Thursday, April 16, 2009

သက္ကရာဇ်သစ်၊ လူသစ်၊ စိတ်သစ်၊ လူ့ဘောင်လောကသစ်

ဓာတ်ပုံ- အောင်မြတ်သူ
ပန်းချီ - သောင်းဟန်
၁၃၄၆ ခု တန်ခူးလ (၁၉၈၅ ခု ဧပြီလ)၊ စန္ဒာရုပ်စုံမဂ္ဂဇင်း မျက်နှာဖုံး

“ နှစ်ဆန်းငယ်သင်္ကြန်၊ သစ်သစ်သာ ဖန်တော့တယ်၊ နိုင်ငံကြော့ ပြည်သူမှာ၊ ပန်ဆုယူ တာရေသွန်းချန်မို့”
လူ့လောကကြီး ဟူသည် အစဉ် အသစ်သစ်တို့တိုးတက်ကူးပြောင်းလျက်ရှိသည်။ အသစ်အသစ်တို့မှာ ကောင်းသောတိုးတက်ခြင်း၊ မှန်ကန်သော ပြောင်းလဲခြင်းများ ဖြစ်ဖို့လိုသည်။

-မနုဿ-
စန္ဒာရုပ်စုံမဂ္ဂဇင်း ( ၁၉၈၅ ခု- ဧပြီလ)

မြန်မာသက္ကရာဇ်ဟောင်း ကုန်ဆုံးပြီး သက္ကရာဇ်သစ်သို့ ရောက်လာသော လမှာ တန်ခူးလ ဖြစ်သည်။ နှစ်သစ်ကို တဖန်မွေးဖွား လိုက်သည့် လတန်ခူးပင်။ နှစ်သစ်၏အစ တန်ခူးလကို အချို့ ပညာရှင်များက အတာကူးသည့် “ တာကူးလ” ဟုလည်းဆိုကြ သည်။

အမှန်စစ်စစ် တနှစ်တာလွန်မြောက်၍ နောက်နှစ်အစသို့ ရောက်လာခြင်းဖြစ်သည်။ သက္ကရာဇ်အားဖြင့် ကိန်းဂဏန်းတစ်ခု တိုးလာခြင်းဖြစ်သည်။ သက္ကရာဇ်တွင် ကိန်းဂဏန်း တိုးလာရသော အချိန်ကာလ အပိုင်းအခြားကို ဗေဒင် အလိုအားဖြင့် ဤသို့တွက်ချက် သတ်မှတ်သည်။

တနင်္ဂနွေဂြိုဟ်နေမင်းသည် တစ်နှစ်လျှင် ၁၂ ရာသီရှိ၍ ထို ၁၂ ရာသီခွင်ကို လှည့်ပတ်သွား နေသည်။ နေမင်း၏တစ်နေ့ခရီးမှာ တအံသာ ( တစ်ရက်) ဖြစ်သည်။ ရာသီခွင်တစ်ခုတွင် ပျမ်းမျှရက်ပေါင်း ၃၀ ကြာ၍ ထိုကာလကို “သေရမာသ” တစ်လဟု ခေါ်သည်။ နေမင်းသည် ၁၂ ရာသီခွင်စေ့အောင်လှည့်ပတ်မိရန် အံသာ ၃၆၀ ( ရက်ပေါင်း ၃၆၀)လှည့်ပတ်ရသည်။ ထိုကာလကို တစ်နှစ်ဟုခေါ်သည်။ “သူရိယမာသ” ဟုလည်းခေါ်သည်။ ဤကား နှစ်ကို တွက်ယူခြင်း ဖြစ်သည်။ သက္ကရာဇ်ကိန်းဂဏန်းတစ်ခုကို သတ်မှတ်ခြင်းဟုလည်းဆိုနိုင်သည်။

နေ နှင့် လ တို့သည် မိမိတို့၏ အမြန်နှုန်းဖြင့် ၁၂ ရာသီ စက်ဝန်းကို လှည့်ပတ်သွားနေကြ သည်။ နေက အသွားနှုန်းနှေးပြီး၊ လ က အသွားနှုန်းမြန်သည်။ ထို့သို့လှည့်ပတ်ကြယင်း တစ်ပတ် ပတ်မိသည်နှင့် နေ နှင့် လ တို့ ထပ်မိကြသည်။ ထိုမှ နောက်တကြိမ်ထပ်မိသောအခါ တစ်လပြည့်တော့သည်။ ထိုတစ်လကို “စန္ဒြမာသ” ဟုခေါ်သည်။ ထိုစန္ဒြမာသ “လ” ကို “တိထီ” ခေါ် အစိတ်ပေါင်း ၃၀ စိတ်ပိုင်းသည်။ တစိတ်ကို တစ်ရက်ဟု ခေါ်၏။ စန္ဒြမာသ အားဖြင့် ၁၂ လ ကို စန္ဒြမာသနှစ်ဟုခေါ်သည်။ ထိုစန္ဒြမာသ မှာ လ ကို တွက်ယူခြင်းဖြစ်သည်။

နောက်…နေသွားခရီးအား ပိုင်ခြားမှတ်သားခြင်းကို “သာဝနမာသ” ဟုခေါ်သည်။ ယနေ့ညဥ့် သန်းခေါင်မှ နောက်နေ့ ညဥ့်သန်းခေါင်အထိ ကို “သာဝန” တစ်ရက်ဟု ခေါ်သည်။ ပိဋိကတ်အလို အားဖြင့်မှု ယနေ့ အရုဏ်တစ်ခုမှ နောက်တနေ့ အာရုဏ် အထိ တစ်ရက်ဖြစ်သည်။ ဤသို့ဖြင့် ရက် ၃၀ ကို ၃၀ တလီ ၂၉ ရက်တလီပိုင်းခြားပြီး၊ သာဝနမာသ(လ) ဟုခေါ်လေသည်။ နေ နှင့် လ တို့ ၁၂ ကြိမ်ပြည့်သောအခါ တစ်နှစ်ဟုခေါ်သည်။ သာဝနမာသမှာ ရက်ကိုတွက်ယူခြင်းဖြစ်သည်။

နေမင်းသည် မိဿရာသီခွင်မှ စပြီး တန်ခူးလဆန်း ၁ ရက်နေ့ မှ ထွက်ခဲ့ရာ မိန်ရာသီ တပေါင်းလကွယ်နေ့ ရောက်သော် တစ်နှစ်ပြည့်လေသည်။ ထိုအခါ ရှိရင်းသက္ကရာဇ်တွင် ကိန်းဂဏန်းတစ်ခုတိုးလာပြီး နှစ်သစ်ထဲသို့ဝင်လာခဲ့တော့သည်။

ကမ္ဘာ့နိုင်ငံကြီးများတွင် မိမိတို့နိုင်ငံသမိုင်းကိုပြုစုရာ၌ခေတ်နှင့် အချိန်ကာလကို တိကျမှန်ကန်စွာ သိရှိမှတ်သားနိုင်ရန် ကိန်းဂဏန်း များဖြင့် မိမိတို့ဘာသအလျောက် သက္ကရာဇ် ကို သတ်မှတ်ထားကြသည်။ မိမိတို့၏လူ့သက်တမ်းကိုလည်း သက္ကရာဇ်ကိန်းဂဏန်း ဖြင့် သတ်မှတ်တွက်ချက်ကြသည်။

“သက္ကရာဇ်” ဟူသော မြန်မာဝေါဟာရ၏ အဓိပ္ပါယ်ကို မြန်မာကျမ်းဟောင်းများ၌ အမျိုမျိုးကွဲပြားနေသည်ကိုတွေ့ရသည်။

ဗုဒ္ဓ၀င် ရေးသားပြုစုကြသော ပညာရှင်က၀ိများက သာကီဝင်ဖြစ်သော ဘိုးတော်အဉ္စန မင်းကြီး၏ ၁၆၄၅ ကို ဖြို သည်။ သာကီဝင်မင်းတို့သည် “ သက္ကရာဇမင်း” ၏ အမျိုးအနွယ်တော်များဖြစ်သောကြောင့် “သက္ကရာဇ်” ဟုခေါ်ဝေါ်ကြောင်းဆိုသည်။

ပုဂံလောက နန္ဒာ ကျောက်စာအရ သရေခေတ္တရာပြည့်ရှင် သုမုန္ဒြီမင်းသည် “ဒေါဒေါရသကိန်း” ၆၂၂ ကို ဖြိုရာ၌ သိကြားမင်း လာရောက်၍ ကျောက်ဖျာထက်၌ ရေးထားသော ၆၂၂ ကို ဖြို၍ ၂ ခုကိုချန်ထားခဲ့သည်။ သက္ကရာဇ် ၂ ခုက စသည်။ ထို့ကြောင့် သိကြားမင်းကို အစွဲပြုသဖြင့် “သက္ကရာဇ်” ဟုခေါ်တွင်ကြောင်းဆိုသည်။

အချို့ ကျောက်စာများ၌ မဇ္ဈိမ ဒေသ၌ “ သာလိဝါတနသက” မင်းသည် ကလိယုဂ် ၃၁၈၀ တွင် မင်းဖြစ်၏။ ထိုမင်းလက်ထပ် တွင် ကလိယုဂ် ၃၁၈၀ ထဲမှ ၃၁၇၉ ကိုနုတ်ပယ်ပြီး တစ်ခုကြွင်းမှစ၍ရေတွက်ရာ “ သာလိဝါတနသက” မင်းကို “သကမင်း” ဟုခေါ်ကြသဖြင့် ထိုသကမင်းကို အစွဲပြု၍ “သက္ကရာဇ် “ ဟုခေါ်ကြကြောင်းတွေ့ရသည်။

မည်သို့ပင် ဆိုစေ မြန်မာတို့တွင် မိမိတို့၏ သက္ကရာဇ် ကိန်းဂဏန်းကို ကမ္ဘာ့နိုင်ငံကြီးများနည်းတူ တိတိကျကျ သတ်သတ်မှတ်မှတ် ရှိခဲ့သည်။ မြန်မာခုနှစ် သက္ကရာဇ်ကို ကမ္ဘာသုံးခရစ်နှစ် ခုနှစ်တို့နှင့် ကိုက်ညီစေရန် ညှိနှိုင်းထားသည်မှာ မြန်မာသက္ကရာဇ် ၁၁၀၁ ခု ခရစ်နှစ် ၁၇၃၉ မှ စ၍ညှိနှိုင်းခဲ့သည်။ မြန်မာတို့သည် သက္ကရာဇ် အသစ်ကိန်းဂဏန်းကို မွေးဖွားသော နှစ်သစ်ကူးကာလကို အတာကူးသည့် တန်ခူးလဟု ခေါ်ကြသည်။

ထိုအတာကူးသည့် နှစ်၏အစ တန်ခူးလတွင် သင်္ကြန်ရေသဘင်ပွဲကို တပျော်တပါး ဆင်နွဲခဲ့ကြသည်။ ဟိုး..ရှေးပဝေသဏီကပင် ထိုလသို့ရောက်တိုင်း မြန်မာ့ရိုးရာယဉ်ကျေးမှုပွဲသဘင်အဖြစ်ဆင်နွဲခဲ့ကြသည်။ အထူးသဖြင့် မြန်မာတို့၏ရှေးခေတ်ဟူသည်မှာ ပဒေသသရာဇ်ကြီးစိုးသော ခေတ်ဖြစ်သည်။ ထိုခေတ်ရေသဘင်ပွဲတို့မှာလည်း မင်းမိဖုရား၊ မင်းညီမင်းသားတို့သာ အထင်အရှား ဆင်နွဲကာ ပျော်ပွဲကျင်းပကြမည်ဖြစ်ပေသည်။


ထိုစဉ်က သင်္ကြန်ပွဲသဘင်တွင် ရေကစားပွဲကျင်းပယင်း ပဒေသရာဇ်တို့ပီပီ ၀တ်ကောင်းစားလှ စိန်ကျောက်ရတနာ လက်ဝတ် တန်ဆာများကို ဆင်မြန်းပြီး တစ်ဦးနှင့်တစ်ဦး နံ့သာရေ အမွှေအကြိုင်တို့ သွန်းလောင်းကာ ရေကစားကြပေလိမ့်မည်ကို တွေးမြင် ကြည့်နိုင်သည်။ အောက်ပါသင်္ကြန်ရေသဘင်ပွဲတော် ဘွဲ့ကြိုး သီချင်းကို ကြည့်ခြင်းဖြင့် ထင်ရှားလှပေသည်။

“သင်္ကြန်မာသကူးသမ်း၊ နှစ်ဦးဆန်း၊ ခိုင်ညွှန့်ဝေ ခက် စိမ်းလန်းနေနန်း၊ လနန်းကြယ် အဿဝတီ၊ စိတြပြိုင်ယှဉ်မှီ၊ ဒီပါပြည်၊ သီတာရည်၊ ဒီပါပြည်လုံးမင်းပေါင်း၊ မွှေးထုံရေသွန်းပက်လောင်း၊ စိန်ကောင်း၊ ကျောက်ကောင်း၊ ဆင်ယင်ကာ မြူးကြွပျော်ရွှင်စွာ”။

ဤသို့မင်းနှင့်တကွ ဆွေတော်မျိုးတော်တို့သည် မင်းခင်းမင်းနားဖြင့် ကြီးကျယ်စွာ သင်္ကြန်ရေသဘင်ပွဲကို ဆင်နွဲခဲ့ကြသလို တိုင်သူပြည်သား ဆင်းရဲသားများကလည်းရိုးရာနှစ်သစ်ကူး သင်္ကြန်ရေသဘင်ပွဲကို တပျောတပါးဆင်နွဲခဲ့ကြသည်။ ဤသို့ဆင်နွဲကြပုံ ကို အင်္ဂလိပ်စာရေးဆရာ ဆာဂျော့စကော့ ( Sir George Scott) က ၎င်းရေးသားသော (Burman) စာအုပ်တွင် အောက်ပါအတိုင်းရေးသားထားသည်။

မြန်မာတို့ သင်္ကြန်ပွဲကို ဆင်နွဲကြရာတွင် အထက်အရာရှိများကို အမှုထမ်းများက ရေလောင်းလိုသည့်အခါ ရှေးဦးစွာ“ရေကန်တော့ပါရစေ” ဟုတောင်းပန်ယင်း လက်အုပ်ချီကန်တော့ပြီး ခွင့်ပြုမှ လောင်းကြသည်။ ရေလောင်းရာမှာလည်း လည်ကုတ်အောက်ပိုင်း၊ ကျောပိုင်းကိုသာ ဖြည်းညင်းစွာလောင်းကြသည်။ သက်ကြီးရွယ်အိုများကိုလည်း ခွင့်တောင်းပြီးမှ ရေလောင်းကြသည်။ လောင်းရာတွင် ညင်ညင်သာသာ ရိုရိုသေသေလောင်းကြ၏။ သက်တူရွယ်တူ ကျားမ မရွေး ရေကစားရာတွင်လည်း ပထမ ခွင့်ပန်လေ့ရှိသည်။ သို့ရာတွင် “ရေလောင်းတော့မယ်နော်” ဟု ပြောပြောဆိုဆိုဖြင့် လောင်းကြသည်ကများသည်။ တပျော်တပါးရေကစားကြယင်း တဦးကိုတဦး ချစ်ခင်ရင်နှီးကြောင်းကို ပြဆိုနေကြပေသည်”။ စသည်ဖြင့် မြန်မာ့ရိုးရာသင်္ကြန်ပွဲအကြောင်းကို ဆာဂျော့စကော့ က ရေးသားခဲ့သည်။

မြန်မာ့ရိုးရာ သင်္ကြန်ရေသဘင်ပွဲဆင်နွဲပုံယဉ်ကျေးသိမ်မွေ့ကြောင်းကို နိုင်ငံခြားသားများက မှတ်တမ်းတင်ရေးသားခဲ့ကြရာတွင် ကပ္ပတိန် ဆိုင်း(မ်) ဆိုသူလည်း တစ်ယောက်အပါအ၀င် ဖြစ်သည်။ ကပ္ပတိန် ဆိုင်း(မ်) သည် ခရစ် သက္ကရာဇ် ၁၇၉၅ ခုနှစ်တွင် အရှေ့အိန္ဒိယကုမ္ပဏီ၏ သံကိုယ်စလှယ်အဖြစ် ဘိုးတော်ဘုရားထံအသွား၌ ရန်ကုန်မြို့တွင် ကင်္ကြန်ကျရက်နှင့် ကြုံခဲ့လေသည်။ ထိုအခါ ၎င်း၏အတွေ့အကြုံကို အောက်ပါအတိုင်း မှတ်တမ်းတင်ခဲ့သည်။

“၁၇၉၅ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ဝင်၏ဖိတ်ကြားချက်အရ ကပ္ပတိန် ဆိုင်း(မ်) နှင့် အဖော် သုံးယောက်တို့သည် မြို့ဝန်အိမ်သို့သွားခဲ့ကြသည်။ မြို့ဝန်ကတော်က ရေအပြည့်ထည့်ထားသည့် စဥ့်အိုး သုံးလုံးနှင့် အရိုးတပ်ထားသောငွေဖလားတို့ဖြင့် အသင့်စောင့်လျက်ရှိနေကြသည်။ မြို့ဝန်ကြီး၏သမီးက အမွှေးနံ့သာများနှင့် ရောစပ်ထားသောရွှေဖလားထဲမှ နံ့သာရည်ကို ဖခင်ဖြစ်သူမြို့ဝန်ကို ဦးစွာပက်ဖြန်းပြီး နောက်ရောက်လာသော ကပ္ပတိန် ဆိုင်း(မ်)တို့အား အနည်းငယ်ဆီ ပက်ဖျန်းသည်။”

“ထို့နောက် ငယ်ရွယ်သူ အမျိုးသမီး ၂၀ လောက်က စဥ့်အိုးသုံးလုံးမှရေများဖြင့် ကပ္ပတိန် ဆိုင်း(မ်)တို့အား ရွှဲရွှဲစိုအောင်လောင်း တော့သည်။ ကပ္ပတိန် ဆိုင်း(မ်)တို့ကလည်း စဥ့်အိုးမှရေများဖြင့်ပင် အမျိုးသမီးများအား ပြန်လောင်းသည်။ ဤသို့တပျော်တပါး ရေပက် ကစားကြသည်။”

ကပ္ပတိန် ဆိုင်း(မ်) တို့ မြို့ဝန်အိမ်မှ ပြန်လာကြသည့်လမ်းတလျောက်၌ ရေကစားနေကြသည့် မြန်မာလူငယ်ကလေးများ ကိုတွေ့ရ သည်။ ကပ္ပတိန် ဆိုင်း(မ်) တို့အား ရေလောင်းခွင့်တောင်းပြီးမှ ရေပက်ကြ၏။ မြန်မာသင်္ကြန်ရေသဘင်ပွဲဆင်နွဲကြရာတွင် တပါးသူ စိတ်ငြိုငြင်အောင် ပြုခြင်း အလျဉ်းမရှိပေ။ မသန့်ရှင်းသော ရေများဖြင့်လည်းမကစားကြ။ အမျိုးသားများက အမျိုးသမီး ကလေးများကို မဖွယ်မရာ ကိုယ်ထိလက်ရောက် လုံးဝပြုမှုခြင်းမရှိပေ။ အမျိုးသမီးလေးများက စတင်ပြီးရေလောင်းမှသာလျှင် အမျိုးသားများက ပြန်၍ရေကစားကြသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများကို ရေလောင်းကစားခြင်းမရှိပေ”။

စသည်ဖြင့် ကပ္ပတိန် ဆိုင်း(မ်)၏ မှတ်တမ်းတွင် မြန်မာသင်္ကြန်ရေသဘင်ပွဲနှင့်ပက်သက်၍မြန်မာတို့၏ ယဉ်ကျေးသိမ်မွှေ့ပုံကို သူ့ကိုယ်တွေ့အား အထက်ပါအတိုင်းရေးသားထားပေသည်။

တကယ်တော့လည်း မြန်မာနှစ်သစ်ကူး ခါသင်္ကြန်သည် စည်းနှင့်ကမ်းနှင့် ရိုးရာယဉ်ကျေးမှုဘောင်ကို မကျော်လွန်ဘဲဆင်နွဲကြသည် မဟုတ်လော။ ရှေးပညာရှိ က၀ိများကလည်း ထိုသင်္ကြန်ခါသမယ၌ရှောင်ကြည်ရန်ကို ဤသို့သတ်မှတ်ရေးသားထားခဲ့သည်။

“ကိုယ်သွေးထုတ်ခြင်း၊ဆီနနွင်းနှင့်၊ သောက်ခြင်းသေစာ၊ အိမ်ရာမမှား၊ သားငါးသုတ်သင်၊ သစ်ပင်ခုတ်ဖြတ်၊ ပုတ်ခတ်ငိုကြွေး၊ ထုတ်ပေးဥစ္စာ၊ တဖြာရောင်းဝယ်၊ အောင်သွယ်တမန် မပြုရန်ကို၊ ပုရာဏ်က၀ိ၊ မှာကြားဘိ၏” ဟူသတည်း။

ဤမြန်မာတို့၏ နှစ်ဆန်းသင်္ကြန်၌ သက္ကရာဇ်ဟောင်းမှ အညစ်အကြေးများကိုစွန်ပယ်ကာ သက္ကရာဇ်သစ်တွင် အသစ်သစ်သော မင်္ဂလာအဖြာဖြာဖြင့် ပြီးပြည့်စေရန်နှင့် နိုင်ငံအ၀ှန်း ပြည်သူတရပ်လုံး ငြိမ်းချမ်းသာယာတိုးတက်စည်ပင်ရေးအတွက် ဆုတောင်းပွဲ အဖြစ် ရည်စူးကျင်းပဆင်နွဲကြသည်ကို “ မဟာ အတုလမင်းကြီး” က ဤသို့ဖွဲ့ဆိုခဲ့လေသည်။

“ နှစ်ဆန်းငယ်သင်္ကြန်၊ သစ်သစ်သာ ဖန်တော့တယ်၊ နိုင်ငံကြော့ ပြည်သူမှာ၊ ပန်ဆုယူ တာရေသွန်းချန်မို့” လူ့လောကကြီး ဟူသည် အစဉ် အသစ်သစ်တို့တိုးတက်ကူးပြောင်းလျက်ရှိသည်။ အသစ်အသစ်တို့မှာ ကောင်းသောတိုးတက်ခြင်း၊ မှန်ကန်သော ပြောင်းလဲခြင်းများ ဖြစ်ဖို့လိုသည်။

ဤအရေးမှာ “ လောက” ဆိုသည်ကိုဖန်တီးနေကြသည့်လူများ သာလျှင် အဓိကဖြစ်သည်။ လူသာလျှင်ပဓာနဖြစ်သည်။ လူတွေ အတွက် လူတွေကသာ ဖန်တီးနိုင်စွမ်းသည်။ ဇမ္ဗူတွင် တလူဖြစ်သော လူသားတွေသည် မိမိ၏တန်ခိုး က္ကုဒ္ဓိဖြစ်သည့်“အသိဥာဏ်” ဖြင့် ကမ္ဘာကြီးနှင့် လူသားတွေအတွက် မှန်မှန် ကန်ကန် အကျိုးဖြစ်ထွန်းစေမည့် အသစ်သစ် တိုးတက်ပြောင်းလဲခြင်းများကိုသာ ဖန်တီးနိုင်ကြပါစေသတည်း ဟူ၍ ဤနှစ်သစ်အချိန်သမယတွင် ဤဆောင်းပါးဖြင့် ဆုတောင်းပတ္တနာပြုလိုက်ရပါကြောင်း။ ။

(ကျမ်းကိုး )

မြန်မာ့ရိုးရာ ကိန်းဂဏန်းသင်္ချာ
(ဒဂုန်နတ်ရှင်)
Burma ( Sir George Scott)
ပြည်သူ့တပ်မတော်စာစဉ်။ ( အတွဲ ၅၊ အမှတ် ၄၊ ၁၉၆၈ ခု)

မှတ်ချက်။ စန္ဒာရုပ်စုံမဂ္ဂဇင်းမှ စန္ဒာ အမှတ်စဉ် ၁၉၃ ကြိမ်မြောက် အဖြစ် ၁၉၈၅ ခုနှစ် ဧပြီလ မှာ စန္ဒာ သက်တမ်း တစ်ဆယ့်ခြောက်နှစ် ပြည့် အထိမ်းအမှတ် ထုတ်ဝေခဲ့တဲ့ဆောင်းပါးဖြစ်သော်လည်း၊ ဟောင်းနေပေမဲ့ ကောင်းနေဆဲမို့ စာဖတ်သူတွေကို ကျနော်တို့ We Fight We Win မှ ဝေမျှလိုက်ပါသည်။


Rest of your post

No comments: