Wednesday, April 29, 2009

ကမ္ဘာ့စီးပွားရေးအခြေအနေအပေါ် စီးပွားရေးပညာရှင်များ၏ သုံးသပ်ချက်များ



မြတ်စိုး
အင်္ဂါနေ့၊ ဧပြီလ 28 2009 12:27 - မြန်မာစံတော်ချိန်
မဇ္ဈိမသတင်းဌာန

အမေရိကန်နိုင်ငံမှာ ၁၆ လ ကြာ စီးပွားရေး ဆုတ်ယုတ်မှု (Economic Recession) နှင့် ရင်ဆိုင်နေရပြီးနောက် အမေရိကန် စီးပွားရေးကျွမ်းကျင်သူ ပညာရှင်များက သူတို့ရဲ့ သုံးသပ်မှုတွေကို ထုတ်ဖော်ပြောဆိုနေကြပါတယ်။ သူတို့ရဲ့ သုံးသပ်ခန့်မှန်း ပြောဆိုချက်များအရ ကမ္ဘာ့စီးပွားရေး အခြေအနေဟာ L အညွှန်းပြပုံစံသို့ ရောက်ရှိနေပြီး ပြန်လည်နာလန်ထလာဖို့ လပေါင်းများစွာ ကြာနေလိမ့်ဦးမယ်လို့ ဆိုပါတယ်။ စီးပွားရေး တိုးတက်မှုတွေဟာ နိုင်ငံတိုင်းမှာ အနိမ့်ဆုံးအဆင့်တွေမှာ ပဲရှိနေဦးမယ်လို့ PBS ရုပ်မြင်သံကြား Nightly Business News နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို ထုတ်ဖော်ဆွေးနွေးသွားခဲ့ပါတယ်။

အမေရိကန် စီးပွားရေး ပညာရှင်တဦးလည်းဖြစ်၊ နယူးယောက်တိုင်းမ်စ်မှာ စီးပွားရေး ပင်တိုင်ဆောင်းပါးရှင် တဦးလည်းဖြစ်၊ မကြာခင်ကမှ စီးပွားရေးနိုဘယ်ဆုရရှိခဲ့သူ ပေါလ်ခရူမန် (Paul Krugman) ကလည်း သူရဲ့ သုံးသပ်ချက်တွေကို ၂ဝဝ၉ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က အမေရိကန်နိုင်ငံ စင်စနားတီ တက္ကသိုလ် (University of Cincinnati) မှာ ကျင်းပတဲ့ စီးပွားရေးစီမီနာ (Economic Seminar) တခုမှာ အခုလို တင်ပြဆွေးနွေးခဲ့တယ်။ 'ဒီဆွေးနွေးပွဲမှာ ကမ္ဘာ့စီးပွားရေး ပညာရှင်တွေနဲ့ စီးပွားရေး ခေါင်းဆောင်တွေလည်း ပါဝင်ဆွေးနွေးခဲ့ကြတယ်။ ပေါလ်ခရူမန် (Paul Krugman) ရဲ့ သုံးသပ်ချက်တွေထဲမှာ စီးပွားရေး တိုးတက်မှု ဖြစ်စေနိုင်တဲ့ အညွှန်းပြ ကိန်းဂဏန်းတွေ၊ စောင့်ကြည့်နေကြတဲ့ စီးပွားရေး ပတ်ဝန်းကျင် အခြေအနေတွေကို ထောက်ပြ ဆွေးနွေးသွားခဲ့ကြတယ်။

ဥပမာ- အိမ်ယာဈေးကွက် အခြေအနေ (Housing Market)၊ ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာ လုပ်ငန်းတွေ (Financial and Banking sectors)၊ ငွေချေဌားမှုဆိုင်ရာတွေ (Credit Availability and Prudent Lending)၊ ပို့ကုန် သွင်းကုန်ဆိုင်ရာ လုပ်ငန်းတွေ (Exports and Imports)၊ ငွေကြေးသုံးစွဲမှု (Consumer Spending)၊ အလုပ်လက်မဲ့ အခြေအနေတွေ (Unemployment Rate)၊ ရင်နှီးမြှုပ်နှံဆိုင်ရာအတွက် ယုံကြည်မှုတွေ (Investor Confidence)၊ စက်မှုလုပ်ငန်းနဲ့ဆိုင်တဲ့ ကုန်ထုတ်လုပ်မှု (Industrial Production)၊ ကုန်ပစ္စည်းရောင်းဝယ်မှု (Sales) တွေဟာ တိုးတက်လာတဲ့ အခြေအနေတွေ ဘာမှ မတွေ့ရှိရသေးဘူးလို့ ထောက်ပြခဲ့ကြတယ်။ ဒီအခြေအနေတွေကို နိုင်ငံ တော်တော်များများဟာ ရင်ဆိုင်နေကြရတယ်လို့ ဆိုတယ်။ ဒီစီးပွားရေးပတ်ဝန်းကျင် အခြေအနေတွေ တိုးတက်လာမှု မရှိဘဲ၊ ကမ္ဘာ့စီးပွားရေးဟာ ပြန်လည်နာလန်ထူလာဦးမှာ မဟုတ်ဘူးလို့ ထောက်ပြဆွေးနွေးသွားခဲ့ကြတယ်။

မော်တော်ကားကုမ္ပဏီကြီးတွေဟာလည်း အလုပ်အကိုင် လျှော့ချမှုတွေ၊ ထုတ်လုပ်မှုရပ်ဆိုင်းမယ့် အစီအစဉ်တွေဟာ ဆက်တိုက်ဖြစ်ပေါ်လာမှာကြောင့် သူတို့ကို မှီခို ထောက်ပံ့နေတဲ့ မော်တော်ကားပစ္စည်း ထုတ်လုပ်တဲ့ (Suppliers) ကုမ္ပဏီပေါင်း ရာနဲ့ချီရှိကြတဲ့ ကုမ္ပဏီတွေဟာလည်း ၂ဝဝ၉ ခုနှစ်မှာ ဧရာမ အလုပ်အကိုင် လျှော့ချမှုတွေ၊ အလုပ်လက်မဲ့ ဖြစ်မှုတွေဟာ အမေရိကန် အပါအဝင်၊ ကမ္ဘာ့ဒေသ တော်တော်များများမှာ ဆက်လက် ရှိနေကြမယ်လို့ ဆွေးနွေးမှုမှာ ပါဝင်ကြတဲ့ စီးပွားရေးကျွမ်းကျင်သူ ပညာရှင်များက သုံးသပ်ပြောဆိုနေကြပါတယ်။



အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ International Monetary Fund (I.M.F) ၏ တွက်ဆ ခန့်မှန်းချက်များအရ ကမ္ဘာ့စီးပွားရေး အခြေအနေဟာ ၂ဝ၁ဝ ခုနှစ်ထိ ပြန်လည် ကောင်းမွန်လာဖို့ မရှိသေးဘူးလို့ ပြီးခဲ့တဲ့အပတ်က သတိပေးပြောကြားလိုက်ပါတယ်။ I.M.F က စက်မှုထိပ်သီး နိုင်ငံတွေနဲ့ ဖွံ့ဖြိုးတိုးတက်ပြီးတဲ့ နိုင်ငံတွေရဲ့ အစိုးရတွေအနေနဲ့ ပြင်းထန်တိကျပြတ်သားတဲ့ ဘဏ္ဍာရေး၊ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်မှုတွေ၊ စီးပွားရေး ကျားကန်ပေးမယ့် အစီအစဉ်တွေကို အမြန်ဆုံး အကောင်အထည် ဖော်သင့်ကြောင်း အကြံပြု တိုက်တွန်းထားပါတယ်။ I.M.F က အမေရိကန်နိုင်ငံ၊ ဥရောပနိုင်ငံတွေနဲ့ ဂျပန်နိုင်ငံမှာ ဘဏ်လုပ်ငန်းနဲ့ ငွေချေးမှု ဆိုင်ရာ လုပ်ငန်းတွေမှာ စုစုပေါင်း ဒေါ်လာ ၄ ထွီလီယံ ဆုံးရှုံးမှု ပေါ်လိမ့်မယ်လို့ ခန့်မှန်းတွက်ဆနေကြတယ်။

ကမ္ဘာ့စီးပွားရေး ဝရုန်းသုန်းကား ဖြစ်ပေါ်နေမှု (Global Economic Chaos) အကျိုးဆက်တွေဟာ တခြား နိုင်ငံတွေကို ကူးစက်သွားနေတယ်။ ဥပမာ - အမေရိကန်နိုင်ငံရဲ့ အိမ်ယာဈေးကွက်နဲ့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းတွေ အရှုံးပေါ် ပြိုကျသွားခဲ့ပြီးနောက်၊ အမေရိကန် အိမ်ယာ ဈေးကွက်ကို မှီခိုခဲ့တဲ့ အိုင်စလန်နိုင်ငံ (Iceland) နိုင်ငံရှိ အကြီးဆုံး ဘဏ်တွေဟာလည်း ဘုန်းကနဲ ပြိုကျသွားခဲ့ပြီး၊ ဒေဝါလီခံခဲ့ကြရတယ်။ နိုင်ငံရဲ့ အကြီးဆုံးဘဏ်တွေ ပြိုကျသွားခဲ့မှုဟာ အိုင်စလန်နိုင်ငံ (Iceland) နိုင်ငံရဲ့ စီးပွားရေးကို ၁ဝ ရာခိုင်နှုန်း ထိခိုက်လျော့ကျခဲ့တာကြောင့် အစိုးရက I.M.F က နေ အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံ အရေးပေါ် ငွေချေးခဲ့ရတယ်။ စီးပွားရေး အကျပ်အတည်းကြောင့် အလုပ်လက်မဲ့ ဖြစ်သူတွေဟာလည်း ထောင်၊ သောင်းချီ လမ်းမပေါ်တွေမှာ ဆန္ဒပြခဲ့ကြလို့ နိုင်ငံရဲ့ စီးပွားရေး မတည်ငြိမ်မှု တွေနဲ့ ရင်ဆိုင်နေကြရတယ်။

ဒါ့အပြင် တချို့နိုင်ငံတွေမှာ ချမှတ်ထားတဲ့ ညံ့ဖျင်းတဲ့ စီးပွားရေးမူဝါဒနဲ့ ရင်ဆိုင်နေကြရတဲ့ နိုင်ငံရေး အကျပ်အတည်းတွေဟာလည်း မီးလောင်ရာလေပင့်ဆိုသလို ဒီနိုင်ငံတွေမှာရှိတဲ့ စီးပွားရေး အခြေအနေဟာ ပိုမိုဆိုးရွားမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စီးပွားရေး ပညာရှင်တွေက သုံးသပ်နေကြတယ်။

ကမ္ဘာ့စီးပွားရေး ပရမ်းပတာ ဖြစ်ပေါ်နေမှုနဲ့ တိုင်းပြည်အတွင်း ရင်ဆိုင်နေကြရတဲ့ ပြဿနာတွေကြောင့် ကမ္ဘာမှာ စီးပွားရေး အခြေအနေ အဆိုးဝါးဆုံး ရင်ဆိုင်နေရတဲ့ နိုင်ငံ ၅ နိုင်ငံကို ဖော်ပြထားတယ်။ အဲဒီ ၅ နိုင်ငံကတော့ -

၁) မက္ကဆီကို (Mexico)

၂) ပါကစ္စတန် (Pakistan)

၃) ယူကရိန်း (Ukraine)

၎) ဗင်နီဇွဲလား (Venezuela)

၅) အာဂျင်တီးနား (Argentina)

နိုင်ငံတွေဖြစ်ကြတယ်။

မက္ကဆီကိုရဲ့ စီးပွားရေးမှာ ကမ္ဘာ့လှည့် ခရီးသွားလုပ်ငန်းဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်။ ဥရောပနဲ့ အမေရိကန်က နှစ်စဉ်နှစ်တိုင်း သန်းနဲ့ချီ ကမ္ဘာလှည့် ခရီးသည်တွေ လာရောက်လည်ပတ်လေ့ ရှိကြတယ်။ ၂ဝဝ၆ ခုနှစ်မှာ ကမ္ဘာလှည့် ခရီးသွား စုစုပေါင်း ၂၁ ဒဿမ ၄ မီလီယံ လာရောက်ခဲ့ပြီး၊ အမေရိကန် ဒေါ်လာ ၁၂ ဒဿမ ၁၇ ဘီလီယံ ဝင်ငွေ ရှိခဲ့တယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ မက္ကဆီကို လမ်းမတွေ၊ အပန်းဖြေ နေရာတွေမှာ မူးယစ်ဆေးဝါး အကြမ်းဖက်မှုတွေ၊ သတ်ဖြတ်နေမှုတွေဟာ ဆက်တိုက် ဖြစ်ပေါ်ခဲ့တယ်။ ဒီလို အကြမ်းဖက်မှုကြောင့် အမေရိကန် အပါအဝင် နိုင်ငံတော်တော်များများက ကမ္ဘာလှည့် ခရီးသွားတွေဟာ သွားရောက်လည်ပတ်မှု ခရီးစဉ်တွေကို ပယ်ဖျက်ခဲ့တာကြောင့် ဝင်ငွေ ဒေါ်လာဘီလီယံနဲ့ချီ ဆုံးရှုံးသွားခဲ့ကြတယ်။

ဒါ့အပြင် မက္ကဆီကိုနိုင်ငံမှ အကြီးဆုံး ကုန်ပစ္စည်းတွေကို တင်ပို့နေတဲ့ နိုင်ငံဖြစ်တဲ့ အမေရိကန်မှ ဝယ်လိုအားနဲ့ မှာယူတင်သွင်းမှုတွေ သိသိသာသာ ကျဆင်းခဲ့တယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံသို့ တရားမဝင် ဝင်ရောက်လာကြတဲ့ မက္ကဆီကို လူမျိုးတွေကို သန်းနဲ့ချီ မိမိတို့နေရပ်ကို ပြန်လည် နှင်ထုတ်နေတာကြောင့်၊ အမေရိကန်မှာ တရားမဝင် လုပ်ကိုင်နေကြတဲ့ မက္ကဆီကို အလုပ်သမားတွေဟာ မက္ကဆီကိုနိုင်ငံရှိ မိသားစုတွေထံ ငွေလွှဲနေမှုဟာ အမေရိကန် ဒေါ်လာ ဘီလီယံနဲ့ချီ သိသိသာသာ ကျဆင်းခဲ့တယ်လို့ ဆိုတယ်။ မက္ကဆီကို အစိုးရက I.M.F ကနေ အမေရိကန် ဒေါ်လာ ၄၇ ဘီလီယံ အရေးပေါ် ငွေချေးခဲ့ရတယ်။

ပါကစ္စတန်မှာတော့ ဘာသာရေး အကြမ်းဖက်စစ်ပွဲတွေ၊ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ ဆင်းရဲမွဲတေနေမှု တိုက်ဖျက်ရေးတွေဟာ ပါကစ္စတန်စီးပွားရေးကို တိုက်ရိုက် ထိခိုက်နေပြီး၊ ပါကစ္စတန် အစိုးရဟာ ကမ္ဘာ့ဘဏ်ကနေ ၁ဝ ဘီလီယံ အရေးပေါ် ချေးငှားခဲ့ရတယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေဟာ ပါကစ္စတန်မှာ ဖြစ်ပေါ်နေတဲ့ ဘာသာရေးအစွန်းရောက် အကြမ်းဖက်မှုတွေကြောင့် ရင်နှီးမြှုပ်နှံဖို့ ကြောက်ရွံ့နေကြတယ်။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ယုံကြည်မှု အားနည်းနေခြင်းကြောင့် ပါကစ္စတန်ရဲ့ အာမခံတဲ့ ၁ဝ မီလီယံ Sovereign Bond ဟာ တနှစ်ကို ၂ ဒဿမ ၂ မီလီယံ ကုန်ကျတယ်။

ယူကရိန်းမှာတော့ အိုက်စလဲန် (Iceland) နိုင်ငံမှာလို ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာ ပြဿနာတွေ၊ ငွေကြေးဈေးကွက်နဲ့ စတော့ရှယ်ရာ ဈေးကွက်တွေ ပြိုကျသွားခဲ့မှုဟာ ရင်းနှီးမြှုပ်နှံသူတွေကို ယုံကြည်မှုအားနည်းစေခဲ့ပြီး၊ စီးပွားရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရတယ်။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ယုံကြည်မှု အားနည်းနေခြင်းကြောင့် ယူကရိန်းနိုင်ငံရဲ့ အာမခံတဲ့ အမေရိကန် ဒေါ်လာ ၁ဝ မီလီယံ Sovereign Bond ရောင်းချဖို့ဟာ တနှစ်ကို ဒေါ်လာ ၃ ဒဿမ ၉ မီလီယံ ကုန်ကျနေတယ်။ အရင်က ယူကရိန်းနိုင်ငံရဲ့ အာမခံတဲ့ ၁ဝ မီလီယံ Sovereign Bond ဟာ တနှစ်ကို ဒေါ်လာ ၃ဝဝဝ သာ ရှိခဲ့တယ်။ ယူကရိန်း ငွေကြေးလဲလှယ်မှု နှုန်းဟာ ၆ လ အတွင်း ၃၅ ရာခိုင်နှုန်း ထိုးကျသွားပြီး၊ စတော့ရှယ်ယာ ဈေးကွက်ဟာလည်း ၂၅ ရာခိုင်နှုန်းထိ ထိုးကျသွားခဲ့ပါတယ်။

ရေနံကို အဓိက ထားတင်ပို့နေတဲ့ ဗင်နီဇွဲလား နိုင်ငံကတော့ ရေနံဈေးနှုန်း ထိုးကျသွားခဲ့မှုကြောင့် နိုင်ငံမှာ ၄ ရာခိုင်နှုန်း စီးပွားရေးကျဆင်းသွားပြီး၊ အကြွေး နှစ်ဆ တိုးလာတယ်လို့ Morgan Stanley ဘဏ် စီးပွားရေး ပညာရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေက တွက်ဆပြီး ခန့်မှန်းပြောဆိုခဲ့ကြတယ်။ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ယုံကြည်မှု အားနည်းနေခြင်းကြောင့် ဗင်နီဇွဲလားနိုင်ငံရဲ့ အာမခံတဲ့ အမေရိကန်ဒေါ်လာ ၁ဝ မီလီယံ Sovereign Bond ဟာ တနှစ်ကို ဒေါ်လာ ၁ ဒဿမ ၈ မီလီယံ ကုန်ကျနေပါတယ်။ S & P အညွှန်းပြ ကိန်းဂဏန်းတွေအရ ရင်နှီးမြှုပ်နှံမှုတွေဟာ နောက် ၆ လ ကနေ ၂ နှစ်ထိ ဆက်လက် ကျဆင်းနေမယ်လို့ ခန့်မှန်းတွက်ဆနေကြတယ်။

အာဂျင်တီးနားနိုင်ငံရဲ့ စီပွားရေးဟာ ၁၉၉၇ ခုနှစ်မှာ ရင်ဆိုင်ခဲ့ရတဲ့ ငွေကြေးဆိုင်ရာ ပြဿနာတွေကြောင့် နှစ်ပေါင်း အတော်ကြာအောင် စီးပွားရေးကျဆင်းမှု အခက်အခဲတွေနဲ့ ရင်ဆိုင်နေခဲ့ရတယ်။ ၂ဝဝ၂ ခုနှစ် စတင်ပြီး စီးပွားရေး ပြန်လည် နာလန်ထူလာခဲ့ပေမယ့်၊ ငွေကြေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ အကြမ်းဖက် ဆန္ဒပြမှုတွေ ရှိနေခဲ့တာကြောင့် ရင်နှီးမြှုပ်နှံသူတွေ ကြောက်ရွံ့နေကြပြီး၊ စီးပွားရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရတယ်။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ယုံကြည်မှု အားနည်းနေခြင်းကြောင့် အာဂျင်တီးနားရဲ့ အာမခံတဲ့ အမေရိကန် ဒေါ်လာ ၁ဝ မီလီယံ Sovereign Bond ရောင်းချဖို့ဟာ တနှစ်ကို ဒေါ်လာ ၃ ဒဿမ ၂ မီလီယံ ကုန်ကျနေတယ်။

ကမ္ဘာ့စီးပွားရေး ပရမ်းပတာ ဖြစ်ပေါ်နေမှုနဲ့ တိုင်းပြည်အတွင်း ရင်ဆိုင်နေကြရတဲ့ ပြဿနာတွေကြောင့် လက်ရှိ စီးပွားရေး အချိန်မရွေး ဆုတ်ယုတ်သွားနိုင်မယ်လို့ ယူဆရပြီး သတိကြီးစွာ စောင့်ကြည့်ရတော့မယ့် နိုင်ငံ ၅ နိုင်ငံကိုလည်း နိုင်ငံတကာ ရင်နှီးမြှုပ်နှံသူတွေနဲ့ I.M.F က ထည့်သွင်းဖော်ပြထားပါတယ်။ ဒီနိုင်ငံတွေကတော့ -

လတ်ဗီးယား (Latvia)

ခရိုအေးရှား (Croatia)

ကာဇာကစ္စတန် (Kazakhistan)

ဗီယက်နမ် (Vietnam)

ဘဲလားရပ်စ် (Belarus)

နိုင်ငံတို့ဖြစ်ကြတယ်။

လတ်ဗီးယား (Latvia) နိုင်ငံမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက စီးပွားရေး အခက်အခဲ ပြဿနာတွေ ရင်ဆိုင်နေကြရတဲ့ သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ လမ်းမပေါ်မှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး၊ အကြမ်းဖက် အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တယ်။ စစ်အေးခေတ် နောက်ပိုင်း ကာလမှာ လတ်ဗီးယား (Latvia) နိုင်ငံဟာ ဘော်လ်တစ် ကျားနိုင်ငံလို့ နိုင်ငံတကာ စီးပွားရေး ပညာရှင်တွေကို သုံးသပ်ထားကြတယ်။ ၂ဝဝ၆ ခုနှစ်မှာ စီးပွားရေး တိုးတက်မှု ၁၁ ဒဿမ ၂ ရာခိုင်နှုန်း ရှိခဲ့တယ်။ ဒါပေမဲ့ ၂ဝဝ၉ ခုနှစ်မှာတော့ စီးပွားရေး တိုးတက်မှု ၁၄ ဒဿမ ၉ ရာခိုင်နှုန်း ကျဆင်းလိမ့်မယ်လို့ လတ်ဗီးယား (Latvia) ဘဏ္ဍာရေးဝန်ကြီးဌာနက ခန့်မှန်းထားတယ်။ လတ်ဗီးယား (Latvia) အစိုးရက I.M.F ကနေ အမေရိကန် ဒေါ်လာ ၇ ဒဿမ ၅ ဘီလီယံ အရေးပေါ် ငွေချေးခဲ့ရတယ်။

ခရိုအေးရှားနိုင်ငံ စီးပွားရေးရဲ့ ၂ဝ ရာခိုင်နှုန်းဟာ ကမ္ဘာ့လှည့် ခရီးသွားလာရေး လုပ်ငန်းအပေါ် မှီခိုနေပါတယ်။ ကမ္ဘာ့စီးပွားရေး ဝရုန်းသုန်းကား ဖြစ်ပေါ်နေမှု အကျိုးဆက်တွေဟာ ခရိုအေးရှားနိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို အကြီးအကျယ် ထိခိုက်နစ်နာသွားစေခဲ့တယ်။ အလုပ်လက်မဲ့ ၁၂ ရာခိုင်နှုန်းအထိ ရောက်နေပြီး၊ ၇၈ ရာခိုင်နှုန်းသော ပြည်သူတွေက တိုင်းပြည်ဟာ စီးပွားရေး အားနည်းနေတဲ့ လမ်းကြောင်းကို ရောက်နေပြီလို့ ဆိုတယ်။

ကာဇာကစ္စတန် (Kazakhstan) နိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်တွေက သိသိသာသာ စီးပွားရေး တိုးတက်မှုတွေ ရှိခဲ့တယ်။ ကာဇာကစ္စတန် (Kazakhstan) ဟာ ကမ္ဘာရဲ့ အရန်လောင်စာစွမ်းအား ၃ ဒဿမ ၂ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတယ်။ ဒါပေမဲ့ ကာဇာကစ္စတန် (Kazakhstan) စီးပွားရေးကို မှီခိုနေတဲ့ ရေနံဈေးကွက်နဲ့ နိုင်ငံတကာကို ငွေချေးမှုဆိုင်ရာတွေမှာ ပြဿနာတွေ ရှိလာနိုင်တယ်လို့ ဆိုတယ်။ ကာဇာကစ္စတန် (Kazakhstan) ရဲ့ ကြွေးမြီဟာ လွန်ခဲ့တဲ့ နှစ်က ၇၅ ရာခိုင်နှုန်းအထိ တိုးမြင့်သွားတယ်လို့ ဆိုတယ်။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ယုံကြည်မှု အားနည်းနေခြင်းကြောင့် ကာဇာကစ္စတန် ရဲ့ အာမခံတဲ့ အမေရိကန် ဒေါ်လာ ၁ဝ မီလီယံ Sovereign Bond ရောင်းချဖို့ဟာ တနှစ်ကို ဒေါ်လာ ၈၇၅, ဝဝဝ ကုန်ကျနေတယ်။ ရင်းနှီးမြှုပ်နှံမှုဟာ ၆ လကနေ နောက်ထပ် ၂ နှစ်အထိ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရလိမ့်မယ်လို့ ခန့်မှန်းနေကြတယ်။

အာရှ ဖွံ့ဖြိုးရေးဘဏ်ရဲ့ အစီရင်ခံစာအရ ဗီယက်နမ်ဟာ တခြားနိုင်ငံတွေလို မဟုတ်ဘဲ လာမယ့်နှစ်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၄ ဒဿမ ၅ ရာခိုင်နှုန်း ရှိလိမ့်မယ်လို့ ဆိုတယ်။ ဒါဟာ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ အမြင့်ဆုံး တိုးတက်မယ့် နိုင်ငံအဖြစ် သတ်မှတ်ထားခြင်း ခံနေရပါတယ်။ ဒါပေမဲ့ ဒါဟာ ရာစုနှစ်တခုထဲမှာ ဗီယက်နမ်ရဲ့ အနိမ့်ဆုံး တိုးတက်မှု ရာခိုင်နှုန်း ဖြစ်နေပါတယ်။ ၄၆ ရာခိုင်နှုန်း ပြည်သူတွေဟာ အလုပ်လက်မဲ့ ဖြစ်ပေါ်နေမှုကို စိုးရိမ်နေကြပြီး၊ စက်တင်ဘာလမှာ ဗီယက်နမ် အလုပ်လက်မဲ့ ၉ ရာခိုင်နှုန်းကို ရောက်ရှိနေပြီလို့ ဗီယက်နမ်အစိုးရက ထုတ်ဖော်ကြေညာခဲ့တယ်။ ဗီယက်နမ် စီးပွားရေးစနစ်မှာ ကြိုးနီတားမြစ်မှုတွေ ရှိနေမှု၊ နိုင်ငံခြား စက်ရုံအလုပ်ရုံတွေ ပြန်လည်ထွက်ခွာနေမှု၊ ဘဏ္ဍာရေး၊ ငွေကြေးဆိုင်ရာ စနစ်တွေမှာ ထင်သာမြင်သာ မရှိမှု၊ Infrastructure လို့ခေါ်တဲ့ လူထု အဆောက်အဦး၊ အဆောက်အအုံတွေ အားနည်းနေမှုဟာ နိုင်ငံခြား ရင်နှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ သုံးသပ်နေကြတယ်။

ဘဲလားရပ်စ် (Belarus) နိုင်ငံဟာ ဒုတိယကမ္ဘာစစ်ကြောင့် တနိုင်ငံလုံး ပျက်စီးသွားခဲ့ပြီး၊ ရုရှားနိုင်ငံရဲ့ သြဇာသက်ရောက်မှု ရှိနေတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ နိုင်ငံရှိ ဘဏ်ကြီး ၃၁ ဘဏ်ကို အစိုးရက ထိမ်းချုပ်ထားပြီး၊ ဘဏ္ဍာရေး၊ ငွေကြေးစနစ်တွေဟာ ချိနဲ့နေတယ်။ နိုင်ငံအတွင်း စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို မပြုလုပ်ဘဲ၊ နှစ်ပေါင်းများစွာ မှားယွင်းတဲ့ စီမံအုပ်ချုပ်ခန့်ခွဲမှုအောက်မှာ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဘဲလားရပ်စ် (Belarus) နိုင်ငံရဲ့ စီးပွားရေးဖွံဖြိုးတိုးတက်မှုဟာ ၂ဝဝ၈ ခုနှစ်မှာ ၁ဝ ရာခိုင်နှုန်း ရှိရာက ဒီနှစ်မှာ ၁ ဒဿမ ၄ ရာခိုင်နှုန်းအထိ သိသိသာသာ ထိုးကျသွားခဲ့တယ်။ ဘဲလားရပ်စ် (Belarus) အစိုးရဟာ I.M.F ကနေ အမေရိကန် ဒေါ်လာ ၂ ဒဿမ ၄၆ ဘီလီယံ အရေးပေါ် ငွေချေးခဲ့ရတယ်။ I.M.F ရဲ့ ခန့်မှန်းချက်အရ ဘဲလားရပ်စ် (Belarus) ဟာ ၂ဝဝ၉ ခုနှစ်မှာ နောက်ထပ် ၁ဝ ဒဿမ ၇ ဘီလီယံ လိုအပ်နေကြောင်း ခန့်မှန်းထားကြတယ်။ Moody ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအဖွဲ့၏ တွက်ဆချက်အရ ဘဲလားရပ်စ် (Belarus) ရဲ့ အာမခံတဲ့ Sovereign Bond ဟာ B1 အဆင့်မှာ ဖော်ပြထားပြီး၊ အန္တရာယ်ရှိတာကြောင့် ရောင်းချဖို့ ခက်ခဲပြီး ငွေကြေးချေးဌားမှု ပြဿနာတွေ ရင်ဆိုင်နေကြရတယ်လို့ ဖော်ပြထားပါတယ်။

(ဆောင်းပါးရှင် မြတ်စိုးသည် ၂ဝဝ၆ ခုနှစ်တွင် အမေရိကန်နိုင်ငံ အင်ဒီယားနား တက္ကသိုလ်မှ စီးပွားရေး မဟာဝိဇ္ဇာဘွဲ့ ရရှိထားသူဖြစ်ပြီး၊ အမေရိကန် မော်တော်ကား ထုတ်လုပ်သော လုပ်ငန်းတွင် ၁၄ နှစ်ကြာ အလုပ်လုပ်ကိုင်ခဲ့သူ ဖြစ်ပါသည်။)



Rest of your post

No comments: