင်းဖြစ်သည်။ သူတို့ သည် ကျနော် နှင့် မမီနီသင်းကျော် ကို ကောင်းကောင်းမှတ်မိနေပုံရသည်။
မ မီနီသင်းကျော်၊မရီရီဝင်းတို့ သည် ဇွန် လ အရေးအခင်း ပထမ နေ့ တွင် မျက်နှာဖုံးမ၀တ်ပဲ တရားဟော ခဲ့ ကြသည့် အမျိုးသမီး များဖြစ်သောကြောင့် မှတ်မိနေကြခြင်းလည်းဖြစ်မည်။
“ ခင်ဗျား ပုဆိုး ကို လဲ ၀တ် ပြီး မှ ကျောင်းဝန်း က ထွက် ပါ။ ကျောင်း ရဲ့ ပြင်ပ မှာ ထောက်လှမ်းရေး တွေ စောင့်ကြည့်နေတယ်။ သတိထား ပြီး ထွက်ပါ” လို့
ကျောင်းသားတဦး က တိုးတိုးလေး လာသတိပေးပြီး၊ ပုဆိုး ကို ကမ်းပေးကာ လူအုပ်ကြီးထဲ တိုးဝှေ့ ပျောက်ကွယ်သွားသည်။
ကမ္ဘာကြီး က ကျဉ်းတယ်လို့ ဆိုရမည်လား?
အဖြစ်အပျက်တွေ က ဆန်းကျယ်လွန်းလှ သည်လို့ ဆိုရမလား?
တိုက်ဆိုင်မှု ရှိလွန်းသည် လို့ ဆိုရမလား?
ထိုသူ ကို ၁၉၈၈ စက်တင်ဘာလ စစ်တပ် က အာဏာသိမ်းပြီးနောက် ပိုင်း၊ ဘုရား ၃ ဆူ ABSDF တပ်ရင်း ၁၀၁ တွင် ပထမအကြိမ် ပြန်ဆုံတွေ့ခွင့်ရခဲ့သည်။
ထိုသူ သည် ဇွန်လ အရေးအခင်းတွင် တက်ကြွစွာ ပါဝင်ခဲ့သော ရန်ကုန် စက်မှု တက္ကသိုလ် ကျောင်းသား ကိုနေမျိုး ဖြစ်သည်။ ကိုနေမျိုး သည် ABSDF တွင် ရဲဘော်၊ တပ်ရင်းမှူး ၊ စစ်ကြောင်းမှူး၊ စစ်ဦးစီးချုပ် ရာထူး အဖြစ် အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့ သည့် ဒီမိုကရေစီ လိုလားသည့် တော်လှန်ရေး သမားကောင်းတယောက်ဖြစ်သည်။ ပျောက်ကြား စစ် တိုက်ပွဲပေါင်းများစွာ တိုက်ပွဲ ၀င်ခဲ့သူဖြစ်သည်။
ကျနော်သည် စစ်ကိုင်းဆောင် ထဲဝင်၍ အင်္ကျီနှင့် ပုဆိုးကို လဲ ဝတ်ခဲ့သည်။ ပင်းယဆောင်၊ ပဲခူးဆောင် ကျော်ပြီး အဓိပတိလမ်းမကြီးသို့ပြန်ဝင်ကာ လူအုပ်ကြီးနဲ့ အတူ လမ်းလျောက်ပြီး ဘတ်စကားစီး ရန်ကင်း အိမ်ပြန်လာခဲ့ကြတယ်။
ရန်ကင်း ရောက်တော့ လေးလုံးတန်း မှတ်တိုင်တွင် ဆင်းလိုက်သည်။ ကျနော်တို့ နှစ်ယောက် အတန်ကြာအောင် ဘယ်သွားရမှန်း မသိဖြစ်နေသည်။
နောက်ဆုံးတော့ ၁၂ လုံးတန်း သူ့မ၏ ဆွေမျိုးများ အိမ်သို့ လိုက်ပို့ပေးပြီး၊ လမ်းခွဲခဲ့ကြသည်။
********************
၁၉၈၈ ခုနှစ် ဇွန် လ ကျောင်းသား အေရးအခင်းဖြစ်ပြီး ၊ ကျောင်းပြန်ပိတ်ခဲ့ပြန်သည်။ ကျနော်သည် ကျောင်းပိတ်စဉ် ကာ လ တွင် နိုင်ငံခြား သို့ သင်္ဘောလိုက်ဖို့ စောင့်နေစဉ် ဗဟန်း မြို့နယ် ဘောင်ထရီ အသက်မွေးကျောင်း တွင် သင်တန်းတက်နေသည်။
တနေ့ တွင် ကျောင်းပေါက်ဝတွင် အရပ်ဖက် ကား တစီးနှင့် နိုင်ငံတော် ကောင်စီဝင်တဦး၏ ကား 323 တို့ မတော်တဆ ကားတိုက်မှု ဖြစ်ရာ နိုင်ငံတော် ကောင်စီဝင် ကား 323 ၏ ယာဉ်မောင်း က အရပ်ဖက် ယာဉ်မောင်းကို ဆင်းရိုက်သဖြင့် ၊ ကျောင်းသားများ က နိုင်ငံတော် ကောင်စီဝင်တဦး၏ ကား 323 ကို မှောက်လှန်မှု ဖြစ်ပွားခဲ့သည်။
ထိုအခင်းဖြစ်ပွားပြီးနောက် နာရီပိုင်းအတွင်း ထောက်လှမ်းရေးတဦး ကျောင်း သို့ ရောက်လာပြီး ကျနော် ကို ခေါ်ယူပြီးသတိပေးခဲ့သည်။ ကျောင်းအုပ်ဆရာမကြီးကလည်း ဘောင်ထရီ အသက်မွေးကျောင်းတွင် တက်နေသော တက္ကသိုလ် ကျောင်းသားများကို ခေါ်ယူသတိပေးသည်။
ထို ထောက်လှမ်းရေးသည် ကျနော် နှင့် ငယ်စဉ် က အတန်းတူ တက်ခဲ့သည့် ကျောင်းနေဖက်ဖြစ်နေသည်။
အဲဒီ အချိန် က စလို့ ကျနော် အိမ် ပြန်မအိပ်ဖြစ်တဲ့ ည တွေ များလာသည်။
အသုဘ ရှိသည့် အိမ်တွေ မှာ အိပ် တက်တဲ့ အလေ့အကျင့်ဖြစ်လာခဲ့သည်။ ထောက်လှမ်းရေး က ဘယ်တော့ များ အိမ် လာဖမ်းမလဲ ဆိုပြီး အဖမ်းခံရမှာကို စိုးကြောက်နေခဲ့တာလည်းဖြစ်မည်။ ကျနော် သည် လုံးဝ အဖမ်းမခံနိုင်သလို၊ စစ်ကြောရေးတွင် အနှိပ်စက်မခံနိုင်ပါ။
ကျနော့် စိတ်ထဲမှာ အမြဲပဲ တင်းကျပ်နေခဲ့သည်။ နယ်မြို့ များသို့ သွား လည်း လုံခြုံမှုရှိသည်လို့ မခံစားရတော့။
တယောက်ယောက်က အနောက်ကလိုက်လာနေသလို စိတ်မလုံခြုံမှုမျိုး အမြဲခံစားရပါသည်။
ထိုအချိန်မှစ၍ တောခိုဖို့ ကျနော် စိတ် ဒုန်းဒုန်းချလိုက်ပါတော့သည်။
၁၉၈၈ ခုနှစ် စစ်တပ် က အာဏာသိမ်း ပိုက်ပြီးနောက် စစ်ထောက်လှမ်းရေးများ အိမ်ကို ဝိုင်း ပြီး ဖမ်ဆီး ဖို့လာခဲ့ကြသည်။
ထိုအချိန်တွင် ကျနော် သည် ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့ မှတဆင့် ဒေါနတောင်တန်းကြီး ရဲ့ အမြင့်ဆုံးတောင်တန်းဖြစ်သည့် မုလအိတောင် ကြောတလျောက် တောလမ်းများ ကိုဖြတ်ကျော် ရင်း လွတ်မြောက်ရာ နယ်မြေ သို့ ရောက်ရှိလို့နေပါပြီ။
ဆက်ရန်-မျှော်
No comments:
Post a Comment