Wednesday, April 22, 2009

မြန်မာပြည်က HIV-AIDS ဝေဒနာရှင်များ


"Help: HIV/AIDS patients in Burma need assistance to get to the Clinic to receive their treatment"

သို့

ကိုမြတ်စိုးရေ..
ဧပြီလ ၁၂၊ ၂၀၀၉။

တရက်က Wefightwewin blog မှာ မြန်မာပြည်က HIV/AIDS ဝေဒနာရှင်တွေရဲ့ သတင်းတွေ ဘာသာပြန် တင်ပေးတာ ကျေးဇူးတင်ပါတယ်ဗျာ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော်လည်း ပြောချင်နေတာ အတော်ကြာပါပြီ။ တလောက ကျနော် မြန်မာပြည်မှာ HIV အရေး လုပ်နေတဲ့ လှုပ်ရှားသူ ၂-ဦးနဲ့ စကားပြောဖြစ်ပါတယ်။ သူတို့ ပြောပြတာကို ပြန်ဖလှယ်ချင် လို့ပါ။ ကျနော်တို့ ဘယ်လို ကူညီနိုင်မလဲ နည်းလမ်းတွေလည်း ၀ိုင်းဝန်းရှာကြည့်ဖို့ လိုတာပေါ့ခင်ဗျာ။

မြန်မာပြည်က HIV/ AIDS ဝေဒနာရှင် အရေအတွက်

မြန်မာနိုင်ငံမှာ အစိုးရကိန်းဂဏန်းတွေအရ ကိုယ်ခံအားကျရောဂါရှင် 240,000 ရှိတယ်လို့ ပြောပါတယ်။ ပြင်ပက ခန့်မှန်း ချက်တွေကတော့ ပိုများတာပေါ့ဗျာ။ အဲသည်အထဲမှာ အစိုးရ ကိန်းဂဏန်းတွေအရပဲ ART ဆေးတိုက်ဖို့ လိုအပ်တဲ့လူနာ 75,000 ရှိနေပြီလို့ တရားဝင် အသိအမှတ်ပြု ဖော်ပြထားပါတယ်။ တကယ်မှာ တော့ ART ဆေးစားရသူ 15,000 လောက် ပဲ ရှိတယ် ဆိုပါတယ်။

အေအာဗွီဆေးဆိုတာက HIV ဝေဒနာရှင်အတွက် သောက်ဖို့ လိုအပ်တဲ့ဆေးပါ။ ဒီဆေးသောက်တဲ့ အခါ အရင်က မမာတဲ့ လူနာက ပြန်ပြီး အလုပ်လုပ်နိုင်၊ ကိုင်နိုင် ရှိလာပါတယ်။ အလုပ်လုပ်နိုင်တဲ့အခါ ၀င်ငွေလည်း ပြန်ရလာဖွယ် ရှိပါတယ်။ တကယ်မိုလို့ ချမ်းသာတဲ့ နိုင်ငံတွေမှာ ART (antiretrovial treatment) သေချာ သောက်သုံးပြီး ကျန်းမာရေး၊ အာဟာရ လိုက်စားကြတဲ့အခါ သက်တမ်းစေ့နီးပါး လူကောင်းတဦးလိုပဲ နေထိုင်သွားနိုင်ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ဆေး သောက်ရဖို့ကို လူနာတွေက တန်းစီစောင့်ဆိုင်း နေကြရပါတယ်။ အစိုးရရဲ့ ကျန်းမာရေး/ လူမှုရေး အသုံးစရိတ်ကလည်း နည်းလွန်းတဲ့အခါ လူနာနဲ့ ဆေးမမျှပဲ ဖြစ်နေကြရပါတယ်။

အေအိုင်ဒီအက်စ် ဖြစ်တဲ့လူနာတွေကို အုပ်စုသဘော ခွဲထားကြတာတွေ ရှိပါတယ်။ ဥပမာ-လိင်လုပ်သားအုပ်စု၊ မူးယစ် ဆေး အကြောထဲထိုးသွင်းသူများ... စသဖြင့်ပါ။ သူတို့က ရောဂါကူးစက်ဖို့ အန္တရာယ်များသူတွေ မဟုတ်လား။ သို့သော် လည်း ကြောက်လန့်စရာကောင်းသူက အဲသည်သူတွေမဟုတ်ဘဲ သူတို့ရဲ့ အိမ်နေ ဇနီးမယားတွေ အုပ်စုက ရောဂါဖြစ်မှုနှုန်းတိုးတက် လာနေတာကို တွေ့ရတယ်လို့ လှုပ်ရှားနေသူ တဦးက ပြောပါတယ်။ ဆိုလိုတာက သာမာန်လူထု အများစု ကြီးထဲမှာ ရောဂါပျံ့နှံ့မှုနှုန်း တိုးတက်လာနေတာကို ပြောတာပါ။

ART ဆေးတိုက်ကျွေးပုံ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သတ်မှတ်ချက်အရလို့ ပြောပါတယ်။ CD4 Count (T-helper cell count) ၂၀၀ အောက် ဖြစ်တဲ့အခါ ဆေးတိုက်တယ်လို့ ပြောပါတယ်။ အခြားရောဂါ လက္ခဏာ (clinical symptoms) စသဖြင့်လည်း ဆေး သောက်ဖို့ သေချာ သတ်မှတ်ချက်တွေ ရှိနေပါတယ်။ ဆေးတိုက်ကျွေးဖို့ သင့်-မသင့် ဆိုတာကို NAP က ဆုံးဖြတ်ပါတယ်။ NAP ဆိုတာက မြန်မာအစိုးရ ကျန်းမာရေးဝန်ကြီးဌာနအောက်မှာ ဖွဲ့ထားတဲ့ (National AIDS Program) ပါ။ သူက ဆေး သောက်သင့်ပြီလို့ သတ်မှတ်ပြီးတဲ့အခါမှ ART ဆေး လက်ခံခွင့်၊ သောက်ခွင့် ရှိပါတယ်။ သူတို့က သတ်မှတ်ထားတဲ့ အရေ အတွက်ဝင်လို့ ဆေးသောက်သင့်ပြီ ယူဆတဲ့အခါ ဆေးသောက်ဖို့ တန်းစီ စာရင်းသွင်း စောင့်ကြရပါတယ်။

မန္တလေးက အခြေအနေအရ မန္တလေးတမြို့လုံးမှာ NAP အစီအစဉ်အောက်မှာ ဆေးတိုက်ကျွေးသူ ၂၀၀၊ IHC (Integrated Health Care) အစီအစဉ်အောက်မှာ ဆေးသောက်ရသူ အရေအတွက် ၁,၀၀၀ သာ ရှိတယ် ဆိုပါတယ်။ ရန်ကုန်နဲ့ အခြား မြို့ကြီး အချို့မှာလည်း ဆေးတိုက်ပါတယ်။ IHC အစီအစဉ်ဆိုတာကတော့ အေအိုင်ဒီအက်စ်သာ မက (တီဘီ အဆုပ်နာ ရောဂါပူးတွဲ ခံစားနေရတဲ့ ဝေဒနာရှင်များ) ကို တိုက်ကျွေးတာပါ။ ဒီအရေအတွက်ကလည်း ပြည့်နေပါပြီ။ အဲသည်တော့ နောက်ပိုင်း ဆေးသောက်ရမယ့်လူတွေက တန်းစီစောင့်နေကြရပါတယ်။

အဲသည်တော့ ရင်နာစရာ သတင်းတွေလည်း ကြားသိလာရပါတယ်။ အချို့သူတွေက တီဘီရှိတဲ့ရောဂါရှင်ရဲ့ သူများ သလိပ်ကို ငှားပြီး ဆေးသောက်ရဖို့ ကြိုးပမ်းတာတွေ ရှိလာတယ် ပြောပါတယ်။ ဆေးသောက်ချင်လွန်း လို့ပါ။ အချို့သတင်းတွေအရလည်း ရန်ကုန်မှာ လင်က ဆေးရသော်လည်း၊ မယားက ဆေးမရပါ။ အဲသည်တော့ လင်-မယား ဆေးကို ခွဲဝေ သောက်သုံးနေကြ ရတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ ချစ်ခြင်းမေတ္တာကို နားလည် ပေမယ့် ဆေးပြီးမှုဒဏ်၊ ဆေး မတိုးတော့မည့်ဒဏ်ကို ကြောက်မက်ဖွယ် တွေ့နေရပါတယ်။ မန္တလေးမှာတော့ လင်-မယား အတူတူ ဆေးရကြတယ် ဆိုပါတယ်။ အဲသည်တော့လည်း ဆေးသောက်ချင်လွန်းသူတွေက ရပြီးသား သူတဦးရဲ့ မယားအဖြစ် အလိမ်ပြပြီး ဆေးရဖို့ ကြိုးပမ်းရတာတွေလည်း ရှိနေပါတယ်။

တကယ်က ဒီလူနာတွေက ဆေးကို အလွန်သောက်ချင်နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆေးသောက်ပြီး တာနဲ့ လူက ပြန်လို့ ထူထူထောင်ထောင် ဖြစ်လာပါတယ်။ ဆေးမသောက်ရတဲ့အခါ CD4 count 200 ကျလာတဲ့ အခါ ရုပ်ပျက်တာတွေ လည်း စတင်ဖြစ်လာပြီလို့ ပြောပါတယ်။

ART ဆေးကို တရက် ၂ ကြိမ်သောက်ရပါတယ်။ (မနက် ၉-နာရီ။ ည ၉ နာရီ စသဖြင့်...) ၁၂-နာရီခြား သောက်ရပါတယ်။ အချို့က ကိုယ့်ဘာသာ အပြင်က ၀ယ်သောက်ပါတယ်။ ဒါပေမယ့် မနက်ဆေးသောက်၊ အလုပ်လုပ်ပြီး ညဆေးသောက်ဖို့ ငွေရှာနေရတုန်းပဲ ဆိုတာတွေလည်း ကြားနေရပါတယ်။

ဆင်းရဲလွန်းတာကလည်း ပြဿနာတခုပါပဲ။ အချို့လူနာတွေက ဘယ်က ကြားဖူးသလဲ မသိပါဘူး။ ဆေးကို တလသောက်-တလနားရင် ဆေးမတိုးတဲ့ဒဏ် resistance မရဘူးလို့ ယူဆနေပါတယ်။ ဒီသဘောနဲ့ အခြားဆေး တလစာကို အပြင်ကို ရောင်းစားပြန်ပါတယ်။ ဆင်းရဲလွန်းကြတာကိုး။ ဒီလို ဆေးသောက်မယ်ဆိုရင် အစကတည်းက ပညာပေးတဲ့လုပ်ငန်းတွေ လည်း အထူးလိုအပ်နေပါတယ်။ ဆေးကို ပုံမှန် မသောက်သူတွေကို dafaulters လို့ ခေါ်ပါတယ်။

ဂျူရိုဗာ၊ ထရိုင်အိုမြွန်း 30 စသဖြင့် ဆေးနာမည်တွေ ရှိပါတယ်။ မြန်မာပြည်မှာ အခုတိုက်နေတဲ့ ART ဆေးတွေကို တိုတယ် ရေနံကုမ္ပဏီက လှူတယ်လို့ ကြားရပါတယ်။ မြန်မာစစ်အစိုးရကတော့ အိပ်ထဲကစိုက် ၀ယ်တိုက်မယ် မထင်ပါ။ အဲဒါအပြင် AZG လို အန်ဂျီအိုတွေက တိုက်ရိုက်လှူဒါန်း တိုက်ကျွေးနေတာ (ရန်ကုန်၊ လားရှိုး) မှာ ရှိပါတယ်။ အခြား အန်ဂျီအိုတွေ လည်း ရှိပါသေးတယ်။ လိုင်ဇာဖက်မှာ Health Unlimited စသဖြင့် အဖွဲ့တွေက ကူနေကြပါတယ်။ ဒါပေမယ့် ဆင့်ပါးစပ် နှမ်းပက် ဖြစ်နေပါသေးတယ်။

ဘယ်လို ကူညီနိုင်ကြမလဲ

  • NAP ကို ဆေးတိုက်ကျွေးမှုတွေကို ပိုတိုးချဲ့သင့်ကြောင်း၊ နိုင်ငံခြား NGO တွေ ပိုမို ကူညီခွင့်ပေးသင့် ကြောင်း လော်ဘီ လုပ်သင့်တာပေါ့ဗျာ။ ဒါပေမယ့် သူတို့က ဘယ်လိုဆုံးဖြတ်နေမှန်း မသိ။ ဘယ်သူတွေက ဆုံးဖြတ် နေမှန်း မသိခက်တာပါပဲ။
  • ပြည်တွင်းက လူတွေကိုလည်း မူဝါဒပြောင်းလဲရေး တိုက်တွန်းလို့ မရဘူးလား မေးကြည့်ပါတယ်။ ဘယ်သွား ပြောရမှန်း မသိဘူး ဖြေကြပါတယ်။
  • ဒါပေမယ့် ကျနော်တို့ ပြည်ပနေသူတွေက ဆေးသောက်ရမယ့်သူတွေကို ကူနိုင်ရင် ၀ယ်ပြီး ဆေးတိုက်နိုင်ပါ သေးတယ်။ ဒါကလည်း ဆေးသောက်ခွင့်ကို အမှန်တကယ် NAP က ခွင့်ပြုချက် အရင်ယူပြီးမှ ဆောင်ရွက်နိုင်ပါ လိမ့်မယ်။ သူတို့က ဆေးသောက်ခွင့် ပါမစ်ကို ချုပ်ထားပါသေးတယ်။
  • ဆေးကို ကျနော်တို့က ၀ယ်လှူမယ်ဆိုရင်တော့ တလကို လူနာတဦးအတွက် အာဟာရ အပါအ၀င် ကျပ် ၃၀,၀၀၀ လောက်ကျပါတယ်။ (ဒေါ်လာအားဖြင့် ၃၀ လောက်ပါ။ ) ကျနော်တို့ ပြင်ပက လူတွေက ၃-လ၊ ၆-လ၊ စသဖြင့် ကိုယ်နိုင်သလောက် ကတိပြု ကူညီကြမယ်ဆိုရင်တော့ ကောင်းပါတယ်။ သို့သော် လှုပ်ရှားနေသူ တဦး ကတော့ အနည်းဆုံး ၃-နှစ်လောက် ကတိပြုနိုင်မှ ကောင်းမယ်လို့ အကြံပြုပါတယ်။
  • ART ဆေးက ရာသက်ပန် သောက်ရမယ့်ဆေးပါ။ ကျနော်တို့ကလည်း ရာသက်ပန် ဘယ်လို ကူညီနိုင်ပါ့မလဲ။
  • ဒါပေမယ့် ကျနော်တို့က ၁-နှစ်တန်သည်၊ ၆- လတန်သည်တော့ ကူညီနိုင်ကြကောင်းပါရဲ့ဗျာ။


ကျနော်တို့ ၀ိုင်းဝန်းလှုပ်ရှားကြရအောင်လား။

လေးစားစွာဖြင့်-
အောင်သူငြိမ်း

မြန်မာစစ်အစိုးရရဲ့ NAP က ဘယ်လိုစဉ်းစားသလဲ ဆိုတာတွေ သိချင်ရင်တော့ ဆက်ဖတ်ကြည့်နိုင်အောင်ပါ။

  • Myanmar National Strategic Plan on HIV and AIDS: Operational Plan April 2006 - March 2009, 23 September 2006, 22 pp. (Also available at http://www.ibiblio.org/obl/docs4 /mm_national_strategic_plan_operational_plan.pdf)
  • Myanmar National Strategic Plan on HIV and AIDS 2006-2010, Draft, 28 June 2006, Government of Myanmar, 2006, 97 pp. (Also available at http://him.civiblog.org/_attachments/2686915 /mm%20national%20strategic%20plan.pdf)
  • National AIDS Programme, Myanmar, Review of the Myanmar National AIDS Programme 2006, World Health Organization Regional Office for South-East Asia, September 2006, 120 pp. (Also available at http://www.searo.who.int/LinkFiles/Publications_myanmar.pdf)


Myat Soe-ART Drug Price Estimation 1


မူရင်းဆောင်းပါး

အထီးကျန်ရင်း သေမဲ့ရက်ကို စောင့်ဆိုင်းနေရတဲ့ မြန်မာပြည်က HIV- AIDS ဝေဒနာရှင်များ





Rest of your post

No comments: