Friday, June 12, 2009

အီရန်သမ္မတရွေးကောက်ပွဲတစေ့တစောင်း


ဆောင်းပါး( မဇ္စှိမ သတင်း)
မြတ်စိုး
၀၆-၁၁-၂၀၀၉


မြန်မာနိုင်ငံမှာ နိုင်ငံရေးအတိုက်အခံခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ကျောင်းသား ခေါင်းဆောင်တွေ ကို နှစ်ရှည်ထောင်ဒဏ်တွေကို ချ၊ လူ့အခွင့်အရေး ဒီမိုကရေးအခွင့်အရေးတွေကို ပိတ်ထားပြီး၊ ပြိုင်ဘက်မရှိ၊ တရားမျှတမှုမရှိ၊ လွတ်လပ်မှုမရှိ၊ ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြုခဲ့ခြင်းမရှိပဲ နှစ်ကြော့ပြန် ရွှေးကောက်ပွဲ ကို ၂၀၁၀ ခုနှစ်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာမြင့်ပြီးနောက် ပြန်လည်ကျင်းပပေးမယ် လို့ နအဖ စစ်ခေါင်းဆောင်တွေက နိုင်ငံတကာ ကို သူရဲဘော်ကြောင် လိမ်လည် လှည့်စားနေစဉ်မှာပဲ-

ဝန်ကြီးချုပ်ဟောင်း ဟူစိန်မိုဆာဗီ (Hossein Moussavi) ကို ထောက်ခံသူများ

အစ္စလာမ်မစ် နိုင်ငံဖြစ်တဲ့ အီရန်နိုင်ငံမှာ ၁ဝ ကြိမ်မြောက် သမ္မတရွေးကောက်ပွဲကို သောကြာနေ့မှာ ကျင်းပတော့မှာမို့ အတိုက်အခံပါတီ ခေါင်းဆောင်တွေနဲ့ လက်ရှိ သမ္မတ အကြား အပြန်အလှန် အချေအတင် စွပ်စွဲကြကာ မဲဆွယ်မှုတွေ ပြုလုပ်နေကြပါတယ်။

လက်ရှိသမ္မတ မာမွတ်အာမာဒင်နီးဂျဒ် (Mahmoud Ahmadinejad) ကို ထောက်ခံသူများ

အတိုက်အခံ ခေါင်းဆောင် သမ္မတဟောင်း ရဗ်ဆမ်ဂျာနီ (Hashemi Rafsanjani) နဲ့ လက်ရှိသမ္မတ မာမွတ်အာမာ ဒင်နီးဂျဒ် (Mahmoud Ahmadinejad) တို့ ပြီးခဲတဲ့အပတ်က စင်မြင့်ပေါ်မှာ အချေအတင် စွပ်စွဲကြပြီး၊ စကားစစ်ထိုးခဲ့ကြပါတယ်။ အဲဒီပွဲတွေမှာ အတိုက်အခံ ခေါင်းဆောင် သမ္မတဟောင်း ရဗ်ဆမ်ဂျာနီက လက်ရှိသမ္မတ မာမွတ်အာမာဒင်နီဂျဟာ တိုင်းပြည်နဲ့ ပြည်သူလူထုကို လိမ်လည်ခဲ့တယ်၊ သူ့ရဲ့ လုပ်ရပ်တွေဟာ အစ္စလာမ်ဘာသာရေး၊ ကိုယ်ကျင့်တရား၊ တရားမျှတမှုတွေနဲ့ ဆန့်ကျင်ပြီး လုပ်ဆောင်နေတယ်လို့ စွပ်စွဲသွားပါတယ်။

လက်ရှိသမ္မတမာမွတ်အာမာ ဒင်နီးဂျဒ် ကလည်း သမ္မတဟောင်းတွေဖြစ်ကြတဲ့ ရဗ်ဆမ်ဂျာနီ နဲ့ မွမ်ဟာမတ် ခါတာမီ (Mohammad Khatami) တို့ဟာ စီမံခန့်ခွဲအုပ်ချုပ်မှု ညံ့ဖျင်းပြီး၊ လာဘ်ပေးလာဘ်ယူ ခြစားမှုတွေကို ကျူးလွန်ခဲ့တယ်လို့ ပြန်လည်စွပ်စွဲ သွားခဲ့တယ်။ သမ္မတရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်သူ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း ဟူစိန်မိုဆာဗီ က လက်ရှိ အီရန်ပြည်သူတွေ ရင်ဆိုင်နေရသော စီးပွားရေး အကျပ်အတည်း၊ အနောက်နိုင်ငံများနှင့် သံတမန်ဆက်ဆံရေးတင်းမာနေမှု၊ အလုပ်လက်မဲ့ပြဿနာများ၊ ငွေကြေးဖောင်းပွမှုများ၊ ကုန်ဈေးနှုန်းတွေကြီးမြှင့်နေမှု ဟာ လက်ရှိသမ္မတ မာမွတ်အာမာ ဒင်နီးဂျဒ် မှာ အဓိကတာဝန်ရှိတယ်လို့ ပြင်းပြင်းထန်ထန် စွပ်စွဲပြောဆိုဝေဖန်သွားခဲ့တယ်။

အီရန်နိုင်ငံရေးမှာ အစိုးရနဲ့ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်တွေအကြား တယောက်နဲ့ တယောက် ဒီလို အခြေအတင် စွပ်စွဲတိုက်ခိုက်မှုကို အင်မတန်မှ တွေ့ရခဲတယ်လို့ အီရန် နိုင်ငံရေးကို လေ့လာအကဲခတ်နေသူတွေ က ပြောဆိုကြပါတယ်။

လက်ရှိသမ္မတဟာ သူရဲ့ အဓိက ပြိုင်ဘက် ဟူစိန်မိုဆာဗီ (Hossein Moussavi) နဲ့ အကျိတ်အနယ် ယှဉ်ပြိုင် နေရပြီး၊ ဘယ်သူနိုင်မလဲ ဆိုတာကို မခန့်မှန်းနိုင်သေးကြောင်း အီရန်ရွေးကောက်ပွဲကို လေ့လာဆန်းစစ်နေသူ နိုင်ငံရေး အကဲအခတ်သမားတွေက ပြောဆိုနေကြပါတယ်။

သမ္မတရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ အတိုက်အခံခေါင်းဆောင် အီရန် ဝန်ကြီးချုပ်ဟောင်း ဟူစိန်မိုဆာဗီဟာ ပြုပြင်ပြောင်းလဲရေးသမားအဖြစ် အီရန်မှာ လူသိထင်ရှားပြီး၊ သူ့ကို ထောက်ခံသူတွေက လမ်းမတွေပေါ် ထွက်ပြီး အားပေးနေကြပါတယ်။ သူ့ရဲ့ ဇနီးဟာလည်း ပညာတတ် အမျိုးသမီးတယောက်ဖြစ်ပြီး အမျိုးသမီး အခွင့်အရေးတွေကို တိုက်ပွဲဝင်နေသူအဖြစ် လူသိများခဲ့ပါတယ်။

ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှုကနေ နုတ်ထွက်သွားတဲ့ အီရန်သမ္မတဟောင်း မွမ်ဟာမတ် ခါတာမီက သမ္မတရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ အတိုက်အခံခေါင်းဆောင် အီရန်ဝန်ကြီးချုပ်ဟောင်း ဟူစိန်မိုဆာဗီကို အပြည့်အဝ ထောက်ခံကြောင်း ကြေညာသွားခဲ့ပြီး၊ သူ့ကို ထောက်ခံသူတွေက ဝန်ကြီးချုပ်ဟောင်း ဟူစိန်မိုဆာဗီကို မဲပေးကြဖို့ တိုက်တွန်းပြောဆိုသွားပါတယ်။

လက်ရှိသမ္မတ မာမွတ်အာမာဒင်နီဂျကို ထောက်ခံသူတွေနဲ့ သမ္မတရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ဝန်ကြီးချုပ်ဟောင်း ဟူစိန်မိုဆာဗီကို ထောက်ခံသူတွေဟာ တီဟီရန် လူစည်ကားရာ လမ်းမတွေပေါ်နဲ့ ပန်းခြံတွေထဲမှာ ပြည့်နေကြတယ်လို့ CNN သတင်းထဲမှာ ပြသသွားပါတယ်။

လေ့လာသုံးသပ်ချက်။

  • သမ္မတကို ပြည်သူက တိုက်ရိုက်ရွေးချယ်တင်မြှောက်ခြင်း ဖြစ်တယ်။
  • အတိုက်အခံပါတီတွေ၊ ခေါင်းဆောင်တွေဟာ လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်၊ လွတ်လပ်စွာ ဟောပြောခွင့်၊ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်တွေ ရှိတယ်။ ဒါပေမဲ့ အတိုင်းအတာအလျောက် ကန့်သတ်မှုတွေတော့ ရှိတယ်။ ( ဥပမာ-ဘာသာရေးဆိုင်ရာ)
  • နိုင်ငံခြား သတင်းထောက်တွေကို သတင်းယူခွင့် ပြုထားတယ်။
  • ပြည်သူတွေနဲ့ မဲပေးသူတွေအပေါ် ခြိမ်းခြောက်မှု ရှိတာ မတွေ့ရဘူး။
  • အတိုက်အခံ ခေါင်းဆောင်တွေနဲ့ လက်ရှိသမ္မတ ထိပ်တိုက် စကားစစ်ထိုးပွဲကို နိုင်ငံပိုင် သတင်းမီဒီယာတွေက တိုက်ရိုက်ပြသသွားတာ တွေ့ရတယ်။
  • စစ်တပ်ခေါင်းဆောင်တွေဟာ နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်မှု၊ ခြိမ်းခြောက်မှု ဘက်လိုက်မှု မတွေ့ရပါဘူး။
  • အီရန် သတင်းမီဒီယာတွေကတော့ လက်ရှိသမ္မတ မာမွတ်အာမာဒင်နီဂျဟာ ပြန်လည်ရွေးချယ်ခံရဖို့ များနေတယ်လို့ သုံးသပ်နေကြတယ်။
  • ဘာသာရေး အစွန်းရောက် သဘောထားတင်းမာသူနဲ့ တိုးတက်ဖို့ ပြုပြင်ပြောင်းလဲ လိုသူတွေအကြား ယှဉ်ပြိုင်ရွေးချယ်မှုတခု ဖြစ်တယ်လို့ယူဆတယ်။
  • အီရန်သမ္မတ မာမွတ်အာမာဒင်နီဂျ ဟာ သူရဲဘော်ကြောင် နေတဲ့ မြောက်ကိုရီးယားက ကင်ဂျုံအီး၊ ကျူးဘားက ကက်စ်ထရို၊ နအဖ စစ်အုပ်စုက သန်းရွှေထက် စာရင် သူဟာ ပြည်သူရှေ့မှောက် မှာ အတိုက်အခံခေါင်းဆောင်တွေနဲ့ သတ္တိရှိရှိ စကားစစ်ထိုးမှုပြသခဲ့တာတွေ့ရတယ်။




Rest of your post

No comments: